မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

Australian Animals (1) Cookatoo



Cockatoo ဆိုတာက ကြက်တူရွေးအုပ်စုထဲက တမျိုးဖြစ်ပြီး ကြက်တူရွေးလိုပဲ လူစကားသင်လို့ ရတဲ့ သြစတြေးလျားနိုင်ငံရဲ့ အဓိက တိရိစ္ဆာန်တွေအထဲက ငှက်အမျိုးအစား အုပ်စုတမျိုး ဖြစ်ပါတယ်။ ကျွန်မတို့မိသားစု ခေတ္တခိုလှုံရာ မွေးစားတိုင်းပြည် သြစတြေးလျားနိုင်ငံကို ရောက်တဲ့ ရှစ်နှစ်မြောက်နေ့မှာ ဒီဘလော့ဂ်လေးကို စဖွင့်ပြီး ကျွန်မသားလေး ကြီးပြင်းရာ နိုင်ငံရဲ့ ဒေသန္တာရ၊ သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိတွေရဲ့ အလေ့အထကို အသိအမှတ်ပြုတဲ့ အနေနဲ့ သြစတြေးလျား တိရိစ္ဆာန်တမျိုးဖြစ်တဲ့ Cockatoo ငှက်တွေရဲ့ Adaptation (ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု) အကြောင်းကို ပထမဦးဆုံး ပို့စ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

လူ၊ တိရိစ္ဆာန်နှင့် အပင် စတဲ့ သက်ရှိအားလုံးဟာ မိမိတို့ ကျင်လည် ကျက်စားတဲ့ နေရာမှာ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် Adaptation ဆိုတာ ရှိရပါတယ်။ အသက်ရှင်ဖို့အတွက် ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ လုပ်ငန်း၊ အပြုအမူ ဓလေ့စရိုက်တွေဟာ မိမိပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု (Adaptation) မရှိရင် ဒီသက်ရှိ သတ္တ၀ါဟာ ဒီအရပ်မှာ ဆက်လက်ရှင်သန်နိုင်ဖွယ် မရှိဘူးလို့ ဇိဝသိပ္ပံပညာရှင် ချားလ်ဒါဝင်က ဆိုထားပါတယ်။ ဒီပို့စ်မှာ Cockatoo ငှက်အကြောင်းကို Adaptation နဲ့တွဲဖေါ်ပြရတာက နောက်ပိုင်း အခါအားလျော်စွာ တင်ဖို့ရှိတဲ့ ဇိဝသိပ္ပံ နဲ့ ပတ်သက်တဲ့ ပို့စ်တွေအတွက် ကြိုတင် မိတ်ဆက်ဝင်ထားလိုက်တာ ဖြစ်တယ်။
ကမ္ဘာပေါ်မှာ Cockatoo အမျိုးအစား ၁၈ မျိုးရှိပြီး သြစတြေးလျားနိုင်ငံမှာ ၁၁ မျိုးရှိတယ်လို့ သိရတယ်။ Cockatoo ကို သိပ္ပံ (သို့) ဇီဝဗေဒ အခေါ် Cacutuidae လို့ ခေါ်ပြီး အမျိုးစားအလိုက်လည်း အခေါ်အဝေါ်တွေ သီးသန့်ထပ်ခွဲထားပါတယ်။ Cockatoo တွေဟာ သစ်တောတွေထဲနှင့် မြစ်ကမ်းပါးတွေမှာ အသိုက်ဆောက်ပြီး နေကြပါတယ်။ ဒါကြောင့်မို့ ၎င်းတို့ ခန္ဓာဗေဒ၊ ဇိဝကမ္မဗေဒနဲ့ အပြုအမူတွေနဲ့ လိုက်လျော ညီထွေမှုရှိအောင် Cockatoo တွေရဲ့ နေထိုင်ရာ ဒေသကတော့ သြစတြေးလျတိုက်တ၀ိုက် သဘာဝပေါက်ပင် တမျိုးဖြစ်တဲ့ Gum tree ခေါ် ယူကလက်တောတွေနဲ့ မြစ် (သို့) ပင်လယ်ကပ်းပါး နံရံ (Cliff) တွေမှာ မိသားစုအလိုက် အသိုက်ဆောက်ပြီး အုပ်စုနဲ့ နေထိုင်ကြပါတယ်။

ခန္ဓာဗေဒခေါ် ဖွဲ့စည်းပုံအရ လိုက်လျောညီထွေမှု (Structural Adaptation)

Cockatoo ဟာငှက်ဖြစ်တဲ့အတွက် တခြားငှက်တွေနည်းတူ သူတို့ရဲ့ အရိုးငြမ်းအဖွဲ့တခုလုံးထက် တောင်ပံနဲ့ အမွေးတွေက အလေးချိန်ပိုများခြင်းကြောင့် ပျံသန်းနိုင်ပါတယ်။ အလွန်သန်မာ စူးရှပြီး အတွင်းဘက်ကို ကောက်ဝင်နေတဲ့ နှုတ်သီးနဲ့ သန်မာတဲ့ ခြေတောက် ရှိပြီး ခြေချောင်းတွေမှာ ထက်ပြီးအင်မတန် စူးရှတဲ့ ခြေသည်းတွေ ရှိပါတယ်။ ဒီထူးခြားတဲ့ လက္ခဏာတွေကက သူတို့ဘ၀ ရှင်သန်ရေးအတွက် အသက်မွေးဝမ်းကျောင်းတဲ့ နေရာမှာ အရေးပါလှတဲ့ Adaptation တွေပဲ ဖြစ်ပါတယ်။

ဇိဝကမ္မဗေဒခေါ် လုပ်ငန်းဆောင်တာအရ လိုက်လျောညီထွေမှု (Physiological or functional Adaptation)

Cockatoo တွေဟာ အခွံမာသီး၊ အစေ့၊ ကောက်ပဲသီးနှံနှင့် အသီးအရွက်တွေကို စားသုံးကြပြီး အမျိုးအစား အနည်းငယ်ကတော့ အင်းဆက်တွေနဲ့ ပိုးကောင်တွေကို စားပါတယ်။ သူတို့မှာရှိတဲ့ ချွန်ထက်စူးရှတဲ့ နှုတ်သီးနဲ့ အခွံမာသီးတွေ၊ အစေ့တွေကို ကောင်းစွာခွဲနိုင်သလို သန်မာတဲ့ ခြေတောက်တွေနဲ့ မြေပြင်က အမှိုက်တွေကို ယက်ရှင်းပြီး ကြွေကျနေတဲ့ သစ်သီးတွေ၊ အစေ့တွေ၊ ပိုးကောင်တွေကို ကောင်းကောင်း ရှာစားပြီး အသက်ရှင်ရပ်တည်နိုင်ပါတယ်။

အပြုအမူပိုင်းဆိုင်ရာ လိုက်လျောညီထွေမှု (Behabioural Adaptation)

လူစကားနဲ့ ပြောရလျင် Cookatoo တွေဟာ လူတွေနဲ့ ယဉ်ကျေးမှု အဆင့်အတန်း အတော်ကို နီးစပ်ပြီး အင်မတန်မှ လူ (ငှက်)မှုရေးမှာ ယဉ်ကျေးမှု တိုးတက် မြင့်မားတဲ့ ငှက်အမျိုးအစား ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ဟာ တလင်တမယားစနစ်ကို ကျင့်သုံးပြီး မိသားစုတခုစီ အသိုက်ဆောက်လုပ် နေထိုင်သလို ပြင်ပ အစုအဖွဲ့၊ အသိုင်းအ၀ိုင်းနှင့်လည်း ရင်းနှီးစွာ ပေါင်းသင်းဆက် ဆံနေထိုင်ကြတဲ့ တကယ်ကို ယဉ်ကျေးမှု အဆင့်အတန်းမြင့်တဲ့ ငှက်တွေ ဖြစ်တယ်။ အစာရှာထွက်တဲ့ အချိန်တင်မက တခြားအချိန်တွေမှာလည်း ရာသီဥတု သာယာရင် အသိုက်တွေထဲက ထွက်ပြီး လူတွေလိုပဲ စုဖွဲ့ပျော်ပါးကြပါတယ်။ မိသားစုတာဝန်ကို ယူတဲ့နေရာမှာတော့ တချို့လူတွေထက်တောင် ပိုအဆင့်မြင့်တယ်လို့ ပြောမယ်ဆို ပြောလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မိသားစု တာဝန်ကို ယူတဲ့နေရာမှာ မောင်တထမ်းမယ်တရွက် စနစ်နဲ့ ကလေးတွေကို အပျံသင်ပေးတဲ့ ကိစ္စ၊ အသိုက်ပြင်ဆင်တဲ့ ကိစ္စ မောင်နှံနှစ်ဖေါ် တာဝန်ကို ခွဲဝေယူကြလို့ပါပဲ။ အစာရှာထွက်တဲ့ နေရာတော့ မိသားစုတခုစီမှာ အသိုက်နဲ့ ကလေး စောင့်နိုင်ဖို့အတွက် အစာကို တလှည့်စီ ထွက်ရှာကြပါတယ်။ အစာရှာထွက်ရှာတိုင်း တသီးပုဂ္ဂလ ထွက်တာမရှိပဲ အုပ်စုအလိုက် ထွက်ပြီး အစာရှိတဲ့နေရာ ရောက်လို့ အုပ်စုအစာစားနေတဲ့ အချိန်မှာ အကောင်ရေ အနည်းငယ်က အုပ်စုတ၀ိုက် ၀ိုင်းပတ်ပျံသန်းနေပြီး ကင်းစောင့်တဲ့ တာဝန်ကိုယူပြီး ရန်သူလာတာနဲ့ ချက်ချင်း အသံပြိုင် ဟစ်ကြွေးကာ အချက်ပြသတိပေးကြပါတယ်။

Cockatoo တွေရဲ့ အမူအကျင့်နဲ့ ပတ်သက်ပြီး ကျင့်ဝတ်သိက္ခာထိန်းတဲ့ နေရာမှာလည်း အံ့သြလောက်အောင်ကို ထူးခြားလှပါတယ်။ ဇနီးမောင်နှံနှစ်ဖေါ်မှာ တဦးဦးက တခြားသူနဲ့ လိင်ပိုင်းဆိုင်ရာ ဖေါက်ပြားမှုမျိုး ရှိခဲ့လျင် ဖေါက်ပြန်တဲ့ နှစ်ကောင်ကို အုပ်စုက ၀ိုင်းပယ်တဲ့ အဆင့်ကနေ ၀ိုင်းပြီး ထိုးဆိတ်သတ်တဲ့အထိ အပြစ်ပေးအရေးယူလေ့ရှိပါတယ်။ ထိုးဆိတ်သတ်ဖြတ်တာကို မခံရရင်တောင်မှ ၀ိုင်းပယ်တဲ့ အဆင့်မှာတင် သူတို့ရဲ့ အပြစ်ပေးမှုက တော်တော်လေး ထိရောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Cockatoo တွေဟာ အဖွဲ့နဲ့ နှောင်ဖွဲ့ ကူးလူးဆက်ဆံပြီး Social ကျကျ ပျော်တတ်တဲ့ ငှက်မျိုးဖြစ်လို့ အုပ်စုက ၀ိုင်းပယ်ခံလိုက်ရတဲ့ ငှက်ဟာ ၀ိုင်းပယ်ခံရတဲ့ အထီးကျန်ဘ၀အပေါ် ခံနိုင်ရည်မရှိပဲ မိမိကိုယ်မိမိ သိမ်ငယ်ကာ စိတ်ထောင်းကိုယ်ကျေလို့ ဖြစ်စေ၊ သတ်သေတဲ့နည်းနဲ့ ဖြစ်စေ တာရှည်မခံပဲ သေပွဲဝင်လေ့ရှိတယ်လို့ သိရတယ်။ ဒါကြောင့်မို့ Cockatoo တွေဟာ များသောအားဖြင့် သူတို့ ငှက်အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ကျင့်ဝတ်သိက္ခာအတိုင်း မဖေါက်မပြန် ထိန်းသိမ်းလေ့ရှိကြတဲ့ စံနမူနာ ယူစရာကောင်းတဲ့ သတ္တ၀ါတမျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။













34 comments:

ညီမလေး ဘလော့ဂ်တခု စပြီဆိုလို့ ၀မ်းသာအားရနဲ့ လာလည်တာပါ...ညီမမှာ ကိုယ်ပိုင်အရည်အချင်းတွေ , အတွေ့အကြုံတွေ အများကြီး ရှိနေတယ်ဆိုတာ ညီမရဲ့  ကော်မန့်တွေ ပေါ်မှာ အမတွေ့ခဲ့ရပြီးပါပြီ...အခုတော့ အဲဒါတွေကို ရင်ထဲမှာမထားဘဲ မျှဝေဖို့ အချိန်ရောက်လာပြီပေါ့နော်...ဒီပို့စ်ကနေ လေးစားစရာကောင်းတဲ့ ငှက်အကြောင်းသိခွင့်ရသလို လေးစားချစ်ခင်ရတဲ့ ညီမလေး ငယ်နိုင် ပျော်ရွှင်စွာ ဘလော့ဂ်ဂင်းနိုင်ပါစေ....

mie nge

Nge Naing
ချမ်းမြေ့ပါစေ။

စာရေးကောင်းသူတွေ ဒေသန္တရ ဗဟုသုတ ပွားများပေးနိုင်မဲ့ ဘလော့ဂ်တွေ များများ လိုအပ်ပါတယ်၊ အမြဲအားပေးပါ့မယ်။

မငယ်နိုင်ရေ့...
ဘလော်ဂိုစဖီးယားကနေ ကြိုဆိုလိုက်ပါတယ်ဗျား...

သည်ဆောင်းပါးကလည်း
အလွန်တရာကို စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးပါပဲ...
ဗဟုသုတလည်း ရပါတယ်...

BTW ဘလော့မှာ C-box တပ်ထားပါလား...

စာရေးကောင်းသူ Blogger တယောက် ထပ်တိုးတာ ဝမ်းသာပါ၏။ ရေးထာတာ အတော်စိတ်ဝင်စားစရာကောင်းသလို အရေးအသားကလဲညက်၏....

ဗမာလို ကတ္တူငှက် ခေါ်တဲ့ ကြက်တူရွေးမျိုးလားဗျ။ ပုံလေးပါ တွဲတင်ရင် ပိုကောင်းမယ် ထင်တယ်ဗျာ....

မင်္ဂလာပါ မငယ်

လာလည်သွား၏။
သိပါတယ်။ ဘာလုပ်လုပ် အချက်အလက်ကျကျ လုပ်တတ်တယ်ဆိုတာကိုလေ... ထူးထူးထွေထွေ ပြောစရာမရှိပါဘူး။အားလုံးကောင်းပါတယ်။ အစဉ်အားပေးနေမှာပါ၊ စကားမစပ်... ကိုဟကြီးက အတွေးအမြင်ကောင်းတယ်း). သူအကြံပေးတာ ကောင်းတယ်။ ကျွန်နော်ဆို သူ့ ကွန်မန့်တွေကို မပျက်ပယ်တတ်ဘူး။ လေးစားလက်ခံတယ်။ နောက်ပြီး ကိုအောင်သာငယ်ပြောသလို စီဘောက် လုပ်ထားရင် ကောင်းသား.. ထူးထူးခြားခြား မရှိဘူးဆိုရင် လာလည်ပတ်ကြောင်း ရေးချင်လို့ပါ... အထူးသဖြင့် တနယ်သားချင်းချင်းမို့ ဘလောဂ်ကို ကိုယ်ပိုင် လုပ်တာ ၀မ်းမြောက်ပါ၏။

ရွှင်လန်းချမ်းမြေ့ပါစေ...

အဲဒီငှက်တွေက တောရိုင်းတိရစ္ဆာန် ဘ၀မှာတင် ချစ်ခင်ကြင်နာမှုကို မြတ်နိုးတာ မဟုတ်ပါဘူး အိမ်မွေးတိရစ္ဆာန် ဘ၀မှာလည်း သခင်ရဲ့ ဂရုစိုက်မှုကို လိုချင်တက်မက်လွန်းတဲ့ အကောင်တွေပါ။ အဲဒီ ငှက်ကို မွေးမယ်ဆိုရင် သခင်တစ်ယောက်အနေနဲ့ နေ့တိုင်း အဖြော်ပု ဂရုစိုက်ဖို့ အချိန် အများဆုံး ပေးရပါတယ်။ အလုပ်တွေများပြီး အချိန် မအားမလပ်တဲ့ လူတွေအနေနဲ့ အဲဒီငှက်ကို မမွေးသင့်ပါဘူး။ သင်ပေးရင်လည်း အတတ်မြန်လွန်းလှတဲ့ ငှက်တွေထဲမှာလည်း သူတို့ ပါပါတယ်။

Cookatoo အကြောင်းကို အချက်အလက် စုံစုံလင်လင်နဲ့ စိတ်ဝင်စားဖွယ် ရေးပြတဲ့အတွက် ဖတ်ရတာ နှစ်သက်ဖွယ်ရှိပါတယ်။ စနစ်တကျ တွေးတော၊ ရေးသားတတ်တဲ့ ဘလော့ဂါတယောက် ကို ကျနော်တို့ ရလိုက်တာပေါ့။

ငှက်ချစ်ပြီး ဓါတ်ပုံဝါသနာပါတဲ့ မဒမ်ပေါနဲ့ စနစ်တကျ ရေးတတ်တဲ့ မငယ်နိုင်ကို တွဲပေးလိုက်ရရင် ကျနော်တို့ မြန်မာဘာသာနဲ့ ကျေးငှက်သာရကာတို့အကြောင်း ကျမ်းတစောင် ထုတ်လို့ ရပြီ။း-)

မှတ်သားစရာလေးတွေ..မှတ်သွားပါတယ်
ဆက်လက်အားပေးနေပါ့မယ်..ရှင်

wow .. စာဖတ်သူ အင်အားအတော်များတယ်။
တစ်ပုဒ်တည်းနဲ့ တော်တော် ပေါက်သွားပြီလို့ ပြောရမယ် :P.

လာဖတ်သွားပါတယ်...သေချာလေ့လာပြီး ရေးထားတာပဲ..။
ကိုဟတ်မြူဇီယံပြောတာ ကတ္တူငှက်..။ ကျွန်မကြားဖူးတာ တခြားနာမည်ဖြစ်နေလို့... ကြက်တူရွေးအကြီးစားလေ...။ ၂ မျိုးဖြစ်ချင်ဖြစ်မှာပါ..။

ကြိုဆိုပါတယ် အစ်မ။ comment တွေ ဖတ်ရကတည်းက blog တစ်ခု လုပ်စေချင်နေခဲ့တာ။

ဖွင့်တယ်ဆိုလို့ လာတယ်။ ရေးစရာ တခြားနေရာမတွေ့လို့ ဒီမှာဘဲ ရေးလိုက်တယ်။ ကျန်းမာ-ချမ်းသာပါစေ။

ကျနော် သိသလောက်တော့ သည်ငှက်ကို ဗမာပြည်မှာ ကတ္တ၀ါလို့ ခေါ်ပါတယ်။ အရမ်းချစ်ဖို့ ကောင်းတဲ့ ငှက်ပါ။

မငယ်နိုင်ရေ
ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်
စာအရေးအသားနဲ့အတွေးအခေါ်ကောင်းတဲ့
မငယ်နိုင်ကို ချစ်ခင်လေးစားလျက်ပါ
အားပေးပါတယ် ဆက်ရေးပါ
ချစ်ခင်လျက်

ကိုအောင်သာ မှတဆင့် ရောက်ပါတယ်.....
ကြိုဆိုပါတယ် ဆိုတာထက်...ဝမ်းမြောက်ဝမ်းသာ အားပေးပါတယ်ဆိုတာ
ပြောချင်ပါတယ်ခင်ဗျာ.....။

ခင်မင်ခြင်းများစွာဖြင့်

မငယ်နိုင်ရေ
ငှက်တွေက တယ်ဟုတ်ပါလား။
တလင်တမယားတဲ့
အလုပ်တာဝန်ခွဲဝေတယ်တဲ့
ပတ်ဝန်းကျင်နဲ့ ထောလော်ကန့် လန့်  မဖြစ်ဘူး
သဟဇာတ ဖြစ်အောင်နေတယ်တဲ့
လူမူရေးလည်းကျွမ်း
ဆိုရှယ်လည်းကောင်း
ဟေဟေ သူတို့ က လူတွေကို လက်ဆင်ပေးနေသလိုပါလားနော်။
မအယ်

လူ့အမူအကျင့်တွေနဲ့ တော်တော်လေးနီးစပ်တယ်...
ဖတ်ရတာ စိတ်ဝင်စားလို့ကောင်းသမို့...

နောက်လဲ လာခဲ့ပါဦးမယ်

အားပေးလျှက်...
ကိုလူထွေး

မနေ့ကတည်းက ရောက်တယ်.. ရုံးမှာ ဗမာဖောင့်မရလို့ မရေးခဲ့ရတာ.. အဲလို ဗဟုသုတရတဲ့ ဘလော့မျိုး ရှိသင့်တာ..။ ခု ကွက်လပ်လေးတခု ပြည့်သွားတာ.. ၀မ်းသာ.. စိတ်ချမ်းသာတယ်..။

ကိုအောင်သာငယ်ပြောတဲ့နာမည်ပဲ ။ကတ္တဝါလား ကတ္တရာလား မသေချာလို့မရေးခဲ့တာ...။

မင်္ဂလာပါ။ ဒီနေ့ လာရောက်အားပေးကြ၊ အကြံပြုကြတဲ့ Senior ဘလော့ဂ်မောင်နှမတွေ အားလုံးနဲ့ စာဖတ်သူတွေကို ကျေးဇူးအထူး တင်ရှိပါတယ်။ ကျွန်မ တခါမှ မရောက်ဖူးတဲ့ ဘလော့ဂါတွေနဲ့ ကြော်ငြာဝင်ခဲ့ခြင်းမရှိပဲ လာအားပေးကြတဲ့ မိတ်ဆွေတွေကိုလည်း မှတ်တမ်းတင်လိုပါတယ်။ ကျွန်မက ဘလော့ဂ်နဲ့ ပတ်သက်ပြီး ဘာမှနားမလည်သေးတာ အမှန်ပါ။ တကယ်ဆို Cookatoo ပုံ နဲ့ တွဲပြီးတင်ရမှာ ဖြစ်ပေမယ့် စာသားကလွဲပြီး ကျန်တာတွေကို ဘလော့ဂ်စာမျက်နှာပေါ် ရောက်အောင် ဘယ်လိုလုပ်ရတယ်ဆိုတာ မသိလို့ စာသားသက်သက်ပဲ တင်လိုက်ရတာ ဖြစ်တယ်။ မိတ်ဆွေရဲဘော်ကြီး ဦးဂင်ကြီး အားတဲ့အချိန်မှပဲ လိုအပ်နေတာ အားလုံးကို ပြင်ဆင်ဖြည့်စွက်ဖို့ စီစဉ်ထားပါတယ်။

Cookatoo အမျိုးအစားက ၁၈ မျိုးတောင် ရှိတယ်ဆိုတော့ မြန်မာပြည်မှလည်း ရှိနိုင်လို့ Heartmuseum, Sin Dan lar နဲ့ ကိုအောင်သာငယ် ပြောတာ အားလုံး အမျိုးစား တခုစီ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ အမူအကျင့်နဲ့ ပတ်သက်ပြီး ကိုဂျူလိုင် ပြောတာလည်း ဟုတ်ပါတယ်။ နိုဂျူးရေ Cookatoo မှ မဟုတ်ဘူး Cookatoo အကြောင်းလို Research အတိအကျ လုပ်ခဲ့တာမဟုတ်ပေမယ့် မြန်မာပြည်က တိရိစ္ဆာန်တမျိုးဖြစ်တဲ့ အောက်ချင်းငှက်ဟာလည်း ဒီလိုပဲလို့ ကျွန်မကြားဖူးတယ်။ စကားမစပ် PHinMM မှာ Sin Dan Lar မေးထားတဲ့ Cervical Spondylosis Treatment နဲ့ ပတ်သက်ပြီး ကျွန်မ ပို့စ်တင်ထားပေးပါတယ်။ ပို့စ်တင်ပြီး Sin dan Lar ရဲ့ ဘလော့ဂ်ကို ရှာမတွေ့တော့ ဘယ်မှာ အကြောင်းကြားပေးမှန်း မသိလို့ ကြုံတုန်း အကြောင်းကြား လိုက်ပါတယ်။ Cookatoo နဲ့ ပတ်သက်ပြီး ဆက်ရရင် ကျွန်မကတော့ Cookatoo ကို မြန်မာပြည်မှာ တခါမှမတွေ့ဖူးဘူး မတွေ့ဖူးဆို မြန်မာပြည်မှာ ကျွန်မဇာတိမြို့နယ်ကလွဲပြီး တခြားဘယ်နေရာမှ မရောက်ဖူးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ တိုင်းပြည်ရဲ့ အထွတ်အမြတ် ထားတဲ့ အပင်နှင့် တိရိစ္ဆာန် ( National Flora and Fauna ) တွေ အကြောင်းကို မြန်မာပြည်က စာသင်ခန်းတွေမှာ မသင်ခဲ့ဖူးလို့ ဒေါင်းနဲ့ အောက်ချင်းငှက် နှစ်မျိးကလွဲရင် မြန်မာ Flora and Fauna မှာ ဘာတွေပါလဲဆိုတာလည်း မသိဘူး။ ဒါကြောင့်မို့ သိတဲ့သူရှိရင်တော့ မျှဝေပေးစေချင်တယ်။ လာလည်သူအားလုံးကို နောက်ထပ်လည်း လာလည်ပြီး အကြံပြုကြ မျှဝေကြဖို့ ဆက်လက်ဖိတ်ခေါ်ပါရစေ။

မငယ်နိုင်ရဲ့ မှတ်ချက်တွေကိုတော့ ဖတ်မိပါတယ်။ အခုလို ဘလော့တစ်ခု စလုပ်ပြီး စာရေးတော့ စာဖတ်သူတွေအတွက် စာကောင်းလေးတွေဖတ်စရာတိုးတာပေါ့။

ငှက်တွေကတောင် တလင်တမယား စနစ်ကျင့်သုံးနေတယ်။ အောက်ချင်းငှက်လည်း သစ္စာရှိတယ်လို့ ကြားဖူးတယ်။

သစ္စာဖောက်တဲ့ဌက်ကို ဌက်တွေက ၀ိုင်း ပညာပေးတယ်တဲ့ ကောင်းလိုက်တာ..အစ်မရေ အားပေးနေမယ်နော့်

ကျွန်တော် သိရသလောက် တော့ ကိုအောင်သာငယ်ပြောတဲ့ ကတ်တဝါ ဖြစ် မယ် ထင် ပါတယ်။ (စာလုံးမ ပေါင်း တတ်ပါ) :-)

မငယ်နိုင်လို စာရေးကောင်းသူ Blogger တယောက် ထပ်တိုးတဲ့အတွက် အလွန် ဝမ်းသာပါတယ်။ စာတွေကို သေသေချာချာ ဖတ်ပြီး မှတ်ချက်တွေကို သေသေချာချာ ရေးလေ့ရှိတတ်တဲ့ မငယ်နိုင်ကို ဘလော့ဂ်မရေးခင်ကထဲက ရင်းနှီးနေတာပါ။ ကိုအောင်သာငယ် ဘလော့ဂ်မှာ စပြီး သတိထားမိတယ် ထင်ပါတယ်..။ နောင်ကိုလဲ မကြာမကြာလာလည်ပါ့မယ်...။

ခင်မင်စွာဖြင့်

သက်ဝေ

လာဖိတ်သွားတာ ကျေးဇူးပါ။ ခုတလော စိတ်တွေ များနေတာနဲ့ မလည်ဖြစ်တာ ကြာနေလို့ ဘလော့ဂ် စထားတာတောင် မသိလိုက်ဘူး။ တောင်းပန်လိုက်ပါတယ်။ မငယ်နိုင်လို တွေးတတ်မြင်တတ်သူတစ်ယောက်က ကိုယ်တိုင် ရေးပြီ ဆိုတော့ အင်မတန် ၀မ်းသာမိတယ်။
ဘာမှ အကြံပေးစရာ မလိုပါဘူး။ ကောင်းနေပြီးသားကို ထပ်ကောင်းအောင် လုပ်သွားမယ်ဆိုတာ သိသာနေတာပဲ။ Google reader ကနေ ဖတ်ဖြစ်ဖို့ များပါတယ်။ ကျွန်မရဲ့ စာမျက်နှာတွေ မလျှော့မဖြစ် လျှော့ချဖို့ အနေအထား ရောက်နေလို့ပါ။ ကျွန်မဆီ လာလာ အားပေးခဲ့တာတွေအတွက်လည်း ကျေးဇူးပါပဲနော့။

PTi and မဆုမွန် - လူနဲ့ နီးစပ်တဲ့ ဓလေ့စရိုက်ရှိတာ ငှက်တွေမှမဟုတ်ဘူး။ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မရှိပဲ သြစတြေးလျားမှာပဲ ရှိတဲ့ တိရိစ္ဆာန်တွေနဲ့ သူတို့ရဲ့ ထူးခြားတဲ့ သဘောသဘာဝနဲ့ အမူအကျင့်တွေအကြောင်း ကျွန်မနောက်ထပ်လည်း အများကြီးတင်ဖို့ ရှိပါသေးတယ်။
-anariantoroperator ရေ Cookatoo ငှက်က ၁၈ မျိုးတောင်ရှိပြီး သြစတြေးလျားမှာ မရှိတဲ့အမျိုးအစားတွေ တခြားနိုင်ငံတွေမှာ ရှိနိုင်ပါတယ်။ သဲသဲကွဲကွဲ သိရအောင် အော်စီမှာ ရှိတဲ့ ၁၁ မျိုး နာမည်ကို ပို့စ်ထဲမှာ ကျွန်မ နောက်ပိုင်း ပြန်ဖြည့်ပေးထားမယ်။
-ဆရာမ နုသွဲ့ရေ- လာလည်သွားတာ ကျေးဇူးပါ။ ကျွန်မက Fact ကလွဲရင် တခြားဘာမှ ရေးလို့ မတတ်ပါဘူး။

သက်ဝေရေ
သက်ဝေဘလော့ဂ်ကို ကျွန်မ တခါမှ မရောက်ဖူးပဲနဲ့ အခုလို လာအားပေးတာ ကျေးဇူးတင်ပါတယ်။ သက်ဝေဘလော့ဂ်မှာ ဘာသာရေးအကြောင်းတွေ တင်ထားတာ သိပ်ကောင်းပါတယ်၊ ကျွန်မ သိပ်သဘောကျတယ်။ ကျွန်မက သိပ္ပံဘာသာတွေလည်း လေ့လာခဲ့ရတော့ Scientific နဲ့ နီးစပ်တဲ့ ဗုဒ္ဓ အဘိဓမ္မာထဲက စိတ်ဝင်စားစရာ အကြောင်းတွေကို နောက်ပိုင်း အချိန်ရရင်တင်ဖို့ စဉ်းစားထားတာ ရှိပါတယ်။ ဒါကြောင့်မို့ နောက်ပိုင်းလည်း အမြဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

ဗဟုသုတတွေလိုချင်သေးလို့ နောက်လည်း လာခဲ့ပါရစေ မမရေ

မငယ်နိုင်ရေ
S-C နဲ့ လင့်ချိတ်ထားလိုက်ပြီနော်

ကိုဧရာ
မသီတာ
Sonata-Cantata (S-C)

ဗဟုသုတရပါတယ်။ စာအရေးကောင်းတဲ့ ဘလော့တစ်ခု ပေါ်ပေါက်လာတာ ဝမ်းသာရပါကြောင်း။ Reader မှာလင့်ယူသွားပြီဖြစ်ကြောင်း

Comment ရေးခဲ့တာ ကျေးဇူးပါပဲ အစ်မ... အစ်မ ဘလော့ ဖွင့်ပြီး ခဏနေတော့ သိတာနဲ့ လိုက်ဖတ်ဖြစ်ပါတယ်။ ဒီပို့စ်က Cookatoo တွေ အကြောင်း သူမကို ပြောပြဖြစ်သေးတယ်။ ဆစ်ဒနီကဆိုတော့ လူချင်းလည်း တွေ့ဖြစ်ဦးမယ် ထင်ပါတယ်။
ခင်မင်လျက်
Andy