မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ


အခုတလော ကျွန်မတို့ ဘလော့ဂါ မောင်နှမတွေကြားမှာ သက္ကရာဇ် ၂၀၁၂ မှာ ကမ္ဘာပျက်မည့် အကြောင်းအရာတွေက သိပ်ပြီးဟိုးလေး ကြော်ကြော် ဖြစ်နေတာ တွေ့ရတယ်။ ကျွန်မကိုလည်း ကိုအောင်သာငယ်က tag ထားတာ ရှိပြီး ဒါနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကျွန်မ တိတိကျကျ မလေ့လာရသေးတဲ့အတွက် ဘာမှ ရေရေရာရာ မသိသေးလို့ အခုလောလောဆယ် မရေးဖြစ်သေးပါဘူး။ ဒါပေမယ့် လူတိုင်းလူတိုင်းက ကမ္ဘာပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ တနေ့မှာ သေမယ်ဆိုတာ သေချာတဲ့အတွက် မမျှော်လင့်ပဲ ရောက်လာတဲ့ Forward အီးမေးလ်လေးက သေခြင်းတရားနဲ့ ပတ်သက်ပြီးလည်း တစုံတရာ အကျိုးပြုမယ်ထင်လို့ ပို့စ်တခုအဖြစ် တင်လိုက်ပါတယ်။ "မြတ်စွာဘုရားရှင်က “မသေခင် သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “ပုရောဘေဒ သုတ္တန်” မှာ မသေခင် ဖြည့်ဆည်းရမယ့် ဘ၀ အရည်အသွေး တွေကို တစ်စုတစ်ဝေးတည်း ဟောကြားထား ပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး ချုပ်ပြီး ပြောပြချင်ပါတယ်" လို့ အစချီပြီး ရေးထားတဲ့ Forward e-mail ကို သူ့မူရင်းအတိုင်း တင်ပေးလိုက်ပါတယ်။




*မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ*

မြတ်စွာဘုရားရှင်က “မသေခင် သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “ပုရောဘေဒ သုတ္တန်” မှာ မသေခင် ဖြည့်ဆည်းရမယ့် ဘ၀ အရည်အသွေး တွေကို တစ်စုတစ်ဝေးတည်း ဟောကြားထား ပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး ချုပ်ပြီး ပြောပြချင်ပါတယ်။

မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။

ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။

မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ ပါမယ်။ ထစ်ကနဲရှိ ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသ ထွက်နေဦးမှာလဲ

နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ် ပူလောင်မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။

ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာ မျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာ လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာ မို့လဲ။

လုပ်သင့်တာ မလုပ်ခဲ့မိ လေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိ လေခြင်းလို့ နောင်တရ စိတ် ပူပန်နေတာ မျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့ အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။

နှုတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန် ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့ စကားတွေကို စိတ်ထင်တိုင်း လျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေ ရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။

မသေခင် ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့် တွေးတောပြီးလည်း အချိန်မဖြုန်းသင့် ပါဘူး။ ကုန်သွားတဲ့ အချိန်က ပြန်မရနိုင်တဲ့ အတွက် လက်ထဲ ရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု အပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ် ရပါမယ်။

ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော် တပ်မက်နေတာမျိုးလည်း လုံးဝ မဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ။

ကံ ကံရဲ့အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ တွေလည်း ကင်းရှင်းနေရ ပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း မှားပြီး ပစ္စုပ္ပန်မှာကော သံသရာမှာပါ ဆင်းရဲ ဒုက္ခတွေ ပင်လယ်ဝေရ ပါလိမ့်မယ်။

ကိလေသာ ဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်း အစစ်ပါ။

ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။ အံ့ဖွယ် ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ် များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမဲရောင် ဆိုးနေတာပါပဲ။

လူသားတွေရဲ့ မသေခင် ဘ၀ကို အရုပ်ဆိုး၊ အကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု (ဣဿာ၊ မစ္ဆရိယ) ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ် လွှမ်းမိုးနေတဲ့ သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိ အလောင်းကောင်ပါပဲ။

ကိုယ်အပြုအမူ ကြမ်းတမ်းသူ၊ နှုတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေ သဘောထား ကြမ်းတမ်းသူ မဖြစ်စေရ ပါဘူး။

ကိုယ်ကျင့်တရား မကောင်းသူ (သီလမရှိသူ) ကို ပတ်ဝန်းကျင်က ရွံရှာ စက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရား ပျက်သူ မဖြစ်ပါစေနဲ့။

ချစ်ခင်နေသူ အချင်းချင်း၊ အဆင်ပြေနေသူ အချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့ သူ၊ ခင်ကြ၊ အဆင်ပြေနေ ကြတာကို မနာလို ၀န်တိုဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့ သူလောက် ကျက်သရေ ယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါး ခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ ခေါ်တဲ့ အာရုံ ခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာ ရေအလျင်တွေ စီးဆင်း မသွားအောင် စောင့်ရှောက်နိုင် ရပါမယ်။ မြင်- မြင်ကာမျှ၊ ကြား- ကြားကာမျှနဲ့ ပြီးအောင် သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။

မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ် ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ သူများထက် သာတယ်လို့ ထင်နေတဲ့ အထင်ကြီးနေ တာပါ။ အထင်ဟာ အထင်ပါပဲ၊ တကယ်မဟုတ် ပါဘူး။

မသေခင်မှာ တစ်နေ့ထက် တစ်နေ့ ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် ကြိုးစားနေရ ပါမယ်။ လောကီဉာဏ်သာ မက လောကုတ္တရာ ဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။

ဘယ်အရာမျိုး မဆို ကိုယ်တွေ့အသိ မပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့ သူလည်း မဖြစ်စေရ ပါဘူး။ သိသင့် သိထိုက်တာ မှန်သမျှ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံး၊ သူတစ်ပါး ပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင် မြင်အောင် ကြိုးပမ်း အားထုတ်ရပါမယ်။

ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့ အခါမှာလည်း လာဘ်မျှော်တဲ့ စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမှုရေး လာဘ်လာဘလို့ ခေါ်တဲ့ ထင်ပေါ် ကျော်စောမှု၊ စီးပွားရာထူး တိုးတက်မှု၊ သံသရာ ကောင်းစားမှုတွေကို လုံးဝ မမျှော်ကိုးဘဲ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့ စိတ်၊ သတ္တ၀ါအများ ကောင်းစားစေ လိုတဲ့ စိတ်နဲ့ ပြုလုပ်ကြရပါမယ်။

အကောင်းအဆိုး လောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့ အခါမှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည် ငြိမ်ငြိမ်နဲ့ ခံနိုင်ရည် ရှိရပါမယ်။

သက်ရှိသက်မဲ့ တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက် မဖြစ်စေရ ပါဘူး။ တဏှာတစ်ခုခုရဲ့ နောက်မှာ ဆင့်ပွား အကုသိုလ် စိတ်တွေ၊ မကောင်းမှု ဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်း နိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်း တစ်ခုပါပဲ။

အစားအသောက်နဲ့ ပတ်သတ်ပြီး တော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရ ပါမယ်။ ရသ တဏှာကို ထိန်းချုပ် စောင့်စည်းနိုင်ရ ပါမယ်။

ကိုယ်အပြုအမူ ဖြစ်သမျှ၊ စိတ်အနေအထား ဖြစ်သမျှကို အမြဲ သတိကပ် ရှုမှတ်နိုင်တဲ့ အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရှုနိုင်တဲ့သူ ဖြစ်ရပါမယ်။

ကိုယ့်အထက် လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်တန်းတူ လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်အောက်တန်း လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ မာနသုံးမျိုးလုံး ကင်းရှင်းရပါမယ်။

သေပြီးရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး နောက်ဘ၀ လိုက်တယ်ဆိုတဲ့ သဿတ ဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူး ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါး ရှိနေရင် မသေခင် လုပ်ရမယ့် အလုပ်တွေ ကမောက်ကမ ဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။

ကိုယ်နဲ့ ပတ်သတ် ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိ ပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေ စတဲ့ သက်မဲ့ အရာဝတ္ထု တွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာ အစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုး ကင်းရှင်းရပါမယ်။

ဘာအလုပ်ပဲ လုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့ အလုပ်မျိုး မဖြစ်အောင် သတိထားရပါမယ်။

ကိလေသာ အရင်းမခံဘဲ အလုပ်လုပ်နေ ပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာ အရင်းခံတယ်လို့ ထင်ယောင် ထင်မှား စွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရ ပါမယ်။

တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီအသိ စွဲစွဲမြဲမြဲ ရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန်တော့ဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ ပါဘူး။

ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာ လုပ်တဲ့ အဂတိ လိုက်စားမှုလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။

လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာ လုပ်၊ လုပ်သင့် လုပ်ထိုက်တာ မလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့ အမျှ မလုပ်သင့် မလုပ်ထိုက်တာ တွေလည်း ရှောင်ကြဉ်နိုင်လာ ပါလိမ့်မယ်။ လုပ်သင့် လုပ်ထိုက်တာ တွေလည်း ဆောင်ငင်နိုင်လာ ပါလိမ့်မယ်။

မလုပ်သင့်တာ အားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ ဆောင်နိုင်ပြီ ဆိုရင်တော့ အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အကြွင်းမဲ့ လွတ်မြောက်ပါပြီ။ ထပ်တလဲလဲ တစ်သေတည်း သေနေရတဲ့ အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနှိုင်းမဲ့ နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။

ဒါကြောင့် မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာန အကျဆုံးကတော့ ကိလေသာ ခေါင်းပါးရေး အလုပ်၊ ကိလေသာ အမြစ်ပြတ်ရေး အလုပ်ပါပဲ။

+++++++++++++++++++++++++++++++++++++++++++++++

ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားတော်မူသော “မသေခင် ဘာလုပ်ကြမလဲ” စာအုပ်မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေအပ်ပါတယ် ခင်ဗျာ။ ဤသို့ မျှဝေ လှူဒါန်းရသော ဓမ္မဒါန ကုသိုလ်သည် ဘုရား တပည့်တော်အား မဂ်ဉာဏ် ဖိုလ်ပေါက် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ရပါစေ အရှင်ဘုရား။

အားလုံးသော ဓမ္မမောင်နှမတို့ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။ (ဖိုးသား)

(Forward e-mail ကို တိုက်ရိုက် ဖေါ်ပြထားခြင်း ဖြစ်ပါတယ်။ Forward mail ကို ကိုဇာနည်မောင် က ပို့လာပြီး အဖြူရောင်မေတ္တာ ဘလော့ဂ်မှာ ဖိုးသားက ဒီပို့စ် ကို ရေးထားတာ နောက်မှ တွေ့ရပါတယ်။ ပို့ပေးသူ ကိုဇာနည်မောင်ကိုရော မူလရေးသူ ဖိုးသားကိုပါ အထူး ကျေးဇူးတင်ပါတယ်။)



31 comments:

ပြန်လည်မျှဝေပေးတဲ့ မငယ်နိုင်ကို ကျေးဇူးတင်ပါတယ်..။ကျမလဲပြန်လည်ကူးယူ
သွားပါတယ်ရှင်..။

လူတွေသာ တကယ်လိုက်နာကြရင် ကမ္ဘာကြီး ဘယ်လောက် ငြိမ်းချမ်းလိုက်မလဲနော်...။

ကိလေသာ နဲ့ တဏှာ ကင်းဖို့ ၊မသေခင် လုပ်သင့်တာ ၊ ဆောင်သင့်တာ ၊ ရှောင်သင့်တာ ။ နဲ့  လက်ရှိဘဝကို အကောင်းဆုံးလုပ်ပြီး နောက်ဘဝ အတွက် ပြင်ဆင်ထားရမဲ့ အချက်တွေ ကို တင်ပြ သတိပေးထား တဲ့ အကြောင်းများ မှတ်သားသွားပါတယ် ။ ကိုယ်တိုင်လုပ်နိုင်အောင်တော့ အတော်လေး ကြိုးစားရအုံးမယ် မငယ်နိုင်ရေ ...။တနေ့  တနေ့  စက်ရုပ်လို လှုပ်ရှားနေရတော့ လူစိတ်တွေတောင် ပျောက်သလို ဖြစ်နေတယ် ။း(

ဆရာတော် ရေးထားသမျှ အချက်တွေ အားလုံးမှတ်သား ဆင်ခြင်ဖို့ကောင်းပါတယ် မငယ်နိုင်ရေ..

လာဖတ်ပြီးတော့ ကျွန်တော်လည်းတော်တော်လိုပါသေးလား ဆိုတာ သိသွားပါတယ် အမရေ...။

ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။ အံ့ဖွယ် ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ် များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမဲရောင် ဆိုးနေတာပါပဲ။

ဒီစကားကတော်တော်ထိရောက်တယ်ဗျာ..
၂၀၁၀မှာကမ္ဘာပျက်မယ်လို့ ဟောကိန်းထုတ်နေတဲ့ ဗေဒင်နက္ခတ်သိပ္ပံကြောင်တွေကိုပါထိစေတယ်ဗျ...
တကယ်တော့..ကမ္ဘာပျက်ပျက်မပျက်ပျက်..ကိုယ်မပျက်ဖို့က အရေးအကြီးဆုံးပဲမဟုတ်လား..
ဆရာတော်ရဲ့ဆုံးမသြဝါဒတွေကို လေးစားကြည်ညိုစွာဖြင့် နာခံသွားပါကြောင်း.မငယ်ရေ

မှားလို့ ၂၀၁၂မှာ...၂၀၁၀မှာပျက်မှာက ဟိုလူကြီးတွေ..
ရောကုန်ပါရောလားဗျို့..ခုတလော ၂၀၁၀အိပ်မက်တွေလန့်လန့်နိုးနေလို့ဗျ

မှတ်သားလိုက်နာစရာ တရားစာများကို ဖတ်ရှု ကူးယူသွားပါတယ်။

မငယ်ရေ အဖိုးမဖြတ်နိုင်တဲ့ ပို့စ်တစ်ပုဒ်ပါပဲ သတိတရားတွေအများကြီးရစေပါတယ်
ကျေးဇူးပါပဲ :)

ဆရာတော်ရဲ့ ဆုံးမသြဝါဒတွေကို ဖတ်ရှု ကူးယူသွားပါတယ်။

အခုလို မျှဝေပေးတာ ကျေးဇူးတင်ပါတယ် အစ်မရေ။

မငယ်နိုင်ရေ

အဲ့လိုနေမယ်လို့တော့ တရားစာ ဖတ်တိုင်း တရားနာတိုင်း တွေးတယ်။

နည်းနည်းပါးပါးတော့ ဆင်ချင်တဲ့ခါ ဆင်ချင် မိတယ်။

မအယ်မှာက သတိက အမြဲရှိမနေဘူး ဆိုရမယ်။

မအယ်

ဒီပို့စ်ကို လာဖတ်ပြီး ကုသိုလ်ယူသွားကြသူ အားလုံးကို မူလစာရေးသူ ဖိုးသားနှင့် ကျွန်မကို Forward mail က တဆင့် ပို့ပေးလာသူ ကိုဇာနည်မောင်တို့ကိုယ်စား ကျေးဇူးတင်ပါတယ်။ တချိန်တည်းမှာပဲ ဒီတရားကို ဟောခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားနဲ့ ပါဋ္ဌိလိုကနေ သာမန်လူတွေနားလည်အောင် ပြန်ဟောပြော ရေးသားခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒိဓိကကိုလည်း သာဓုခေါ်ပါတယ်။

ဒီအထဲက ဆုံးမတွေကို လိုက်နာနိုင် မနိုင်ဆိုတာကတော့ မိမိကိုယ်တိုင်ရဲ့ အကျင့်သီလ၊ အားထုတ်မှု၊ လူ၊ သတ္တ၀ါတွေအပေါ် ထားနိုင်တဲ့ မေတ္တာ၊ စေတနာ၊ ဂရုဏာအပေါ်မှာလည်း အများကြီး မူတည်လိမ့်မယ်လို့ ထင်ပါတယ်။ အားထုတ်မှု ဆိုတဲ့ နေရာမှာ တရားစခန်းဝင်ပြီး တရားသွားထိုင်တာကိုပဲ ဆိုလိုတာ မဟုတ်ပဲ မိမိနိုင်သလောက် ည/မနက် တရားမှတ်ပြီး ကျန်တဲ့အချိန်တွေမှာ စိတ်ကို မပျံ့လွင့်စေပဲ မိမိစိတ်ကို လောလောဆယ် မိမိလုပ်နေတဲ့ အလုပ်အပေါ်မှာပဲ သတိလေးကို ထားထားရင်လည်း ပစ္စုပ္ပန်တည့်တည့်ကို ရှုတာပဲ ဖြစ်လို့ တရားမှတ်တာနဲ့ သိပ်မကွာပါဘူး။

ကိုဆောင်းယွန်းလ ပြောတဲ့ လုပ်ကြံလှုံ့ဆော်တာနဲ့ ပတ်သက်တဲ့ အချက်ကို လက်ခံပါတယ်။ ဒါပေယ့် သိပ္ပံတွေ့ရှိချက်နဲ့ ကောလဟာလ တဘောင်တွေကို မရောထွေးစေဖို့တော့ သိပ်အရေးကြီးပါတယ်။ ကမ္ဘာပျက်တဲ့ကိစ္စက ကျွန်မသိရသလောက် သိပ္ပံပညာရှင်တွေက တွေ့ထားတဲ့အချက်လို့ သိရတယ်။ ဖြစ်နိုင်မနိုင်ဆိုတာ မသေချာပေမယ့် နေအဖွဲ့အစည်းပိုင်နက်အတွင်း အာကာသ ဟင်းလင်းပြင်ထဲမှာ ဘယ်ကမှန်းမသိတဲ့ ဂြိုလ်တခု သူ့ပတ်လမ်းကြောင်း မဟုတ်ပဲ ရောက်နေတယ်ဆိုတာတော့ သတင်းမှာ ပါဖူးတယ်လို့ သိရတယ်။ ရူပဗေဒနဲ့ အာကာသ စူးစမ်းလေ့လာရေး ပညာရှင်တွေအနေနဲ့ ကမ္ဘာနဲ့ အဲဒီဂြိုလ်ရဲ့ အရွေ့နှုန်း၊ အရှိန်နှုန်းတွေကို အလင်းနဲ့ တိုင်းပြီး တွက်ချက်လို့ ရနိုင်ပါတယ်ဆိုတာ အထက်တန်းအဆင့် ရှုပဗေဒ သင်ဖူးသူတိုင်း သိနိုင်ပါလိမ့်တယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ဟေလီကြယ်တခွန်ကြီး ဖြတ်သွားတာကို ဘယ်အချိန်မှာ ကမ္ဘာကနေ ကြည့်လို့မြင်တွေ့ရမယ် ဆိုတာ တွက်ချက်ထားတဲ့အတိုင်း ဟေလီကြယ်တခွန်ကြီးဟာ တကယ်ပဲ အဲဒီနေ့မှာ ဖြတ်သွားခဲ့ပါတယ်။ အခုလည်း မကြာခဏ နေဘယ်အချိန်ကြပ်မယ်၊ လဘယ်အချိန်ကြပ်မယ်ဆိုတာ နေပတ်လမ်း၊ လပတ်လမ်းကို တွက်ချက်လို့ ရသလို အခုကမ္ဘာကို ၀င်တိုက်နိုင်တယ်ဆိုတဲ့ ဂြိုလ်ကြီးကိုလည်း တွက်ချက်လို့ ရနိုင်ပါတယ်။ ကျွန်မ သတင်းမကြည့်တာ ကြာလို့ အတိအကျ မသိပေမယ့် သိတဲ့သူတွေက အဲဒီဂြိုလ်ကို သိပ္ပံပညာရှင်တွေက ဖေါက်ခွဲနိုင်အောင် နည်းလည်း ရှာနေတယ်လို့ သတင်းမှာ တခါလာဖူးတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒါဟာ တပေါင်လိုလို ဗေဒင် လက္ခာအရ မဟုတ်ပဲ Scientific Investigation တခုဖြစ်လို့ မဖြစ်နိုင်ဘူးလို့ လုံးဝပြောလို့မရတဲ့ အထဲမှာ ပါနေပါတယ်။ ကိုဆောင်းယွန်းလက တဘောင်နဲ့ ရောမှာစိုးလို့ ကျွန်မဆွေးနွေးတာပါ။

မငယ်နိုင်ရေ ကျေးဇူးပါဗျာ.. မသေခင်ဖြည့်ဆည်းသင့်တာ
လေးတွေထပ်ဆင့်ဖော်ပြပေးလို့
ပါ။
ဒါပေမဲ့ ခုနလေးတင်ပဲ ဆရာမမေငြိမ်းဘလော့ဂ်
ဖတ်ပြီးစိတ်မရွှင်လန်းရတဲ့ အထဲ အမက
ထပ်ပြီး scientific investigation ဆိုပြီး ပြောနေတာ စိတ်ညစ်တယ်။ ကျွန်တော်က
ခုမှ အချစ်ကိုစတွေ့ယုံရှိသေး၊
ကမ္ဘာပျက်မဲ့ အသံကြားရတာ
ရင်နာတယ်ဗျာ..တကယ်.....

တရားစာတွေ လာဖတ်သွားတယ် မငယ်နိုင်၊ အားပေး
လျက်ပါ။

ဒီပို့စ်အတွက် ကျေးဇူးတင်တယ်လို့ ပြောလာသူ မြတ်လေးငုံ၊ စိမ်း၊ မေသစ္စာမောင်နဲ့ ဖြိုးအောင်တို့ကို မူလရေးသားသူ ဖိုးသားနဲ့ ပို့ပေးသူ ကိုဇာနည်မောင်တို့ကိုသာ ကျေးဇူးတင်ဖို့ ညွန်းပေးပါရစေ။

ဖြိုးအောင်ရေ မစိုးရိမ်ပါနဲ့ ဗုဒ္ဓဘာသာအရ ကမ္ဘာပျက်တယ်ဆိုတာ သာသနာတွေပျက် လူတွေက သုံးစားလို့မရလောက်အောင် ဆိုးသွမ်းအောက်တန်းကျနေ တရားပျက်နေကြတဲ့ အချိန်မှပဲ ပျက်ပါတယ်လို့ သိရတယ်။ အခုကမ္ဘာာကြီးမှာ သူတော်ကောင်းတွေ၊ ဘာသာခြားတွေမှာလည်း စိတ်စေတနာ သိပ်ပြီးပြည့်ဝသူတွေ အများကြီး ရှိပါသေးတယ်။ လူတိုင်း စိတ်ကောင်းစေတနာကောင်း ထားရင် သိပ္ပံပညာရှင်တွေ ဘယ်လောက်ပဲ တွက်ချက်တွက်ချက် ကမ္ဘာာမပျက်ပါဘူး။ သူများကောင်းဖို့ မကောင်းဖို့ထက် ကိုယ်တိုင်ကောင်းဖို့တော့ ကိုယ်လုပ်နိုင်ကြမှာပဲ။

မသေခင်ဖြည့်ဆည်းရမယ်တဲ့ ...

မသေခင်ဘာလုပ်ကြမလဲ ဆိုတော့ .. အသက်ရှူရမှာပေါ့တဲ့ .. ဘုန်းဘုန်းက ပြောခဲ့တယ် ..
ကျနော်ရော ... ???

လူဆိုတာ တနေ့မှာသေကြရမယ်ဆိုတာသိ ပေမဲ့လဲ ကိုယ်ကခုထိ ကိလေသာထဲဝဲလဲလဲနဲ့ အပြိုင်ဆိုင်တွေကြားမှာ မောပမ်းတုန်းပဲ

(ထစ်ကနဲရှိ ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသ ထွက်နေဦးမှာလဲ။)

အဲဒီအချက်လေးတော့ လိုက်နာနိုင်အောင် ကြိုးစားရပါဦးမယ်။

29 Oct 09, 17:09
အဖြူရောင်မေတ္တာ: အစ်မ ငယ်နိုင်ရေ.. အစ်မ ကွန်မန့်ရေးတဲ့နေ့ကတည်းက ကျွန်တော်ရောက်တယ်.. စိဘောက်မှာ ရေးဖို့ မေ့သွားတာ.. အစ်မဆီမှာ လာရေးကြတဲ့ ကွန်မန့်တွေကို ဖတ်ပြီး ကြည်နူးမှုတွေလွန်လို့ မေ့သွားတာ အစ်မရေ.. ခုတစ်ခါတော့ ဒုတိယမ္မိ ရောက်တာပေါ့ အစ်မ.. လာရောက်ဖတ်ရှုတယ် ဆိုတာ သိရလို့ ၀မ်းသာပါတယ် အစ်မရေ..

ဒီပို့စ်ရဲ့ မူလပိုင်ရှင် ဖိုးသားက မှတ်ချက်နေရာမှာ မရေးပဲ C-Box မှာ လာရေးထားလို့ ဒီမှာ ထည့်ထားပေးလိုက်တယ်။

ဇော်ရေ လူတွေမှ မဟုတ်ဘူး အပင်တွေကအစ ဘက်တီးရီးယားတွေလို ပိုးမွှားတွေလည်း အသက်ရှူတာပဲ။

မခင်ဦးမေရေ- ကိလေသာ ရှိလို့သာ ဘ၀ကို ရကြတာ ဖြစ်လို့ ဘုရား၊ ရဟန္တာတွေကလွဲရင် ဘယ်သူမှ မကင်းပါဘူး။ အလွန်အကျွံ မဖြစ်အောင် ကြိုးစားဖို့ပဲ လိုပါတယ်။

Rita- အစ်မလည်း အတူတူပဲ ဒါပေမယ့် အကုသိုလ်မှန်းသိလို့ အခုတော့ တော်တော်ထိန်းလာပြီ။

လာဖတ်သွားတယ်.... သူများရေးထားတဲ့ကော်မန့်တွေက အတော်လေးပြည့်စုံနေပြီမို့ ထပ်မမန့်တော့ဘူးနော်...

အပေါ်က khin oo may က အစ်မ မဟုတ်ပါ။ အတော်စိတ်ပျက်မိပါတယ်။ ဘာသဘောနဲ့ တို့နာမည်နဲ့လိုက်ပြီး ကွန်မက်ပေးနေတာလဲ ဆိုတာ ကို အတော်စိတ်ကုန်နေပါပြီ။ တွေးလဲ မတွေးတတ်တော့ပါဘူး။ ယုဝရီဆီမှာလည်းတွေ့ခဲ့ပြီးပါပြီ။

မခင်ဦးမေ အတုရော၊ အစစ်ပါ တကယ်လို့ နှစ်ယောက်စလုံး အတုဖြစ်နေရင်တောင်မှ ကျွန်မပေးချင်တဲ့ message ဖြစ်တဲ့ ဘုရားဟောတဲ့တဲ့ တရားကို ဖတ်သွားကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မကိုယ်တိုင်လည်း သူများဘလော့ဂ်မှာ နာမည်အတုနဲ့ တခါမှ သွားမရေးဖူးလို့ နောက်တခါ မှတ်ချက်ပေးရင်တော့ သူတပါးကို မထိခိုက်အောင် မိမိနာမည်အမှန် ဒါမှမဟုတ် အမည်မဖေါ်ချင်ရင်လည်း မဖေါ်ပဲ ရေးဖို့ မေတ္တာရပ်ခံပါတယ်။

Rose ရေ လာဖတ်သွားတာ ကျေးဇူးတင်ပါတယ်။ ဒီတရားတွေက ဗုဒ္ဓဘာသာဝင်တွေအတွက် သက်သက်မဟုတ်ပဲ ဘာသာမခြား လူသားအားလုံးအတွက်လည်း အကျုံးဝင်တာ အမှန်ပဲ။

အမရေ ကျနော် လာရောက် သေချာ ဖတ်ရှု သွားပါတယ် ..အမရဲ့ ခိုင်မာတဲ့ စီတ်ဓာတ်ကိုလဲ ထပ်တွေ့ပါတယ်..ဝမ်းသာမိပါတယ်..

မခင်ဦးမေ နာမည်ခံပြီး ၀င်ရေးသွားသူကို ပြောချင်တာက ကိလေသာထဲမှာ တ၀ဲလည်ဖြစ်နေတာ မခင်ဦးမေ တယောက်တည်း ဟုတ်ပါဘူး၊ အခုပြောတဲ့သူ အပါအ၀င် ကျွန်မတို့ ဘ၀ကိုရထားသူ မှန်သမျှ ပုထုစဉ်တွေ အကုန်လုံး ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းက သူ့အသွင် သူဆောင်၊ ကိုယ့်အသွင် ကိုယ်ဆောင်ကြတာ ချည်းပါပဲ။ တစုံတယောက်က သူပျော်သလိုနေတာကို အများအတွက် အန္တရယ်ရှိတယ်၊ ထိခိုက် နစ်နာ နေတယ်ဆိုရင် ပြဿနာရှိလို့ ဒါကို နည်းမှန်လမ်းမှန် အဖြေရှာပြီး ရပ်တန်းအောင် လုပ်ဖို့လိုမယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ မထိခိုက်ပဲ သူများရဲ့ ဘ၀နေထိုင်မှု ပုံစံနဲ့ အကျင့်စရိုက်လေးတွေကို မိမိတဦးတည်းရဲ့ စိတ်ထားမတတ်လို့ ဖြစ်လာတဲ့ အမြင်ကပ် ပုဒ်မနဲ့တော့ ဘယ်သူ့ကိုမှ သွားပြီး Assault လုပ်လို့ မသင့်လျော်ပါဘူး။ သူများကို ဒီအချက်မှာ မကောင်းဘူးလို့ မြင်လိုက်တာနဲ့ ဘာမှ ပြောနေစရာ မလိုပါဘူး။ မကောင်းဘူး ထင်တာကို မိမိ မလုပ်မိအောင် ရှောင်ကြဉ်ပြီး မိမိက ကောင်းတယ်ထင်တာကိုပဲ မိမိကိုယ်ကိုယ် ကောင်းအောင် ကြိုးစားဖို့သာ အရေးကြီးဆုံး ဖြစ်ပါတယ်။ မြန်မာစကားပုံအရ ပြောသူမသာ သာသူမပြော ဆိုတာ ရှိတဲ့အတွက် သူများကို မကောင်း ပြောလိုက်တာနဲ့ ပြောတဲ့သူက အပြောခံရတဲ့သူထက် ဆိုးတယ်ဆိုတာ ပြသရရောက်ပါတယ်။ ဘုရားအဆုံးအမကို လာဖတ်ရင်းနဲ့ ဘယ်သူ့ကိုမှ အကုသိုလ် ရမသွားစေချင်တဲ့ စေတနာနဲ့ အချိန်ပေးပြီး ဆွေးနွေးပေးတာပါ။ နောက်ထပ် သူများနာမည်နဲ့ ကျွန်မဆီမှာ ဘယ်တော့မှ မှတ်ချက်လာမရေးဖို့ ထပ်ဆင့် မေတ္တာရပ်ခံလိုက်ပါတယ်။

မငယ်နိုင်ရေ မမခင်ဦးမေဆီကနေ သတင်းရလို့ရောက်လာတာပါ။ လာရေးသွားတဲ့သူကိုတကယ်အံ့သြမိပါတယ်။ သူကိုယ်တိုင်ရော ကိလေသာကင်းနေလို့ ဒီလိုလာရေးရဲတာလားး
မမရဲ့ တန်ဖိုးရှိတဲ့ပို့စ်လေးကိုလာဖတ်ပါတယ်မမရေ။
လိုက်နာနိုင်အောင် ကြိုးစားရပါအုန်းမယ်။
ကျေးဇူးပါမမ

စိတ်မကောင်းပါဘူး..“မငယ်”ရေ...
“မငယ်”လို အေးအေးချမ်းချမ်းနေတဲ့သူကို
နှောင့်ယှက်တဲ့သူရှိသေးတာပဲနော်...

Ma Nge Naing ခင်ဗျာ..
ရေးသားသူနဲ့ မျှဝေသူ အားလုံးကို ကျေးဇူးတင်ကြောင်းပါ..

လိုက်နာနိုင်အောင် ကြိုးစားရဦးမှာပါလား..

ကျွန်မက အရင်းစိုက်စရာမလိုပဲ သူများစုစည်းပြီး အကျဉ်းချုပ် ဖေါ်ပြထားတဲ့ တရားအနှစ်သာရတွေကို တဆင့် မျှဝေပြီး ကုသိုလ်ယူလိုက်လို့ စာလာဖတ်သူ အများစုမှာလည်း ကုသိုလ်နဲ့ သတိတရားတွေ နှလုံးသွင်းသွားကြတာကို ၀မ်းသာပါတယ်။

့ ကောင်းကျိုးကို မျှော်ကိုးပြီး တင်တဲ့ ဒီပို့စ် ဖြစ်ပေမယ့်လည်း မကောင်းတဲ့ အကျိုးအဆက်တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသူ မခင်ဦးမေနဲ့ အကုသိုလ် လာယူသွား မခင်ဦးမေအတု တို့အတွက်လည်း စိတ်မကောင်း ဖြစ်မိပါတယ်။်။

နောက်ထပ် လာလည်ပြီး အားပေးသွားတဲ့ ကိုကျောက်တာ၊ နှင်းဆီပန်းချစ်သူ၊ အဖြူရောင် နတ်သမီးနဲ့ ကိုရင်နော်ခင်လေးငယ် တို့အပါအ၀င် ဒီပို့စ်ကို ဖတ်ဖြစ်သွားသူ အားလုံးကို ကုသိုလ် မျှဝေတာကို ဒါနမြောက်အောင် လက်ခံသွားသူတွေအဖြစ် ကျေးဇူးတင်ပါတယ်။

မခင်ဦးမေနာမည်နဲ့ပါတ်သက်လို့ ကကျမစိတ်ထင်နာမည်တူ
ဖြစ်နိုင်ပါတယ် အတုဖြစ်မယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမ facebook လုပ်တော့ သူငယ်ချင်းစာရင်းမှာ မျိုးဝင်းဆိုတာ နှစ်ယောက် မျိုးသိန်းဆိုတာ သုံးယောက်နဲ့ ၀င်းကျော်ဦးဆိုတာလည်း သုံးယောက်တွေ့ဖူးတယ်။ ဒီအတွေ့အကြုံလေးလည်း တော်တော်ဟာသဖြစ်သွားသေးတယ် ကျမလည်း တစ်ယောက်ကိုပြောချင်ရာတွေ ရှောက်ပြောမိပြီးမှ နောက်ဆုံးမှ သိရတာ ကျမပြောနေတဲ့လူက ရည်ရွယ်ပြီးကျမပြောချင်သူမဟုတ်ဘူဆိုတာ အရှက်တောင်ရတယ် နာမည်တူမရှား လူတူမရှားဖြစ်တတ်လို့ပါ။

မခင်ဦးမေဆိုတာ ဘလော့ဂ်လောကမှာ တယောက်တည်းရှိပြီး အကုန်လုံး သိကြပါတယ်။ နင်က ဘလော့ဂါ မဟုတ်လို့ သူ့ကို နင်ပဲမသိတာပါ Nee Htay, ကျန်တဲ့ ဒီမှာ စာလာဖတ်သွားသူတွေ အကုန်သိပါတယ်။ နင်ပေးတဲ့ ဥပမာတွေနဲ့ နင်ထင်တဲ့အတိုင်း မဟုတ်ပါဘူး။ အပေါ်က တယောက်က တကယ်အတုပါ။

ဆောရီး မှားတဲ့အခါလည်းမှားပေဦးမှပေါ့