မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

လွတ်လပ်ရေး ကြေညာစာတမ်းနှင့် ဂျပန် မြန်မာနိုင်ငံကို သိမ်းပိုက်သည့် မှတ်တမ်းတင် ဗွီဒယိုစာသား မြန်မာပြန်

ဒီပို့စ်မှာ မှတ်တမ်းတင် ဗွီဒယိုနှင့် လွတ်လပ်ရေးကြေညာစာတမ်းဟူ၍ အပိုင်းနှစ်ပိုင်း ပါဝင်ပြီး ပထမပိုင်းဖြစ်တဲ့ ဗွီဒယိုမှတ်တမ်းက လွတ်လပ်ရေး တိုက်ပွဲဝင်ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ် ဂျပန်မှာ စစ်ပညာသွားသင်ပြီး BIA ကို ဖွဲ့ကာ မြန်မာပြည်ကို ပြန်တိုက်ပြီး အင်္ဂလိပ်ထံမှ ပထမအကြိမ် လွတ်လပ်ရေး ရခဲ့တဲ့ သမိုင်းကို ဂျပန်လူမျိုးတွေက သူတို့ရှုဒေါင့်ကနေ ဖေါ်ပြထားတဲ့ မှတ်တမ်းတင် ဗွီဒယို ဖြစ်ပြီး အခေါ်အဝေါ်တွေနဲ့ အတွေးအမြင် တချို့မှာ လွဲချော်နေတာ ရှိနိုင်ပေမဲ့ ဒီဗွီဒယိုထဲက ပုံတွေဟာ ကျွန်မတို့ မြန်မာနိုင်ငံမှာတုန်းက တွေ့ရခဲလှတဲ့ မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် BIA တပ်တွေ တကယ်လှုပ်ရှားခဲ့တဲ့ မှတ်တမ်းပုံတွေဖြစ်ပါတယ်။ ရဲဘော်သုံးကျိပ်ဟာ ဂျပန်တပ်နဲ့ အတူ မြန်မာနိုင်ငံကို လမ်းကြောင်းသုံးခုခွဲပြီး ၀င်ခဲ့တယ်လို့ သမိုင်းမှာ သင်ခဲ့ဖူးပါတယ်။ အခု ဒီဗွီဒယိုထဲမှာ BIA တပ်တွေက ထိုင်းနိုင်ငံ နယ်စပ်ကို ဖြတ်ပြီး မြန်မာနိုင်ငံပိုက်နက် နယ်မြေထဲ ခြေချမိတာနဲ့ ရောက်တဲ့ အရပ်တိုင်းမှာ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပပြုလုပ်နေပုံကို ဗွီဒယိုမှာ ဖေါ်ပြထားပြီး စာတန်းထိုးထားတာကို ဖတ်ရတော့ ကျွန်မကိုယ်တိုင် အဲဒီခေတ်က တိုက်ပွဲဝင်ခဲ့တဲ့ BIA တပ်တွေထဲမှာ ပါဝင်ခဲ့သလိုလို အဲဒီရဲဘော်တွေရဲ့ အသက်ဝိညာဉ်တွေ ကျွန်မကိုယ်မှာ လာရောက်ပူးကပ်နေသလိုလို ခံစားရပြီး ကျွန်မ တကိုယ်လုံးကို ကြက်သီးတဖြန်းဖြန်း ထစေခဲ့ပါတယ်။ ဒါကြောင့်မို့ ဗွီဒယိုမှာ စာတန်းထိုးထားတာ သက်သက်ဆိုရင် အမှတ်တမဲ့ ကြည့်သူတွေအနေနဲ့ ဘာလုပ်သွားတယ်ဆိုတာ သတိမထားမိလိုက်တာ ရှိနိုင်လို့ စာတမ်းထိုးထားတာတွေကို ကျွန်မက ဘာသာပြန်ပြီး ဖေါ်ပြလိုက်ပါတယ်။ နောက်တပိုင်းကတော့ ၁၉၄၈ ခု မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေးရတဲ့ အချိန်မှာ ကြေညာခဲ့တဲ့ လွတ်လပ်ရေး ကြေညာစာတမ်းနှင့် လွတ်လပ်ရေး အဓိဌါန် ကိုးချက် ကို မြတ်လေးငုံ ဘလော့ဂ်မှ ကူးယူ ဖေါ်ပြထားပါတယ်။ ဗွီဒယိုကို ကိုနစ်နေမန်း ဘလော့ဂ်မှာ တွေ့ပြီး ပြန်လည်ကူးယူ ဖေါ်ပြပါတယ်။


ဗွီဒယို စာတန်းများအား ဘာသာပြန်ဆိုချက်

ဒီနေရာက မြန်မာ့လွတ်လပ်ရး လှုပ်ရှားသူ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဂျပန်မှာ ရောက်နေခဲ့စဉ် အောင်ဆန်းရဲ့ အဓိက အမှတ်တရ ဖြစ်စေသော နေရာ ဖြစ်တဲ့ Hamanaka ကန်အနီးက Shizouka Prefucture ဖြစ်ပါတယ်။

တခြားတဘက်မှာတော့ တိုကျိုမှာရှိတဲ့ Suginami Ward's Rennko Ji Shine ဖြစ်တယ်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ဖခင်ကြီးအတွက် အနှစ် ၅၀ ဂုဏ်ပြုအမှတ်တရနှင့် ဆုမွန်ကောင်းတောင်းရာ နေရာဖြစ်ပါတယ်။ Chandre Bose ကို Rennko Ji Shrine မှာ မြေမြှပ်သဂြိုလ်ခဲ့ရာ နေရာဖြစ်ပါတယ်။ အောင်ဆန်းနှင့် Chandra Bose က အာရှတိုက်သား လွတ်လပ်ရေး တိုက်ပွဲဝင်သူရဲကောင်းတွေ ဖြစ်ကြပါတယ်။

အရှေ့အာရှ စစ်ပွဲ (ဒုတိယကမ္ဘာစစ်) ဖြစ်လုဆဲအချိန်အခါ ၁၉၄၂ခု ဖေဖေါ်ဝါရီမှာ မြန်မာ့လွတ်လပ်ရေးကို ယုံကြည်သူ မြန်မာလူငယ် အယောက် (၃၀) ဟာ ရန်ကုန်ဆိပ်ကမ်းမှ ဂျပန်သို့ လျှို့ဝှက်စွာ ထွက်ခွာခဲ့ပါတယ်။ ၄င်းတို့အထဲမှာ အောင်ဆန်းနဲ့ နေ၀င်းကို အသိများပါတယ်။ ၎င်းတို့ကို အခုချိန်မှာ ရဲဘော်သုံးကျိပ်လို့ ခေါ်ကြပါတယ်။

ဂျပန် ထောက်လှန်းရေးတပ်မှ မီနာမီ ကီခန်ခေါ် ဗိုလ်မှူးကြီး ဆူဇူကီးက ရဲဘော်သုံးကျိပ်ကို တက်ကြွစွာ အကူအညီပေးခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်နဲ့ ဗြိတိသျှတို့ရဲ့ မြန်မာပြည် မှတဆင့် ဆက်သွယ်နေတဲ့ တရုတ်ပြည် လမ်းကြောင်းကို ပိတ်ဆို့ရန်နှင့် မြန်မာ့ လွတ်လပ်ရေးကို ရယူပေးရန် ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး မီနာမီ ဆူဇူကီးဟာ မြန်မာနိုင်ငံသို့ လျှို့ဝှက်စွာ ရောက်လာပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ လုပ်ငန်းအောင်မြင်ရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။ လွတ်လပ်ရေးဆိုတာ ကိုယ်တိုင်တိုက်ယူမှ ရတဲ့အရာအဖြစ် သင်ကြားခဲ့ပါတယ်။

ရဲဘော်သုံးကျိပ်ဝင်တယောက်ရဲ့ အပြော(Ho Barra လို့ရေးထားပါတယ်၊ ဗိုလ်ဗလ ဖြစ်နိုင်တယ် - ငယ်နိုင်) >>> ကျွန်တော်တို့ သင်တန်းနဲ့ ပတ်သက်ပြီး... "ကျွန်တော်တို့ဟာ ၃ နှစ်သင်ရမယ့် သင်တန်းကို ၅ လ ၆ လတည်းနဲ့ အပြတ်သင်ခဲ့ရပါတယ်။ သင်တန်းက တော်တော်ကို ကြမ်းပြီး အင်အင်ကုန်ခန်းခဲ့ပါယ်။ ကျွန်တော်တို့ လက်တွေဟာ သွေးသံတရွဲရွဲ ဖြစ်ခဲ့ပြီး အားအင်ကုန်ခမ်း နေပါတယ်၊ သင်တန်းသားတွေဟာ မကြာဏ မူးမိုက် သတိလစ်ဖြစ်ခဲ့ပါတယ်... အဲဒီလောက်အထိ သင်တန်းက ကြမ်းပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က ဒါကို လွတ်လပ်ရေးအတွက် ခြေလှမ်းတွေအဖြစ် ရှေ့ရှုခဲ့ပါတယ်”

မန္တလေး နေပြည်တော်ပုံ >>> မြန်မာနိုင်ငံကို ဗြိတိသျှ အစိုးရက စစ်ကြီး သုံးကြိမ်တိုက်ပြီး ၁၈၀၀ ခုနှစ် နှောင်းပိုင်းမှာ သိမ်းယူခဲ့ပါတယ်။ မြန်မာနိုင်ငံကို သိမ်းယူပြီးတာနဲ့ ဗြိတိသျှတွေက မြန်မာပိုင် ပစ္စည်းမှန်သမျှကို ချက်ချင်း အပိုင်စီးလိုက်ပါတယ်။ ပြီးတော့ အိန္ဒိယနိုင်ငံမှ အလုပ်သမားတွေကို ခေါ်သွင်းလာခဲ့ပြီး ဌာနေမြန်မာ လူမျိုးတွေကို အလုပ်လက်မဲ့ ဖြစ်စေခဲ့ပါတယ်။ ပြီးတော့ ကရင်ကဲ့သို့ တခြား တိုင်းရင်းသားတွေကိုလည်း မြန်မာပြည်ကို သိမ်းပိုက်ရာမှာ အသုံးချခဲ့ပါတယ်။ တိုင်းရင်းသားတွေအချင်းချင်း တင်းမာမှုဟာ မြန်မာနိုင်ငံမှာ အခုထိ ရှိနေပါတယ်။ မြန်မာလူမျိုးတွေဟာ နိုင်ငံနဲ့ ပတ်သက်လာရင် အတော်လေး ဂုဏ်ယူလေ့ရှိပါတယ်။ သူတို့ဟာ သူတို့နိုင်ငံလွတ်လပ်ရေးအတွက် ဆန့်ကျင်ဘက် အနှောင့်အယှက်တွေ ရှိခဲ့တဲ့ ကြားက လွတ်လပ်ရေးလှုပ်ရှားမှုတွေကို ဆက်လက် ဆောင်ရွက်နိုင်ခဲ့တယ်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများက လုပ်ရှားမှုတွေကို တနိုင်ငံလုံး အနှံ့ဖြစ်ပွားအောင် ဖေါ်ဆောင်ခဲ့ပါတယ်။ သို့သော် အောင်ဆန်းနှင့် အမာခံခေါင်းဆောင်တွေဟာ ဗြိတိသျှ ပရောဂကြောင့် ဂျပန်ကို ထွက်လာစရာအကြောင်း ဖန်လာခဲ့ပါတယ်။ ပြီးနောက်တော့ သူတို့ရဲ့ လှုပ်ရှားမှုကို ဗိုလ်မှူးကြီး ဆူဇူကီးရဲ့ အကူအညီနဲ့ ဆက်လက်ဖေါ်ဆောင်ခဲ့ပြီး ၁၉၄၂ ခု ဖေဖေါ်ဝါရီလမှာ အရှေ့အာရှ စစ်ပွဲစတင်ခဲ့ပါတယ်။ အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဟာ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အလံတော်မှာ လွတ်လပ်ရေးအမှတ်အသား ဒေါင်းအလံ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ဆူဇူကီးဟာ (BIA) ကို ဆက်လက် ကူညီခဲ့ပါတယ်။

နှစ်သစ်ကူးကာလမှာ BIA ဟာ ဂျပန်တပ်မတော်နဲ့အတူ မြန်မာပြည်ကို ၀င်ရောက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှ နယ်စပ်ကို ဖြတ်ပြီး မြန်မာပြည် ပိုင်နက်ပေါ် ခြေချမိသည်နှင့် BIA တပ်တွေအားလုံးက အထိမ်းအမှတ်ပွဲတွေကို ပြုလုပ် ကျင်းပခဲ့ပါတယ်။ ပြီးနောက် BIA တပ်ဦးရေ တနေ့တခြား တိုးပွားလာပါတယ်။

BIA တပ်ဖွဲ့ဝင်ဟောင်း မင်းမွန်က ”ကျွန်တော်တို့တပ်ဟာ လူဦးရေ ၃၀၀ ခန့်တိုးလာတာ တလတောင် မကြောလိုက်ဘူး၊ ဘာဖြစ်လို့ ဒီလို လူတွေအများကြီး BIA တပ်ထဲ ၀င်လာကြလဲဆိုတော့ မြန်မာပြည်သားတွေဟာ လွတ်လပ်ရေးကို စောင့်မျှော်နေကြတာ ဖြစ်ပြီး BIA ဟာ မြန်မာ့လွတ်လပ်ရေးကို အရယူပေးမယ့် တပ်မတော်ဖြစ်တယ်၊ BIA တပ်မတော်သားတွေဟာ လွတ်လပ်ရေးကို တိုက်ယူပေးမယ့် သူရဲကောင်းတွေအဖြစ် နားလည်ထားလို့ လူငယ်တွေ BIA တပ်ထဲသို့ ၀င်ရောက်လာခဲ့တာ ဖြစ်တယ်။

၁၉၄၃ ခု မတ်လ ၈ ရက်နေ့မှာ BIA နှင့် ဂျပန်နဲ့အတူ ရန်ကုန်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပြီးတော့ အင်္ဂလိပ်နဲ့ သူ့ရဲ့ မဟာမိတ်တွေကို မြန်မာ့မြေပေါ်မှ မှောင်းထုတ်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံဟာ အနှစ် ၈၀ ခန့် ဗြိတိသျှကိုလိုနီ ကျွန်ပြုခံနေရာက လွတ်မြောက်ခဲ့ပါတယ်။ မြန်မာတွေဟာ ”ဒို့ဗမာ” လို့ အော်ဟစ် ကြွေးကြော်ခဲ့ပါတယ်။ မြန်မာလူထုတွေဟာ BIA နဲ့ ဂျပန်တပ်မတော်ကို ပျူငှာစွာ ကြိုဆိုခဲ့ပါတယ်။

၁၉၄၃ ဇူလိုင်မှာ မြန်မတပ်များအားကို စွမ်းအားမြှင့်တင်ပေးခဲ့ပြီးတဲ့ အချိန်မှာ မြန်မာ့လွတ်လပ်ရေးအတွက် အကူအညီပေးခဲ့သော ဗိုလ်မှူးကြီး ဆူဇူကီးဟာ နောက်ဆုံးမှာ မြန်မာပြည်မှ ထွက်ခွာခဲ့ပါတယ်။ အောင်ဆန်းနဲ့တကွ သူ့ရဲ့ရဲဘော်ရဲဘက်တွေဟာ နှလုံးသားနဲ့ ရေးသော သမိုင်းဝင်မှတ်တမ်းတင် စာတစောင်ကို ဆက်သပေးပို့ခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေး တပ်မတော်ရဲ့ ဖခင်၊ မြန်မာ့လွတ်လပ်ရေးကို ကာကွယ် စောင့်ရှောက်ပေးသူ၊ မြန်မာ့လွတ်လပ်ရေးတပ်မတော်မှ အသက်ရှင်ကျန်ရစ်သူများအားလုံး သင့်အား အမြဲတမ်း ကျေးဇူးတင်လျက် လွမ်းဆွတ်တသနေပါလိမ့်မယ်။ ကျွန်ုပ်တို့အနေဖြင့် ကမ္ဘာကြီး ပျက်စီးသွားရင်တောင်မှ သင်နှင့် ဂျပန်စစ်သင်တန်းကျောင်းရဲ့ ကျေးဇူးကို အမြဲတမ်းအောက်မေ့ သတိရနေပါလိမ့်မယ်” ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ သမိုင်းဝင်မှတ်တမ်းတင် စာတစောင်ကို ဗိုလ်မှူးကြီး ဆူဇူကီးအတွက် အမှတ်တရ ရေးပေးခဲ့ပါတယ်။

ပြီးတော့ ပရိုဖက်ဆာ ဘမော် ဦးဆောင်တဲ့ ဗမာအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အောင်ဆန်းက စစ်ရေး ၀န်ကြီး (War minister) အဖြစ် ဦးဆောင်ပြီး BIA ကို Burmese National Army အဖြစ် အမည်ပြောင်းခဲ့ပါတယ်။ ဂျပန်စစ်သားတွေ ပို့ချတဲ့ စစ်သင်တန်းကျောင်းတွေကို ဖွင့်လှစ်ခဲ့ပါတယ်။

၁၉၄၃ ခု သြဂုတ်လ (၁) ရက် နေ့မှာ မြန်မာနိုင်ငံဟာ ဗြိတိသျှ ကိုလိုနီ လက်အောက်က လွတ်မြောက်တဲ့ ပထမဦးဆုံး အာရှနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ (ကျွန်မတို့ သမိုင်းမှာ သင်ခဲ့ရတဲ့ ဂျပန်ပေးသော ရွှေရည်စိမ် လွတ်လပ်ရေးကို ဆိုလိုတာ ဖြစ်တယ်-ငယ်နိုင်) ဖွဲ့စည်းပုံ အသစ်တခုကို ရေးဆွဲပြီး ဒေါက်တာဗမော်က နိုင်ငံတော် အဓိပတိ ဖြစ်လာပြီး အောင်ဆန်းက ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။ အခမ်းအနားမှာ ဒေါက်တာဗမော်ဟာ လွတ်လပ်ရေးအတွက် ၀မ်းသာပီတိဖြာတဲ့ မျက်ရည်ကျခဲ့ပါတယ်။ အောင်ဆန်းဟာလည်း ဂျပန်တွေရဲ့ ရည်ရွယ်ချက်တခု ဖြစ်တဲ့ အာရှလွတ်လပ်ရေးအတွက် သစ္စာဆိုခဲ့ပါတယ်။ တနေ့တည်းမှာပဲ မြန်မာ အမျိုးသားများစွာက ဂျပန်ဖွင့်လှစ်ပေးတဲ့ စစ်သင်တန်းတက်ရန် စစ်တပ်ထဲ ၀င်လာခဲ့ပါတယ်။ မြန်မာ့ တပ်မတော်ရဲ့ ဖခင် ဖြစ်လာသူ အောင်ဆန်းက သူတို့ကို စစ်သင်တန်းကျောင်းတွေကို ပို့ပေးပြီး သင်တန်းဆင်း စစ်သားတွေ ဖြစ်လာစေပါတယ်။

ခင်မွန်ထွန်း (Kin Mon Ton) (ဂျပန်စစ်သင်တန်းဆင်း ကျောင်းသား အပတ်စဉ် ၅၈ ပြောကြားချက်)>>> ဂျပန် စစ်သင်တန်းကျောင်းမှာ ဂျပန်စစ်သားတွေရဲ့ အားသာချက်တွေ စိတ်ဝိညာဉ်တွေကို ကျွန်တော်တို့ အများကြီးသင်ခဲ့တာတွေဟာ အခုထိ ကျွန်တော့် နှလုံးသားထဲမှာ ကိန်းအောင်းနေပါတယ်...

စိုးမင်း (ဂျပန်စစ်သင်တန်း ကျောင်းဆင်း အမှတ်စဉ် ၅၇ မှ -ပြောကြားချက်) >>> အထက်မိန့်ကို နာခံရမယ်... ပြည်သူလူထုအတွက် ဆိုရင် သေရမှာကို မကြောက်ရဘူး ဒါကို ကျွန်တော်တို့က စစ်ရဲ့ဝိညာဉ် စစ်ရဲ့အသိတရား (Military Spirit) လို့ ခေါ်ပါတယ်။ ဒီနေ့ခေတ် တပ်မတော်မှာ လိုက်နာစရာ (၄) မျိုးပဲ ရှိပါတယ် ဒါပေမဲ့ ဂျပန်ခေတ် တပ်မတော်မှာ (၅) မျိုး ရှိပါတယ်။ စစ်သားတွေဟာ သစ္စာရှိရမယ်၊ regi (နားမလည်ပါ မူရင်းကို ဗွီဒယိုမှာ ကြည့်နိုင်-ငယ်နိုင်) ဖြစ်ရမယ်၊ သတ္တိရှိပြီး ဂုဏ်ပြုခံထိုက်သူ ဖြစ်ရမယ်၊ အောင်ပွဲကို ယုံကြည်ရမယ်၊ ရိုးသား ချိုးခြံချွေတာစွာနဲ့ မထောင်မလွှား နေထိုင်ရမယ်။

ဒီဂျပန်တွေရဲ့ လက်ကိုင်ထားတဲ့ အချက်တွေကို မြန်မာ့တပ်မတော်သို့ လက်ဆက်ကမ်းပေးခဲ့ပါတယ်။ မြန်မာပြည်ဟာ ပြီးနောက်မှာတော့ ဗြိတိသျှနဲ့ အမေရိကန်ကို စစ်ကြေညာနိုင်ခဲ့ပါတယ်။ (ဗွီဒယိုထဲက စာတန်းထိုးထားတာကို နားလည်သလို ပြန်ဆိုထားပါတယ်။ တချို့ဂျပန်အသုံးအနှုံးတွေကို နားမလည်လို့ မှားယွင်းချွတ်ချော်မှုတွေ ရှိနိုင်ပါတယ်၊ တွေ့ရှိပါက မည်သူမဆို ထောက်ပြနိုင်ပါတယ်)

လွတ်လပ်ရေး ကြေညာစာတမ်း
အပြည့်အစုံ

ရှာဖွေစုဆောင်းထိန်းသိမ်းထားသည့် လွတ်လပ်ရေးကြေညာစာတမ်းအပြည့်အစုံ ကို ဖော်ပြလိုက်ပါသည်။ အောင်စေသတည်း

၁။ မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်၊ ပြာသိုလဆုတ်၉-ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီ ၄-ရက်)တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့မြန်မာပြည် သည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကြီးအဖြစ် သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီး သည် လိုရာမတပြည့်စုံလှ၍ ဘူမိနက်သန် မှန်သောမြေထူးမြေမြတ်လည်းဖြစ်၏။ မွန် မြတ်သန့်စင်သောတရားထူး တရားမြတ်တို့ တည်ရာ မြေကောင်းမြေမွန်လည်းမှန်၏။ မြေတွင်းမြေပြင် အထူးထူးသော ရတနာ အပေါင်းတို့နှင့်ပြည့်စုံသဖြင့် သတ္တ၀ါအ ပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော် လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရကြွယ်ဝပြည့်စုံသော မြေလည်း ဖြစ်၏။ ဘူမိနက်သန်မှန်လှထူးချွန် ဤမြေ မွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာစသည်ဖြင့် တစ်သွေးတစ်သား တစ်မိဖွားဖြစ်ကြကုန်သောငါတို့သည် နှစ် ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက် ခြင်းငှာမတတ်နိုင်ရာသော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီ မှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သောလူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေ ခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့ နောက် မန္တလေးအထိငါတို့၏လွတ်လပ်ရေး သည် နေရောင်လ၀ါပမာကဲ့သို့ တဖြာဖြာ တ၀င်းဝင်း ကမ္ဘာချဉ်းအောင်ထွန်းလင်းခဲ့ပေ။ သို့ရာတွင်ကမ္ဘာ့တန်ဆာ ကာလအသ င်္ချေတည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ်ဖုံးအုပ်၍ ခဏ ခေတ္တအရှိန်အ၀ါညှိုးလျော်နွမ်းလျ မထွန်း မပဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပ တိုက်မှ ထွက်ပေါ်လာ၍ တစ်ကမ္ဘာလုံးကို ရစ်ပတ် အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီး နှင့် မရှောင်မကွင်းသာ ကြုံ ကြိုက်ဆုံတွေ့မိ၍ ပဋ္ဌမ အင်္ဂလိပ်မြန်မာစစ်၌ ရခိုင်၊ တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ် မြန်မာစစ်၌ ဟံသာဝတီ၊ ပဲခူး၊ တတိယအင်္ဂလိပ် မြန်မာစစ်၌ မန္တလေးရတနာပုံ သုံးကြိမ် သုံးတန်ချ အပ်ရခြင်းဖြင့် ဤ မြေထူးမြေမြတ်၌ နှစ်ပေါင်း ထောင်ရာစောင့်ထိန်း၍ လာ ခဲ့ကြသောငါတို့၏ လွတ်လပ် ရေးသည် ငါတို့ လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝ ရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိ ယာလစန္ဒာတို့ကို ဆီးနှင်းမြူ တိမ်တို့သည် မည်သို့ပင်ဖုံး လွှမ်းစေကာမူ နေလ တို့၏ အရှိန်အတောက်ကို မခံနိုင်ရ ကား ခေတ္တမျှနှင့်ပင် လွင့်စင် ကွယ်ပျောက်၍ နေ၀ါလ ရောင်သည် ပကတိအသရေ ကိုပြန်၍ ဆောင်လေဘိသကဲ့ သို့ ငါတို့အပေါ်၌လွှမ်းဖုံးအပ် သောနယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့်ရင့်မာလှသော လွတ်လပ်ရေး စိတ်ဓာတ်၏ အရှိန်အတောက်ကို မခံနိုင် ရကား ခြောက်ဆယ့်တစ်နှစ်တစ်လနှင့် တစ်ရက်သောအခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသ ဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူ ရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ် သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လွတ်လပ် သော ဘ၀ထူးဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။

၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ် ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်း ကင်တိမ်ရိပ်ထင် သကဲ့သို့သော လွတ်လပ် ရေးမဟုတ်၊ ငါတို့အား လွတ်လပ်ရေးလမ်း စဉ်သို့ ညွှန်လည်းညွှန်ပြလမ်း စရှာကြံအမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ် ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ကူး တို့မှူးခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ် သောလုံ့လ မလျော့သောဝီရိယဆီမီးတန် ဆောင် ကဲ့သို့ ထွန်းပအပ်သောÓဏ်မျက်စိ ၀ဇီရစိန်သွားကဲ့သို့ စူးရှသောသတ္တိတို့ ကြောင့် အဟံမမသံပ ကြုံးဝါးအခြားအခြား လွတ်လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ တစ်ခြမ်းမျှမလျော့မလို ထိုထိုသို့ သော တန် ခိုးရှိန်ဝါတေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အခြာတည်းဟူသော အာဏာထူး အမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၎။ ငါတို့သည် တစ်မျိုးဘာသာ တစ် စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား ကျောသား ရင်သား သူကားငါ ကားခွဲခြားခြင်းကိုအလိုမရှိ မြစ်ချောင်း သီ တာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မ တာသဘာဝအပိုင်းအခြားထင်ရှားစွာ သတ် မှတ်အပ်သောရာဇ၀င်ရှည်ဝေး ရှေးပဝေဏီ မှစ၍ယခုထက်တိုင် မြန်မာနိုင်ငံသားဟုသ မုတ်အပ်သူတိုင်းရင်းသားအပေါင်းတို့ ဇာတိ ချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော် တစ် ၀ှမ်းကို တစ်သွေးတစ်သားတည်းဟူသော ကြိုးထူး၊ တစ်စိတ်တစ်ဝမ်းတည်းဟူသော ကြိုးထူး၊ အလိုအလျေက် သဘာဝအ ထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ် သောစေတနာတည်းဟူသောကြိုးထူး ဤ ကြိုးသုံးပါးဖြင့်ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့ အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည် ထောင်စုအဖြစ်ကိုလက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ် ယောက်တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ် ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ် ကာလလည်းကောင်း၊ ယခုမျက် မှောက်တွင်လည်းကောင်း၊နောင်လာလတံ့ သော အနာဂတ်ကာလ ၌ လည်းကောင်း၊ ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်း နေထိုင်ကြသောကြီးငယ်ဝေးနီး ကျား/မ မခြား သစ္စာတော်ခံနိုင်ငံသား ဟူသရွေ့ ဒို့၏အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစား ရာဖြစ်သည် ဟူသော လူ့ဘာသာ လူ့တရား နှင့်အညီကမ္ဘာဦးကာလလူတို့၏ စည်းရုံးမှု ၌လူအပေါင်းတို့၏ သဘောဆန္ဒအရလူ အ၀ှမ်း၏အကျိုးကိုကောင်းစွာ ဆောင်ရွက် နိုင်အံ့သောပုဂ္ဂိုလ်ကိုရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွန်း မငြိပကတိသန့်ရှင်းဖြူစင်သော မူလလူ့ဝါဒ နှင့် လျော်စွာ စည်းကမ်းဥပဒေ သေချာထင် ရှားစွာပိုင်းခြားသတ်မှတ်တူညီသော တရား တူညီသောအခွင့်အရေးတူညီသော အဆင့် အတန်းအားဖြင့် ကမ္ဘာအရှည်တည်စိမ့် သောငှာ လူအပေါင်းတို့၏ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက် ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့၊ယနေ့ မင်္ဂလာအ ပေါင်းနှင့်ပြည့်စုံသောဤအချိန်မှစ၍ ငါတို့ ၏ မူလအပိုင်ဖြစ် သော လုံးဝလွတ်လပ်ရေး ကိုငါတို့ပြန်၍ယူပြီ။ တိုင်းရင်းသား အပေါင်း တို့ သွေးစီးညီညွတ်လျက် အခွင့်အရေး အဆင့်အတန်းတူညီသည့် ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး ၏သစ္စာကိုကမ္ဘာဆုံးတိုင်မယိမ်းမယိုင် တည် မည်၊ ငါတို့သည်လွတ်လပ်သော နိုင်ငံဖြစ် သည်နှင့်အညီကမ္ဘာ့လွတ်လပ်သော နိုင်ငံ အပေါင်းတို့တရား သဖြင့် ကျင့်ဆောင်အပ် သောကျင့်ဝတ်ကို စောင့်ရှောက်ကျင့် ဆောင်မည်၊ ငါတို့၏လွတ်လပ်ရေးကို ငါတို့ ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့် စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလား သူများနှင့်အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်း ရေးကို ကာကွယ်စောင့်ရှောက်မည်။ ဤငါတို့ကြေညာချက်ကို တစ်ကမ္ဘာ လုံးတစ်ယောက်မကျန် ကြားသိစေသတည်း။

ရေးသားသူများ

အဆိုပါ လွတ်လပ်ရေးကြေညာစာ တမ်းရေးသူများမှာ ဦးသိန်းဟန်(ဆရာ ဇော်ဂျီ)၊ ဦးဝန်(မင်းသုဝဏ်)၊ ဆရာယော (ဆရာဇေယျ)၊ ဆရာဦးအုန်းဖေ(တက်တိုး)၊ ဦးဝင်းစိန် (တင့်တယ်)စသူတို့ဖြစ်ကြသည်။

အင်္ဂလိပ်ဘာသာပြန်သူ

လွတ်လပ်ရေးကြေညာစာတမ်း၊ အင်္ဂ လိပ်ပြန်ဆိုချက်ပထမမူကြမ်းကို ဒေါက်တာ မောင်မောင်ရေးရန်ဦးသန့်၊ ဦးခင်မောင် (တောသား)၊ဦးခင်ဇော်(ကေ)တို့က တာဝန် ပေးသည်။ အင်္ဂလိပ် ဘာသာပြန်ဆိုချက်မူ ကြမ်းကို အဆိုပါဆရာများကပြင်ဆင် တည်းဖြတ်အတည်ပြုကြသည်။ နိုင်ငံရေးတွင် စာရေးဆရာသတင်းစာ ဆရာများ၏အရေးပါမှုမှာမသေး။ ၀မ်းသာ ဂုဏ်ယူစရာဖြစ်သည်။

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။


၁။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ အား လွတ်လပ်သောလမ်းသို့  ပို့ ဆောင်ခဲ့သော ငါတို့ ၏ ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တစ်သွေမတိမ်း ချီတက်မည်။

၂။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိမ်းမည်။

၃။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ လွတ်လပ်သောနိုင်ငံသားတို့ ၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သောနိုင်ငံသားတို့ ၏ တာဝန်နှင့် ၀တ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။

၎။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ လုံ့ လဥဿဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေးကို ကျောက်ဆိုင်ကျောက်ခဲကဲ့သို့  ခိုင်မြဲအောင် ထိန်းသိမ်းမည်။

၅။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ ၏ နိုင်ငံသားဟူသ၍ကို ကြီးငယ် နီးဝေးမခြား တသွေးတသားပြု၍ နည်းများ နိမ့်မြင့် မရှိစေရ။ ညီတူညီမျှ ပြုမည်။

၆။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ သူတစ်ပါးကိုလည်း မတရားမပြု၊ ငါတို့ အားလည်း မတရားပြုသည်ကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။

၇။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။

၈။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ နိုင်ငံနှင့် ငါတို့ ၏ လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။

၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမတနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့ နှင့်တကွ ငါတို့ သားမြေး နောင်လာအဆက်ဆက်တို့ အပေါ်၌ တည်စေမည်။ ဤ - ငါတို့ ၏ သစ္စာအဓိဋ္ဌာန်မှန်သည့်အတိုင်း ငါတို့ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည်တည်စေသတည်း။


ဒီသမိုင်းတွေဟာ ကျွန်မတို့ရဲ့ ဘိုးဘွားဘီဘင်တွေက လွတ်လပ်ရေးအတွက် အသက်စွန့်ကြိုးပမ်း တိုက်ပွဲဝင်လာခဲ့တဲ့ သမိုင်းတွေ ဖြစ်လို့ ကျွန်မတို့ မေ့လို့ရခဲ့မှာ မဟုတ်ပါ။ ဒါပေမဲ့လည်း လွတ်လပ်ရေးနေ့မှာ ကလေးတွေဆိုရင်လည်း အံစာပစ်သွားကစားဖို့ လူကြီးတွေဆိုရင်လည်း ကြက်ဝိုင်း၊ ဖဲဝိုင်း နီထောင်ဝိုင်း သွားလောင်းဖို့ပဲ စဉ်းစားနေကြတယ်။ ကျွန်မတို့ ငယ်ငယ်က တခြားနေ့တွေမှာ လောင်းကစားဝိုင်းတွေ ကျင်းပခွင့်မပေးတဲ့အချိန်မှာ လွတ်လပ်ရေးနေ့မှာ လွတ်လွတ်လပ်လပ် ကျင်းပခွင့်ပေးတာ မှတ်မိနေပါတယ်။ အခုလည်း ဒီအတိုင်းပဲ ဖြစ်မယ်ထင်တယ်။ တကယ်တော့ လွတ်လပ်ရေးနေ့ဆိုတာ ပျော်ပွဲရွှင်ပွဲတွေကို ကျင်းပဖို့ သက်သက် မဟုတ်၊ လွတ်လပ်စွာ လောင်းကစားပွဲတွေ ကျင်းပဖို့ မဟုတ်ပါ။ နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘ၀ ရောက်ခဲ့တာကို ဘိုဘွားဘီဘင်တွေ ဘယ်လို တိုက်ပွဲဝင်ခဲ့တယ်၊ အင်္ဂလိပ်ကို တိုက်ဖို့ ဂျပန်အကူအညီယူပြီး ဂျပန်တွေကလည်း တိုင်းပြည်ထဲရောက်လာပြီး ရွှေရည်စိမ် လွတ်လပ်ရေးကိုသာ အယောင်ပြပေးပြီး မြန်မာနိုင်ငံသားတွေအပေါ် အမျိုးမျိုး ရက်စက် ယုတ်မာလာတဲ့အခါမှာ အင်္ဂလိပ်အကူအညီကိုယူပြီး တခါ ဂျပန်ကို ပြန်တိုက်ထုတ်ရပုံ စတဲ့ ခက်ခက်ခဲခဲ ရယူထားတဲ့ လွတ်လပ်ရေးအနှစ်သာရကို ပြန်လည် သတိရဖို့ ဖြစ်ပါတယ်။ အခုလက်ရှိ နအဖလက်ထက်မှာတော့ အစဉ်အလာ ကြီးမားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ တပ်မတော်ဟာလည်း ပြည်သူ့ချဉ်ဖတ်ဖြစ်နေပါပြီ။ တိုင်းသူပြည်သားတွေအပေါ် ဂုတ်သွေးစုပ်ဖိနှိပ်ချုပ်ချယ် ညှင်းပမ်းသတ်ဖြတ်မှုတွေကလည်း အင်္ဂလိပ်နှင့် ဂျပန်နှစ်ခုစလုံးက ဆရာပြန်တင်ရလောက်အောင် ဆိုရွားနေပါတယ်။ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး အနေနဲ့ ရရှိထားတဲ့လတ်လပ်ရေး အနှစ်သာရကို ပြန်လည် အဖတ်ဆည်ဖို့ အင်မတန်မှ လိုအပ်နေပါတယ်။ အမိမြန်မာနိုင်ငံကို ချစ်မြတ်နိုးသူအားလုံး လွတ်လပ်ရေး အနှစ်သာရကို ပြန်လည် အဖတ်ဆည်နိုင်ကြပါစေ။ - Nge Naing)

ရွှင်လန်းချမ်းမြေ့ကြပါစေ။

22 comments:

နောက်လာနောက်သားတွေသိအောင် ခုလိုအပြည့်အစုံ တင်ပေးတဲ့အတွက် ကျေးဇူးပါပဲ တူမ မငယ်ရေ

လာဖတ်ပါတယ်ရှင်
ဆိုက်ပြင်ထားပါတယ်

သိပ်ကောင်းတဲ့ပို့စ်လေးပါပဲ
ဗီဒီယိုဖိုင် မကြည့်ခင် စာအရင် ဖတ်လိုက်တာ

ဗိုလ်ချုပ်ကျဆုံးတဲ့ ဗီဒီယိုတွေကိုပါ ဆက်ကြည့်မိ တော့ မျက်ရည်ဝဲမိတယ် အမရေ ။
ဗိုလ်ချုပ်နဲ့အတူ နိင်ငံအနာဂါတ်ပါ ကျဆုံးသွား သလိုပါပဲဗျာ

အမရေ လွတ်လပ်ရေးနေ့မှာ ဒါလေးတွေ ဖတ်ရတာ ကျေးဇူးပါ ဗီဒီယိုကို ကြည့်ပြီး ရင်ထဲမှာ ဘယ်လိုဖြစ်မှန်းမသိအောင် ခံစားရပါတယ်


လေးစားလျက်
တောင်ပေါ်သား

မငယ်ရေ...ကိုယ် မသိ မမှီလိုက်တာလေးတွေ သိရ၊ ကြည့်ရတာ သိတ်ကောင်းတယ်၊ မှတ်သားစရာတွေ အများကြီးပါပဲ၊ တိုင်းပြည်အပေါ် ချစ်တဲ့သူတွေကို ကြည့်ရင်း ရင်ထဲမှာဝမ်းနည်းရတယ်၊ ဘုန်းကြီးလို့သက်မရှည်တာပေါ့လေ...။

အသက်ရှည်နေတဲ့ဟာကြီးတွေကျပြန်တော့ ဘုန်းမကြီးတဲ့ အရှက်မရှိတဲ့ဟာတွေ....

မငယ်နိုင်ရေ ... ဗီဒီယိုဖိုင်လေးအတွက် ကျေးဇူးတင်လိုက်တာ။ စောစောထဲကကြည့်ပြီးတာပါ။ အိပ်ပျော်သွားတာနဲ့ ခုမှ ရေးလိုက်ရတယ်။ လွတ်လပ်ရေးကြေငြာစာတမ်းထဲကအတိုင်း တကယ်ကျင့်ကြံကြသော် ကောင်းလေစွ လို့ပဲ စိတ်ထဲ ဖြစ်နေမိတယ်။

စာတွေရော မှတ်တမ်းတွေပါ ဖတ်ရူသွားပါတယ်
မငယ်နိုင်။

http://www.aikiweb.com/wiki/Reigi

ရီအိဂိ - Reigi - Etiquette - လောကဝတဿတရား လိုက်နာရမယ် လို့ ဘာသာပြန်မလားမသိ။

တန်ဖိုးရှိတဲ့စာတွေ ဖတ်ရတဲ့အတွက် ကျေးဇူးအထူးပါ။

စာလာဖတ်သွားသူ အားလုံးရဲ့ feedback အတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်ထဲက အကြောင်းအရာတွေက ကိုနစ်နေမန်း ဘလော့ဂ်က ပြန်ကူးပြီး ဘလော့ဂ်ထဲမှာ စုစုစည်းစည်း ဖြစ်အောင် သိမ်းထားရင်း ဗွီဒယိုကို ပိုပြီးလေးနက်သွားအောင် ဘာသာ ပြန်လိုက်တာသာဖြစ်ပါတယ်။ ဒီပို့စ်နဲ့ ပတ်သက်ပြီး စာလာဖတ်သူတွေမှာ မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲဝင် ကာလနဲ့ ပတ်သက်ပြီး အသိ (သို့) မှတ်သားစရာ တခုခု ကျန်နေခဲ့ရင် ဒီပို့စ်ကို တင်ရကျိုးနပ်ပါတယ်။ ကျွန်မလည်း ဒီပို့စ်ပါ အကြောင်းအရာတွေကို တခြားသူတွေနည်းတူ မျှဝေယူသမား တယောက်သာ ဖြစ်လို့ ဒီအချက်အလက်တွေကို မူလရှာဖွေစုဆောင်း တင်ပေးတဲ့ ကိုနစ်နေမန်းကိုပဲ ကျွန်မတို့ ကျေးဇူးတင်ရမှာ ဖြစ်တယ်။ ပြီးတော့ Reigi ရဲ့ Definition ကို တကူးတက ရှာပေးတဲ့ Talki ကို ထပ်ဆင့်ကျေးဇူးတင်ပါတယ်။

မငယ်နိုင်ရေ

Reigi ဆိုတာကတော့ ဂါရဝတရားရှိရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ Rennko Ji ဂျပန်ဘုရားကျောင်းပါ... ကျွန်တော်အရင်နေခဲ့တဲ့ နေရာနားမှာပါ... အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ဖခင်ကြီးChandre Boseရဲ့ ရုပ်တုရှိပါတယ် ...အခုလို နှစ်သစ်ဆိုရင် ဆုတောင်းသူတွေ အပြည့်ပါ... အခုလိုဘာသာပြန်ပြီး ပြန်တင်ပေးထားတာ အထူးကောင်းမွန်ပါတယ်...

မငယ် ဗီဒီယို ကြည့်လိုက်တယ်။ ကိုယ်တွေ တိုင်းပြည်မှာတော့ ဗိုလ်ချုပ် အခန်း မှိန်အောင် ပြောက်အောင် လူမသိအောင် ဖုံးဖိ ထားကြတယ်။

သူများတွေကတော့ ရိုသေရကောင်းမှန်း လေးစားစရာ ကောင်းမှန်း သိကြတယ်။

ငွေပို့တာ ပွဲစားရှိတဲ့ နိုင်ငံကို ပို့ရ တာပါ။ သူကမှ တဆင့် ငွေရတဲ့နေ့ ပေါက်ဈေးနဲ့ တွက်ပြီး ဗမာငွေ ချေတာပါ မငယ်နိုင်ရေ။ ပို့ပေးတဲ့သူရှိတာပဲ ကျေးဇူးတင်ရတယ်။


မအယ်

အမရေ အခုလို အခါသမယ မှာ အထူးတလည် လေးနက်မှု ရှိတဲ့ အကျိုးရှိတဲ့ ပိုစ့်လေး ရေးပေးတာ ကျေးဇူးတင် မဆုံးပါဗျာ .... တန်ဖိုးရှိလှပါတယ်

ဖတ်ပြီး ကျေးဇူးတင်ပါတယ် အမရေ... အဖိုးတန်တဲ့ ပို့စ် တခုပါ

မန့်ခဲ့ပါတယ်... ဖတ်ရတာ တန်ဖိုးရှိလိုက်တာ အစ်မ...

တန်ဖိုးရှိတဲ့ စာတွေ ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးများစွာ

တင်မိပါတယ်..

ဒီရေ

ကျေးဇူးတင်ပါတယ် မငယ်နိုင်

သေသေချာချာ ဖတ်သွားပါတယ်...
တန်ဖိုးရှိတဲ့ စာတွေအတွက် ကျေးဇူးတင်ပါတယ်

ဗီဒီယိုနဲ့ လွတ်လပ်ရေးကြေညာစာတမ်းအတွက် ကျေးဇူးပါ။
ဧရာ

ဒီ Youtube video ကျွန်တော်ရဲ့ facebook မှာ လင့်ခ်လုပ်ခွင့်ပြုပါခင်ဗျား။

Ionetone ရေ ကျေးဇူးတင်ပါတယ်။ ပြန်ဖေါ်ပြလို့ရပါတယ်။

အမရေ ဗီဒီယိုလေးက ကျွန်တော်ဆီမှာ ကြည့်လို့မရဘူးဗျ။ စာတွေပဲ ဖတ်သွားပါတယ်။
တကယ်ကို့ လွတ်လပ်ရေးရဲ့ သမိုင်းအစအနတွေပါပဲဗျာ။

ဟုတ်ပါတယ်၊ အဲဒါ ကွန်ပြူတာနဲ့ အင်တာနက်လိုင်းကြောင့် မဟုတ်ဘူး။ ဗွီဒီယိုကို နှိပ်လိုက်ရင် "This video is no longer available because the YouTube account associated with this video has been closed.
Sorry about that." လို့ ပေါ်လာတဲ့ စာသားအရ သူ့မူရင်း Youtube account ကို ပိတ်လိုက်လို့ ဖြစ်တယ်။ ဗွီဒီယိုလေးက ဂျပန်က ရိုက်ထားတဲ့ တကယ့်မှတ်တမ်းတွေ ဖြစ်တယ်။ ဘာကြောင့် ပိတ်လိုက်လဲ မသိဘူး။ ဘာပဲဖြစ်ဖြစ် ကံအားလျှော်စွာ ဒီဗွီဒီယိုကို ကြည့်ရတုန်းက စာတန်းထိုးထားတဲ့ စာသားကို ကူးထုတ်ပြီး ဘာသာပြန်ထားရင် ကောင်းမယ်လို့ အကြံအစည် ရခဲ့တဲ့အတိုင်း ကျွန်မ လုပ်ဖြစ်ခဲ့တာကိုပဲ ၀မ်းသာနေရတယ်။