မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

Sydney Opera house အတွင်းသို့ အလည်တခေါက်


Circular Quay ဘူတာရုံမှ ဆင်းပြီး ဆစ်ဒနီဆိပ်ကမ်းကို ဖြတ်၍ Oprera House ရှိရာသို့ အသွား

ဆစ်ဒနီကိုရောက်တာ ရှစ်နှစ်ရှိပါပြီ အော်ပရာဟောက်စ် အပြင်ကို အကြိမ်ကြိမ် ရောက်ဖူးပေမယ့် အထဲကိုတော့ အခုမှ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်တယ်။ အထဲမှာဝင်ပြီး တခါလောက်တော့ ပွဲဝင်ကြည့်မယ်လို့ ရောက်တဲ့နှစ်ကစပြီး စဉ်းစားခဲ့ပေမယ့် တော်တော်နဲ့ အခွင့်အခါ မကြုံခဲ့ဘူး။ ဒီတခါတော့ သားတော်မောင်ကိုယ်တိုင် သွားကရမယ်ဆိုတော့ သွားစရာအကြောင်းက ကိုယ်ဖန်တီးစရာ မလိုပဲ သူ့အလိုလို ဖန်လာတော့တယ်။ သားသားတယောက် သူတို့ကျောင်းက လုပ်တဲ့ အခမ်းအနားတွေမှာ ကတာကို ဒုတိယတန်းနှစ်ကတကြိမ်နဲ့ အခု ငါးတန်းနှစ်စခါစက တကြိမ် သွားကြည့်ဖူးပါတယ်။ အခုလို အော်ပရာဟောက်စ်မှာ သွားကရမယ်ဆိုတာတော့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ Opera house ဆိုတာ တကယ့်အနုပညာရှင်တွေ ကခုန်၊ သီဆိုရာ၊ ပြဇာတ်ကရာ နေရာဖြစ်ပြီး ကျောင်းသူကျောင်းသားတွေ ကရတယ်ဆိုတာ တခါမှ မကြားဖူးသလို ကရတယ်ဆိုရင်တောင်မှ သားသားလို ဗမာတွေ ကဲ့ရဲ့ထူလွန်းလို့ ဆိုပြီး သူကတာကို ဗမာဆိုလို့ အမေအဖေ သွားကြည့်တာကိုတောင် မလိုချင်ပဲ သိပ်ပြီး အရှက်အကြောက်ကြီးတဲ့ ကလေးတော့ ဘယ်တော့မှ ပါလိမ့်မယ် မထင်ခဲ့ဘူး။ ဒါပေယ့် သူ့ကျောင်းက ကဖွဲ့မှာ ကျောင်းသားအယောက်နှစ်ဆယ် အရွေးခံရတဲ့အထဲမှာ သူပါသွားပါတယ်။

Opera House အောက်ခြေ ကော်ဖီဆိုင်
Opera House အတွင်း ကပွဲရုံရှိရာသို့ မသွားမီ လူစုသည့်နေရာတွင် ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားတချို့ကို တွေ့ရစဉ်၊ Opera House ၏ အတွင်း နံရံနှင့် မျက်နှာကျက် လက်ရာများကိုလည်း မြင်တွေ့နိုင်ပါသည်။
ကဇာတ်ရုံ Concert Hall

ကဇာတ်ရုံအတွင်း ပရိတ်သတ်တချို့နှင့် သီချင်းဆိုအဖွဲ့ ကလေးများ စတင် နေရာယူနေစဉ် (အပေါ်ပုံ) နှင့် အောက်က ပုံများက ကဖွဲ့တွင်ပါဝင်သည့် ကျောင်းသားများက သိပ္ပံဆိုင်ရာ သရုပ်ဆောင်ကပြနေသည့် ကျောင်းတချို့မှ ကကွက်များ ဖြစ်သည်။





အောက်ကပုံက ကဖွဲ့ဝင်များအားလုံးနှင့် သီချင်းဆိုအဖွဲ့ဝင်များ အားလုံး နောက်ဆုံးနှုတ်ဆက် သီချင်းကို သီဆိုနှုတ်ဆက်နေပုံ ဖြစ်သည်။ ခုံများပေါ်တွင် ထိုင်နေသောကလေးများသည် သီချင်းဆိုအဖွဲ့မှာ ကလေးများ ဖြစ်ပြီး မတ်တပ်ရပ်သီဆိုနေသူများမှာ ကဖွဲ့မှာ ကလေးများနှင့် ဆရာဆရာမတချို့ ဖြစ်ပါသည်။


25/08/09 ညနေ ၇ နာရီမှ ည ၁၀ နာရီအထိ ပြုလုပ်တဲ့ ဆစ်ဒနီ အနောက်တောင်ပိုင်း ဒေသမှာရှိတဲ့ အစိုးရမူလတန်းနှင့် အထက်တန်းကျောင်းတွေက ပြုလုပ်တဲ့ သိပ္ပံသရုပ်ဖေါ် ကပွဲဖြစ်ပါတယ်။ နယူးဆောက်ဝေး ပြည်နယ် Public Education (အစိုးရ ဦးစီးသည့် ပညာရေးစနစ်) ကို မြှင့်တင်တဲ့အနေနဲ့ ဒီအစီစဉ်ကို နယူးဆောက်ဝေး အစိုးရ ပညာရေးဌာနက ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဆစ်ဒနီ အနောက်တောင်ခြမ်း ဧရိယာမှာရှိတဲ့ ပြည်နယ်အစိုးရ ပညာရေးဌာနအောက်က မူလတန်းနဲ့ အထက်တန်းကျောင်းတွေက ကျောင်းသူ ကျောင်းသားတွေက Out of this world လို့ခေါ်တဲ့ သိပ္ပံဆိုင်ရာ စိတ်ကူးယဉ် သရုပ်ဖေါ်ကပွဲတခုကို ဖန်တီးပြီး အော်ပရာဟောက်စ်ထဲက ကဇာတ်ရုံမှာ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ မူလတန်းနဲ့ အထက်တန်း ကျောင်းပေါင်း ၃၀ က ကလေးပေါင်း ၆၀၀ ခန့် ပါဝင်ပြီး သီချင်းဆိုအဖွဲ့မှာ တ၀က် ကဖွဲ့မှာ တ၀က် ပါဝင်ခဲ့ပါတယ်။

သီချင်းဆိုအဖွဲ့မှာ ပါဝင်တဲ့ ကျောင်းပေါင်းစုံက ကလေးတွေက ဇာတ်ရုံထဲက မိမိတို့ ထိုင်ခုံရှိရာ နေရာကနေပြီး အကုန်လုံး အတူတူ ကဖွဲ့တွေရဲ့ ကြားအစီစဉ်တွေမှာ သီဆိုရပေမယ့် ကတဲ့ ကလေးတွေကတော့ ကျောင်းအလိုက် အဖွဲ့နဲ့ ကပြခဲ့တာ တွေ့ပါတယ်။ ဒီပွဲဟာ နယူးဆောက်ဝေးပြည်နယ်က မိဘတွေကို အစိုးရပညာရေး စနစ်အောက်မှာ ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ရန် စီစဉ်ခြင်း ဖြစ်ပြီး ပထမဦးဆုံးအကြိမ် စီစဉ်သည့် အစီစဉ် ဖြစ်တဲ့အကြောင်း၊ ပါဝင် သီဆိုကြ၊ ကပြကြတဲ့ ကလေးများအနေနဲ့ လည်း မိမိတို့ရဲ့ ပါဝင်မှုကို အမြဲသတိရနေစေရန်နှင့် Public Education စနစ်ကို နည်းသစ်တွေနဲ့ မြှင့်တင်ပေးနိုင်တဲ့ အနာဂတ် သားကောင်းရတနာများအဖြစ် မျှော်မှန်းကြောင်း ငါးဒေါ်လာ ပေးပြီး ၀ယ်ရတဲ့ အစီစဉ် စာအုပ်လေးထဲမှာ ရေးထားတာ တွေ့ရပါတယ်။ ဒီပွဲက အစိုးရပညာရေးစနစ်ကို ဆစ်ဒနီလူထုနဲ့ မိတ်ဆက်ပေးတဲ့ပွဲဆိုလည်း မမှားပါဘူး။

ကပွဲကို ပထမဦးဆုံး ကလေးတွေက သြစကြေးလျား အလံတော်သျီင်းကို သီဖိုဖွင့်လှစ်ပြီး အစီစဉ်တွေကို ကြညာကာ စတင်ခဲ့ပါတယ်။ ကြားကာလတွေမှာ သီချင်းသီဆိုဖွဲ့တွေက သီဆိုတာ ရှိသလို Public Education ရဲ့ အခန်းကဏ္ဍတွေကို ထည့်ထည့်ပြောတာလည်း ရှိပါတယ်။ ကျောင်းပေါင်းစုံက ကလေးတွေက သူတို့ကတဲ့ အကွက်တွေကို စိတ်ကူးယဉ် ဂြိုလ်သားပုံပြင် တခုခုနဲ့ သရုပ်ဆောင်ကပြကြတာ ဖြစ်တယ်။

သားသားတို့ကရတဲ့ ကကွက်ကတော့ သိပ္ပံပညာရှင်တယောက်က ဂြိုလ်သားတွေကို မွေးထုတ်ဖို့အတွက် ဥတွေကို ဖေါ်စပ်ထားပြီး အဲဒီဥတွေကို သားဖေါက်ဖို့လုပ်ထားတယ်။ ဥကနေ အကောင်ပေါက်လာတာနဲ့ ဂြိုလ်သားလေးတွေက ချက်ချင်းပဲ ထပြီး ကခုန်ပျံဝဲနေကြတယ်။ ဒါကို ပညာရှင်က အကြီးအကဲ ပုဂ္ဂိုလ် တယောက်ကို ပြဖို့ သွားခေါ်တယ်။ သူတို့နှစ်ယောက် ရောက်လာတော့ ဂြိုလ်သားလေးတွေက မြေကြီးမှာ ၀ပ်ပြီးပုန်းအောင်းနေတာကို သူတို့နှစ်ယောက် လုံးဝရှာမတွေ့ ဖြစ်ကြတယ်။ အဲဒီတော့ အကြီးအကဲက ပညာရှင်ကို သူလာရတာ အချိန်ကုန်တာပဲ အဖတ်တင်တယ်၊ သူ့အချိန်တွေကို ဖြုန်းတယ်ဆိုပြီး စိတ်ညစ်တဲ့ အမူအရာနဲ့ ပြန်ဖို့အလုပ်မှာ ချက်ချင်းပဲ ဂြိုလ်သားလေးတွေက ထပြီးကခုန် ပျံဝဲကြတော့ ပညာရှင်ရော အကြီးအကဲပါ သူတို့နဲ့အတူ တပျော်တပါး လိုက်ကကြပါတယ်။ ကကွက်တွေကတော့ ဂြိုလ်သားတွေနဲ့ လူသားတွေ ပူးပေါင်းပြီး အာကာသတခွင်မှာ ဆက်သွယ်ရေး လမ်းပမ်းဆက်သွယ်ရေး နည်းစနစ်တွေကို ပူးပေါင်းဖန်တီးကြပြီး ကမ္ဘာနဲ့ အာကာသကို ရွှေလမ်းငွေလမ်းအဖြစ် တိုးတက်အောင် လုပ်ကြပုံ၊ဖြစ်တယ်လို့ သားသားက ပြောပြလို့ သိရပါတယ်။ ဒီအတိုင်းကြည့်ရုံနဲ့တော့ သူတို့ကကွက်အပေါ် အဓိပ္ပါယ်ဖေါ်လို့ မတတ်လို့ ဒီလိုသဘောပေါက်စရာ အကြောင်းမရှိနိုင်ဘူး။ တခြားကျောင်းက ကလေးတွေရဲ့ ကကွက်မှာလည်း ဒီလို အလားတူ ပုံပြင်လေးတွေကို ဖန်တီးကာ သရုပ်ဆောင် ကပြကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ ကပွဲနာမည်ကို Out of this world လို့ အမည်ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီကပွဲလေးဟာ နယူးဆောက်ဝေးပြည်နယ်ရဲ့ ကျောင်းသားတွေ Opera House အတွင်းမှာ ပထမဦးဆုံးအနေနဲ့ သူတို့ရဲ့ အစွမ်းအစများကို နယူးဆောက်သ်ဝေး ပြည်သူတွေ သိအောင် ဖေါ်ပြခွင့်ရတဲ့ ပွဲလေးဖြစ်သလို ကျွန်မတို့ မိသားစုသည်လည်း Opera House အတွင်းကို ပထမဦးဆုံး ရောက်ဖူးတဲ့ ပွဲလေးဖြစ်တဲ့အတွက် ကျွန်မအမြဲ အမှတ်ရနေမှာ ဖြစ်ပါတယ်။ နောက်တခုအနေနဲ့ Private Education သာလျင် ပိုပြီး မီခိုအားထားစရာ ဖြစ်တယ် Public Education က အားထားလောက်စရာ မရှိဘူးလို့ ယူဆနေတဲ့ ကျောင်းသားမိဘတွေကို နယူးဆောက်သ်ဝေး အစိုးရအား အားပေးလိုက်တဲ့ ပွဲလေးလည်း ဖြစ်တဲ့အတွက် Public Education အောက်မှာ မိမိတို့သားသမီးတွေကို ပညာသင်ကြားနေစေတဲ့ ကျွန်မတို့လို မိဘတွေအတွက်လည်း အမှတ်တရ ဖြစ်နေမှာ သေချာပါတယ်။

နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ Public Education ကို အစိုးရများက အားပေးနိုင်ကြပါစေ။




17 comments:

ကြည်နှုးစရာပါပဲ မငယ်
ပျော်စရာကောင်းမှာပဲ
ဒီ ကဇာတ်ရုံဟာ ကမ္ဘာကျော်ပါ
မငယ်တို့  ရောက်သွားတယ်ဆိုတော့ အားကျဖို့ ကောငိးပါတယ်

အဲဒါကြီးကို မြင်ဖူးနေတာ ကြာပီဗျ။ ရောက်ဖူးချင်ပါတယ်။ ထီဆယ်ခါလောက် ဆက်တိုက်ပေါက်မှ ကမ္ဘာပတ်ပစ်ဦးမယ်

အားပါး ရောက်ဖူး ချင်နေတာ ခုမှ အမတို့ ခေါ်မှ ရောက်သွားသလိုပဲ။ အံ့မခန်း အနုပညာလက်ရာတွေ ကို မြင်ရတာ ဗဟုသုတ ရပါတယ်။မိသားစုပျော်ရွှင်အေးချမ်းပါစေ။

ခင်တဲ့
အားလုံးကို ပျော်စေချင်တဲ့

ကဇာတ်ရုံက Opera House ထဲမှာ ကတဲ့နေရာတခုပါ။ Opera theatre, Drama theatre, Play Room စတဲ့ တခြား ကဏ္ဍတွေကို လုပ်တဲ့ နေရာတွေလည်း ရှိသေးတယ်။ အထဲက နံရံနဲ့ မျက်နှာကျက်တွေကို လုပ်ထားတာ သိပ်ပြီး အနုစိတ်တယ်။ ကင်မရာ မကောင်းတာရယ် မီးချိန်မတတ်တာရယ်ကြောင့် ဓါတ်ပုံကောင်းကောင်း မရိုက်ဖြစ်ခဲ့ဘူး။ ကင်မရာ ကောင်းကောင်းနဲ့ တခါလောက်တော့ ထပ်သွားပြီး ဓတ်ပုံရိုက်ချင်သေးတယ်။

သားလဲသွားချင်တယ်။ဟဲဟဲ....အောက်ဆုံးစာကြောင်းလေးကိုသဘောကျတယ်။သူများနိုင်ငါတွေမှာ Public Education တွေကိုမြေတောင်မြှောက်နေပြီနော်...

မငယ်နိုင်တို့ သားအမိတတွေခေါ်လို့ ဆစ်ဒနီက Opera House ရောက်ဖူးရပါပြီ...ကလေးတွေအတွက် လူကြီးတွေက စီစဉ်ပေးတာ အားကျဝမ်းမြောက်မိပါတယ်

ဘ၀မှာ ရောက်ဖူးခြင်ဆုံး နေရားလေးတခုပါပဲ ...

ကမ္ဘာပေါ်မှာ ရောက်ဖူးချင်တဲ့ နေရာတွေထဲက တခုပါပဲ...
Walt Disney က ထုတ်တဲ့ Fantasia နဲ့ Fantasia 2000 ဗီဒီယိုတွေမှာ တီးထားတဲ့ တီးလုံးတွေကို အဲလို Chamber တွေထဲမှာ Symphony တွေတီးတာကို နားထောင်ချင်တာလေ...

visited. I am not satisfy; i will go there in very near future. :)

ကျနော်လဲ ရောက်ဖူးချင်လိုက်တာ။
မလေးကို အားကျတယ်။ =]

ကျွန်မ ဒီပို့စ်ကို တင်ရတာ နယူးဆောက်ဝေး ပညာရေးနဲ့ ပတ်သက်ပြီး တစိတ်စောင်း ဖေါ်ပြချင်တာက အဓိက ဖြစ်ပေမယ့် ကျွန်မတို့ ရောက်ခဲ့တာကို မျှဝေလိုတဲ့ စေတနာနဲ့ စောစော တင်ဖြစ်ခဲ့ပါတယ်။ လာလည်သူ အများကြီးထဲက အသိအမှတ်ပြု မှတ်ချက်ပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

Andrew, နွေဆူးလင်္ကာ၊ ကိုလတ်၊ ကိုဇော်၊ TnT နဲ့ ဇော်တို့ရေ- ဆစ်ဒနီကိုရောက်ရင် Oprera house ကိုရောက်ဖို့က လွယ်လွယ်လေးပါ။ သုံးဖက်သုံးတန် ရေတွေဝိုင်းနေတဲ့ အငူမှာ ဆောက်လုပ်ထားပြီး ဘယ်ဘက်မှာ Harbour Bridge, ညာဘက်မှာ စိမ်းစိုတဲ့ Botanic Garden ကြောင့် Opera House ရဲ့ပတ်ဝန်းကျင်ကို ပိုပြီး လှသွားစေပါတယ်။ City နဲ့ သိပ်မဝေးတဲ့ နေရာမှာ နေတဲ့သူတွေအတွက် အလုပ်ကပြန်ရင် ညနေဆည်းဆာချိန် အဲဒီရှုခင်းရဲ့ အလှကို နေ့တိုင်းသွားခံစားလည်း ရပါတယ်။ ဒါပေမယ့် ဈေးလည်း ကြီးတဲ့အပြင် ကြိုတင်ပြီး Book လုပ်မှ ရတဲ့ အထဲမှာ ၀င်ကြည့်ဖို့အတွက်ပဲ မလွယ်တာပါ။ သားကိုယ်တိုင် ကရာမှာ ပါတဲ့အတွက်နဲ့ ကတဲ့ကလေးရဲ့ မိဘတွေအတွက် လက်မှတ်လျှော့ဈေးရတဲ့အတွက်ကြောင့်သာ လိုက်သွားဖြစ်တာပါ။

ဏီ(န်)ကင်းရေ- ဟုတ်တယ် ဒီပွဲက ပြည်သူလူထုကြားမှာ အထင်သေးခံနေရတဲ့ Public Education ကဏ္ဍကို မြှင့်တင်ပေးချင်လို့ လုပ်တာတော့ အမှန်ပဲ။ လူဆိုတာ သူ့စိတ်ဝင်စားမှု အတိုင်းအတာနဲ့ သူလာတယ်ဆိုတဲ့ အယူအဆနဲ့ Public School က ကလေးတွေကို Force လုပ်ပြီး စာသင်တာကို အစိုးရက မကြိုက်ဘူး။ ဒါပေမယ့် ကလေးတွေကို စိတ်ဝင်စားရင် စိတ်ဝင်စားတဲ့အလျှောက် စိတ်ဝင်စားတဲ့ နေရာတွေမှာ မြှင့်တင်ပေးပါတယ်။ ပညာရေးမှာ ထက်မြက်လွန်းတဲ့ ပါရမီရှင် ကလေးတွေအတွက်တော့ မည်သူမဆို ၀င်ပြိုင်လို့ ရတဲ့ စာမေးပွဲတွေ လုပ်ပေးပြီး အောင်တဲ့သူကို မူလတန်းအဆင့်မှာ Oppotunity Class တို့ အထက်တန်းအဆင့်မှာ Selective School တို့ဆိုတာကို သီးသန့်ခွဲထားပြီး လုပ်ပေးပါတယ်။ ဒီကျောင်းတွေကို ရောက်တဲ့ ကလေးတွေကအပ ကျန်တဲ့ သာမန် အစိုးရကျောင်းတက်တဲ့ ကလေးတွေက ကျောင်းသားအကုန်လုံး ရောထားတဲ့ Private School က ကလေးတွေနဲ့ ယှဉ်ရင်တော့ ပျမ်းမျှအနေနဲ့ ကြည့်ရင်ညံ့မှာပေါ့။ တော်တဲ့ ကလေးတွေက ခုနကပြောတဲ့ အတန်းတွေမှာ ခွဲထားလိုက်ပြီကိုး။ ဒါကို အကြောင်းပြုပြီး Public School တွေဟာ သုံးစားလို့မရဘူးလို့ ထင်ကြသူတွေ ရှိပါတယ်။ ဒါကြောင့်မို့ Public School မှာရှိတဲ့ ကလေးတွေကို ဘက်စုံ ပညာရေးမှာ ဒီလို မြှင့်တင်ပေးပါတယ် ဆိုတာကို ကြေညာချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာတော့အမှန်ပဲ။

ကိုဧရာ မသီတာရေ- ကလေးတွေကို လူကြီးတွေက စီစဉ်ပေးတာ မဟုတ်ဘူး။ ကျွန်မတို့ လူကြီးတွေက ကလေးကြောင့် သွားဖြစ်သွားတာပါ။ ကျွန်မတို့ လုပ်ပေးရတာ အကုန်လုံးမှ ကျွန်မတို့ သားကို ကျောင်းကလုပ်တဲ့ အစီစဉ်အတိုင်း Opera House မှာ အဲဒီနေ့ရက်ကျရင် ကခွင့်ပြုပါတယ် ဆိုတဲ့ လက်မှတ်တခု ထိုးတာနဲ့ ခြေအိတ်၊ လက်အိတ်နှင့် ခေါင်းစွပ်တစုံစီဝယ်ပေးပြီး ၀တ်စုံအပေါ် အင်္ကျီအတွက် ပိုက်ဆံ ရှစ်ဒေါ်လာပဲ ပေးရပါတယ်။

ကိုအောင်သာငယ်ရေ- ကျွန်မကတော့ တီးတာလည်းမကြည့်ချင်ဘူး။ အခုရောက်တာလည်း သားကို အကြောင်းပြုပြီး ရောက်တာ ဖြစ်လို့ Concert Hall ထဲကိုပဲ ရောက်ပါတယ်။ တကယ်လို့ ကိုယ့်အစီစဉ်နဲ့ ကိုယ်သွားဖြစ်မယ် ဆိုရင်တော့ Opera house ဆိုတဲ့အတိုင်း Opera Theatre ကိုပဲ သွားပြီး Opera ကတာကို ကြည့်ချင်ပါတယ်။

သားသားအတွက်ဂုဏ်ယူဝမ်းမြောက်မိတဲ့အကြောင်း
ပြောပေးပါမငယ်ရေ....

28 Aug 09, 04:05
အောင်ဘု: ကြွာလို့မကုံသေးဘူးလား ကိုငယ်နိုင်ရေ သား တော်တာကြွာလိုက် အော်စီမှာရှိတာတွေကြွာလိုက်လုပ်နေနဲနော။

စာရေးတယ်ဆိုတာ ကိုယ့်စာကို သူများဖတ်စေချင်လို့ ရေးတယ် ဆိုတော့ စာလာဖတ်တဲ့အတွက် ကျေးဇူးပါ ကိုအောင်ဘု။ ဒါပေမယ့် ကျွန်မ ဘလော့ဂ်မှာ ရေးထားတာ အားလုံး ကြွားတာ တခုမှ မပါပါဘူး။ တကယ်ရှိခဲ့ ဖြစ်ခဲ့၊ ရှိနေ ဖြစ်နေတာကို ပကတိအတိုင်းကို ကျွန်မသားလေး ကြီးလာရင်လည်း ပြန်ဖတ်လို့ ရအောင် ဘလော့ဂ်မှာ မှတ်တမ်းအဖြစ် သိမ်းထားရင်း မိတ်ဆွေတွေကို ပြန်လည် မျှဝေတဲ့အနေနဲ့ တင်ပြတာပါ။ စာဖတ်သူက ကြွားတယ်ထင်ပြီး စိတ်မသက်သာ ဖြစ်နေရင်လည်း ကျွန်မ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကိုအောင်ဘု စာကိုအသေချာ ဖတ်ခဲ့တယ်လို့ ကျွန်မမထင်ပါဘူး။

ဘ၀ အတွေ့အကြုံတွေ ဗဟုသုတတွေကို မှတ်တမ်းတင်တာနဲ့ ပြန်လည်မျှဝေတာကွှိုအခြေအမြစ် မခိုင်လုံပဲ နေရင်းထိုင်ရင်း ကြွားတယ်ထင်ရင်တော့ ကျွန်မ ဘ၀မှာ သားနဲ့ ပတ်သက်တာတွေ၊ တခြားဘ၀အတွေ့ အကြုံတွေက တပုံကြီးမို့ နောက်ထပ်လည်း ဆက်ကြွားနေဦးမယ် လို့ပဲ သဘောထားလိုက်ပါ။ ဒါကြောင့်မို့ ကိုအောင်ဘုအတွက် သိပ်အမြင်ကပ်စရာ ကောင်းပြီး အကုသိုလ်များလွန်းတယ်၊ အရည်မရ အဖတ်မရတွေ နိုင်လွန်းတယ်လို့ ယူဆရင် ဆက်ဖတ်သင့် မဖတ်သင့် ကိုယ်ဖါသာကိုယ်ပဲ ဆုံးဖြတ်စေချင်တယ်။

ဒါပေမယ့် လာလည်ဖြစ်သေးတယ် ဆိုရင်တော့ ကျွန်မစာတွေကို သေချာအမဖတ်ပဲ အပြင်ပေါ်ရံ နဲ့တော့ မှတ်ချက်မချပါနဲ့။ ကျွန်မလို့ ရေးထားလား၊ ကျွန်တော်လို့ ရေးထားလားဆိုတာနဲ့ ဓါတ်ပုံထဲက ပုံဟာ အမျိုးသမီးလား၊ အမျိုးသားလား ဆိုတာလည်း သေသေချာချာ ကြည့်ပါ။ ပြီးတော့ ဘာကဘယ်လို မှားနေတယ်၊ မကောင်းဖြစ်နေတယ်၊ အဓိပ္ပါယ်ကင်းမဲ့နေတယ် ဆိုတာ အားမနာပဲ တိတိကျကျ ထောက်ပြပါ။ ဒါဆိုရင် ကျွန်မ ကိုအောင်ဘုကို သိပ်ပြီး ကျေးဇူးတင်မှာ ဖြစ်ပါတယ်။
လာလည်သူ အားလုံးကို လေးစားလျက်ပါ
ငယ်နိုင်

(ကိုဆောင်းယွန်းလရေ သားကို ပြောပြလိုက်ပါတယ်။ ဘယ်ကဦးလဲလို့ မေးတော့ တောထဲမှာတုန်းကရော ဘန်ကောက်နဲ့ မနီလွိုင်စခန်းမှာတုန်းကပါ အဲဒီဦးနဲ့ မေမေတို့က အတူတူ ရှိနေတယ်။ သားကိုယ်ဝန် စရတဲ့အချိန် မေမေနေမကောင်းဖြစ်တော့ စားစရာတွေ ၀ယ်ပြီးတောင် အဲဒီဦးတို့ မိသားစုက မေမေ့ကို လာကြည့်သေးတယ်လို့ သူ့ကို ပြောပြလိုက်လို့ သူက ကျေးဇူးတင်တယ်တဲ့)

ရောက်ဖူးချင်တယ်
ပုံတွေက လှပါတယ် မငယ်နိုင်
ဝေမျှပေးတာလေး ကျေးဇူးပါ

အန်တီငယ်ရေ....သမီးက Sydney Oprea House ကို ရောက်ဖူးချင်နေတာ...အခုတော့ အမြည်းပေါ့....ကျေးဇူး

Opera House အတွင်း ဓါတ်ပုံတွေအတွက် ကျေးဇူးပါ ဗျာ၊ တစ်ခါလောက်တော့ ရောက်ဖူးချင်ပါတယ်၊ ရောက်ရင်တော့ ကျနော်လည်း အော်ပရာကြည့်ချင်တာ ဗျ၊ ဒီလို ရုံထဲမှာကြည့်ရရင်တော့ အတော့်ကို ခမ်းနားမှာ သေချာတယ်...။

မရောက်ဖူးတဲ့နေရာက ဓာတ်ပုံတွေကြည့်ရလို့ ဖတ်ရလို့ ကျေးဇူးတင်ပါတယ် အစ်မ NgeNaing။ ဒီလိုနေရာမှာ ကပြဖျော်ဖြေခွင့်ရခဲ့တဲ့ သားသားအတွက်လည်း အမှတ်တရ တစ်ခုဖြစ်သွားမှာပါ...