မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဒီဇင်ဘာ အမှတ်တရများ

ဒီဇင်ဘာ အမှတ်တရများ ဆိုတော့ စာဖတ်သူတွေက ဒီတခါတော့ မငယ်တယောက် မဆုမွန်မောင်မိုးနဲ့ အန်ကယ်နိုင် (ရွှေ့ရတု မှတ်တမ်း) တို့ကို အားကျပြီး ဒီဇင်ဘာနေ့တွေမှာ ဖြစ်ပျက်ခဲ့တဲ့ တက္ကသီလာ တောတွင်းမှာ ကြုံလာခဲ့ဖူး အချစ်ဦးတွေ အကြောင်းကို ပြန်လည် ဖေါက်သည်ချတော့မယ်လို့ တွက်ထားပြီးသား ဖြစ်မယ်ထင်ပါတယ်။ တကယ်တော့ ကျွန်မတို့ တော်လှန်ရေးသမားတွေရဲ့ ဘ၀မှာ ကမ္ဘာသူကမ္ဘာသား အများစု အပန်းဖြေအနားယူတဲ့ ရာသီ၊ ဆောင်းနှင်းမြူတွေဝေတဲ့ ပျော်ရွှင်စရာ ဒီဇင်ဘာ၊ ငွေရောင်ဒီဇင်ဘာလို့ တင်စားကြတဲ့ လရာသီဟာ ရန်သူတွေ ထိုးစစ်ဆင်လေ့ရှိတဲ့ ပွင့်လင်းရာသီဖြစ်သလို ရှေ့တန်းဒေသတွေမှာလည်း ရန်သူ့တပ်ကုန်းတွေကို ပြောက်ကျား ၀င်တိုက်လို့ ကောင်းတဲ့ ရာသီဖြစ်လို့ ဒီဇင်ဘာလဆိုတာ ကျွန်မတို့အတွက် သူများတွေလို အပမ်းဖြေအနားယူပြီး ဖြတ်သန်းခဲ့ရတဲ့ လရာသီ မဟုတ်တော့ စိတ်ကူးယဉ် ဇာတ်လမ်းလေးတွေ ဖြစ်တည်ဖို့ အခွင့်အလမ်းလည်း မရှိခဲ့ပါဘူး။ အခု ကျွန်မပြောမယ့် ဒီဇင်ဘာကလည်း အားလုံး ထင်နေသလို လဒီဇင်ဘာ မဟုတ်ဘဲ ကျွန်မသိပ်ချစ်ရတဲ့ ABSDF က ကလေးမလေး လူဒီဇင်ဘာ အကြောင်းသာ ဖြစ်ပါတယ်။ သူ့အကြောင်းကို အခုလို ပို့စ်တခုတင်ရလောက်တဲ့ သံယောဇဉ် နှောင်ဖွဲ့မှုတွေ ကျွန်မမှာ ရှိခဲ့ပြီး သူနဲ့ပတ်သက်ပြီး မမေ့နိုင်အောင် ပြောစမှတ် ထင်ကျန်နေတာလေးတွေက ကျွန်မတို့ ABSDF ဗဟိုမှာ တာဝန်ကျဖူးသူတွေ၊ ဗဟိုကို လာလည်ဖူးတဲ့ ဧည့်သည်တွေမှာ ရှိခဲ့လို့ အခုကြုံတုန်း ပြန်လည် ဖေါက်သယ်ချခြင်း ဖြစ်ပါတယ်။ ဒီပို့စ်က ဒီဇင်ဘာဆိုတဲ့ ကလေးမလေးတဦးဟာ လူကြီးတွေနဲ့အတူ ABSDF မှာ ဘယ်လို ဖြတ်သန်းလာတယ်ဆိုတာနဲ့ သူနဲ့ပတ်သက်တဲ့ ပြောစမှတ်ဖြစ်ခဲ့တာလေးတွေကို သူနဲ့ ကျွန်မ ၁၂-၁၃ နှစ်ခန့် ကွဲကွာနေရာက ပြန်လည် ဆုံစည်းရတဲ့ အထိမ်းအမှတ်ပဲ ဖြစ်ပါတယ်။



ငယ်ငယ်က ဒီဇင်ဘာ (၄ နှစ် အရွယ်)


ပြီးခဲ့တဲ့ ပတ်က ကျွန်မကို Face book မှာ လာပြီး Add လုပ်ထားလို့ Profile ပုံလေးကို ကြည့်လိုက်တော့ အလှသွေးကြွယ်နေတဲ့ အပျိုမလေးတယောက်၊ ဖြောင့်စင်းနေတဲ့ ဆံပင်တွေက သူ့မျက်နှာ တခြမ်းကို ဖုံးကွယ်ထားပေမဲ့ လင်းလင်းရှင်းရှင်းပေါ်နေတဲ့ သူ့မျက်လုံးတလုံးတည်းက ကျွန်မကို သူဘယ်သူလဲ ဆိုတာ ပြောပြနေပြီး သူ့ငယ်ရုပ်ကို ချက်ချင်း ပြေးမြင်လို့ ရသွားတယ်။ သူ့မွေးနေ့နဲ့ လက်ရှိနေရပ်ကို ကြည့်လိုက်တော့ သေချာသွားတယ် ဒီဇင်ဘာမှ ဒီဇင်ဘာအစစ်ပါ။ ဒီဇင်ဘာကို ကျွန်မ စပြီး တွေ့ဖူးတာ ကတုံးဆံပင်လေးနဲ့ စကားပြောသင်ခါစ၊ လမ်းလျှောက်သင်ခါစ တနှစ်တောင် မပြည့်သေးပါဘူး။ ၁၉၉၃ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းလတွေမှာ ABSDF ဗဟိုက ဖွင့်လှစ်ထားတဲ့ Rehabilitation Centre မှာ ယူနီဖေါင်းချုပ်ရာမှာ နှစ်ပတ်ခန့် သွားဝိုင်းလုပ်ဖို့ ကျွန်မနဲ့ အတူတာဝန်ကျတဲ့ သူ့အမေနဲ့ ပါလာရာမှ ရင်းနှီးခဲ့ပါတယ်။ အဲဒီမှာ လုပ်အားသွားပေးရတာ သူတို့အမေနဲ့ ကျွန်မကလွဲရင် အကုန်ုလုံးက အမျိုးသားတပ်ဖွဲ့ဝင်တွေပဲ ဆိုတော့ သူတို့သားအမိနဲ့ ကျွန်မနဲ့ အရင်ကမသိပေမဲ့ အဲဒီမှာ တော်တော်လေး ရင်းနှီးသွားပါတယ်။ အဲဒီမှာ နှစ်ပတ်ခန့် သွားဝိုင်းလုပ်ပြီး သူတို့သားအမိကလည်း မိသားစုရွာဖြစ်တဲ့ သံလွင်မြစ်ရဲ့ ထိုင်းဘက်ကမ်းအနည်းငယ် ၀င်ရတဲ့ နေရာမှာ ဆောက်ထားတဲ့ ရောင်နေဦးကိုပြန် ကျွန်မလည်း ဗဟိုဌာနချုပ် ဒေါင်းဂွင်ကို ပြန်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ သူ့အမေက ပြန်ကြားရေးတာဝန်နဲ့ ဒေါင်းဂွင် စတူဒီယိုမှာ DVB အတွက် အသံလာသွင်းဖို့ ဗဟိုကို ရောက်လာတိုင်း ဒီဇင်ဘာကို ကျွန်မပဲ တချိန်လုံး ခေါ်ထားတာ များပါတယ်။ ဒီဇင်ဘာကလည်း ကျွန်မနဲ့ဆို တနေကုန်နေပါတယ်။ ဒီဇင်ဘာဟာ အငိုသိပ်သန်ပေမဲ့ ကျွန်မလက်ထဲမှာ တနေကုန်နေလည်း ဘယ်တော့မှ မငိုတတ်ဘူး။ ဒါပေမဲ့ အဆောင်က တခြားမိန်းကဘေးတွေက လိုက်စရင် ဗြဲကနဲ အသံကုန်ဟစ်ပြီး အော်ငိုတတ်ပါတယ်။ ဒါကြောင့် ငိုစရာမဟုတ်ပဲ ငိုလွန်းလို့ဆိုပြီး သူ့အမေက ဒီဇင်ဘာ မငိုတဲ့နေ့များ တနေ့တလေ ရှိခဲ့ရင် အဲဒီနေ့မှာ သမီးကိုမေမေ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်မယ် လို့ ဒီဇင်ဘာ ၁ နှစ် မပြည့်ခင်ကနေ ပြောလာခဲ့တာ ၄ နှစ်ခန့်အရွယ်ထိ ကြားရဆဲပဲ။ ဒီဇင်ဘာနဲ့ ရင်းနှီးပြီး နောက်ပိုင်းမှာ သူတို့နေတဲ့ ရောင်နီဦးကို သွားဖြစ်တိုင်း သူတို့အိမ်မှာပဲ တည်းဖြစ်ပါတယ်။



ဒီဇင်ဘာတို့ နေထိုင်ရာ ရောင်နီဦးရွာမှ တပ်ရင်း (၆၀၁) က မသက်သက်လွင်တို့အိမ်မှာ (ဒီဇင်ဘာ ၁ နှစ်အရွယ်)


တခါတော့ ကျွန်မ ရောင်နီဦးသွားတော့ သူ့အမေက ရောင်နီဦးမှာ ငှက်ဖျားတွေ တက်ပြီး အပူတွေ သိပ်များနေတယ်။ ကျွန်မတို့ ပြန်ခါနီးကျတော့ ဒီဇင်ဘာကလည်း ထုံးစံအတိုင်း ခါတိုင်းလိုပဲ ကျွန်မနောက်ကို အသည်းအသန် ငိုလိုက်နေတော့ ကျွန်မလည်း သူ့အမေဖျားနေတာကို ကူညီရာလည်း ရောက်အောင် ဗဟိုကို ခေါ်လာလိုက်တယ်။ သူ့အမေကလည်း ဆေးဒဏ်ရော အဖျားဒဏ်ရော အလူးအလဲ ခံနေရတော့ ငိုလိုက်နေတဲ့ ဒီဇင်ဘာကို ထချော့လို့ မနိုင် ဖြစ်နေတာနဲ့ ကြည်ကြည်ဖြူဖြူပဲ ကျွန်မနဲ့ ထည့်လိုက်ပါတယ်။ ဗဟိုရောက်လို့ အိပ်ချိန်မရောက်ခင်ထိတော့ ဒီဇင်ဘာက ပျော်နေလို့ ဘာပြဿနာမှကို မရှိခဲ့ပေမဲ့ အိပ်ချိန် ရောက်တဲ့အချိန်ကစပြီး အိမ်ပြန်မယ်၊ မေဂျီကြားမယ် (အမေဆီသွားမယ်) ဆိုတာပဲ ထပ်ခါတလဲလဲ ဟစ်အော်ပြီးငိုတာ အဆောင်သူတွေ တယောက်မှ မအိပ်ရလို့ ကျွန်မကို ဘာလုပ်ဖို့ ခေါ်လာရတာလဲလို့ ၀ိုင်းအပြစ်တင်ကြတယ်။ လသာတဲ့ည ဖြစ်တော့ အဆောင်အောက်ကို ဆင်းပြီး အဆောင်ရှေ့မှာ လကိုသွားပြကာ လမ်းလျှောက်ရင်း သူ့ကိုချီသိမ့်တာ ပုခုံးပေါ်မှာ ခဏတော့ အိပ်ပျော်ပါတယ်။ အိပ်ပျော်ပြီဆိုပြီး အိပ်ရာမှာ သွားသိပ်ချလိုက်တာနဲ့ နိုးလာပြီး ငိုတော့တာပဲ အဲဒါနဲ့ အိမ်အောက်ကိုဆင်း ပြန်ချီသိမ့်ရပြန်တယ်။ ဒီလိုနဲ့ ကျွန်မ အဲဒီညက တညလုံးနီးပါး မအိပ်ခဲ့ရဘူး မနက်မိုးလင်းတော့ ရောင်နီဦးသွားတဲ့ လှေနဲ့ လိုက်သွားပြီး သူ့ကို ပြန်ပို့ခဲ့ရပါတယ်။ အဲဒီအချိန် သူ့အမေလည်း အဖျားကျပြီး တော်တော် သက်သာနေပြီ။ အဲဒီပြီးနောက်ပိုင်းမှာတော့ ကျွန်မနောက်ကို အမြဲငိုလိုက်တတ်တဲ့ ဒီဇင်ဘာဟာ သူ့အမေနဲ့ သူ့ကို ကျွန်မက ခွဲတယ်လို့ အစွဲဖြစ်သွားပုံရပါတယ် ကျွန်မကို တွေ့တာနဲ့ သူ့အမေကို အသေဖက်ထားတော့တာပဲ။ အဲဒီတုန်းက ကျွန်မစိတ်ထဲမှာတော့ ရည်စားကွဲလို့ အသည်းကွဲတယ်ဆိုတာ ဒါမျိုးလားမသိဘူးလို့ ထင်ရလောက်အောင် မချိမဆန့် ခံစားလိုက်ရပါတယ်။ ဒီဇင်ဘာဟာ ကျွန်မကို တော်တော်ကြာတဲ့အထိ စိမ်းသွားပြီး နောက်ပိုင်း အဲဒီအဖြစ်အပျက်ကို သူမေ့သွားတဲ့အချိန်မှ ကျွန်မ ပြန်ချီလို့ရတော့တယ်။ ကျွန်မလည်း အဲဒီအချိန်ကစပြီး ဒီဇင်ဘာကို ညအိပ်ညနေ သူ့အမေမပါဘဲ ဘယ်တော့မှ မခေါ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။


ABSDF ဒေါင်းဂွင်


ကျွန်မ ဒီဇင်ဘာကို ပြန်ချီလို့ ရသွားတော့လည်း ဒီဇင်ဘာဟာ ဒုံရင်းဒုံရင်းပါပဲ ကျွန်မကို ပြန်ချစ်ရှာတယ်။ စကားပြောတတ်လာတဲ့အချိန်မှာတော့ သူဟာ အရွယ်နဲ့ မလိုက်အောင် စကားတတ်ပြီး လူကြီးတွေ ပြောတဲ့စကား သူ့ပါးစပ်ထဲ အကုန်ရောက်တယ်။ သူ့အရွယ် တခြားကလေးတွေက ကျွန်မကို အန်တီငယ်လို့ ခေါ်ပေမဲ့ သူက ကျွန်မကို တခြားကလေးတွေနဲ့ မတူအောင် ငယ်ငယ် လို့ပဲခေါ်ပါတယ်။ ရန်သူထိုးစစ်ကြောင့် ဒေါင်းဂွင်ကျပြီး ABSDF ဗဟိုကို ကရင်နီမှာ သွားအခြေစိုက်တော့ ဒီဇင်ဘာ့ အမေဟာ ဗဟိုပြန်ကြားရေးဌာနမှာ အရင်ကလို တခါတလေမှ တာဝန်ကျတာမျိုး မဟုတ်တော့ဘဲ အမြဲတမ်းအဖွဲ့ဝင်ဝင်အဖြစ် တာဝန်အပေးခံရပြီး သူတို့သားအမိဟာ ဗဟိုသွားရာ ကရင်နီကို လိုက်လာရပြီး မိသားစုရပ်ကွက်မှာ အိမ်ဆောက်နေစရာ မလိုတော့ဘဲ ကျွန်မတို့ အပျိုဆောင်မှာပဲ လာနေရပြီး ဒီဇင်ဘာလည်း အဆောင်သူ တယောက်ဖြစ်လာခဲ့ပါတယ်။ အဆောင်သူ ဖြစ်သွားတော့ ဒီဇင်ဘာဟာ သူ့အမေပြောတဲ့စကားအပါဝင် အဆောင်က တခြား အပျိုတွေ ဘာပဲပြောပြော ဒီဇင်ဘာက အကုန်လုံး လိုက်ပြောတော့တာပဲ။ ဗဟိုက လူကြီးယောက်ယောက်က ကိစ္စရှိလို့ ရောက်နေရင်ဖြစ်စေ၊ အဆောင်မှာ မီးပြင်တာတို့ တခုခုအတွက် လိုအပ်လို့ ရဲဘော်တယောက်ယောက်က လာကူညီလုပ်ပေးတာဖြစ်စေ အဆောင်ထဲမှာ အမျိုးသားတဦးဦးကို တွေ့ရင် အမျိုးသမီးအဆောင်ထဲကို အမျိုးသားမ၀င်ရဘူးလို့ ပြောပြီး မှောင်းထုတ်တတ်ပါတယ်။ နောက်တော့ ကိစ္စရှိလို့ တာဝန်နဲ့ ၀င်ရင် ရတယ် အဲဒီလို မပြောရဘူးလို့ သူ့ကို ပြောပြထားတော့ ကျွန်မဆီမှာ ပိုက်ဆံထုတ်ဖို့ ဖြစ်စေ၊ တခြားရဲမေတွ ဆီမှာ တခုခု လာယူတာပဲဖြစ်စေ ရဲဘော်တယောက်ယောက်က ခြံစည်းရိုးအပြင်ကနေပြီး အဆောင်သူ တယောက်ယောက်ကို လှမ်းခေါ်ရင် သူက သမီးအ၀တ်လဲနေတယ်.. ရေချိုးနေတယ် အဆောင်ထဲ အရမ်းမ၀င်လာနဲ့လို့ ပြောလေ့ရှိတယ်။


ကရင်နီမှာ ကျွန်မတို့ စခန်းချထားတဲ့ ဗဟိုက ဒေါင်းဂွင်လို လှေစီးပြီး ဇိမ်နဲ့ သွားလို့ ရောက်တဲ့ နေရာမဟုတ်ဘဲ အဲဒီကို ရောက်အောင် တောင်အောက်မှာ ရှိတဲ့ တပ်ရင်း (၃၀၃) ရုံးရှိရာ ထိုင်းရွာကနေ သုံးလေးနာရီ တောင်တက်မှ ရောက်ပါတယ်။ အဲဒီမှာ ဗဟိုစခန်းဆောက်လို့ ပြီးချိန်မှာ မိုးရာသီအတွက် တမိုးစာ ရိက္ခာဆန်ကို တောင်ခြေရွာမှာ ရှိတဲ့ တပ်ရင်း (၃၀၃) ဆန်ဂိုဒေါင်ကနေ တောင်ပေါ် ရောက်အောင် တယောက်ကို ဆန် သံပုံးနဲ့ ငါးပုံး တပ်ဖွဲ့ဝင်တိုင်း သယ်ရပါတယ်။ သန်မာတဲ့ အမျိုးသားတွေကတော့ ငါးပုံးစာကို သုံးခေါက်နဲ့ ပြီးရင်လည်း ပြီးနိုင်တယ်။ ကျွန်မတို့ကတော့ အနည်းဆုံးတော့ ငါးခေါက်သယ်ရပါတယ်။ တခေါက်သယ်ပြီးတိုင်း ထောက်ပံ့ရေးဌာနက ချိန်တွယ်ထားပြီး ဘယ်သူက ဘယ်လောက် သယ်ထားပြီးပြီဆိုတာ စာရင်းမှတ်ထားပါတယ်။


တပ်ရင်း (၃၀၃) ရုံးရှိရာ တောင်ခြေရွာကို တောင်ပေါ်လမ်းတ၀က်မှ ရိုက်ထားတဲ့ပုံ (ဓါတ်ပုံ-ကိုဇော်လင်း)


တခါတော့ သူတို့သားအမိနဲ့ ကျွန်မနဲ့ ဆန်သယ်ပြီး တောင်ပေါ်ပြန်အတက်မှာ သူ့အမေက အရှေ့ဆုံးမှာ နှစ်နှစ်သမီး ဒီဇင်ဘာက အလယ်မှာ သူ့မုန့်ထုပ်လေးကို ကျွတ်ကျွတ်အိပ်လေးနဲ့ ဆွဲလျက် ကျွန်မက နောက်ဆုံးကနေ လျှောက်ပြီး တောင်ကိုတက်လာတယ်။ ကလေးလည်းပါတယ် ခေါင်းပေါ်က ဆန်အိတ်ကြီးကလည်း လေးတယ်ဆိုတော့ ခဏတက်လိုက် နားလိုက်နဲ့ ဖြေးဖြေးပဲ တက်လာကြတယ်။ ဒီဇင်ဘာ့အမေက စာရေးစာဖတ် သိပ်ဝါသနာပါပြီး ရသစာလေးတွေ ဒေါင်းအိုးဝေစာစောင်တို့ အဖွဲ့အစည်းမှာ တခါတလေ ပြုလုပ်တဲ့ နံရံကပ်စာစောင်တို့မှာ ရေးပြီး ဆုရတာတွေ ရှိဖူးပါတယ်။ ဒါကြောင့် သူက စကားပြောရင်လည်း စာသံပေသံတွေနဲ့ ပြောတတ်ပါတယ်။ အဲဒီနေ့ကလည်း ဆန်အိတ်ကြီးကိုရွက် ပြီး တောင်တက်လျက် စကားလုံး ကြီးကြီးတွေနဲ့ သူ့သမီးလေးကို တော်လှန်ရေး အကြောင်း Lecture ရိုက်လာတယ်။ သူကတော့ မိခင်မေတ္တာနဲ့ နဖူးမှချွေး ခြေမအထိ စီးဆင်းနေတာတောင်မှ မောရမှန်းမသိ သမီးကို တော်လှန်ရေး တရားတွေ တလမ်းလုံး ဟောပြီး လာနေချိန်မှာ ကျွန်မကတော့ မောလို့ ဘာမှကို မပြောနိုင်ခဲ့ဘဲ ခြေလှမ်း ကိုတလှမ်းချင်း လေးလေးပင်ပင်ဆွဲပြီး တောင်ကိုတက်နေရတယ်။ သူ့အမေကလည်း ဆက်ပြောနေတယ် ”သမီးရေ တော်လှန်ရေးဆိုတာ ခရီးကြမ်းတယ်၊ ငတ်မယ်၊ ပြတ်မယ် အမေတို့ ဒီလမ်းကိုလျှောက်မှ ဒီစခန်းကို ရောက်မယ်..သမီးတို့ မေမေတို့လျှောက်ရမယ့် လမ်းက ဒီလမ်းကွဲ့” ဆိုပြီး ပန်းခင်းတဲ့လမ်းမဟုတ်ဘူး ဆူးခင်းတဲ့လမ်း ဖြစ်တယ် ဆိုတာကိုပဲ ဆက်ပြောမလား မသိဘူး သူ့အမေက ဆက်ပြောမယ့်စကားကို ပါးစပ်ဟရုံပဲ ရှိသေးတယ် ဒီဇင်ဘာက ”မေမေ ဒါဆိုရင် ဟိုဘက်လမ်းက ဘယ်သူလျှောက်တဲ့ လမ်းလဲ” လို့ လမ်းခွဲလေးတခုကို လက်ညိုးထိုးပြီး မေးလိုက်တော့ သူ့အမေ ဘာဆက်ပြောရမှန်း မသိတော့ဘဲ ”ဟဲ..ဒီကောင်မလေးနော် အမေက စကားကောင်းပြောနေတာကို အလေးမထားဘူး” ဆိုပြီး စကားစခဏ ပြတ်သွားတယ်။ ကျွန်မကတော့ မောရတဲ့ကြားထဲ သူတို့သားအမိရဲ့ စကားကို နားထောင်ပြီး ”ကလေးကို ဒါတွေ ပြောနေလို့ ကလေးက ဘာနားလည်မလဲ” ဆိုတာ တခွန်းပဲ ပြောပြီး ရီရလွန်းလို့ အူကိုနှိပ်နေရတယ်။


သူ့အမေ ဒီဇင်ဘာကို ပေးနေတဲ့ Lecture က တော်တော်နဲ့ မပြီးသွားဘူး။ ဆက်လျှောက်လာတော့ တော်လှန်ရေးရဲ့ ခက်ခဲကြမ်းတမ်းတာကို ထပ်ပြောနေသေးတယ်။ ”သမီးလေးလည်း အခုလို မေမေတို့ လူကြီးတွေနဲ့ လျှောက်လိုက်နေရတာ တော်တော်မောနေမှာပဲ” လို့ပြောပြီးတော့ သူ့သမီးရှိတဲ့ အနောက်ကို ပြန်လှည့်ကြည့်ပြီး ”မေမေလေ.. သမီးကို ကြည့်ပြီး သနားမှသနားပဲ” လို့ ပြောလိုက်တယ်။ ဒီဇင်ဘာကလည်း သူ့အမေနဲ့ တပုံစံတည်း ထပ်တူကျအောင် တုကာ ကျွန်မရှိနေတဲ့ အနောက်ကို ပြန်လှည့်ကြည့်ပြီး ”သမီးလည်းလေ ငယ်ငယ့်ကို ကြည့်ပြီး သနားမှသနားပဲ” ဆိုပြီး ပြန်ပြောလိုက်တော့တယ်။ ဒါနဲ့ သူ့အမေက ချက်ချင်းပဲ ”ဟောတော် အမေကိုတော့ မသနားဘဲနဲ့ ဘယ်လိုဖြစ်ပြီး ငယ်ငယ်ကို သွားသနားရလဲ” ဆိုပြီး မျက်နှာ ပျက်နေအချိန်မှာ ကျွန်မလည်း သူတို့သားအမိရဲ့ စကားဝိုင်းကို အူနှိပ်ရလွန်းလို့ သီးမခံနိုင်လောက်အောင် ဖြစ်နေပြီဆိုတော့ ”တော်ပြီ တော်ပြီ သီးမခံနိုင်တော့ဘူး တထောက်နားမှ ဖြစ်တော့မယ်၊ ခေါင်းပေါ်က ဆန်အိတ်က လေးရတဲ့ကြားထဲ မ (--) တို့ သားအမိလုပ်တာ ဒီတနေ့ တောင်ပေါ် နေရာက်နိုင်တော့မှာ မဟုတ်ဘူး” လို့ ပြောပြီး ဒီဇင်ဘာ့အမေရဲ့ ဒီဇင်ဘာကို ပေးနေတဲ့ တော်လှန်ရေး Lecture ကို တောင်းပန်ပြီး ရပ်ခိုင်းလိုက်ရတယ်။ ကျွန်မလည်း တောင်ပေါ်ရောက်တော့ အဆောင်မှာရှိတဲ့ သူတွေကို တောင်တက်တလမ်းလုံး ပြောလာတဲ့ ဒီဇင်ဘာတို့သားအမိ အကြောင်း အဆောင်မှာ အကုန်လုံးကို ပြောပြတော့တယ်။ ဗဟိုမှာလည်း သူ့အမေ ဆန်အိတ်ကြီးရွက်ကာ အမောခံပြီး တတွတ်တွတ် သူ့ကို Lecture ရိုက်လာတာတောင် သူ့အမေကို မသနားဘဲ ကျွန်မကို သနားတယ်လို့ ဒီဇင်ဘာက ပြောတဲ့အကြောင်း ဗဟိုမှာ ပြောစမှတ် ဖြစ်သွားတယ်။


ကျွန်မတို့ အဆောင်က ရင်ကွဲအဆောင်လို ဖြစ်ပေမဲ့ ထိပ်မှာ အပိတ်ရှိတော့ ဂငယ်ပုံသဏ္ဍန် အဆောင်ဖြစ်ပါတယ်။ အထဲဝင်လိုက်ရင် ဘေးတဘက်တချက်မှာ အခန်းတွေဖွဲ့ထားပြီး နံရံတွေခြားထားကာ အခန်းတွေ ဖွဲ့ထားပေမဲ့ ထိပ်မှာတော့ နံရံခြားထားတာ မရှိဘဲ ဘယ်ဘက်ထိပ်ထောင့်မှာ ကျွန်မအိပ်ရာ ရှိပြီး ညာဘက်ထောင့်မှာက သူတို့သားအမိ အိပ်ရာရှိပါတယ်။ ကြားမှာနံရံမရှိတော့ နေရာအကျယ်ကြီး ဖြစ်နေပြီး အဆောင်မှာ လူစုပြီး တခုခု လုပ်ရင် ဒီမှာပဲ လုပ်ကြပါတယ်။ တခါတော့ မိုးသီးထန်စွာရွာတဲ့ ညတညမှာ ဒီဇင်ဘာ့ အမေအပါအ၀င် အဆောင်က ရဲမေတွေက ပျင်းပျင်းရှိတာနဲ့ ကက်ဆစ်ကို အကျယ်ကြီးဖွင့်ပြီး ကကြ၊ ခုန်ကြ သီချင်းဆိုကြ စကားတွေဝိုင်းဖွဲ့ပြီး အပြောင်အရွှတ်တွေ ပြောကြနဲ့ ဆူညံနေခဲ့တယ်။ ကျွန်မတယောက်ပဲ ၀င်မပါဘဲ ပွဲကြည့်ပရိတ်သတ်လို နေတော့ ဒီဇင်ဘာက ကျွန်မရင်ခွင်ထဲမှာ လာထိုင်ပြီး တခြားသူတွေ တယောက်စီ လုပ်တာကို သေသေချာချာ ကြည့်ထားတယ်။ နောက်နေ့ နေ့လည်ကျတော့ ဗဟိုရုံးနဲ့ ရဲဘော်တွေကြားထဲမှာ ကျွန်မတို့ အဆောင်မှာ ညက ဘယ်သူက ဘယ်လိုကတယ်၊ ဘယ်လိုသီချင်းဆိုပြီး ဘာတွေ ပြောကြတယ်ဆိုတာ တိတိကျကျကို သိနေပြီး အပြင်မှာပြန့်နေတယ်။ မိုးသီးထန်စွာ ရွာနေတော့ တယောက်ယောက် လာချောင်းကြည့်လို့ သိတာလည်း မဖြစ်နိုင်ဘူး၊ ဘယ်လိုသိလဲဆိုတာ စုံစမ်းကြည့်တော့ တရားခံက ဒီဇင်ဘာ ဖြစ်နေတယ်။ ဒီဇင်ဘာ ရုံးမှာသွားပြောတာက ညက အဆောင်မှာ ငယ်ငယ်ကလွဲရင် ကျန်တဲ့သူတွေ အားလုံး အရူးတွေလိုပဲလို့ အစချီလိုက်တယ်တဲ့။ ရဲဘော်တွေက ဘယ်လိုဖြစ်လို့လဲ မေးတော့ တယောက်စီက ဘယ်လိုဆိုတယ် ဘယ်လိုကတယ် ဘာတွေ ပြောတယ်ဆိုတာကို လုပ်တဲ့သူရဲ့ အမူအယာနဲ့ အသံပါ တူအောင်တုပြီး လုပ်ပြတယ်လို့ ပြန်သိရတယ်။ နောက်နေ့ညကျတော့ အဆောင်က ရဲမေတွက သူ့ကို ”နင်နောက်တခါ ရဲဘော်တွေကြားမှာ ငါတို့အကြောင်း အဲဒီလို သွားပြောရင် နင့်ကိုရိုက်မယ်” လို့ ၀ိုင်းပြောကြတော့ သူက အသံဗြဲကြီးနဲ့ အော်ငိုလို့ ၀ိုင်းပြီး ပြန်ချော့ရပြန်တယ်။ ဒါကိုလည်း သူက အပြင်မှာ ပြန်သွားပြောသေးတယ်၊ သူအဆောင်ကအကြောင်း နောက်ဆိုဘာမှ ပြောတော့မှာ မဟုတ်တဲ့အကြောင်း၊ ပြောရင် သူ့ကို ရိုက်မယ်လို့ အဆောင်က အန်တီတွေက ပြောတဲ့အကြောင်းကို ရဲဘော်တွေကို ပြန်သွားပြောသေးတယ်။


တခါတော့ ကျွန်မတို့ အဆောင်မှာ အသက်အငယ်ဆုံး ဖြစ်တဲ့ ဆေးအဖွဲ့က ကောင်မလေးတယောက်က အကြီးတွေကို တိုင်ပင်စရာ ရှိတယ်ဆိုပြီး အဆောင်မှာ လူစုံတော့ နောက်နေ့ကျရင် သူ့တပ်ရင်းမှာ ရဲမေနှစ်ဦး မင်္ဂလာဆောင်ရာမှာ သူ့ကောင်လေးနဲ့ သူလည်း လူသိရှင်ကြား ဖြစ်အောင် လက်မှတ်ထိုးထားချင်တဲ့ အကြောင်း လာတိုင်ပင်ပါတယ်။ ကျွန်မတို့ကလည်း လက်မှတ်ထိုးပြီးရင် လင်မယားဖြစ်သွားကြပြီ ဆိုတာနဲ့ တပ်ရင်းက မိန်းကလေးနှစ်ဦးကိုက အရင်တုန်းကတောင် အစီစဉ်လုပ်ထားလို့ မင်္ဂလာဆောင်ပေးတာ ဖြစ်တယ်၊ ဗဟိုက ရဲမေတဦးအနေနဲ့ စစ်ပူနေတဲ့ကာလမှာ ယောက်ျား မယူသင့်သေးကြာင်း၊ ပြီးတော့ အစီစဉ်မရှိ ဗြုန်းစားကြီးဆိုတော့ ရုံးကလည်း လုပ်ပေးနိုင်လိမ့်မှာ မထင်ကြောင်း၊ အခြေအနေ အေးအေးဆေးဆေး ဖြစ်မှ အသေအချာ လက်ထပ်ခွင့် စာတင်ပြီး မင်္ဂလာဆောင်ကြဖို့ကို ခြံဝမှာ စောင့်နေတဲ့ သူ့ကောင်လေးကိုပါ နားလည်အောင် အသေအချာ ရှင်းပြလိုက်တယ်။ အဲဒီအကြောင်းကို အကြောင်းပြုပြီး လက်မှတ်ထိုးမယ်ဆိုတာကို ဒီဇင်ဘာက ခေါင်းထဲမှာ ကောင်းကောင်းစွဲနေပြီး နောက်နေ့ ညဘက်ရောက်တော့ သူ့အမေကို ”မေမေ သမီးလက်မှတ်ထိုးချင်တယ်” လို့ ပြောတော့တာပဲ။ အဲဒါနဲ့ သူ့အမေက အံ့သြပြီး ”ဒီဇင်ဘာ ဘာပြောတယ်.. နင့်အရွယ်က လက်မှတ်ထိုးတဲ့ အရွယ်လား၊ လက်မှတ်ထိုးတာ ဘာလုပ်တယ်ဆိုတာ နင်သိလား၊ ဘုရား ဘုရား အတုမြင်အတတ်သင်ဆိုတာ ဒါပဲလားမသိဘူး မနေ့ညက ဒီလိုချိန်မှာ (--) က လက်မှတ်ထိုးဖို့ ပြောတာကို အခု ဒီစကားက ဒီဇင်ဘာပါးစပ်ထဲကို ရောက်သွားပြီ ” ဆိုပြီး တခြားသူတွေကိုပါ ကြားအောင် ပြောလိုက်တယ်။ အဆောင်မှာရှိတဲ့ သူတွေအားလုံးကလည်း အံ့သြနေကြတယ်။ ဒီဇင်ဘာက မျက်နှာငယ်လေးနဲ့ ဖြစ်နေပြီး ကျွန်မဆီကို ရောက်လာပြီး ကျွန်မရင်ခွင်ထဲမှာ လာထိုင်လိုက်တယ်။ ဒီဇင်ဘာက သူ့အမေဆူပြီးရင် ဖြစ်စေ၊ အကြောင်းတခုခုကြောင့် ငိုပြီးရင် ဖြစ်စေ ကျွန်မရင်ခွင်ထဲမှာ လာထိုင်တတ်ပါတယ်။ အခုလည်း ဒီလိုပဲ လာထိုင်ပြီး ”လက်မှတ်ထိုးတဲ့သူတွေကို ငယ်ငယ်က ပိုက်ဆံပေးလို့ သမီးက ပိုက်ဆံရအောင် ပြောတာကို မေမေက ဆူတယ်” ဆိုပြီး ကျွန်မကို လာပြောလို့ ကျွန်မလည်း ဒီဇင်ဘာ ဘာကိုဆိုလိုတယ် ဆိုတာ သဘောပေါက်သွားတယ်။


ကျွန်မက ဘဏ္ဍာရေးမှာ လုပ်တော့ ပိုက်ဆံထုတ်တဲ့သူတွေက ဗဟိုဦးဆောင်ကော်မီတီဝင် တယောက်ယောက်ရဲ့ ခွင့်ပြုချက် လက်မှတ်ပါတဲ့ ငွေပမာဏ ရေးပြီးသား ငွေထုတ်ပြေစာ တခုယူလာပြီး ကျွန်မဆီမှာ လာထုတ်ရပါတယ်။ ပြေစာမှာ ခွင့်ပြုသူရော ထုတ်ယူသူပါ လက်မှတ်ရှိရမှာ ဖြစ်လို့ ကျွန်မက ထုတ်ယူသူ လက်မှတ်တိုးရမယ့် နေရာမှာ လာထုတ်သူကို လက်မှတ်ထိုးခိုင်းပြီးမှ ပိုက်ဆံကို ထုတ်ပေးပါတယ်။ ဒီဇင်ဘာက ဒါကို အမြဲမြင်တွေ့နေရတော့ လက်မှတ်ထိုးရင် ပိုက်ဆံရမယ် ဆိုတာပဲ သူသိနေတယ်။ ဒီဇင်ဘာ လက်မှတ်ထိုးချင်တဲ့ အကြောင်းအရင်းကို သဘောပေါက်သွားတော့ ကျွန်မက ဒီဇင်ဘာ ပြောတာ ယောက်ျားယူရင် ထိုးတဲ့လက်မှတ်ကို ပြောတာမဟုတ်ဘူး ပိုက်ဆံထုတ်ရင် ထိုးတဲ့လက်မှတ်ကို ပြောတာလို့ ပြန်ရှင်းပြမှ သူ့အမေလည်း စိတ်အေးရပြီး ကျန်တဲ့သူတွေလည်း ရီရတော့တယ်။ ဒီဇင်ဘာက သူ့ကို သူ့အမေ ဆူတာဖြစ်စေ၊ ဆုံးမတာဖြစ်စေ သူ့အမေရဲ့ စကားလုံး ကြီးကြီးတွေကို အဓိပ္ပါယ်သာ နားမလည်ပေမဲ့ စကားလုံးတွေကိုတော့ တလုံးမကျန် အကုန်မှတ်မိနေပြီး သူ့ကို သူ့အမေ တခုခု ပြောပြီးတိုင်း ဗဟိုလာလည်တဲ့ နိုင်ငံခြားသူတယောက် ၀ယ်လာပေးထားတဲ့ ဗိုလ်မရုပ်လေးကို အရှေ့မှာထားကာ သူက အမေနေရာကနေပြီး သူ့အမေလေသံနဲ့ သူ့အမေ သူ့ကိုပြောတဲ့ အသံနဲ့ အမူအယာအတိုင်း တူအောင် တုကာ တခွန်းမကျန် အရုပ်ကို အကုန် Lecture ပြန်ရိုက်တော့တယ်။


ဒီဇင်ဘာနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကတော့ ပြောမယ်ဆို ကျွန်မမှာ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ပို့စ်လည်း တော်တော် ရှည်နေပြီဆိုတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်။ ဒီဇင်ဘာတို့ မိသားစုအပါအ၀င် မိတ်ဟောင်းဆွေဟောင်း အတော်များများကို Face Book မှာ ပြန်တွေ့ရတာ ကျွန်မ သိပ်ကို ၀မ်းသာပါတယ်။ ဘလော့ဂ်တွေမှာ ခေတ္တခဏ ကျွန်မကို မတွေ့ရတာအခုတလော အလုပ်များတာရယ် Face book မှာ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ အလွမ်းသယ်နေတာရယ် နှစ်ခုစလုံး တိုက်နေလို့ ဖြစ်တယ်ဆိုတာနဲ့ အခုတော့ ဘလော့ဂ်တွေအပေါ် ပြန်ရောက်လာတော့မယ်ဆိုတာ အကြောင်းကြားလိုက်ပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။




16 comments:

မငယ်နိုင်
ဒီဇင်ဘာလေးအကြောင်းပြော
ပြထားလို့လာဖတ်သွားပါတယ်။

လေးစားလျက်
မြတ်လေးငုံ.

ပို့စ်ထဲက ဒီဇင်ဘာ လေး က ချစ်စရာ ကောင်းလိုက်တာ ... ခလေး တွေ က တခြားသူ တွေကို
ဘယ်လောက်ဘဲ ခင်တွယ် တွယ် အိပ် ချိန် ရောက် ရင်
တော့ အမေ တွေ ကို ဘဲ တမ်းတ တတ်ကြတယ် ...
( အဖေ နဲ့ ပို ရင်း တဲ့ ခလေး ကတော့ အဖေ ပေါ့ လေ )

mie nge

ဒီတခါ post ကတော့မြူးမြူးသွက်သွက်လေး..
တပြုံးပြုံးနဲ့ဖတ်သွားတယ်

သမီးဒီဇင်ဘာနဲ့ ဒီညနေပဲ အွန်လိုင်းမှာ ချပ်လိုက်ရတယ် သူကတော့ ကိုယ့်ကိုမမှတ်မဘူး ကိုယ်ကတော့ အရင်ကအကြောင်းလေးတွေ ပြန်ပြောပြပြီး လက်ကစာရိုက် မျက်လုံးကလည်း မျက်ရေတွေကျ ကိုယ့်သားသမီးအကြောင်းတောင်မှ ဒီလောက်အထိ အမှတ်တရ ရှိချင်မှရှိမယ်နော်။ ငတ်အတူ ၀အတူ ဆင်းရဲရှာတဲ့ ကျမတို့ ဘ၀ထဲက ကလေးတစ်ယောက် ကိုတော့ ကျမတို့ အမြဲတမ်းမှတ်မှတ်ရရရှိနေပါတယ်။ အခုလည်း ဒီဇင်ဘာက ငယ်တုန်းကလိုပဲ လူကြီးတွေကြားထဲ ၀င်ဆန့်နေတုန်းဖြစ်လို့ သူ့အတွက် ဂုဏ်ယူမိပါတယ်။

အမှတ်တရပါပဲဗျာ။ ဒီဇင်ဘာလို ကလေးငယ်တွေ အခုလဲ အများကြီးရှိနေသေးတယ်ဗျာ။ ခေတ်ရဲ့ရေစီးကြောင်းတွေ ပြောင်းလဲနေပေမဲ့...မပြောင်းလဲနိုင်တဲ့ အခြေအနေတွေ ဆက်ရှိနေတုန်းပါပဲ။

စကားမစပ်..။ မငယ် ကျွန်တော်တို့လို ငယ်ကျိုးငယ်နာတွေရေးလို့ရပါတယ်ဗျ။ဟဲ..ဟဲ ကိုကိုဆူမှာစိုးလို့လား။

ခင်မင်စွာဖြင့်
မောင်မိုး

လာဖတ်သွားတယ် အစ်မရေ ညီမလည်း ကလေးအရမ်းချစ်တတ်တယ် အစ်မ အသည်းကွဲသလို ခံစားရတယ်ဆိုတဲ့အပိုဒ်လေးမှာ စိတ်မကောင်းဘူး...

မငယ်ရေ...ဒီဇင်ဘာ အကြောင်းလေးတွေ ဆက်ရေးပါအုံးနော်...ကျမလည်း မငယ်လိုခံစားမှုမျိုး ရှိဖူးတယ်...ကလေးတွေကတော့ မိဘ အရင်းကိုပဲ ပိုတွယ်တာ တာပေါ့လေ...အဲဒီအခါ ရင်ထဲမှာ မငယ်ပြောတဲ့ အသဲကွဲတာမျိုး ကျမ ခံစားဖူးတယ်...ဒါကို အသဲကွဲတယ်လို့ မငယ်က သုံးလိုက်မှ နာကျင်မှုက ပိုပေါ်လာသလိုနဲ့ လိုက်ဖက်သွားတယ်နော်...

အမရေ ဒီဇင်ဘာအကြောင်းလေး ဖတ်သွားတယ် နောက်လဲ ဒီလို တော်လှန်ရေးက တကယ့်ဘ၀တွေကို ဖတ်ချင်တယ် မျှော်နေမယ်နော့်


လေးစားလျက်
တောင်ပေါ်သား

ဒီစာလေး ဖတ်ရင်း..မျက်စိထဲမှာ..မငယ်နိုင်တို့ ဘ၀ တက္ကသိုလ် ကို မြင်ယောင် ကြည့်နေမိတယ်။

စာလာဖတ်ပါတယ်ခင်ဗျာ စာအရေးအသားကောင်းတယ်ဗျို့
ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်လို့ကောင်းတယ်

စာဖတ်ရတာ ကောင်းလိုက်တာ၊ ဖတ်လို့ ပြီးသွားတာကို ထပ်ရှိအုံးမလားလို့ အောက်အထိတောင်
ဆွဲချကြည့်မိတယ်၊ အရာရာ အဆင်ပြေပါစေ အမရေ။

မငယ်ရေးတဲ့ ဒီဇင်ဘာလေးရဲ့ ကြောင်းကို ဖတ်ရတာ ရောင်နီဦး ဒေါင်းဂွင်၊ ကရင်နီ နေရာလေးတွေ ပြန်ရောက်သွား သလို ခံစားရပြီး ချစ်စရာကောင်းတဲ့ ဒီဇင်ဘာရဲ့ ကလေးဘ၀ စကားတတ်ပုံလေးကို ရယ်လိုက်ရတာ မျက်ရည်ပါကျတယ်။

1 Feb 10, 11:58
kiki: ဒီဇင်ဘာလေး လာကြည့်သွားပါတယ် မငယ်နိုင် ရေ..

1 Feb 10, 12:24
Nee: လာလည်ပါတယ် ဒီဇင်ဘာအကြောင်းဖတ်သွားပါတယ်။

1 Feb 10, 19:30
မြေကြီး: မငယ်..ဒီဇဘာင်္ရဲ့ပုံရိပ်ကိုခံစားသွားပါတယ်။သူလဲတော်လှန်ရေးရဲမေအဖြစ်အသိမှတ်ပြုပါတယ်

1 Feb 10, 20:00
ဒီဇင်လာ: အော်. . .သမီးငယ်ငယ်တုန်းကတော်တော်စကားတတ်တာပဲ . . .ဟဲဟဲ အခုလဲ တတ်တုန်းပဲ. .၁၇ နှစ်နဲ့ မလိုက်အောင်ပြောလွန်းလို့ အကိုကြီးတွေဆိုသိပ်ကြည့်မရဘူး အမေနဲ့ လဲခဏခဏရန်ဖြစ်ရတယ်. . အန်တီငယ်ကိုလဲကျေးဇူးတင်ပါတယ်. .

2 Feb 10, 08:05
Aye Aye Lwin: မငယ်ရေ-အလည်တခေါက်ရောက်ခဲ့ပါတယ်၊ ဒီဇင်ဘာအကြောင်းဖတ်ရင်း ကုန်လွန်ခဲ့တဲ့အချိန်တွေကို ပြန်တွေးမိပါရဲ့၊

2 Feb 10, 16:07
nn: မငယ်နိုင် အရေးကောင်းးး ဒီဇင်ဘာဆိုတဲ့ ကလေးကို ဖဘ မှာ ရှာကြည့်ဦးမှ.. ဘယ်လောက်ချစ်ဖို့ ကောင်းလဲလို့ 

(ဒီဇင်ဘာ ကိုယ်တိုင်နဲ့ စာလာဖတ်သူတွေရဲ့ စာဖတ်ပြီး C-Box မှာ ထားခဲ့တဲ့ မှတ်ချက်တွေကို သိမ်းထားချင်လို့ ကော်ပီကူးထည့်ထားလိုက်ပါတယ်။)

စာလာဖတ်သူများကို ကျေးဇူးတင်ပါတယ်။ အခုမှ အကြောင်းပြန်ဖြစ်တာ ခွင့်လွတ်ကြပါနော့်။

မြတ်လေးငုံကတော့ ဒီဇင့်ဘာ့ အကြောင်းကို ဦးမောင်မောင်ကြီး ပြောပြထားလို့လည်း အတော်အသင့် သိပြီးဖြစ်လိမ့်မယ်ထင်တယ်။

အန်ကယ်နိုင်ရေ ဘ၀က ကြမ်းတော့ ရီစရာတွေ သိပ်မကြုံခဲ့ရဘူး။ ကျွန်မတော့ အဲဒီတုန်းက ရီလိုက်ရတာ အူကိုနာတယ်။

ဌေးငယ်ရေ ဟုတ်တယ် ဒီဇင်ဘာက ငယ်ငယ်တုန်းကလည်း လူကြီးတွေ ကြားထဲကြီးသလို အခုလည်း လူကြီးတွေရဲ့ Face book က စကားဝိုင်းတွေမှာ တခြားကလေးတွေကို မတွေ့ဘဲ သူကိုပဲ တွေ့နေတယ်။

မဆုမွန်နဲ့ မချစ်ကြည်အေးရေ- ကျွန်မက ငယ်ငယ်က ရည်းစားလည်း မထားဖူးတော့ အသည်းလည်း မကွဲဖူးဘူး။ ဒီဇင်ဘာက ကျွန်မကို စိမ်းကားသွားလို့ ခံစားရတဲ့ စိတ်ဝေဒနာမျိုး တခါမှ မကြုံဖူးလို့ အသည်းကွဲတယ်ဆိုတာ ဒါမျိုးပဲဖြစ်မယ်လို့ တကယ်ထင်လိုက်တာ။ တင်စားတာ မဟုတ်ဘူးနော့်။

တောင်ပေါ်သားနှင့် မကေရေ-ကျွန်မက ဒီကလေးမလေးနဲ့ ပြန်တွေ့တဲ့ အမှတ်တရနှင့်အတူ တောတွင်း အတွေ့အကြုံ တချို့ကိုလည်း ဘလော့ဂ် မောင်နှမတွေအတွက် မျှဝေတာပါ။ ပေးချင်တဲ့ Message ကို ရကြတဲ့အတွက် ၀မ်းသာပါတယ်။

ဖြိုးဝေရေ- တကယ် အဖြစ်အပျက် (Facts) တွေပါ။ အရေးအသားကောင်းတယ် ပြောရလောက်အောင် အဖွဲ့အနွဲ့ပါတဲ့ ရသစာ မဟုတ်ဘူးလေ။

ကိုအောင်ရေ ပို့စ်ရှည်သွားလို့ ရပ်လိုက်တာ။ အဲဒီကလေးမလေးအကြောင်းက လုံးခြင်းတအုပ်စာ ရေးမယ်ဆိုရင်တောင် ကုန်မှာမဟုတ်ဘူး။

မမူထွေးရေ- တောက်လျှောက် ဒုက္ခ၊ သုခတွေကို အတူတူ ခံပြီး ဖြတ်သန်းလာရာမှာ ပါခဲ့တဲ့ ဘ၀တူတွေကို ဘယ်လိုမေ့လို့ရမလဲ။ ကျွန်မဘလော့ဂ်က ကျွန်မ၀ မှတ်တမ်းတွေပါ။ ဒီဇင်ဘာ့ကိုမှ မဟုတ်ဘူး အောင်ရဲသူတို့ ရွှေ့ဇင်တို့အပါအ၀င် တခြား ဗဟိုမိသားစုဝင် ကလေးတွေ အားလုံးကိုလည်း အမြဲသတိရနေပြီး သူတို့အကြောင်းကိုလည်း တိုက်ဆိုင်ပြီး အလျဉ်းသင့်လာရင် အမှတ်တရလေးတွေ ရေးပြီး မှတ်တမ်းတင်ဖို့ ရှိပါတယ်။ ဒီဇင်ဘာက အဆောင်သူလည်း ဖြစ်ဖူး ကျွန်မလက်ပေါ်မှာလည်း ကြီးလာသူမို့ သူ့အကြောင်း အရင်တင်လိုက်ပါတယ်။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်၊ နောက်လည်း အမြဲ လာလည်ပါနော့်။

ဒီဇင်ဘာ အကြောင်းလေး ဖတ်ကောင်းပါ၏၊ ပထမတော့ ဧရာဝတီတို့ သံလွင်တို့ တယောက်ယောက် ဒီဇင်ဘာ ဆိုတဲ့ နာမည်နဲ့လား ဆိုပြီး ဖတ်နေတာ နောက်တခါ ပုံတွေနဲ့ သေခြာပြန်စစ် ဖတ်မှ လူလုံး ကွဲသွားတာ။

မမီးငယ်နဲ့ မောင်မိုးကို မျက်စိရှန်းပြီး ကျော်သွားတာ အခုမှ သတိထားမိတယ်လို့ ဆောရီးပဲနော့်။

မမီးငယ်ရေ- ကျွန်မက ကလေးမလေးကို ခေါ်သွားဖို့လုပ်တော့ သူ့အမေတယောက်ကလွဲရင် ကျန်တဲ့သူတွေ အကုန်လုံးက ဒီအရွယ်ကလေးဟာ ညဘက်မှာ အမေနဲ့ခွဲပြီး နေမှာမဟုတ်ဘူး မခေါ်သွားနဲ့လို့ တားပေမဲ့ ကျွန်မက ခေါင်းမာပြီး ခေါ်သွားပြီးမှ သူတို့ပြောတာ မှန်တယ်ဆိုတာ သိရတယ်။

မောင်မိုးရေ - မောင်မိုးတို့လို မျက်နှာမများခဲ့တော့ တယောက်ပဲတွေ့ပြီး ဒီတယောက်နဲ့ပဲ နဖူးစာ ဆုံလိုက်ရလို့ ဒါနဲ့ပတ်သက်ပြီး အတိတ်ဇာတ်ကြောင်း ပြန်ပြောင်း သတိရစရာ ဇာတ်လမ်းတွေ မရှိခဲ့ဘူးလေ။ ဒါပေမဲ့ ဘလော့ဂ်မှာ စာလာဖတ်နေကျသူတွေ မလာတော့ဘဲ ပျောက်ပျောက်သွားရင်တော့ လွမ်းတတ်ပါတယ်။

ကိုဒူကဘာတယောက် ပျောက်နေတာ အခုမှ ပြန်တွေ့ရတယ်။ နိဒါန်းမှာကတည်းက ဒီဇင်ဘာဆိုတာ ကလေးမလေးလို့ ပြောထားတယ်လေ။ စာလာဖတ်ပြီး မှတ်ချက်ထားခဲ့တာ ကျေးဇူးတင်ပါတယ်နော့်။