မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

စာသင်ခန်းကို စွန့်တဲ့နေ့မှ အဆက်

ပထမပိုင်းကို ဤနေရာမှာ ဖတ်နိုင်ပါတယ်။

ပြည်ထောင်စုနေ့တွေမှာ ဆရာတွေရဲ့ ကြီးကြပ်မှုနဲ့ ဒို့အရေး အော်ဖူးတာကလွဲပြီး ကိုယ့်အစီစဉ်နဲ့ကိုယ် ဆန္ဒလည်း တခါမှမပြဖူး၊ အစိုးရကို ဆန္ဒပြတယ်ဆိုတာ ဗြိတိသျှလက်ထက်မှာပဲ နယ်ချဲ့ကို တော်လှန်ဖို့အတွက် ရှိစရာလိုပြီး ကိုယ့်လူမျိုး အုပ်ချုပ်နေတဲ့အချိန်မှာ ဒါတွေဟာ မလိုအပ်တော့ဘူးလို့ တောက်ရှောက် ထင်လာခဲ့တယ်။ အခုတော့ ကိုယ်ထင်သလို မဟုတ်ပဲ ဗြိတိသျှမှ မဟုတ်ဘူး မကောင်းတဲ့ အစိုးရဖြစ်ရင် ဘာလူမျိုးပဲဖြစ်ဖြစ် ဖြုတ်ချဖို့ လိုအပ်တယ်ဆိုတာ သိလာလို့ ဆရာတွေ တားနေတဲ့ကြားက ဆန္ဒပြဖို့ ကျောင်းဝင်းပြင် ရောက်လာကြတာ ဘာအော်လို့ အော်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ ဂိတ်ဝမှာ တက္ကသိုလ် ကျောင်းသားတချို့ကို တွေ့ရတယ်။ မတ်လနဲ့ ဇွန်လအရေးအခင်းနောက်ပိုင်း ကျောင်းတွေ ပိတ်လိုက်လို့ မြို့ပြန်ရောက်နေကြသူတွေ ဖြစ်တယ်။ တက္ကသိုလ် ကျောင်းသားတွေက ကျွန်မတို့ကို စောင့်ကြိုနေကြပြီး ”ဆန္ဒပြချီတက်တယ် ဆိုတာ ဒီလို အစုလိုက်အပြုံလိုက် ချီတက်လို့မရဘူး စနစ်တကျ ချီတက်ရပါတယ်၊ လေးယေက် တတန်း တွဲပြီး တန်းစီပါ” လို့ ပြောပြပါတယ်။ ပြီးတော့ အသင့် ပြင်ဆင်လာခဲ့တဲ့ ကြွေးကြော်သံ စာရွက်တွေကို ဝေပေးပါတယ်။


အဲဒီတော့မှပဲ

သပိတ် သပိတ်.. (မှောက် မှောက်).
ဒီမိုကရေစီ ရရှိရေး …(ဒို့အရေး)၂
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး …(ဒို့အရေး)၂
ဖမ်းဆီးကျောင်းသား ပြန်လွတ်ရေ (ဒို့အရေး)၂
လူသတ်စိန်လွင် ပြုတ်ကျရေး… (ဒို့အရေး)၂ နဲ့
အရေးတော်ပံ…ု (အောင်ရမည်)၂

ဆိုတာ အော်ရမှန်းသိသွားတယ်။ ဒါပေမယ့် အဲဒီအချက်တွေထဲမှာ ကျန်တာ အကုန်လုံးနီးပါးက ပထမကျောင်းသားသပိတ်နဲ့ ဒုတိယ ကျောင်းသားသပိတ်တွေ အကြောင်း သင်တုန်းက ကြားဖူးလို့ သိနေပေမယ့် ဒီမိုကရေစီ ရရှိရေးဆိုတဲ့ တခုကိုတော့ ဘာကိုလိုလို့ တောင်းဆိုတယ် ဆိုတာ စချီတက်ချိန်မှာ မသိ၊ နားမလည်ခဲ့တာတော့ အမှန်ပဲ။

ကျွန်မတို့ ဒီကြွေးကြော်သံအတိုင်း ကြွေးကြော်ရင်း ကျောင်းရှေ့လမ်းမတလျှောက် ညာဘက်မှာရှိတဲ့ မြို့တော်ခန်းမဘက်ကို ချီတက်လာကြပြီး မြို့တော်ခန်းမအလွန် နည်းနည်းဆက်လျောက်တော့ ရုပ်ရှင်ရုံ သွားတဲ့လမ်း အရောက်မှာ ညာဘက်ထပ်ကွေ့ကာ အလက ကျောင်းရှိတဲ့ဘက်ကို ချီတက်လာကြပါတယ်။ အလက ရှေ့ရောက်တော့ ကျောင်းဂိတ်ဝမှာ ဂိတ်တံခါးကို ပိတ်လျက် ကျောင်းအုပ်ဆရာမကြီးကို တွေ့ရပါတယ်။ ကျွန်မတို့က အလကရှေ့ရောက်တော့ ဆက်အသွားသေးပဲ ကျောင်းရှေ့ကို မျက်နှာမူပြီး ကြွေးကြော်သံတွေနဲ့ ဆက်လက် အော်ဟစ် ကြွေးကြော်နေတဲ့အချိန်မှာ ကျွန်မတို့ အထဲက ခေါင်းဆောင်လုပ်သူ ယေက်ျားလေး တချို့ကလည်း ငါးတန်းကနေ ရှစ်တန်းအထိ ကျောင်းသားတွေထဲက ဆန္ဒရှိသူတွေကို ၀င်ခေါ်ဖို့ အတွက် တံခါးဖွင့်ပေးဖို့ ဆရာမကြီးကို တောင်းဆိုပါတယ်။ ဒီတော့ ဆရာမကြီးက ”နင်တို့ဘာသာနင်တို့ သွားကြ ငါ့ကျောင်းသားတွေကို လာမခေါ်နဲ့ ကျောင်းဝင်းထဲကို ၀င်လာဖို့လည်း မကြိုးစားကြနဲ့ တံခါးလည်း မဖွင့်ပေးနိုင်ဘူး အခုချက်ချင်း ငါ့ကျောင်းရှေ့က ထွက်သွားကြ” လို့ မှောင်းထုတ်ပါတယ်။

ယေက်ျားလေးတွေကလည်း ”ဆရာမ ကျွန်တော်တို့ကို မမှောင်းထုတ်ပါနဲ့ ဆရာမ ကျောင်းရှေ့က မြန်မြန် ထွက်သွားစေချင်ရင် တံခါးဖွင့်ပေးပါ၊ မဖွင့်ပေးရင် ကျွန်တော်တို့ဖါသာ ကျွန်တော်တို့ မရရတဲ့နည်းနဲ့ ပွင့်အောင်လုပ်ပြီး ဆန္ဒလိုက်ပြ လိုက်ချင်တဲ့ ကျောင်းသားတွေကို ရအောင် ခေါ်ပြီးတော့မှ ပြန်မယ်” လို့ ပြောပြီး ”အကလက ကျောင်းသားတွေ နင်တို့က ကျောင်းသားတွေ မဟုတ်ဘူးလား ထွက်လာကြ” လို့ လှမ်းအော်ခေါ်နေတယ်။ ခေါင်းဆောင် တချို့က ဆရာမကြီးနဲ့ အခုလို အခြေအတင် ဖြစ်နေတဲ့ တချိန်မှာ ကျန်တဲ့ ကျွန်မတို့ အထကကလာတဲ့ ကျောင်းသားတွေက ကြွေးကြော်သံတွေကို ပိုပြီးကျယ်အောင် ဟစ်ကြွေးနေကြတယ်။ ကြွေးကြော်သံဒဏ်ကို မခံနိုင်ပဲ ထွက်လာချင်လို့ ကြိုးစားနေကြတဲ့ ၈ တန်းကျောင်းသားတွေကို အတန်းပိုင်ဆရာ၊ ဆရာမတွေက ငြိမ်ငြိမ်နေဖို့နဲ့ တိတ်တိတ်နေဖို့ ပြောပြီး လိုက်ထိန်းနေရတာကိုလည်း ကျွန်မတို့ တွေ့နေရပါတယ်။ ဒီအချိန်မှာ ခြေထောက်သိပ်မသန်တဲ့ ခုနှစ်တန်း ကျောင်းသားလေး တယောက်က ဆရာမတွေ ထိန်းနေတဲ့ကြားကနေ ဒို့အရေး ဒို့အရေးလို့ ကြွေးကြော်ပြီး ထွက်ပြေးလာတဲ့ အချိန်မှာတော့ တခြားကျောင်းသားတွေ အကုန်လုံးကလည်း စုပြုံပြီး လိုက်ထွက်လာကြပြီး ဆရာဆရာမတွေ ထိန်းမနိုင်တော့ပဲ အလက ကျောင်းသားတွေ ကျောင်းဝင်းပြင်ကို ရောက်ရှိလာကြပါတယ်။ ကျွန်မတို့ ကျောင်းဝင်းပြင်ကို ရောက်လာတုန်းကအတိုင်းပဲ တက္ကသိုလ် ကျောင်းသားတွေက တန်းစီ ချီတက်ပုံကို ပြောပြပြီး နေရာချပေးပါတယ်။

ပြီးတော့ ကျောင်းနှစ်ကျောင်းက ကျောင်းသားတွေနဲ့ တက္ကသိုလ် ကျောင်းသားတွေ ကျောင်းသားဟောင်းတွေ ပေါင်းပြီး တမြို့လုံးပတ်ပြီး ချီတက် ဆန္ဒပြကြပါတယ်။ ဆန္ဒပြတဲ့ ကာလတလျှောက်လုံး တက္ကသိုလ် ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်းတွေက ဘေးကနေ ၀န်းရံပြီး ချီတက်ဖို့လမ်းကို ညွန်ပြပါတယ်။ လမ်းတလျှောက်မှာ အားပေးနေတဲ့သူတွေထဲက ကိုယ်တိုင် မချီတက်ပေမယ့် လမ်းဘေးတဖက်တချက်မှာ လက်ခုပ်တီးပြီး အားပေးနေကြပါတယ်။ ဒါအပြင် စေတနာ အပြည့်နဲ့ ရေတိုက်သူ၊ အချိရည်တိုက်တဲ့သူ၊ သကြားလုံးချိုချည်နဲ့ မုန့်ပဲ သွားရေစာ ဝေတဲ့သူတွေက မကြာခဏ လာလာဝေပေးပြီး အားပေးကြတာဟာ အံ့မခန်းလောက်အောင်ပါပဲ။ ကျွန်မတို့ အခန်းက ယောက်ျားလေးတွေ အများဆုံးပါဝင်တဲ့ အထကမှာ အတန်းကြီးဆုံးဖြစ်ကြတဲ ကိုးတန်းနဲ့ ၁၀ တန်း ကျောင်းသားတွေကတော့ လမ်းဘေးက အားပေးနေသူတွေကို ဘာကြောင့် ဆန္ဒပြရတယ် ဆိုတာကို တလျှောက်လုံး Speaker နဲ့ အော်ပြီး ရှင်းပြလာပါတယ်။

ကျွန်မတို့ တမြို့လုံးအနံ့ ချီတက် ဆန္ဒပြခဲ့ပါတယ်။ မြို့ကသေးတော့ ကြာကြာ မပတ်လိုက်ရပဲ တမနက်တည်းနဲ့ တမြို့လုံး နှံ့သွားပါတယ်။ မြေနီကုန်းလမ်းကို ဖြတ်ပြီး ဂတ်တောင် (ရဲစခန်းရှိတဲ့ကုန်းကို ခေါ်တဲ့ ဒေသအခေါ်) ကို ဖြတ်လာရာမှာ ပုလိပ်တွေက ပြူးကြောင်ပြီး ခက်ထန်တဲ့ အကြည့်စမ်းစိမ်းနဲ့ ကြည့်နေကြတော့ စိတ်ထဲမှာ စိုးရိမ်မှုတွေ ရှိခဲ့ကြတာတော့ အမှန်ပဲ။ ဒါပေမယ့် ဒီအချိန်မှာ သေရမယ်ဆိုရင်တောင် သေဖို့အဆင်သင့်ပဲ ဆိုတဲ့ပုံစံနဲ့ စိတ်ဓါတ်တွေက ကြောက်စိတ်လုံးဝ မရှိပဲ ပြင်းထန်နေခဲ့ကြတယ်။ ပြီးနောက် ဂတ်တောင်ကို ကျော်သွားပြီး ကမ်းနားလမ်းကို ဖြတ်ကာ တရားဟော စင်မြင့်ရှိရာ လွတ်လပ်ရေး ကျောက်တိုင်ကို သွားဖို့ ဗိုလ်မှူးဗထူး လမ်းအတိုင်း ပြန်တက်လာတဲ့ အချိန်ကျမှ ကျွန်မမှာ ဖိနပ်မပါလာတာ သတိထားမိတယ်။ ဆရာကြီး အလယ်လှေကားကနေ ကျောင်းအောက်ထပ်က ပြန်တက်လာတော့မယ်ဆိုတာ သိလိုက်တာနဲ့ ကျောင်းအောက်ကို မြန်မြန်ရောက်ချင်လို့ အခန်းရှေ့ဖိနပ်ချွတ်တဲ့ နေရာမှာ ဖိနပ်သွားစီးဖို့ မေ့ပြီးဆင်းလာခဲ့တာ ဖြစ်တယ်။

ဗိုလ်မှူးဗထူးလမ်းအဆုံး ညာဘက်ကိုကွေ့တော့ အဲဒီအချိန်က ကျွန်မတို့မြို့ရဲ့ တခုတည်းသော ရုပ်ရှင်ရုံအနီး လွတ်လပ်ရေးကျောက်တိုင်ရှိ စင်မြင့်ပေါ်မှာ တက္ကသိုလ် ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်းတွေက မိန့်ခွန်းပြောဖို့အတွက် စုဝေးကာ မိန့်ခွန်းပြောတဲ့ အစီစဉ်ကို စတင်ခဲ့ပါတယ်။ မိန့်ခွန်းပြောတဲ့အခါမှာတော့ တက္ကသိုလ် ကျောင်းသားတွေက ဇာတ်လိုက်တွေ ဖြစ်သွားကြပြီး ကျွန်မတို့အထက်တန်း အလယ်တန်း ကျောင်းသားတွေနဲ့ အနောက်မှာ ဘုရားပွဲတွေမှာတက်တောင် များပြားလှတယ် ထင်ရတဲ့ မြို့သူမြို့သားတွေက နားထောင်သမား သက်သက်ဖြစ်သွားကြတယ်။ ကျွန်မလည်း သူတို့ရဲ့ မိန့်ခွန်းတွေကို နားထောင်ရတဲ့အခါမှာမှပဲ တမနက်လုံး မသိပဲနဲ့ အော်လာတဲ့ ဒီမိုကရေစီဆိုတာအပြင် လူ့အခွင့်အရေးဆိုတာကိုပါ နားလည်ခွင့်ရတော့တယ်။ ဗိုလ်ချုပ်အုပ်ဆန်းရဲ့ မိန့်ခွန်းတချို့တလေမှာ ဒီမိုကရေစီကျကျ တည်ဆောက်ရမယ် ဆိုတာ တခါတလေ ဖတ်ဖူးပေမယ့် ဒီမိုကရေစီဆိုတာ ဘာကိုပြောလဲဆိုတာကိုတော့ အဲဒီနေ့မှာမှ အတိအကျ ကျွန်မနားလည်ခဲ့တယ်။

မိန့်ခွန်းပြောတဲ့ တက္ကသိုလ် ကျောင်းသားတွေက ဒီမိုကရေစီ လူ့အခွင့်အရေးတွေ အပါအ၀င် ၆၂ မှာ ပါလီမန် ဒီမိုကရေစီ အစိုးရဆီက စစ်တပ်က အတင်းအာဏာ သိမ်းပုံ၊ 7 July ကနေ ၈၈ အထိ ဖြစ်လာခဲ့တဲ့ ၆၉ခု၊ ကျွန်းဆွယ်အရေးအခင်း၊ ၇၄ ခု၊ ဦးသန့်အရေးအခင်း၊ ၇၆ ခု မှိုင်းရာပြည့် အရေးအခင်း၊ ၈၇ ငွေစစက္ကအရေးအခင်း (ဒီတခုတော့ သိတယ်) ၈၈ ခု၊ မတ်လနဲ့ ဇွန်လ အရေးအခင်းတွေ အကြောင်းကို ကိုမင်းကိုနိုင် လက်မှတ်နဲ့ ဗကသက ဖြန့်ဝေတဲ့ စာထဲမှာ ကျွန်မတို့ ဖတ်ထားတာထက် ပိုမို အသေးစိတ်ကျတဲ့ အချက်တွေကို ပြောပြခဲ့ပါတယ်။ ဆန်ရေစပါး ပေါများကြွယ်ဝပြီး သယံဇာတ တွင်းထွက်ပစ္စည်းတွေ၊ ကျွန်းသစ်၊ ရေနံ၊ ရေထွက်ပစ္စည်းတွေ များပြားလှတဲ့အကြောင်း ရှစ်တန်းအထိ သင်ဖူးတဲ့ ပထ၀ီဘာသာထဲကအတိုင်း ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံအထဲမှာ ပါတယ်လို့ ထင်ရတဲ့ ကျွန်မတို့ မြန်မာနိုင်ငံက ကိုယ်ထင်ထားတာနဲ့ ဆန့်ကျင်ဘက် အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေတယ်ဆိုတဲ့အသိ၊ ၆၂ မှာ တိုင်းပြည်ကို ပြိုကွဲမှာစိုးလို့ အာဏာသိမ်းရတယ်ဆိုတာကိုပဲ နားလည်ရာကနေ အရေးအခင်းတိုင်း တောက်ရှောက် လူသတ်လာတဲ့ လူသတ်အစိုးရအဖြစ် မယုံနိုင်လောက်အောင် ရက်စက်ယုတ်မာတဲ့ အစိုးရဖြစ်နေတာကို သိလိုက်ရတဲ့ ဒီအရေးအခင်း ရတဲ့ အသိတွေကတော့ ကျွန်မကို စိတ်သစ်၊ လူသစ်အဖြစ် ဒုတိယအကြိမ် မွေးဖွားပေးလိုက်ပါတယ်။

အဲဒီနေ့က ဟောပြောပွဲပြီးမှာ ကျွန်မတို့ ကျောင်းဆင်းချိန်နဲ့ အတူတူလို ဖြစ်နေပြီး နောက်နေ့တွေမှာ သပိတ်စခန်းတွေကို ဖွင့်ပြီး ဒီအစိုးအရ မကျမမချင်း တိုက်ပွဲဝင်မယ်ဆိုတာနဲ့ ဆုံးဖြတ်ပြီး ဒီနေ့အတွက် ဆန္ဒပြပွဲကို ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့ပါတယ်။ မြို့ကြီးတွေမှာလို ပစ်ခတ်မှုတွေ မဖြစ်လို့ ကျွန်မတို့ဆီမှာ ကျောင်းသားတွေ သွေးမြေမကျခဲ့ရဘူး။ တနိုင်ငံလုံးမှာ ရှိတဲ့ တခြားဒေသတွေက နယ်တွေမှာလည်း ဒီလိုပဲ သွေးမြေကျတာ မကြားသိခဲ့ရပါဘူး။ မြန်မာပြည်ရဲ့ လူဦးရေ အများစုဟာ နယ်တွေမှာပဲ ရှိတဲ့အတွက် နယ်တွေမှာရှိတဲ့ ပြည်သူလူထုတွေကိ ဒီမိုကရေစီ လူ့အခွင့်အရေး သဘောတရားတွေကို နားလည်အောင် လုပ်ဖို့ဆိုတာ တကယ်ပဲ အရေးကြီးပါတယ်။ ပြည်သူလူထုက ဒီသဘောတရားတွေကို နားမလည်ပဲနဲ့ မြန်မာပြည်ကို အပြောင်းအလဲ လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီနေ့က ဆန္ဒပြပွဲမှာ ပြည်သူလူထုတွေနဲ့ ကျွန်မတို့လို ငယ်ရွယ်တဲ့ အထက်တန်း၊ အလယ်တန်း ကျောင်းသားတွေကို တက္ကသိုလ် ကျောင်းသားတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အသိတရားတွေ ပေးနိုင်ခဲ့ပါတယ်။ ဒီအသိတရားတွေနဲ့အတူ ကျွန်မဘ၀ဟာလည်း မိဘ၊ ညီအစ်ကို မောင်နှမတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီး ဒီမိုကရေစီ၊ လူ့အခွင့်ရေးအတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဒုတိယအကြိမ် ရှင်သန်လာခဲ့တာ အခုထိပါပဲ။

နောက်ပိုင်းတော့ သပိတ်စခန်းတွေ ဖွင့်ဖြစ်ပြီး ကျွန်မတို့ ရွာအပါအ၀င် အလယ်တန်းကျောင်းအဆင့်ရှိတဲ့ ရွာတွေအားလုံးမှာ သပိတ်စခန်းတွေ ဖွင့်ပြီး တိုက်ပွဲဝင်ခဲ့တာ စက်တင်ဘာ ၁၈ ရက်နေ့ အာဏာသိမ်းတဲ့အချိန် ထွက်ပြေးရတဲ့အထိပါပဲ။ တချို့ကျောင်းသားတွေ အဲဒီနေ့က စတဲ့သပိတ်ကနေ အိမ်ကို တခေါက်မှ ပြန်မရောက်တော့ပဲ စည်းရုံးရေးဆင်းလိုက် သပိတ်စခန်းကို ပြန်လိုက်နဲ့ စက်တင်ဘာ ၁၈ ရက်နေ့ အာဏာသိမ်းတဲ့အချိန်မှာ တခါတည်း တောထဲရောက်လာတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်မ အတွက်တော့ အဲဒီနေ့က ဖိနပ်မပါပဲ တမြို့လုံးနှံ့အောင် ရောက်ခဲ့တာနဲ့ ကျွန်မတို့ စာသင်ခန်းက ထွက်ခွာလာတဲ့အချိန်မှာ ကျွန်မတို့အတွက် စိုးရိမ်လို့ မျက်နှာပြင်တခုလုံး နီမြန်းပြီး အပူရုပ်နဲ့ အခန်းထဲမှာ တယောက်တည်း ကျန်ခဲ့တဲ့ ဆရာမရဲ့ရုပ်ပုံလွှာကိုတော့ ကျွန်မတက်ခဲ့တဲ့စာသင်ခန်းရဲ့ နောက်ဆုံးမြင်ကွင်းအဖြစ် အမြဲအမှတ်ရလျက် ရှိနေပါတယ်။ စာသင်ခန်းကို စွန့်တဲ့နေ့မှာ စီးတဲ့ဖိနပ်ကိုပါ စာသင်ခန်းရှေ့မှာ ထားခဲ့ပြီး ကျွန်မလို မြို့တမြို့လုံးနှံ့အောင် ဖိနပ်မပါပဲ လမ်းလျှောက်ဖူးသူ ဒီကမ္ဘာမှာ တယေက်တလေမှ ရှိမယ်မထင်ပါဘူး။



7 comments:

မငယ်နိုင်ရေ
လေးစားမိပါတယ်

မငယ်ရေ... မနေ့ တနေ့ ကလိုပါပဲ။ ၈လေးလုံးဟာကျနော်တို့ ရင်ထဲမှာအမြဲရှိနေတယ်။
ဒီပို့ စ်လေးကအရင်းအနှီးကြီးတယ်။

လေးစားပါတယ်အမ

အမိနိုင်ငံမှာ လွပ်လပ်ရေးရရင် စာသင်ခန်းတွေမှာ

ဖိနပ် ပြန်ရှာရင်း မျိုးဆက်သစ်တွေ ကိုအလင်းပြ နိုင်သူဖြစ်အောင်ဆုတောင်းပေးပါတယ်

အင်း....မလွတ်မြောက် နိုင်သေးတဲ့ ခေတ် အဆက်ဆက်မှာ နိုင်ငံအတွက် ဂုဏ်ရောင် ထွန်းပြောင်ခဲ့တဲ့ အညတြ သူရဲကောင်းတွေ များစွာ ရှိနေတယ် ယုံကြည် ပြီးသားပါ ဗျာ။

ဘယ်အချိန်မှာ.. ဘသူပဲ ရေးရေး.. ခံစားချက်တွေ..မြင်ကွင်းတွေ တူတာမို့ ဖတ်တိုင်း မျက်ရည်ပြန်ပြန်ကျမိတယ်။ ခုရောပဲ...။

မငယ်နိုင်တယောက် စာသင်ခန်းကို စွန်ခဲ့ပြီး တမြို့လုံးနှံ့
အောင် ဖိနပ်ပျောက် လမ်းလျှောက်ခဲ့ဖူးသလို လင်ပျောက် သားပျောက် မယားပျောက် အဖေပျောက်
အမေပျောက် ပျောက်ခဲ့တဲ့သူတွေ ရှိခဲ့တာလည်း သမိုင်းမှာ ထင်ကျန်နေဆဲပါ......လေးစားပါတယ်ညီမရေ...

mie nge

အမိမြန်မာပြည်ကြီး ကောင်းစားရေးအတွက် စာသင်ခန်းကိုစွန့်  ၊ ဘဝတွေ အသက်တွေစွန့် ခဲ့ကြသူ များ အားလုံးကို လေးစားမိပါတယ် ။။
မျှော်လင့်ချက်များ ပြည့်ဝကြပါစေ ။ ။ ။