မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အမျိုးသမီးအခွင့်အရေး

အူဝဲ ဆိုတဲ့အသံနဲ့အတူ မိခင် ဗိုက်ထဲမှ မွေးလာတဲ့ အချိန်မှာ သမီးမိန်းကလေးများနဲ့ သားယေက်ျားလေးများဟာ လွတ်လပ်စွာ တန်းတူ မွေးဖွားလာကြသော်လည်း ပြင်ပလောကကို ရောက်ပြီးမှ မိန်းကလေးတွေဟာ မိသားစု၊ ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအ၀ိုင်း တခုလုံးရဲ့ ဓလေ့ထုံးထမ်းတွေအောက်မှာ ဘောင်တွေခတ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ခြင်းစတာတွေကို ခံလာကြရပြီး အခွင့်အရေးတွေ ဆုံးရှုံးလာကြပါတယ်။ ဒီလို ခွဲခြားခံလာရာကနေ နှိမ့်ကျနေတဲ့ အမျိုးသမီးဘ၀တွေအတွက် အမျိုးသမီး လှုပ်ရှားမှုတွေကြောင့် အမျိုးသမီး အမျိုးသား တန်းတူအခွင့်အရေးတွေ ရရှိလာပြီး ပညာတတ် အမျိုးသမီးတွေအတွက် ယနေ့အချိန်မှာ အမျိုးသမီးမလုပ်ရ (သို့) အမျိုးသမီး မလုပ်နိုင်ဟူသည့် အလုပ် ကမ္ဘာပေါ်မှာ မရှိသလောက် ရှားပါးနေချိန် ဖြစ်သော်လည်း မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာဒေသတချို့ကနိုင်ငံတွေမှာ ပညာတတ် မဟုတ်တဲ့ သာမာန် အမျိုးသမီးများရဲ့ ဘ၀ကား ရှေးယခင်ကနဲ့ မည်သို့မှ ခြားနားခြင်း မရှိဘဲ ဆက်လက်၍ နှိမ့်ကျလျက် ရှိနေဆဲ ဖြစ်ပါတယ်။

 အခုလက်ရှိမှာ အမျိုးသမီးများ ရရှိနေတဲ့ အခွင့်အရေး အားလုံးဟာ အလိုလို နေရင်းထိုင်ရင်း ရလာဖြစ်လာခဲ့ခြင်းမဟုတ်ပါ၊ ကမ္ဘာပေါ်မှာ အမျိုးသမီးလှုပ်ရှားမှု ဆိုတာသာ မပေါ်ပေါက်ခဲ့ပါက ယနေ့ခေတ် အမျိုးသမီးတွေ ရရှိနေတဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ အဆင့်မြင့်ပညာ သင်ကြားပိုင်ခွင့်နှင့် လုပ်ငန်းအသီးသီးမှာ အမျိုးသားများနှင့် လစာတူ၊ အဆင့်တန်းတူ  ပါဝင်ဆောင်ရွက်ခွင့်၊ မဲပေးပိုင်ခွင့်ဆိုတာတွေဟာ အိပ်မက်ပင် မက်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒီအခွင့်အရေးတွေကို ရဖို့အတွက် အရင်ခေတ်က အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်နှင့် ရုရှား စသည့် ကမ္ဘာ့နိုင်ငံအသီးသီးက အမျိုးသမီးတွေဟာ လူမှုအသိုင်းအ၀ိုင်းတခုလုံးရဲ့ တံတွေးခွက်မှာ အမျောခံပြီး တိုက်ပွဲဝင်လာခဲ့ရတယ်။ အမျိုးသမီးတွေရဲ့ ဒီလို ပြင်းထန်တဲ့ အာသီသတွေနဲ့ တောင်းဆို တိုက်ပွဲဝင်လာခဲ့တာကို မိန်းမဟာ မိန်းမလိုမနေဘဲ တန်ရာတန်ရာကို မလုပ်၊ မိမိနဲ့ မအပ်စပ်တာကို တောင်းဆိုရကောင်းလားဆိုပြီး ဘဲဥပုပ်၊ ခရမ်းချဉ်သီးပုပ် အာလူးပုပ်တွေနဲ့ ပစ်ပေါက်ခံရခြင်း၊ ညှင်းဆဲခံခြင်း၊ တံတွေးခွက်ပေါ်မှာ ပက်လက်မျောကာ ပြက်ရယ်ပြုခံလာရပြီးမှ ရတဲ့အခွင့်အရေးတွေ ဆိုတာ ယနေ့ခေတ် အမျိုးသမီး၊ အမျိုးသား အားလုံးကို သိဖို့ လိုအပ်လှပါတယ်။ သူတို့သာ တိုက်ပွဲ မ၀င်လာခဲ့ပါက ကျွန်မလည်း ကွန်ပြူတာပေါ်မှာ အခုချိန်မှာ အခုလို စာထိုင်ရိုက်နေခွင့် ရှိချင်မှ ရှိပါလိမ့်မယ် ဆိုတာ တွေးပြီး အရင်ခေတ်က တိုက်ပွဲဝင်လာခဲ့တဲ့ အမျိုးသမီးတွေရဲ့ ကျေးဇူးကို အောက်မေ့တသမိပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁) အရ “လူသားအားလုံးသည် မွေးဖွားသန့်စင်သည့် အချိန်ကစပြီး တူညီသော လူ့ဂုဏ်သိက္ခာနှင့် တူညီသော လူ့အခွင့်အရေး ရှိကြသည်” လို့ ဆိုပါတယ်။ ဒီ အပိုဒ် (၁) ဟာ ကြေညာစာတမ်း တခုလုံးမှာ ပါတဲ့ အချက် (၃၀) လုံးကို အကျဉ်းချုပ်ထားတယ်လို့ ပြောလို့ရပါတယ်။ စစ်အာရှင်တွေ လက်ညိုးညွန်ရာ ရေဖြစ်နေသော ကျွန်မတို့ မြန်မာ့နိုင်ငံမှာ ဒီလူ့အခွင့်အရေးတွေက အမျိုးသမီးမှာရော အမျိုးသားတွေမှာပါ မရှိတာကို ဘယ်သူမှ ငြင်းနိုင်ပါဘူး။ သို့သော်လည်း အမျိုးသမီးတွေမှာ အခွင့်အရေး ချိုးဖေါက်ခံနေရတယ်လို့ ပြောရင် မြန်မာအမျိုးသမီးတွေက တခြားအမျိုးသမီးတွေနဲ့ စာရင် တော်ပါသေးတယ် ဆိုပြီး အမျိုးသမီးတွေ ကိုယ်တိုင်က ဒီလိုပဲ တင်းတိမ်ရောင့်ရဲပြီး ဖြေသိမ့်တတ်ကြတာကိုလည်း တွေ့ရပါတယ်။ မြန်မာ အမျိုးသမီးတွေမှာ အခွင့်အရေး ဘယ်လောက်ရှိမရှိ ဆိုတာ တိုင်းတာတဲ့ နိုင်းယှဉ်စရာ စံချိန်စံညွှန်းဆိုတာ ခေါင်းမမြှီးခြုံ အိမ်တွင်းပုန်း ကုလားမတွေ၊ တရုတ်မ ခြေသေးတွေနဲ့ မြန်မာပညာတတ် အမျိုးသမီးတွေကြား အခွင့်အရေး ကွာဟမှုကို တိုင်းတာရန်မဟုတ်ပါ။ မြန်မာအမျိုးသမီးထု အများစုကို ကိုယ်စားပြုတဲ့ ကျေးလက်ဒေသ အမျိုးသမီးထုမှာ ရှိတဲ့ အခွင့်အရေးနှင့် ကမ္ဘာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ စံစချိန်စံညွှန်းနဲ့သာလျင် တိုင်းတာရမှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းထဲက အချက်တွေဟာ လူသားအားလုံးအတွက် ဖြစ်ပြီး ဒီအချက်တွေက အမျိုးသမီး အမျိုးသား အားလုံးနဲ့ အကျုံးဝင်ပါတယ်၊ ဒါကြောင့် အမျိုးသမီးအခွင့်အရေးဆိုတာ အထူးသီးသန့် ရှိနေစရာ လိုသေးလားလို့ စောတက တက်သူများလည်း ရှိပါတယ်။ အမျိုးသမီးတွေဟာ လူထဲက လူတွေ ဖြစ်လို့ အဲဒီအခွင့်အရေးတွေဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေး ဆိုတာမှန်ပါတယ်။ သို့ပေမဲ့ ဒီအခွင့်အရေးတွေကို အမျိုးသမီးတွေနဲ့ အမျိုးသားတွေ တန်းတူ ၀င်ဆံ့လို့ မရနိုင်အောင် အမျိုးသမီးတွေမှာ မိရိုးဖလာ ထုံးတမ်းအစဉ်အလာ ရှေးရိုးစွဲအယူအဆအရ အဟန့်အတားတွေ များစွာရှိနေပါတယ် ။ အမျိုးသမီး လှုပ်ရှားမှုဆိုတာ ကမ္ဘာ့သမိုင်းမှာ ပေါ်လာခဲ့လို့ လုပ်ငန်းခွင်တွေ၊ တက္ကသိုလ်တွေမှာ အမျိုးသမီးတွေ ၀င်ဆံ့လာခဲ့လို့ ပညာတတ် အမျိုးသမီးတွေအတွက် အဆင်ပြေလာခဲ့ပေမဲ့ နိုင်ငံအသီးသီးက အထူးသဖြင့်၊ အာရှ၊ အာဖရိကနဲ့ အရှေ့ဥရောပ နိုင်ငံတွေက သာမန်အောက်ခြေ (Grass root) အမျိုးသမီးတွေအတွက်တော့ ရှေးကနှင့် ဘာမှ သိပ်မထူးခြားသလို ဖြစ်နေသေးလို့ ကမ္ဘာ့ကုလသမဂ္ဂက ဒီပြဿနာကို ဖြေရှင်းလာရပါတယ်။

အမျိုးသမီးတွေမှာပဲ ထိခိုက်နှစ်နာစေပြီး အမျိုးသားတွေအတွက် ပြဿနာမရှိတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်တွင်း အကြမ်းဖက်မှုတွေ မိရိုးဖလာအစွဲအလန်းကြောင့် ယုတ်ညံ့သူတွေအဖြစ် အစွပ်စွဲခံနေရတာတွေကို ခံစားနေရတဲ့ သားကောင်တွေက အမျိုးသမီးတွေသာ အများဆုံး ဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်သုံးဆယ်ဟာ အမျိုးသမီးတွေအတွက် လုံလောက်တဲ့ အချက်တွေ မဟုတ်တော့ပဲ နောက်ထပ် သီးသန့် အချက်တွေ လိုအပ်နေတာကိ ဖြေရှင်းဖို့ “အမျိုးသမီးများအား အကြောင်းအမျိုးမျိုးဖြင့် ခွဲခြားထားမှု ပပျောက်ရေး သဘောတူညီချက် Convention on the Elimination of All form of Discrimination Against Women (CEDAW)” ဆိုတဲ့ အမျိုးသမီးကဏ္ဍ အတွက် သီးသန့် စာချုပ်တခုကို ကုလသမဂ္ဂက မွေးထုတ်ခဲ့ပါတယ်။ ဒီစာချုပ်ရဲ့ လိုရင်းချက်ကတော့ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး မရှိအောင် ကန့်သတ်ထားတဲ့ မိရိုးဖလာ ယုံကြည်မှု အစွဲအလန်းတွေကို သက်ဆိုင်ရာ အစိုးရတွေက ဥပဒေတွေ ချမှတ်ပြီး အမျိုးသမီးအခွင့်အရေးကို ချိုးဖေါက်ရာ ရောက်နေတဲ့ အယူအဆအစွဲအလန်း အမှန်သမျှကို ပျောက်ကွယ်အောင် လုပ်ပေးရမယ်ဆိုတဲ့အချက်တွေ ဖြစ်တယ်။ မြန်မာနိုင်ငံဟာ CEDAW စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ဆိုလိုတာက ဒါတွေ လုပ်ပေးပါမယ်လို့ အစိုးရကိုယ်တိုင် လက်မှတ်ထိုးထားပြီးတော့ စာချုပ်ပါအကြောင်းအရာများ အတိုင်း မြန်မာအမျိုးသမီးများ အတွက် အစိုးရက ဘာတခုမှ လုပ်ပေးတာကို မတွေ့ရတဲ့အပြင် အစိုးရစစ်တပ်တွေကိုယ်တိုင်က ရှေ့တန်းဒေသတွေမှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်နေတာကို မကြာခဏ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မြန်မာနိုင်ငံက စစ်မြေပြင်တွေမှာ အမျိုးသမီးများနဲ့ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်များ အတင်းအဓမ္မ ပေါ်တာအဖြစ်ဆွဲခေါ် အသုံးပြုခံရရာကနေ စစ်တပ်ရဲ့ အဓမ္မပြုကျင့်ခံနေရခြင်း၊ လူကုန်ကူးခံရခြင်းရဲ့ သားကောင်များအဖြစ် အိမ်နီးနားချင်း နိုင်ငံများတွင် ပြည့်တန်ဆာအဖြစ် မြန်မာအမျိုးသမီးများ ခန္ဓာကိုယ် ရောင်းစားခံနေရခြင်း၊ ကျေးလက်ဒေသက အမျိုးသမီးများ အိမ်တွင်းမှာ လင်ယောက်ျားဖြစ်သူများရဲ့ ဆိုးရွားစွာ ရက်စက်အကြမ်းဖက်မှုကို ခံနေရခြင်း၊ ပညာမတတ်တဲ့ အသိုင်းအ၀ိုင်း ရပ်ထဲရွာထဲနဲ့ ကျေးလက်ဒေသ လူထုတွေထဲမှာ အမျိုးသမီးမို့ ယုတ်ညံ့သူတွေအဖြစ် အယူရှိနေပြီး မလုပ်ရမကိုင်ရ ကန့်သတ်ချက်တွေ ယနေ့အထိ ရှိသေးခြင်း စသည်တို့ဟာ CEDAW စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး အစိုးရရဲ့ တာဝန်မကျေမှုကို ပြသနေပါတယ်။ CEDAW စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အစိုးရတိုင်းဟာ အယူသီးမှုတွေ အားလုံး အမျိုးသမီးတွေကို ထိခိုက်နစ်နာစေတဲ့ အချက်တွေအားလုံးကို ရှာဖွေစစ်ဆေးဖေါ်ထုတ်ပြီး ဥပဒေအရ တားမြစ်အရေးယူရမှာ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေပြုခြင်း အပါအ၀င် တိုင်းပြည်အုပ်ချုပ်ခြင်းက စစ်တပ်လုပ်ရမည့် အလုပ်မဟုတ်၊ စစ်တပ်ဆိုတာ တိုင်းပြည် ကာကွယ်ဖို့သာဖြစ်တဲ့အတွက် စစ်တပ်ကြီးစိုးတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို လုပ်ပေးနိုင်ဖို့ မျှော်လင့်ချက် မရှိပါဘူး။ ဒါကြောင့် စစ်တပ်ကိုတော့ CEDAW ပါအချက်တွေကို ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုလို့လည်း ထူးမှာမဟုတ်လို့ ကျွန်မ ဘာမှ မတောင်းဆိုလိုပါဘူး။ စစ်ခေါင်းဆောင်တွေကို ပြောလိုတာက စစ်တပ်နဲ့ ဆိုင်တာကိုပဲ လုပ်ပါ။ စစ်တပ်နဲ့ မဆိုင်တဲ့ နိုင်ငံရေးမှာ စစ်တပ်က မဆီမဆိုင် ၀င်လုပ်နေလို့ အရင်က ချမ်းသာတဲ့ မြန်မာပြည်က အခုတော့ ထည်ကြီးပျက် ဖြစ်နေပါပြီ။ နိုင်ငံရေးဆိုတာ ပြည်သူလူထုနဲ့သာ ဆိုင်တဲ့အတွက် ပြည်သူလူထုကို သူ့အလုပ်သူ လုပ်ခွင့်ပေးပါ စစ်တပ်က ကိုယ်နဲ့ မဆိုင်တာကို ဆက်မလုပ်ဘဲ ရပ်တန်က ရပ်ပြီး ပြည်သူလူထု ပြန်လည်ချစ်ခင်လေးစားလာအောင် ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်ပါ ဆိုတာပဲ ပြောချင်ပါတယ်။

သို့သော်လည်း မြန်မာအမျိုးသားတွေကို အထူး တောင်းဆိုလိုတာကတော့ ချက်ပြုတ်ခြင်း၊ လျှော်ဖွပ်ခြင်း ကလေးမွေးပြီး စောင့်ရှောက်ခြင်းတွေကလွဲရင် အခုခေတ် အမျိုးသမီးတွေ လုပ်နေတဲ့ အလုပ်တွေ အားလုံးဟာ အမျိုးသမီးတွေ ဒါတွေကို လုပ်လိုက်ရင် ကမ္ဘာကြီးပဲ ပျက်တော့မည့်အတိုင်း အမျိုးသမီးတွေနဲ့ မတန်၊ မလုပ်ရမကိုင်ရ ဆိုပြီး အရင်ခေတ်က ပြင်းထန်စွာ တားမြစ်ခံလာရတဲ့ အလုပ်တွေသာ ဖြစ်ပါတယ်၊ အခု ဒီအလုပ်တွေကို အမျိုးသမီးတွေ လုပ်လာကြတော့ လုပ်အားတွေ တိုးလာပြီး လူ့အဖွဲ့အစည်းကြီးက ပိုပြီးတိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့်မို့ ရှေးရိုးစွဲတွေကို သိပ်မထားကြဘဲ မိမိတို့ရဲ့ ဇနီးမယားတွေ၊ သမီး၊ မြေးတွေ၊ တူမတွေက စိတ်ဝင်စားတဲ့ အိမ်ပြင်ပ အလုပ်တွေကို အမျိုးသားတွေက မကန့်ကွက်ဘဲ ပါရမီဖြည့်ပြီး အားပေးကြဖို့ ကျွန်မ တိုက်တွန်းချင်ပါတယ်။ အမျိုးသမီးတွေကိုလည်း မိမိတို့ရဲ့ နှိမ့်ကျနေတဲ့ အခန်းကဏ္ဍကို မြှင့်တင်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းပါတယ်။

ခေတ်အဆက်ဆက်က အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်လာခဲ့တဲ့ အမျိုးသမီးများ၊ လက်ရှိမှာ အမျိုးသမီးများရဲ့ ဘ၀တိုးတက်ရေးအနှင့် အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူများ အားလုံး၊ ဒီနေ့ကျရောက်သော မတ်လ (၈) ရက်နေ့ နိုင်ငံတကာ အမျိုးသမီးများနေ့နှင့် လာမည့် ဇွန်လ (၁၉) ရက်နေ့မှာ ကျရောက်မည့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို ဒီပို့စ်နဲ့အတူ ဂုဏ်ပြုလိုက်ပါတယ်။

အမျိုးသမီးထုဘ၀ တိုးတက်မြင့်မားရေးသို့ ရှေ့ရှုလျက်

လွန်ခဲ့တဲ့ သုံးနှစ် (8/03/10) ရက် 3:33PM မှာ တင်ခဲ့တဲ့ပို့စ်ကို ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အပေါ်ခဏ ပြန်တင်ထားပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

26 comments:

မမရဲ့ ပိုစ့်လေးကို တစ်ခါ မက ပြန်ဖတ်မိပါတယ်။ သေချာဖတ်မှ ပိုပြီး နားလည် သဘောပေါက်လာတယ်။ အများသောအားဖြင့် ညီမတို့ တိုင်းပြည်မှ မိရိုးဖလာ အစွဲတွေကြောင့် အမျိုးသမီးတွေ အနှိမ်ခံရသလို အုပ်ချုပ်သူတွေ ကိုယ်တိုင်ကလည်း မသိကျိုးကျွန်ပြုနေကြတာ တွေ့ရတယ်နော်။ အမျိုးသမီးတွေကိုယ်စား ကျေးဇူးတင်ပါတယ် အမငယ်။

ခင်မင်လေးစားလျှက်

ဗုဒ္ဒဘာသာမှာ အမျိုးသမီးတွေကိုမနှိမ့်ချပါဘူးမငယ်ရယ်..ရဟန္တာထေရီတွေထင်ရှားရှိပါတယ်၊ ဒါပေမဲ့ အရှေ့တိုင်းရဲ့အင်အားကြီးတရုတ်နဲ့အိန္ဒိယက ယဉ်ကျေးမှုတွေလွှမ်းမိုးခံရတော့ .....

ဒီအခွင့်အရေးတွေ ရဖို့  အများကြီး လုပ်ဆောင်ရဦးမယ်လို့  ကျွန်တော်မြင်မိတယ်
တစ်ချို့ နိုင်ငံတွေ အခုထိ ခွဲခြားထားတုန်းပဲ
အမြင်ကျဉ်းနေကြသေးတယ်
မငယ် အနေနဲ့  တက်နိုင်သလောက် ဖြန့် ဝေပေးတာ ကျေးဇူးတင်ပါတယ်ဗျာ

အမြင်ကျဉ်းမြောင်းတဲ့သူတွေကမ္ဘာအနှံ့အပြားမှာအများကြီးရှိနေသေးတယ်..အစ်မ။

ဒါကို နားမလည်တဲ့ အမျိုးသားတော်တော် များများ အထူးသဖြင့် ပညာမဲ့ပြီး အမျိုးသမီးတွေဟာ သူတို့ စိတ်ဆန္ဒဖြည့်ဆည်းဖို့ သက်သက် လူဖြစ်လာတာလို့ အယူရှိနေကြတာတွေ၊ ရှေးကျတဲ့ တရုတ်လူမျိုး တွေဆိုရင် ချွေးမဖြစ်သူ မိန်းကလေးဟာ ကလေး မွေးပေးရုံ၊ မီးဖိုချောင်ဝင်ရုံလောက် ပဲလို့ ခံယူ ကျင့်သုံးနေကြတာတွေ ခုထိ ရှိနေတုန်းပဲလေ....

ကျမ ဖြည့်ချင်တာလေး ရှိသေးလို့ပါ၊ ပညာရှိတဲ့ တချို့ အမျိုးသားတွေမှာလည်း အဲဒီလို စိတ်ထားတွေ ရှိနေတတ်ကြတော့ ပညာမဲ့တာ ရှိတာထက် စိတ်ဓါတ်အခြေခံနဲ့ပဲ ဆိုင်မယ်ထင်ပါတယ်ရှင်...:)

မြန်မာနိုင်ငံမှာတော့ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရကြပါတယ်။ ယေဘုယျအားဖြင့်ပေါ့လေ။ တစ်ချို့ဒေသတွေမှာတော့ ရိုးရာဓလေ့အရိုးစွဲမှုတွေတော့ရှိနေတုန်းပါပဲ။ ကျန်တဲ့ဟာတွေတော့မသိဘူး။ မိန်းမတွေ တန်းတူရမရတော့မသိဘူး ကျွန်တော်ကတော့ မိန်းမကို ကြောက်နေရတယ်။ ဟဲ..ဟဲ။

အမရေ မသိသေးတာတွေ သိရလို့ ကျေးဇူးပါ၊ အမျိုးသမီးများနေ့မှာ အမျိုးသမီးတိုင်း ပျော်ရွှင်ပါစေ။

တခြားနိုင်ငံတွေကို ရှည်ရှည်ဝေးဝေးတောင် ကြည့်စရာမလိုဘူးလို့ ထင်မိပါတယ်။
ခု မြန်မာနိုင်ငံအတွင်းမှာပဲ “အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း” ဆိုတာကြီး တခမ်းတနားတည်ထောင်ထားပြီး ပုဝါတကားကားနဲ့  ကတော် အမျိုးသမီးကြီးတွေ ဆိုတာ ကလည်း ကိုယ့်လူမျိုးတူ ဘာသာတူ အမျိုးသမီးတွေရဲ့  အခွင့်အရေးအတွက် ဘာတွေများ စောင့်ရှောက် လုပ်ဆောင်ပေးနေကြသလည်း ဆိုတာ စဉ်းစားလို့တောင် မရပါဘူး မငယ်နိင်ရေ ... ။

ပုခက်လွှဲသောလက်က ကမ္ဘာကို လွှမ်းမိုးနိုင်ရမယ် ဆိုတဲ့ ကြွေးကြော်ချက်ဟာ မြန်မာအမျိုးသမီးတွေ အတွက် ဘယ်တော့မှ အကြုံးဝင်ပါ့မလည်း ...

စဉ်းစားသွားတယ်

ပို့စ်တင်ပြီး ကျောင်းသွားတယ်။ ကျောင်းကပြန် ညဘက်အလုပ်သွား၊ အလုပ်ကပြန်အိပ်၊ အိပ်ရာထပြီးမှ စာလဖတ်သူတွေကို ပြန်နှုတ်ဆက် အကြောင်းပန်ဖို့ အချိန်ရလို့ နောက်ကျသွားတာ အားလုံးကို တောင်းပန်ပါတယ်။ စာလာဖတ်ပြီး ဆွေးနွေးသူ၊ မှတ်ချက်ပေးသွားသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

ဒဏ္ဍာရီရေ အုပ်ချုပ်သူတွေက စစ်သားတွေ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ တိုင်းပြည် အုပ်ချုပ်နေတော့ ဒီလိုပဲ ရှိပါတယ်။

မောင်မိုးရေ ဥပဒေအရတော့ ခွဲခြားကန့်သတ်ထားတာ မရှိပါဘူး ဒပေမဲ့ မိရိုးဖလာအရ ခွဲခြားသတ်မှတ်ထားတာကိုလည်း မျက်ကွယ်ပြုလို့ မရပါဘူး။ မောင်မိုးရဲ့ မဟေသီအတွက်တော့ ဂုဏ်ယူပါတယ်နော့်။

အန်ကယ်နိုင် ဘုရားလက်ထက်ကတော့ ခွဲခြားမှု မရှိတာ ဟုတ်တယ် ပြည့်တန်ဆာမ သီရိမာကိုယ်တိုင် ဆွမ်းကပ်တာတောင် ဘုရားက လက်ခံခဲ့ပေမဲ့ အခုခေတ်တေ့ သီလသမာဓိ ဆောက်တည်နေတဲ့ ဂုဏ်သရေရှိ မိန်းမတွေတောင် တက်လို့မရတဲ့ စေတီတချို့ မြန်မာပြည်မှာ ရှိတာ အန်ကယ်နိုင်သ သတိထားမိရင် တန်းတူတယ်ဆိုတာ ပြောမှာမဟုတ်ဘူး။

မချစ်ကြည်အေး၊ AATO, Andrewနဲ့ ကိကိ ပြောတာတွေလည်း တကယ်ဖြစ်နေတာ အမှန်ပဲ။

ဒဏ္ဍာရီ၊ ကိုအောင် လှိုင်တို့ရဲ့ အားပေးမှုအတွက် ကျေးဇူးပါ။

အာရပ် နိင်တွေဆ်ီမှာတော့ အမျိုးသမီး အခွင့် အရေးက တော်တော် ဆုံးရှုံးတာ ဖတ်ရပါတယ်။
ကျနော်ကတော့ ကျနော်တို့အားလုံးရဲ့ အလင်းရောင် အမျိုးသမီးကြီးကို အမြန်ဆုံး လွတ်မြောက်စေချင်ပါတယ်။

မြစ်ကျိုးအင်းရေ အာရပ်နိုင်ငံတွေက မူစလင် အမျိုးသမီးတွေအတွက်က သူတို့ဘုရားက ဒီလိုပဲ ဟောထားလို့ သူတို့ကိုယ်တိုင်က ဒါကို ဟုတ်တယ်လို့ ကြည်ကြည်ဖြူဖြူလက်ခံပြီး ချိုးနှိပ်ခံနေရတာ ဖြစ်တော့ တော်တာပေါ့။ မြန်မာတွေမှာ မိန်းမတွေကို ချိုးနှိပ်တာက ဘုရားလည်း ဟောထားတာ မရှိဘဲ ဘုရားဟောလိုလို ဘာလိုလိုနဲ့ လုပ်နေတာ ဗုဒ္ဓဘာသာကို တခြားဘာသာတွေက အထင်သေးစရာလည်း ဖြစ်တယ်၊ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့လည်း ယုတ်ညံ့သူတွေအဖြစ် အစွပ်စွဲ ခံနေရတယ်။

ကောင်းလိုက်တဲ့ပိုစ့်ဗျာ...
ဟုတ်တယ်...
အမျိုးသမီးတွေ မိမိတို့ရဲ့ နှိမ့်ကျနေတဲ့ အခန်းကဏ္ဍကို မြှင့်တင်နိုင်အောင် ကြိုးစားကြဖို့ တကယ်လိုအပ်ပါတယ်။
တန်ဖိုးရှိတဲ့ ပိုစ့်လေးအတွက်...ကျေးဇူးကြီးကြီးနော် မကြီးနိုင်ရေ..

I LIKE THIS POST. IF YOU CAN CHANGE HERE,
ကုလားမတွေ၊ တရုတ်မ ခြေသေးတွေနဲ့ WILL BE PERFECT.

TODAY, WE NEED TO BUILT UNITY AMONG IN BURMESE. THE ABOVE WORDS HARD THEM FOR MANY CENTURY.

RESPECT EACH OTHER IS THE BEST.

အမည်မဖေါ်လိုသူ အကြံပြုပေးတဲ့ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ ဆိုလိုတဲ့ သဘောကိုလည်း ရှင်းပြချင်ပါတယ်။ ဗမာတွေက ပါ့ကညောကို ကရင်၊ ခွန်ထိုင်းကို ယိုးဒယား၊ Turkey ကို တူရဂီ၊ Frank ကို ပြင်သစ် စသည်ဖြင့် ခေါ်ကြပါတယ်။ အခုရေးထားတာဟာလည်း ဗမာလိုနဲ့ စာရေးတော့ ဗမာအခေါ်ကိုပဲ သုံးရတာဖြစ်တယ်။ အင်္ဂလိပ်လို တင်တဲ့ပို့စ်ဆိုရင်တော့ Indian women and Chinese women လို့ရေးမှာဖြစ်တယ်။ ဒါကြောင့်မို့ အမည်နာမတွေကို ဗမာလို ခေါ်တာကလွဲပြီး တခြား ချိုးနှိမ်လိုတဲ့ သဘောမပါဘူး ဆိုတာကိုတော့ နားလည်စေချင်ပါတယ်။

အမရေ

စေတီပေါ် မိန်းကလေးတွေ တက်လို့ မရဘူးဆိုတာကို နည်းနည်းလေး ရှင်းချင်ပါတယ်။ အဲတာ ဘုရား ကန့်သတ်ထားတာလည်း မဟုတ်ပါဘူးဗျာ။ ဂေါပက ကလည်း အာဏာ တမင်ပြပြီး တားမြစ်တာလည်း မဟုတ်ပါဘူး။ စေတီပုထိုးကို စောင့်ရှောက်တဲ့ မမြင်အပ်တဲ့ နတ်ဒေ၀တာများ ခွင့်မပြုတာ ဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

ဥပမာ - ကျိုက်ထီးရိုး ဘုရားသွားတုန်းက ကျနော် ကြုံဖူးတာလေး ပြောချင်ပါတယ်။ ယောင်္ကျားစိတ်ပေါက်နေတဲ့ မိန်းမတယောက်က ယောင်္ကျားလို ၀တ်စားပြီး ဘုရားဖက်သွားတဲ့ တံတားကို ဖြတ်ဖို့ လုပ်ရုံရှိပါသေးတယ်။ အခါမဟုတ် လေကြီးမိုးကြီးတွေကျလို့ ပွဲပေးပြီး တောင်းပန်ရတာ ကျနော်ကိုယ်တိုင် ကြုံဖူးပါတယ်။ အဲတာလေး တစ်ခုတော့ ရှင်းပြချင်ပါတယ်။ ကျနော်တို့ ဘာသာက အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းမရှိပါ။ တခါတရံ မမြင်ရတဲ့ စွမ်းအင်တွေကိုလည်း မေ့ထားလို့ မရပါ။

ကျွန်တော်ခြင်္သေ့ပြောချင်ပါတယ်၊အတိုက်အခံလုပ်ချင်း
မဟုတ်ပါ။ထင်မြင်ချက်များမတိုက်ဆိုင်သည်များကိုဖွင့်ဟ
ခြင်းဖြစ်ပါသည်။ကျွန်တော်တို့မြန်မာနိုင်ငံတော်မှာအမျိုးသမီး
တွေကိုမဖိနှိပ်မချုပ်ချယ်ထားပါဘူး၊မြန်မာ့အမျိုးသမီးများ
ဟာဘာပဲပြောပြောတခြားသောနိုင်ငံတွေထက်စာရင်အခွင့်
အရေးပိုကြပါတယ်။နောက်တစ်ခုကအမျိုးသား၊အမျိုးသမီး
တန်းတူဆိုတာမဖြစ်နိုင်ပါဘူး၊ယောကျားသားတွေလုပ်သလို
မိန်းမတွေလုပ်မယ်ဆိုရင်..အရပ်စကားပဲပြောတာပေါ့..
ယောကျားတွေဟာဗိုက်မကြီးလာဘူး၊ရိုင်းသွားရင်ခွင့်လွတ်
ပါ။နောက်တစ်ခု..မြန်မာပြည်ကဘုရားစေတီပုထိုး
တော်တော်များများကိုမိန်းမတွေမတက်ရဆိုတာဘယ်သူမှ
မသက်မှတ်ထားပါဘူး၊နိုင်ငံတော်လူကြီးတွေလဲမသတ်
မှတ်ထားပါဘူး၊ဂေါပကလူကြီးတွေလဲမသတ်မှတ်ထား
ပါဘူး၊Anonymous ပြောသလိုပဲ မမြင်အပ်တဲ့
နတ်ဒေ၀ါတွေမကြိုက်နှစ်သက်တာပါ။ကြည့်ရတာအမ
ကမြန်မာပြည်မှာသေချာမနေဘူးဘူးထင်တယ်၊အဲလို
ဘုရားတွေမှာတားမြစ်မတက်ရနေရာတွေကိုအမမယုံရင်
သွားတက်ကြည့်ပါလား ဘာတွေဖြစ်လာမလဲဆိုတာ..
စစ်အစိုးကလာဖမ်းမှာမဟုတ်ဘူးနော်...ထားပါ..
မဗေဒါဘလော့မှာဝင်ဖတ်ဖြစ်တယ်၊
http://mabaydar8888.blogspot.com/
ဒီဘလော့ပုံစံကမဗေဒါဘလော့ပုံစံနဲ့တူလို့ဝင်ဖတ်
ရင်းတချို့ရေးသောစာတွေဟာအရမ်းကိုတဖတ်စွန်း
ရောက်နေတယ်။ကျွန်တော်တို့ကစာဖတ်ဝါသနာရှင်
တွေ။ဒီလိုကိုယ်ဖတ်တဲ့စာပေအပေါ်မှာတဖက်စွန်းကျကျ
ရေးသားထားရင်ဝေဖန်ခွင့်ရှီတယ်။ဒါကြောင့်ပါ။ဘယ်လို
မှသဘောမထားစေချင်ဘူး၊ကျွန်တော်အမေလဲမိန်းမပါပဲ
မိန်းမတွေကိုကျွန်တော်ကိုယ်တိုင်လဲမနှိမ့်ချပါဘူး။
မိန်းမတွေတော်တော်များများယောကျားတွေနဲ့ရင်ဘောင်
တန်းလုပ်နိုင်တာရှေးယခင်ထဲကပါ၊မြန်မာပြည်တပါးကျွန်
ဘ၀ရောက်တော့အင်္ဂလိပ်ကိုစပြီးတော်လှန်တာဟာ
အမတို့သိတဲ့ဗိုလ်မြတ်ထွန်းမဟုတ်ဘူး၊အမျိုးသမီး
ခေါင်းဆောင်ပါ၊ သီပေါမင်းရဲ့မိဖုရားငယ် ပင်းခင်ခင်
ဆိုတာအမတို့သိချင်မှသိမယ်၊ ထိုပင်းခင်ခင်ဆိုတဲ့
အမျိးသမီးကစတင်တော်လှန်တိုက်ခိုက်ခဲ့တာအထင်
အရှားပါ၊ ကျွန်တော်အမတို့ဘလော့မှာစာဖတ်ပရိသတ်
ပါ။ဒါပေမယ့်တဖတ်စွန်းကျတဲ့စာမျိုးဆိုရင်တော့
ဝေဖန်ခွင့်ကျွန်တော်မှာအပြည့်အ၀ရှိပါတယ်။
ခွင့်လွတ်စေချင်ပါတယ်။
ခြင်္သေ့
ကျွန်တော်အီးမေးကိုမေးပို့ပြီးပြန်လည်ဝေဖန်နိုင်ပါတယ်။

မဗေဒါဘလော့မှာဝင်ဖတ်ဖြစ်တယ်၊
http://mabaydar8888.blogspot.com/
ဒီဘလော့ပုံစံကမဗေဒါဘလော့ပုံစံနဲ့တူလို့ဝင်ဖတ်
ရင်းတချို့ရေးသောစာတွေဟာအရမ်းကိုတဖတ်စွန်း
ရောက်နေတယ်။ကျွန်တော်တို့ကစာဖတ်ဝါသနာရှင်
တွေ။ဒီလိုကိုယ်ဖတ်တဲ့စာပေအပေါ်မှာတဖက်စွန်းကျကျ
ရေးသားထားရင်ဝေဖန်ခွင့်ရှီတယ်။ဒါကြောင့်ပါ။ဘယ်လို
မှသဘောမထားစေချင်ဘူး၊ကျွန်တော်အမေလဲမိန်းမပါပဲ
မိန်းမတွေကိုကျွန်တော်ကိုယ်တိုင်လဲမနှိမ့်ချပါဘူး။
မိန်းမတွေတော်တော်များများယောကျားတွေနဲ့ရင်ဘောင်
တန်းလုပ်နိုင်တာရှေးယခင်ထဲကပါ၊မြန်မာပြည်တပါးကျွန်
ဘ၀ရောက်တော့အင်္ဂလိပ်ကိုစပြီးတော်လှန်တာဟာ
အမတို့သိတဲ့ဗိုလ်မြတ်ထွန်းမဟုတ်ဘူး၊အမျိုးသမီး
ခေါင်းဆောင်ပါ၊ သီပေါမင်းရဲ့မိဖုရားငယ် ပင်းခင်ခင်
ဆိုတာအမတို့သိချင်မှသိမယ်၊ ထိုပင်းခင်ခင်ဆိုတဲ့
အမျိးသမီးကစတင်တော်လှန်တိုက်ခိုက်ခဲ့တာအထင်
အရှားပါ၊ ကျွန်တော်အမတို့ဘလော့မှာစာဖတ်ပရိသတ်
ပါ။ဒါပေမယ့်တဖတ်စွန်းကျတဲ့စာမျိုးဆိုရင်တော့
ဝေဖန်ခွင့်ကျွန်တော်မှာအပြည့်အ၀ရှိပါတယ်။
ခွင့်လွတ်စေချင်ပါတယ်။
ခြင်္သေ့
ကျွန်တော်အီးမေးကိုမေးပို့ပြီးပြန်လည်ဝေဖန်နိုင်ပါတယ်။

ခြင်္သေ့ရေ ကျွန်မဘလော့ဂ်မှာ အမြင်မတူလည်း ကောင်းကောင်းမွန်မွန် ဆွေးနွေးရင် အကုန်လုံးကို ခွင့်ပြုပါတယ်။ ဘလော့ဂ်ကို အမှိုက်ပုံဖြစ်အောင် လာလုပ်တာကိုပဲ ခွင့်မပြုတာ ဖြစ်တယ်။ ပြန်ဆွေးနွေးလို့ အကျိုးရှိမယ် ထင်ရတဲ့မှတ်ချက်တွေကို အကျိုးသင့် အကြောင်းသင့် ပြန်ဆွေးနွေးပေးပါတယ်။ အကျိုးမရှိဘူးထင်တာကိုတော့ ထားလိုက်ပါတယ်။ တဘက်စောင်းနင်းဖြစ်နေတာကို ဘယ်နေရာမှာ ဘယ်လို ဖြစ်နေတယ်ဆိုတာကို တိတိကျကျ ပြောရင် တိတိကျကျ ပြန်ဆွေးနွေးပေးလို့ရပါတယ်။ အခု ခြင်္သေ့ပြောသွားတာနဲ့ ပတ်သက်ပြီး ခြင်္သေ့သိသလောက်နဲ့ ဒီလိုပဲ ထင်လို့ဒီလိုပဲ ယုံကြည်ပြီး ဒီလိုပြောတယ်လို့ပဲ သတ်မှတ်တယ်။ လူတယောက်က ဒီလိုယုံကြည်နေတာကို တခြားလူတယောက်က ၀င်ပြီးပြောင်းပေးလို့မရဘူး ဒီလူကိုယ်တိုင်က ပိုလေ့လာပြီး တကယ်နားလည်သွားမှပဲ ဖြစ်တယ်။ ဒါကြောင့် ကျွန်မ ဘာမှ မပြောလိုဘူး ကျွန်မပို့စ်မှာ ရေးထားတဲ့အချက်အလက်တွေက လုံလောက်ပါတယ်။ အသေးစိတ်ချက်တွေထဲက ဘာကမဟုတ်ဘူးဆိုတာ ထောက်လာမှပဲ ပြန်ပြောစရာ ရှိပါတယ်။ တဘက်စောင်းနင်းထင်တာကို ယဉ်ယဉ်ကျေးကျေးနဲ့ ထောက်ပြပေးလို့ရပါတယ်။ သဘောထားကွဲလွဲမှုကို ကျွန်မ လက်ခံပါတယ်။ မှတ်ချက်အများဆုံး ပို့စ်တွေကို လိုက်ကြည့်လိုက်ပါ။ သဘောထားတူသူနဲ့ မတူသူ ဘယ်သူက ပိုများလဲဆိုတာ။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။

အပေါ်က ခြင်္သေ့ပြောထားတဲ့ (July 21, 2010 12:59 AM) မှတ်ချက်မှာ တဖက်စောင်းနင်းနိုင်တယ်လို့ http://mabaydar8888.blogspot.com/ အဲဒီဘလော့ဂ်အကြောင်းကို ပြောထားတာကို ကျွန်မ ဘလော့ဂ်အကြောင်းကို ပြောတယ်ထင်လို့ ပြန်ပြောထားတာတွေ တချို့ပါတယ်။ အဲဒါကိုလည်း ကျွန်မသူငယ်ချင်း မဗေဒါ (၈၈) ရဲ့ ဘလော့ဂ်လိပ်စာထင်နေတာ အခုမှ သေသေချာချာ ကြည့်မိတယ်။ အဲဒါဘာမှမဆိုင်ဘူး ကျွန်မသူငယ်ချင်း မဗေဒါ (၈၈) ကို အမြင်ကပ်တဲ့ ရုရှားရောက် မသမာကောင်တချို့က လုပ်ထားတဲ့ ဘလော့ဂ်ဖြစ်ပုံရတယ်။ ခြင်္သေ့ရေ ဘာသဘောနဲ့ ရေးထားတယ်ဆိုတာ ကြည့်လိုက်ရင် အသိသာကြီးပါ။ ဒီလောက် အောက်တန်းကျပြီး ညစ်ပတ်စုတ်ပြတ် မဖွယ်မရာ ရေးထားတာကို ဘယ်အမျိုးသမီးတယောက်က ရေးမှာလဲ။ အဲဒီဘလော့ဂ်နဲ့ မဗေဒါ (၈၈) နဲ့ ဘာမှမပတ်သက်ပါဘူး၊ အဲဒီမှာ ရေးထားတဲ့ မဖွယ်မရာတွေဟာ အမျိုးသမီးအခွင့်အရေးကိုလည်း ကိုယ်စားမပြုဘူးဆိုတာ အကြောင်းပြန်လိုက်တယ်။

ကျွန်တော်အမြင်နဲ့ ပြောရမယ်ဆိုရင် တော့ဗျာ မြန်မာနိုင်ငံမှာ မိန်းမတစ်ယောက်ဖြစ်တယ့် အတွက် ခွဲခြားမှုဆိုတာ ဥပဒေအားပေးမှု တစ်ခုအနေနဲ့ အရင်ကတဲက မရှိဘူးလို့ထင်မိတာပဲ။ လူတွေကသာ မိရိုးဖလာ ယုံကြည်မှုတွေနဲ့ မိန်းမဆိုတာ ဘယ်လိုနေရတယ်၊ ဘယ်လိုလုပ်ကိုင်ရတယ် ဆိုပြီးတော့ သက်မှတ်ခဲ့ကြတယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ မိန်းမတစ်ယောက်ဖြစ်တယ့် အတွက် အခွင့်အလမ်းတွေ အခွင့်အရေးတွေ ပိတ်ပင်သွားခြင်း၊ ပွဲမတိုးခြင်းဆိုတာ အရင်ကတဲက မရှိတာကတော့ သေချာပါတယ်။ တကယ်တော့ ခတ်တာက (ကျွန်တော့် အမြင်ပါ ဒါက) ခုခေတ်မိန်းမတွေက equal rights ထက် special rights ကိုဆိုပြီး ပိုလိုချင်နေကြတယ်လို့ မြင်မိပါတယ်။
တကယ်လို့ ယောက်ျားမိန်းမ တန်းတူအခွင့်အရေးရရင် ဘာလို့ တရားရုံးတွေမှာ အမှုတွေကို ယောက်ျားမိန်းမတန်းတူ ဆုံးဖြတ်မပေးပဲ မိန်းမကိုပိုပြီး လျှော့ပေါ့ပေးလဲ။ ယောက်ျားနဲ့ မိန်းမ ကတောက်ကစဖြစ်တိုင်း ဘာလို့ ယောက်ျားကို ပဲ အပြစ်လုပ်မိခဲ့တယ့် သားကောင်အနေနဲ့ ၀ိုင်းပြီး သတ်မှတ်ကြလဲ။
ကျွန်တော်အထင်တော့ လူဖြစ်လာရင် အားလုံးလူဖြစ်တယ့်အတွက် လူ့အခွင့်အရေးကို တန်းတူရစေချင်တယ်၊ ယောက်ျားဖြစ်လို့ အခွင့် အရေးပိုရတာမျိုး၊ မိန်းမဖြစ်တယ့် အတွက် ပေါ့လျော့စဉ်းစားပေးတာမျိုးကို မရှိစေချင်ဘူး။ ရှိလိုက်ရင်လည်း အချိန်ကြာလာတာနဲ့ အမျှ ဒီအခွင့်အရေးတွေကို မှားယွင်းစွာ ကိုယ်ကျိုးအတွက် အသုံးချမိကြမယ်လို့ ထင်မိတာပဲ

Kenny ပြောထားတဲ့အချက်နဲ့ ပတ်သက်ပြီး ပို့စ်ထဲမှာ ကျွန်မ ပြောထားတာ ပါပြီးသားပါ။ အောက်က နှစ်ပိုဒ်ကို ပြန်ဖတ်ကြည့်စေချင်တယ်။ ပို့စ်တခုလုံးကို တခေါက်ပြန်ဖတ်ကြည့်လိုက်ရင်တော့ အကောင်းဆုံးပါပဲ။ ကျွန်မ ဆိုလိုတာကို မရှင်းလင်းသေးရင် ဆက်လက် ဆွေးနွေးနိုင်ပါတယ်။


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းထဲက အချက်တွေဟာ လူသားအားလုံးအတွက် ဖြစ်ပြီး ဒီအချက်တွေက အမျိုးသမီး အမျိုးသား အားလုံးနဲ့ အကျုံးဝင်ပါတယ်၊ ဒါကြောင့် အမျိုးသမီးအခွင့်အရေးဆိုတာ အထူးသီးသန့် ရှိနေစရာ လိုသေးလားလို့ စောတက တက်သူများလည်း ရှိပါတယ်။ အမျိုးသမီးတွေဟာ လူထဲက လူတွေ ဖြစ်လို့ အဲဒီအခွင့်အရေးတွေဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေး ဆိုတာမှန်ပါတယ်။ သို့ပေမဲ့ ဒီအခွင့်အရေးတွေကို အမျိုးသမီးတွေနဲ့ အမျိုးသားတွေ တန်းတူ ၀င်ဆံ့လို့ မရနိုင်အောင် အမျိုးသမီးတွေမှာ မိရိုးဖလာ ထုံးတမ်းအစဉ်အလာ ရှေးရိုးစွဲအယူအဆအရ အဟန့်အတားတွေ များစွာရှိနေပါတယ် ။ အမျိုးသမီး လှုပ်ရှားမှုဆိုတာ ကမ္ဘာ့သမိုင်းမှာ ပေါ်လာခဲ့လို့ လုပ်ငန်းခွင်တွေ၊ တက္ကသိုလ်တွေမှာ အမျိုးသမီးတွေ ၀င်ဆံ့လာခဲ့လို့ ပညာတတ် အမျိုးသမီးတွေအတွက် အဆင်ပြေလာခဲ့ပေမဲ့ နိုင်ငံအသီးသီးက အထူးသဖြင့်၊ အာရှ၊ အာဖရိကနဲ့ အရှေ့ဥရောပ နိုင်ငံတွေက သာမန်အောက်ခြေ (Grass root) အမျိုးသမီးတွေအတွက်တော့ ရှေးကနှင့် ဘာမှ သိပ်မထူးခြားသလို ဖြစ်နေသေးလို့ ကမ္ဘာ့ကုလသမဂ္ဂက ဒီပြဿနာကို ဖြေရှင်းလာရပါတယ်။


အမျိုးသမီးတွေမှာပဲ ထိခိုက်နှစ်နာစေပြီး အမျိုးသားတွေအတွက် ပြဿနာမရှိတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်တွင်း အကြမ်းဖက်မှုတွေ မိရိုးဖလာအစွဲအလန်းကြောင့် ယုတ်ညံ့သူတွေအဖြစ် အစွပ်စွဲခံနေရတာတွေကို ခံစားနေရတဲ့ သားကောင်တွေက အမျိုးသမီးတွေသာ အများဆုံး ဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်သုံးဆယ်ဟာ အမျိုးသမီးတွေအတွက် လုံလောက်တဲ့ အချက်တွေ မဟုတ်တော့ပဲ နောက်ထပ် သီးသန့် အချက်တွေ လိုအပ်နေတာကိ ဖြေရှင်းဖို့ “အမျိုးသမီးများအား အကြောင်းအမျိုးမျိုးဖြင့် ခွဲခြားထားမှု ပပျောက်ရေး သဘောတူညီချက် Convention on the Elimination of All form of Discrimination Against Women (CEDAW)” ဆိုတဲ့ အမျိုးသမီးကဏ္ဍ အတွက် သီးသန့် စာချုပ်တခုကို ကုလသမဂ္ဂက မွေးထုတ်ခဲ့ပါတယ်။ ဒီစာချုပ်ရဲ့ လိုရင်းချက်ကတော့ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး မရှိအောင် ကန့်သတ်ထားတဲ့ မိရိုးဖလာ ယုံကြည်မှု အစွဲအလန်းတွေကို သက်ဆိုင်ရာ အစိုးရတွေက ဥပဒေတွေ ချမှတ်ပြီး အမျိုးသမီးအခွင့်အရေးကို ချိုးဖေါက်ရာ ရောက်နေတဲ့ အယူအဆအစွဲအလန်း အမှန်သမျှကို ပျောက်ကွယ်အောင် လုပ်ပေးရမယ်ဆိုတဲ့အချက်တွေ ဖြစ်တယ်။ြ

တော်ပါတော့

မမနိုင် ဒီပို့ကို ရှယ်ခွင့်ပေးပါ လို့်တောင်းဆိုချင်ပါတယ် ခင်ဗျာ...

ရပါတယ်
ရေးသူနာမည်နဲ့ ဘယ်ကကူးလာတယ်ဆိုတဲ့ ဘလော့ဂ်လိပ်စာထည့်ပေးရင် ဘယ်သူမဆို ဒီဘလော့ဂ်မှာ ရှိတဲ့ပို့စ်တွေကို ပြန်လည် ဖေါ်ပြလို့ ရပါတယ်။