မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ကျန်းမာစွာ အသက်ရှင်ရန် မရှိမဖြစ် လိုအပ်သော အာဟာရ (၁)

Macronutrient အကြီးစားအာဟာရ

ခန္ဓာကိုယ်အား ကျန်းမာစွာအသက်ရှင် ရပ်တည် နိုင်ရန် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရ အမျိုးအစား များကို Macronutrients နှင့် Micronutrient ဟူ၍ နှစ်မျိုး ရှိသည်ဟု ယခင် ရေးခဲ့သည့် အစာ အာဟာရ မမျှတခြင်း (Malnutrition) တွင် မိတ်ဆက် ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုတခါ ထို အာဟာရ နှစ်မျိုးတွင် ပါဝင်နေသည့် အစားအစာ တခုစီ၏ ခန္ဓာကိုယ် အတွက် အကျိုးပြုပုံ နှင့် စားသုံးရန်လိုအပ်မှုကို ပို့စ် နှစ်ခုခွဲပြီး တင်ပြမည် ဖြစ်သောကြောင့် Macronutrient (အကြီးစား အာဟာရ) နှင့် စတင် ဖေါ်ပြ လိုက်ပါသည်။




နေ့စဉ် စားသုံး သင့်သော အကြီးစား အာဟာရ တွင်



  • (၁) ကစီဓါတ်၊
  • (၂) အဆီဓါတ်၊
  • (၃) အသားဓါတ်၊
  • (၄) ရေ
  • တို့ ပါဝင် ပါသည်။


    (၁) ကစီဓါတ်

    ကစီဓါတ် (ကာဗွန် ဟိုက်ဒရိတ် Carbohydrate) ကို Grain Products ဟု ခေါ်သော နှံစား အသီး အနှံများ (ဆန်၊ ဂျုံ၊ ပြောင်း)၊ ဟင်းသီး ဟင်းရွက် များနှင့် အသီး များမှ ရရှိသဖြင့် အပင်မှ ထွက်သည့် အစား အစာ အများဆုံး ပါဝင် ပါသည်။ နှံစား သီးနှံ များသည် ခန္ဓာကိုယ် အတွက် သကြားဓါတ် (ဂလူးကို့စ်) နှင့် အမျှင် (ဖိုင်ဘာ) နှစ်မျိုး စလုံး ဖြည့်ဆည်း ပေးပြီး ဟင်းသီး ဟင်းရွက်နှင့် အသီးနှံပြီးလျှင် ဒုတိယ အများဆုံး စား သင့်သော အစားအစာ ဖြစ်ပါသည်။ အာလူး၊ ကန်ဇွန်းဥ၊ ပိန်းဥ စသည့် သစ်ဥ သစ်ဖု များ သည်လည်း နှံစား သီးနှံများ ကဲ့သို့ ဂလူးကို့စ်ကို ဖြည့်ဆည်းလပေးသော်လည်း အမျှင် ပါဝင်မှု နည်းပါး ပါသည်။

    စားသုံး လိုက်သော ကာဗွန် ဟိုက်ဒရိတ် များအား ခန္ဓာကိုယ် ထဲတွင် အစာခြေ ပြီးသော အခါ အသည်း၏ လုပ်ဆောင်ချက်ဖြင့် ဂလူးကို့စ် အဖြစ်သို့ ပြောင်းလဲ ပေးပြီးမှ ဆဲလ် ကလပ်စည်း များမှ အသုံးပြု နိုင်ပါသည်။ ဂလူးကို့စ်သည် ခန္ဓာကိုယ်၏ အခြေခံ ကျသော စွမ်းအင် တစ်မျိုး ဖြစ်သည့် ATP ကို ထုတ်လုပ် ရာမှာ အသုံးပြုသည့် လောင်စာ ဖြစ်သော ကြောင့် ဆီမရှိပဲ ယဉ်မောင်း၍ မရသကဲ့သို့ ဂလူးကို့စ် မရှိပဲ ခန္ဓာကိုယ်ကို လည်ပတ်၍ မရနိုင်ပါ။ သို့သော်လည်း ဂလူးကို့စ် ဖြည့်ဆည်း ပေးသည့် ကာဗွန် ဟိုက်ဒရိတ်များကို လိုသည်ထက် ပိုစား ပါက ခန္ဓာကိုယ် ထဲတွင် ဂလိုင်ဂိုဂျင် နှင့် အဆီအဖြစ် သိမ်းထား ပေးသော ကြောင့် အ၀လွန်ခြင်း ကို ဖြစ်စေပြီး အန္တရာယ် ဖြစ်နေ နိုင်ပါသည်။

    အမျှင် (Fibre) များ ဖြစ်သည့် ဟင်းသီးဟင်းရွက်နှင့် အသီးနှံတွင် ပါဝင်သော ကာဗွန် ဟိုက်ဒရိတ်များကို Polysaccharides ဟုခေါ်ပြီး ဂလူးကို့စ် မော်လီကျူး အများနှင့် ပါဝင် ဖွဲ့စည်း ထားပြီး ၎င်းတို့ကို အစာခြေ၍ မရနိုင် သောကြောင့် ဂလူးကို့စ်အဖြစ် ပြောင်းလဲ၍ မရသဖြင့် ဆဲလ်မှ အသုံး မပြုနိုင်ပါ။ ထို့ကြောင့် ဟင်းသီးဟင်းရွက်မှ ရရှိသော ကာဗွန်ဟိုက်ဒရိတ်များက အူနံရံရှိ ဘက်တီးရီးယား များကို သယ်ဆောင်ပြီး မစင်အဖြစ် စွန့်ထုတ် ပေးပြီး ၀မ်းကို ပုံမှန် သွားစေခြင်းဖြင့် ခန္ဓာကိုယ်အား အကျိုးပြု ပါသည်။

    ထို့အပြင် ထိုအမျှင် များသည် ခန္ဓာကိုယ်အား ဂလူးကို့စ် အဖြစ်နှင့် အကျိုး မပြုနိုင် သော်လည်း ဆဲလ်မှ ဂလူးကို့စ်ကို ဖြည်းဖြည်း မှန်မှန် စုပ်ယူစေ၍ သွေးထဲ သကြားဓါတ် ပမာဏကို ထိန်းညှိ ပေးခြင်း၊ နှလုံးနှင့် သွေးကြော များအား ဒုက္ခပေးနိုင်သည့် ကော်လက်စရောလ် ပမာဏကို လျှော့နည်းစေခြင်း၊ ၀မ်း ပုံမှန် သွားပြီး အူမကြီး အား ဘတ်တီးရီးယား ဒုက္ခ ပေးခြင်းနှင့် ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း စသည့်နည်းများဖြင့် အမျှင် ( Fibre) သည် ခန္ဓာကိုယ်နှင့် အစာ လမ်းကြောင်းကို များစွာ အကျိုး ပြုပါသည်။ ထို့ကြောင့် Fibre ကို လုံလောက်စွာပါအောင် စားသုံးသင့်ပြီး အချိုအရသာရှိသည့် အသီးများမှလွဲ၍ ပိုလျှံစွာ စားသုံး ပါကလည်း ပြဿနာ မရှိပါ။ ထို့ကြောင့် ချိုသည့် အသီးနှံများကို တမျိုးစီ သို့မဟုတ် Fruit Salad အဖြစ် တနေ့ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ခန့်သာ စားသုံး သင့်ပြီး တခြား အချိုအရသာ မရှိသည့် ဟင်းသီး ဟင်းရွက်နှင့် အသီးနှံ များကို ဆန္ဒရှိသလို ကြိုက်သလောက် များများ စားသုံး နိုင်ပါသည်။

    (၂) အဆီဓါတ်
    အဆီဓါတ် Lipid ကို စားသုံးလိုက်သော အဟာအာဟာရများအား ဆဲလ်အတွင်း စုပ်ယူနိုင်စေရန် ဆဲလ်နံရံများအား အကူအညီပေးသည်။ ထို့အပြင် ခန္ဓာကိုယ်ထဲတွင် ဟော်မုန်းများအဖြစ် ပြောင်းလဲ၍ အမျိုးမျိုး အသုံးပြုပါသည်။ ခန္ဓာကိုယ်ကို တခုလုံး၏ လုပ်ငန်း လည်ပတ်မှု ဟန်ချက်ကို ပုံမှန် ဖြစ်အောင် ထိန်းညှိ ပေးနေသည့် Endocrine System ရှိ ဟော်မုန်း အတော် များများကို အဆီမှ အသွင် ပြောင်း ထားခြင်း ဖြစ်ပါသည်။ အစားအစာ ထဲပါဝင်သည့် အဆီဓါတ်ကို Saturated fat, Mono-Unsaturated fat နှင့် Poly - Unsaturated fat ဟူ၍ သုံးမျိုး တွေ့နိုင်ပြီး အဆီ တမျိုးစီ၏ သွေးထဲရှိ ကော်လက်စရောလ် ပမာဏအပေါ် တုန့်ပြန်မှုသည် ကွဲပြား ခြားနား ပါသည်။

    Saturated fat ပြည့်ဝအဆီ (မရှိမဖြစ် စားသုံးရန် လိုအပ်သော အဆီမဟုတ်ပါ)

    Saturated Fat ကို တိရိစ္ဆာန်မှ ထွက်သော အဆီများတွင် အများဆုံး ပါဝင်ပြီး အဆီများသောအသားများ၊ မလိုင် မထုတ်ရ သေးသည့် နို့များ၊ ထောပတ်၊ အုန်းဆီနှင့် ဆီအုန်းဆီ (Palm oil)၊ ကျွတ်အောင် ကြော် ထားသော အစားအစာ (Deep fried food)၊ ဆိုင်မှ အဆင်သင့် စားနိုင်ရန် ချက် ထားသော အစား အစာများ (Take way food)၊ ဘီစကွပ် မုန့်နှင့် ကိတ်မုန့် များတွင် အများဆုံး ပါဝင် ပါသည်။ တိရိစ္ဆာန် အဆီများနှင့် အဆိုပါ မုန့်ပဲ သွားရေစာ အစားအစာများ အချိုရည်များသည် နှလုံးနှင့် သွေးကြောများကို ဒုက္ခ ပေးနိုင်သည့် သွေးထဲ ကော်လက်စရောလ် ပမာဏ ကို မြင့်တက် စေသဖြင့် ၎င်းတို့သည် မရှိမဖြစ် စားသုံးရန် လိုအပ်သည့် အစားအစာနှင့် အဆီ အမျိုးစား မဟုတ်ပါ၊ လှုပ်ရှားမှု နည်းသူများ အတွက် လုံးဝစားသုံးရန် မသင့်သော အစားအစာ နှင့် အဆီများ ဖြစ်ပါသည်။

    Poly-Unsaturated fat သကြားမော်လီကျူးကွင်းဆက် အများပါဝင်သည့် မပြည့်ဝအဆီ

    Poly-Unsaturated Fat ကို ဟင်းသီး ဟင်းရွက် ဆီများ ဖြစ်သည့် နေကြာပန်းဆီ၊ ပဲပုပ်ပဲဆီ (Soybean oil)၊ မြေပဲကဲ့သို့ အခွံမာစေ့၊ နှမ်းစေ့ စသည် တို့တွင်တွေ့ရသည်။ ငါးနှင့် ငါးဆီသည် တစ်ခု တည်းသော တိရစ္ဆာန် ထွက် Poly-Unsaturated fat ဖြစ်ပြီး Poly-Unsaturated ဆီ အားလုံးတွင် Unsaturated fat ဟုခေါ်သော ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်ပြီး ခန္ဓာကိုယ် ထဲမှာ မထုတ်လုပ် နိုင်သည့် အိုမီဂါ ၃ နှင့် ၆ အဆီ အမျိုးစားကို ရရှိခြင်းနှင့် သွေးထဲ ကော်လက်စရောလ် ပမာဏ ကိုလည်း လျှော့နည်းစေသဖြင့် ထိုဆီအမျိုးအစားများကို မည်သူမဆို စားသုံး သင့်ပါသည်။

    Mono-Unsaturated fat
    သကြားမော်လီကျူးကွင်းဆက် တခုတည်းသာပါသော မပြည့်ဝအဆီ

    Mono-Unsaturated Fat သည်လည်း အသီးအရွက် ဆီများဖြစ်သည့် သံလွင်ဆီ၊ canola oil, မြေပဲဆီ၊ မြေပဲနှင့် အခွံမာ စေ့များ၊ ထောပတ်သီး တို့တွင် တွေ့ရပါသည်။ Poly-Unsaturated Fat ကဲ့သို့ပင် အိုမီကာ ၃ နှင့် ၆ တို့ပါဝင်ပြီး သွေးထဲ ကော်လက်စရောလ် ပမာဏကို လျှော့နည်း စေပါသည်။ အဆီ အမျိုးအစား အားလုံး သည် သွေးထဲ ကော်လက်စရောလ်ကို လျှော့နည်း စေသည်ဖြစ်စေ၊ တိုးစေသည်ဖြစ်စေ အဆီသည် အဆီ သာ ဖြစ်သော ကြောင့် လိုသည်ထက် ပို၍ စားပါက ပိုလျှံသည် များကို စွန့်ပစ်မည် မဟုတ်ပဲ ထိန်းသိမ်း ထားမည်ဖြစ်ပြီး ကိုယ်အလေးချိန် ကို တိုးစေမည် ဖြစ်၍ လိုသလောက်သာ စားသင့်ပါသည်။ အိုမီကာ 3 နှင့် 6 ကို ခန္ဓ္ဓာကိုယ်ထဲတွင် မထုတ်လုပ်နိုင်သောကြောင့် ၎င်းတို့ပါဝင်သော အဆီသည် ခန္ဓာကိုယ်အတွက် စားသုံးရန် လိုအပ်ပါသည်။

    (၃) အသားဓါတ်

    အသားဓါတ် Protein သည် ခန္ဓာကိုယ်၏ လုပ်ငန်းစဉ် အတော် များများကို အထောက်အကူ ပြုပါသည်။ အထူးသဖြင့် ဆဲလ်များနှင့် တစ်ရှူး များ၏ လုပ်ငန်းများ ဖြစ်သည့် သွေးထဲနှင့် တစ်ရှူးထဲရှိ အရည် ပမာဏကို မျှတအောင် ထိန်းချုပ် ပေးခြင်း၊ သွေးထဲ ဟိုက်ဒရိုဂျင် စုစည်းမှု (pH) ကို မျှတ အောင် လုပ်ပေးရန် အင်ဇိုင်းနှင့် ဟောာ်မုန်းများ ပုံမှန် အလုပ်လုပ် နိုင်အောင် အကူအညီ ပေးခြင်း၊ ခန္ဓာကိုယ် အတွင်း ရောဂါပိုးများ နှောက်ယှက်မှု ကို ကာကွယ် ပေးခြင်း၊ အာဟာရ ကို သယ်ယူ ပို့ဆောင် ရာတွင် အကူအညီ ပေးခြင်း၊ ခန္ဓာကိုယ် အတွင်း အဓိက လောင်စာ ဖြစ်သည့် ဂလူးကို့စ် ပြတ်လပ် သွားပါက ဂလူးကို့စ်အဖြစ် ပြောင်းလဲ၍ အသက် မဆုံးရှုံးအောင် ထိန်းထား ပေးခြင်း စသည့် အရေးပါသည့် လုပ်ငန်း များစွာဖြင့် ခန္ဓာကိုယ်အား အထောက်အကူ ပြုပါသည်။

    အသားဓါတ် ကို ဆဲလ်ကလပ်စည်းများ အတွင်းရှိ DNA ခေါ် မျိုးရိုးဗီဇကို သယ်ဆောင်ပေးသည့် အချဉ်ဓါတ်တမျိုးမှတဆင့် အဆင့်ဆင့် ပြောင်းလဲ၍ အမီနို အက်စစ် ကွင်းဆက်များ အဖြစ် တွေ့ရပါသည်။ အသားဓါတ်တွင် အမီနိုအက်စစ် အမျိုးအစား ၂၀ ရှိပြီး အရိုးတွယ် ကြွက်သားများ ကို အသုံးပြု၍ လိုအပ်သော အသားဓါတ် အများစုကို ခန္ဓာကိုယ် ထဲမှာ ပင် ထုတ်လုပ် ပါသည်။ သို့သော်လည်း ခန္ဓာကိုယ်ထဲတွင် ထုတ်လုပ်၍ မရနိုင်ပဲ မဖြစ်မနေ လိုအပ်သည့် အမီနို အက်စစ် တချို့ ရှိနေ သောကြောင့် အသားဓါတ်ကို နေ့စဉ် အနည်းငယ်စီ စားသုံးရန် လိုအပ်ပါသည်။

    အသား၊ ငါး၊ ကြက်ဥဘဲဥ၊ နို့ စသည့် အသားဓါတ် များကို တိရိစ္ဆာန်များမှ ရရှိနိုင်ပြီး ပဲ အမျိုးမျိုး၊ အခွံမာစေ့ သစ်စေ့ စသည့်အပင်ထွက် အစားအစာ များ မှလည်း ရရှိ နိုင်ပါသည်။ တိရိစ္ဆာန် မှ ရသော အသားဓါတ်တွင် တမျိုးတည်းနှင့် မရှိမဖြစ် လိုအပ်သော အမီနိုအတ်စစ် အားလုံး ပါဝင် နိုင်သော်လည်း အပင်မှ ရရှိသော အသားဓါတ်တွင် အမီနို အတ်စစ် တခု (သို့) တခုထက် ပို၍ လိုနေ တတ်သောကြောင့် အကြောင်း အမျိုးမျိုးနှင့် အသက်သတ်လွတ် စားနေသူများ သည် နို့မသောက်သူများ ဖြစ်ပါက အမီနိုအတ်စစ် အားလုံး ပါစေရန် အသားဓါတ် ပါဝင်သည့် အပင်ထွက် အစားအစာ အမျိုးမျိုး ပါဝင်အောင် စားသင့်ပါသည်။

    ပဲတမျိုးတည်းကို နေ့စဉ် ဆက်တိုက် စားမည့်အစား ပဲပုပ်ပဲ၊ ကျောက်ကပ်ပုံပဲ၊ မြေပဲ၊ ပဲဝါခြမ်း၊ နှမ်းနှင့် အခွံမာ စေ့များ စသည်တို့ကို တပတ်အတွင်းတွင် နှစ်ခုထက် ပို၍ ပါဝင်အောင် စားသင့် ပါသည်။ စားသုံးသည့် အသားဓါတ်ထဲတွင် အမီနိုအတ်စစ် အကုန်လုံး ပါဝင်အောင် မစားနိုင်ပါက အသားဓါတ် ချို့တဲ့နိုင်ပြီး အသားဓါတ် ချို့တဲ့ခြင်း သည် အာဟာရ ချို့တဲ့ခြင်း၏ လမ်းစဖြစ်ပါသည်။ အသားဓါတ်ကို အမီနိုအတ်စစ်အဖြစ် သိမ်းထား ပေးနိုင် သော်လည်း တိရိစ္ဆာန် မှ ရရှိသည့် အသားဓါတ်ကို လိုသည်ထက် ပို၍ မစားသုံးသင့်ပါ။ အပင်မှရသည့် အသားဓါတ် ကိုမူ အစာလမ်းကြောင်း ပြဿနာနှင့် အစာ မတည့်သည့် ပြဿနာ မရှိပါက ဆန္ဒရှိသလောက် ကြိုက်သလို များများ စားသုံးနိုင်ပါသည်။

    (၄) ရေ


    ခန္ဓာကိုယ်၏ ၆၀% ကို ရေဖြင့်ဖွဲ့စည်းထားပါသည်။ ရေသည် အာဟာရ တခု မဟုတ် သော်လည်း အစာအဟာရများ တခုနှင့်တခု ဓါတုဗေဒဆိုင်ရာ ဓါတ်ပြုမှု၊ အာဟာရ သယ်ယူပို့ဆောင်မှု၊ ခန္ဓာကိုယ်အပူချိန်ထိန်းညှိမှုများအတွက် ရေမရှိပဲ လုပ်ဆောင်၍ မရသဖြင့် ရေသည် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပါသည်။ အစာမစားပဲ လနှင့်ချီ၍ နေနိုင် သော်လည်း ရေမသောက်ပဲ နေပါက နှစ်ရက်သုံးရက်တွင်း အသက် ဆုံးရှုံး နိုင်ပါသည်။ ခန္ဓာကိုယ် အတွက် ရေ အပါအ၀င် အရည် တနေ့ ကို ၁လီတာခွဲမှ ၂ လီတာ ခန့် နေ့စဉ် သောက်ရန် လိုအပ် ပါသည်။ ကျောက်ကပ်ပြဿနာမရှိပဲ ကျန်းမာ နေသူ အတွက် ရေကို ကြိုက်သလောက် ပိုသောက် နိုင်ပါသည်။

    Macronutrients တွင် အစားအစာ အမျိုးအစား အားလုံးကို လုံလောက်စွာ စားရန် လိုအပ်ပြီး ခန္ဓာကိုယ်ထဲတွင် မသိုလှောင်သည့် ဟင်းသီးဟင်းရွက်နှင့် ရေစသည့် အာဟာရ များကို လိုသည်ထက် ပိုစား နိုင်သော်လည်း သိုလှောင်သည့် အာဟာရများ ဖြစ်သည့် ကာဗွန်ဟိုက်ဒရိတ်နှင့် အဆီများကိုမူ ပိုမစားသင့်ပါ။

    Micronutrients အသေးစား အာဟာရများ အကြောင်း ကို ဆက်လက် ဖေါ်ပြ ပါမည်။


    (မူရင်းပို့စ်ကို Public Health In Myanmar တွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ကျွန်မ ပို့စ်ရေးဖို့ မအားမလပ် ဖြစ်တဲ့ အချိန်တွေမှာ လာလည်သူများ အတွက် ဖတ်စရာ ရှိနေစေရန်နှင့် ဘလော့ဂ်မှာ မှတ်တမ်းအဖြစ် သိမ်းထားနိုင်ရန် ကျွန်မကိုယ်တိုင်နှင့် တခြားသူတွေ ရေးခဲ့သည့် အထဲမှ ကောင်းနိုးရာရာများကို အခုလို ပြန်လည် ဖေါ်ပြပေးသွားမည် ဖြစ်သည်။)

    အစာအာဟာရကို မှန်ကန်စွာ စားသုံးခြင်းဖြင့် မိမိတွင် ရောဂါ မစွဲကပ်အောင် ၈၀% ကာကွယ်နိုင်ပါသည်။ လူတိုင်း အစာအဟာရဖြင့် ကျန်းမာရေးကို စောင့်ရှောက်နိုင်ကြပါစေ။

    ရွှင်လန်းချမ်းမြေ့ကြပါစေ။

    6 comments:

    မစားသင့်ဘူးဆိုမှ Saturated fat ပါတဲ့ အစားတွေက ပိုပြီး စားကောင်းနေသလိုပဲ...

    လျော့ဦးမှ...

းဝ)

    လျှော့တာတင်မကဘူး ကိုလူထွေး BMI 25 ကျော်နေသူဖြစ်ရင် စားကို မစားသင့်ပါဘူး။ ဗိုက်ကြွက်သားသိပ်ကြီးနေရင် ပိုတောင်ဆိုးပါသေးတယ်။ ဗိုက်မှာ ရှိတဲ့ အဆီက တခြားမှာ ရှိတဲ့အဆီထက် Triglysaride လို့ခေါ်တဲ့ နှလုံးနဲ့ ကျောက်ကပ်ကို ဒုက္ခပိုပေးတဲ့ အဆီတွေ ပိုများပါတယ်။ သံလွင်ဆီ၊ ပဲပုပ်ပဲဆီအပါအ၀င် ဟင်းသီးဟင်းရွက်နဲ့ ငါးမှ ရအဆီတွေ ဖြစ်တဲ့ အိုမီကာ ၃ နှင့် ၆ ကလွဲရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ တခြား အဆီဓါတ်အားလုံးကို ခန္ဓာကိုယ်ထဲမှာပဲ ထုတ်လုပ်တာ ဖြစ်လို့ ဒါတွေကို စားနေဖို့မလိုပါဘူး။ အသားဓါတ်လည်း ဒီအတိုင်းပဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အသားဓါတ် ၇၅% ကို အမိနို အက်စစ် အဖြစ်နဲ့ ခန္ဓာကိုယ်ထဲမှာပဲ ထုတ်လုပ်တဲ့အတွက် များများ စားဖို့မလိုအပ်ဘူး ၂၄ နာရီလုံးလုံးမှာမှ အနေတော်အရွယ် တုံးထားတဲ့ နှစ်တုံးလောက် စားရင် လုံလောက်ပါတယ်။ နောက်ပိုင်း တင်ဖို့ ရှိတဲ့ အာဟာရနဲ့ ပတ်သက်တဲ့ ပို့စ်တွေကိုလည်း လာဖတ်စေချင်တယ်။ ဒါမှမဟုတ် Public Health in Myanmar မှာ တင်ထားတဲ့ ပို့စ်တွေကို သွားဖတ်လည်း ရပါတယ်။

    လိုချင်နေတာလဲအတော်ပဲ။မှတ်သားသွားပါတယ်အမရေ....ကျေးဇူးပါ။နောက်လဲဒီလိုမျိုးလေးတွေများများလုပ်ပေးပါဦး

    စာလာဖတ်ပါတယ် မငယ်နိုင်။
    PH ဘလောဂ့်မှာ အသစ်မရေးဖြစ်သေးဘူးပေါ့။ လာလာဖတ်ဖြစ်ပါတယ်။ ကျွန်မတော့ မြန်မာပြည်ကနေ အဲဒီဘလော့ဂ်ကို ပို့ စ်လှမ်းတင်တာ အဆင်မပြေလို့  တစ်ခါမှ ၀င်မရေးဖြစ်တော့ဘူး။ ဖတ်တော့ဖတ်ဖြစ်ပါတယ်။
    ဒါနဲ့ အဆင်ပြေရင် လင့်ခ်ထားလိုက်ဦးမယ်နော်။

    ဏီ(န်) ကင်းရေ ကျွန်မက လေ့လာမှတ်သားတဲ့ထဲက အများပြည်သူနဲ့ ကိုက်ညီမယ် ထင်တာကို ကောက်နှုတ်ပြီး ကျောင်းသားတယောက် အနေနဲ့ ပြန်လည်မျှဝေတာသာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တာကို ပိုပြီး လေ့လာချင်ရင် Public Health in Myanmar မှာ Professional ဆရာဝန်တွေ ကိုယ်တိုင် ရေးထားတဲ့ ကျန်းမာရေး ပြဿနာ ပေါင်းစုံနဲ့ ဆိုင်တဲ့ ပို့စ်တွေ အများကြီး ရှိပါတယ်။ ကျွန်မဘလော့ဂ်အောက်မှာ Link ထားတဲ့ လိပ်စာအတိုင်း သွားလည် ဖတ်ရှုကြည့်လို့ရပါတယ်။

    Yu Wa Yi ရေ လာလည်တာ ကျေးဇူးတင်ပါတယ်။ Public Health in Myanmar မှာ ကျွန်မ အသစ်မတင်ဖြစ်တာ ကြာနေပြီ ဒါပေမယ့် အခုနောက်ပိုင်း တခြားသူတွေ အဆက်မပြတ်တင်နေတော့ ဘလော့ဂ်က အရင်ကထက်အများကြီး Active ဖြစ်တာ တွေ့ရပါတယ်။ ကျွန်မ ပို့စ်မတင်ဖြစ်ပေမယ့် အဲဒီဘလော့ဂ်မှာ Admin တွေက အဝေးရောက်နေကြတာ များတော့ C-Box မှာ စာဖတ်သူတွေ လာလာမေးတဲ့ မေးခွန်းတွေကို ဘယ်သူမှ ဖြေပေးထားတာ မတွေ့ရင် သွားဖြေပေးတာတော့ လုပ်ပါတယ်။ ဒီဘလော့ဂ်မျာ စာဖတ်သူတယောက် အနေနဲ့ စာသွားဖတ်ရင်း မေးခွန်းတွေမေး မှတ်ချက်တွေရင်းရင်းနဲ့ ဒီဘလော့ဂ်ကို ဒေါက်တာစိုးထက်နဲ့ ဒေါက်တာ ရဲမွန်က အများပြည်သူအတွက် ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင်ထားတာ သိရတယ်။ ကျွန်မကိုလည်း စိတ်ဝင်စားရင် ၀င်ရေးပါဆိုပြီး အဖိတ်ခံရလို့ ကျွန်မ ဆရာဝန်တယောက် မဟုတ်ပေမယ့် မျှဝေလိုတဲ့ စေတနာနဲ့ ၀င်ရေးဖြစ်သွားပါတယ်။ ကျွန်မ ဒီဘလော့ဂ်ကို သိပ်သံယောဇဉ်ရှိပါတယ်။ မအားလို့ ပို့စ်မတင်ဖြစ်ပေမယ့် နောက်ပိုင်း အားရင်အားသလို တင်စရာတွေက ခေါင်းထဲမှာ အများကြီး ရှိပါတယ်။ Yu Wa Yi လည်း ပို့စ်မတင်ဖြစ်ပေမယ့် အချိန်ရရင် C-Box မေးခွန်းလေးတွေကို သွားဖြေပေးဖို့ အားပေးချင်ပါတယ်။

    ကျေးဇူးတင်ပါတယ် အစ်မ။