စစ်ကြောင်းထွက်လို့ သွားလိုတဲ့ နေရာ မရောက်ခင် ကရင်ရွာတရွာမှာ ကျွန်မတို့ စစ်ကြောင်း တထောက်နားစဉ် ကျွန်မတို့ ရဲမေတွေနဲ့ တပ်မှူးတွေပါတဲ့ ရုံးအဖွဲ့ စခန်းချ နားခိုတဲ့ အိမ်မှာ ရွာသားတွေက ဆေးမှူးရှိရာ နေရာစုံစမ်းပြီး ဆေးလာတောင်းလို့ ကျွန်မက လူနာတယောက်ကို စမ်းသပ်ပေးပြီး ဆေးပေးဖို့ ဆေးဗူးကို လှမ်းယူပြီး အဖုံးဖွင့်ဖို့ လုပ်နေတယ်။ ဒီအချိန်မှာ “မငယ် ဒီမှာ မငယ်အမေ ရောက်နေတယ်” လို့ မမျှော်လင့်ဘဲ ကြားလိုက်တော့ ရင်ထဲမှာ ဗြောင်းဆန်သွာပြီး အမေကျွန်မကို လာတွေ့တယ်ဆိုတာကို မယုံကြည်နိုင်စွာနဲ့ အသံလာရာဆီသို့ ကျွန်မ လှမ်းကြည့်လိုက်တယ်။ သစ်သားလှေကားပေါ်ကနေ ကျွန်မ ရှိရာ အိမ်ပေါ်ကို ကြိမ်ဆွဲခြင်းတလုံး ဆွဲပြီး ဘေးက ရဲဘော်တဦးနဲ့အတူ တက်လာနေတာ ကျွန်မ နှစ်နှစ်ကျော် ခွဲခွာလာခဲ့တဲ့ အမေမှ အမေအစစ်။ ကျွန်မ လက်ထဲမှာကိုင်ထားတဲ့ ဆေးဗူး ချက်ချင်း လွှတ်ကျသွားပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်တော့ဘဲ “အမေ” လို့ခေါ်ပြီး အမေ့ဆီကို ကျွန်မထအပြေး အမေကလည်း “ မီးငယ်” လို့ခေါ်ပြီး လှေကားပေါ်က ပြေးတက်လာပြီး ကျွန်မတို့ သားအမိ လှေကားဝအနီး သောက်ရေအိုးစဉ်ရှေ့မှာ ဘာစကားမှ ပြောမနိုင်ဘဲ အကြာကြီး ပွေ့ဖက်နေကြပါတယ်။
အမေ့ရင်ခွင်ထဲမှာ မျက်နှာအပ်ပြီး ကျွန်မ မျက်ရည်ပေါက်ပေါက် ကျလို့ ဘာဆိုဘာမှ ပြောမထွက်ဘဲ ရင်ထဲမှာ ဆို့နစ်ပြီး ရှိုက်ကြီးငင် ငိုချလိုက်တာ အနည်းဆုံး သုံးမိနှစ်ခန့်တော့ ရှိလိမ့်မယ် ထင်တယ်။ အိမ်ရှင်က “ဟာ ဒီသားအမိ ဘယ်လိုလဲ လှေကားဝကြီးမှာ အလွမ်းသယ်နေရလား ဖျာပေါ်မှာ သွားထိုင်ပြီး အေးအေးဆေးဆေး စကားပြောကြလေ” လို့ သတိပေးလိုက်မှ ကျွန်မနဲ့အတူ ပါလာတဲ့ ရဲမေတွေက ကျွန်မတို့သားအမိကို လှေကားဝကနေ အတွင်းဘက် ဖျာခင်းထားရာ နေရာကို ရောက်အောင် ဒုက္ခိတနှစ်ယောက်ကို တွဲခေါ်သလို ဖေးဖေးမမ တွယ်ပို့ပေးကြပါတယ်။ ကျွန်မမှာ သူတို့ ဒီလိုတွဲခေါ်ရလောက်အောင် အားအင်ကုန်ခမ်းပြီး အမေ့ရင်ခွင်မှာ နစ်မျောသွားခဲ့ပါတယ်။ ကျွန်မ လူမှန်းသိတတ်စ အရွယ်ကစပြီး အမေ့ရင်ခွင်ထဲမှာ မျက်နှာအပ်ပြီး ငိုရှိုက်ခဲ့ဖူးတာ ဒီတခါပဲ ကျွန်မ မှတ်မိပါတယ်။
ရင်ထဲမှာ ဆို့နစ်နေတဲ့ ခံစားမှုဟာ ဘာနဲ့မှ ဥပမာပေးလို့မရ။ အငိုတိတ်သွားတဲ့ အချိန်ထိ ကျွန်မ တော်တော်နဲ့ စကားပြောလို့ မထွက်ဘူး။ အမေက စကားတွေ စတင်ပြောဆို မေးမြန်းလာတာကို ကျွန်မ ပါးစပ်နဲ့ ပြန်မဖြေနိုင်သေးဘဲ ခေါင်းခါ ခေါင်းညိတ်ပဲ လုပ်နေနိုင်ခဲ့တယ်။ အမေ့ဆွဲခြင်းထဲမှာ ပါလာတဲ့ မုန့်တခြင်းကိုလည်း ရဲဘော်တွေကို ပေးလိုက်မယ်နော့်လို့ အမေပြောတော့ ကျွန်မခေါင်းပဲ ညိတ်ပြလိုက်တယ်။ အမေ ကျွန်မကို လာတွေ့လိမ့်မယ်လို့ ဘယ်တုန်းကမှ ကျွန်မ မထင်ထားခဲ့ဘူး။ ဒါကြောင့် သူများမိဘတွေက သူငယ်ချင်းတွေကို လာတွေ့တဲ့အချိန်မှာ ကျွန်မကတော့ “ငါ့မှာ မိဘနဲ့ တွေ့ချင်တာတောင် ငါ့မိဘတွေကတော့ ငါ့ကိုဘယ်တော့မှ လာတွေ့ဖို့မရှိလို့ တွေ့ခွင့်မရဘူး။ သားသမီးအဖြစ်က စွန့်ထားတာ။ နင်တို့က ကုသိုလ်ကံကောင်းလို့ မိဘနဲ့ တွေ့ရတာ ပျော်စရာဖြစ်တယ် ငိုစရာမဟုတ်ဘူး” လို့ ပြောပြီး သူများ ငိုနေတာကို အားပေးခဲ့ဖူးတယ်။ ဒါက မိဘဆိုတာ ကျွန်မကို ဘယ်တော့မှ လာတွေ့မယ် မထင်ခဲ့သလို လာတွေ့ရင်လည်း ၀မ်းမနည်းပဲ ပျော်လိမ့်မယ် ထင်ခဲ့လို့ ပြောခဲ့တာ ဖြစ်တယ်။
တကယ်လည်း မိဘနဲ့ တွေ့ရင် ငိုဖြစ်လိမ့်မယ်လို့ ကျွန်မ မထင်ခဲ့မိတာ အမှန်ပါ။ ကျွန်မ အဲဒီလို ပြောတာကိုလည်း အားလုံးသိကြတယ်။ အဲဒါကြောင့် ရဲဘော်တွေက သူများကို ပြောထားတဲ့ ကျွန်မက အမေနဲ့တွေ့တော့ စကားတောင် ပြောမနိုင်ဖြစ်နေတာကို လိုက်စနေကြတယ်။ ဒီလိုနဲ့ စိတ်နည်းနည်း ပေါ့သွားပြီး အမေနဲ့ စပြီး စကားပြောဖြစ်သွားတယ်။ အမှန်က မိဘတွေ အကုန်လုံးက လာတွေ့တယ်ဆိုတာထက် တောခိုသွားတဲ့ သားသမီးတွေကို ပြန်လာခေါ်ကြတာပါ။ တောထဲမှာ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ သင်တန်းတွေ တက်ခဲ့ရတယ်၊ ငှက်ဖျားဒဏ်ကို အလူးအလဲ ခံခဲ့ရသူတွေဖြစ်တယ်၊ ရှေတန်းဆင်းလာပြီး ရုတ်တရက် မိဘနဲ့ တွေ့ရတဲ့ အချိန်မှာ မိဘပြန်ခေါ်ရာကို မလိုက်ဘဲ စိတ်ဓါတ်ခိုင်မာဖို့ဆိုတာ သိပ်ကို မလွယ်တာတော့ အမှန်ပဲ။ အဲဒီအချိန်က မိဘလာတွေ့ပြီး လာပြန်ခေါ်လို့ ပြန်ပါသွားသူတွေလည်း အတော်များများ ရှိခဲ့ပါတယ်။
အမေနဲ့ စကားပြောတဲ့ အချိန်မှာ ကျွန်မ မေးတာကတော့ ကျွန်မနဲ့ ကျောင်းအတူတက်တဲ့ သူငယ်ချင်းတွေ အကြောင်း ဖြစ်ပေမဲ့ အမေအများဆုံး စတင်ပြောဆိုတာက မိသားစုအကြောင်းပဲ ဖြစ်တယ်။ ကျွန်မတို့ တောထဲမှာ ဘယ်လိုဒုက္ခရောက် အစားဆင်းရဲ အနေဆင်းရဲပြီး ငှက်ဖျားနဲ့ ဘယ်လို နှပမ်းလုံးခဲ့ရတယ်ဆိုတာ အမေ့ကို ကျွန်မ မပြောခဲ့ဘူး။ မပြောပေမဲ့လည်း အမေကသိနေတယ်။ ဘယ်သူမှ မရှိတဲ့အချိန် အမေစမေးတဲ့ မေးခွန်းကတော့ “သမီးတို့ တောထဲမှာ ထမင်းကောဝအောင် စားကြရဲ့လား ကရင်တွေက သမီးတို့ကို ထမင်းဝအောင် ကျွေးရဲ့လား” ဆိုတာပဲ ဖြစ်တယ်။ ကျွန်မက “ထမင်းကတော့ ၀ပါတယ် အမေရယ် ဟင်းပဲ မကောင်းတာပါ၊ ကရင်တွေနဲ့က စစရောက်ချင်း သင်တန်းတွေတက်တဲ့အချိန်ပဲ အတူနေရတာပါ နောက်ပိုင်း ကိုယ့်စခန်းနဲ့ကိုယ် သီးသန့် နေရပါတယ် အမေ့ကို ဘယ်သူပြောတာလဲ အဲဒီမဆလတွေ မဟုတ်မဟတ်ပြောတိုင်း မယုံပါနဲ့” လို့ ကျွန်မက ပြန်ပြောလိုက်တယ်။
ဆက်ပြီးတော့ အမေက “ဘာဘဲဖြစ်ဖြစ် သမီးရေ သမီးတို့ကို ကြည့်ရတာ အန္တရာယ်များလှတယ်။ အခုလို သွားလာနေတုန်း စစ်တပ်နဲ့တွေ့လို့ တိုက်ပွဲဖြစ်ပြီး တခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ အိမ်ကိုပဲ ပြန်လိုက်ပါနော့်။ စစ်တပ်က ဘာမှမလုပ်ဘူး အာမခံတယ်၊ သွားတွေ့ပြီး လက်မှတ်လေးတလုံး သွားထိုးရုံပါပဲ၊ နောက်ပိုင်း အေးအေးဆေးဆေးနေရင် ဘာမှ ပြဿနာ ရှာမှာ မဟုတ်ဘူး” လို့ အမေက ကျွန်မကို စတင်စည်းရုံးတော့တယ်။ “နင်တို့ မောင်နှမနှစ်ယောက် တောခိုသွားတော့ မိသားစုတခုလုံး ရပ်ထဲရွာထဲမှာ မျက်နှာပြမရဲလောက်အောင် အရှက်ရတာ နင်တို့မသိဘူး နင့်အဖေဆိုလည်း နင်တို့နှစ်ယောက်ကို သားသမီးအဖြစ် လုံးဝ စွန့်လွှတ်လိုက်ပြီ လို့ပြောပြီး ဘယ်မှာပဲတွေ့တွေ့ တွေ့တာနဲ့ သတ်ပစ်ပြီး ထောင်ထဲသွားဝင်မယ်လို့ပဲ ပြောနေခဲ့တယ်” လို့ အမေက အဖေ့အကြောင်း ပြောနေတယ်။ ဆက်ပြီးတော့ အမေက “နင့်အကိုကြီးဆိုလည်း..” လို့ စကားစလိုက်တဲ့အချိန်မှာ ကျွန်မဆက်မကြားချင်တော့တာနဲ့ အမေ့ကို စကားဝင်ဖြတ်ပြီး “တော်ပါတော့ အမေရယ် အမေအိမ်က လူတွေအကြောင်း ပြောချင်ရင် အငယ်တွေအကြောင်းပဲ ပြောပါ။ အဲဒီမဆလတွေအကြောင်း သမီးကို လုံးဝလာမပြောနဲ့ သမီး လုံးဝမကြားချင်ဘူး” လို့ ပြန်ပြောလိုက်ပြီး အမေနဲ့ ရုတ်တရက်တွေ့လို့ ၀မ်းနည်းဝမ်းသာ ဖြစ်နေတဲ့ ခံစားမှုတွေက ကြက်ပျေက်ငှက်ပျောက် ပျောက်သွားတယ်။
“သမီးတို့ တော်လှန်ရေး လုပ်တာ ဘာမှ ရှက်စရာလည်း မလိုဘူး၊ အဖေတို့ အစ်ကိုကြီးတို့ စစ်တပ်ထဲမှာ ကျူးလွန်ထားတဲ့ အပြစ်အကြွေးတွေကို သမီးတို့က အခုပြန်ဆပ်နေရတယ်လို့ပဲ သဘောထားတယ်။ အစတုန်းကတော့ ပြည်သူ့တပ်မတော်သားတွေ ဆိုပြီးအထင်ကြီးလိုက်ရတာ နေ၀င်းစောမောင် အမိန့်ပေးတိုင်း ပြည်သူလူထုနဲ့ ကျောင်းသားတွေကို သတ်ဖြတ်နေတဲ့ ကြေးစားလူသတ်သမားတွေ ဖြစ်နေတာ ရှက်ဖို့ကောင်းတယ်။ အမေလည်း သမီးကို ပြန်ခေါ်ဖို့ သက်သက် လာတွေ့တယ်ဆိုရင်တော့ နောက်ဘယ်တော့မှ လာမတွေ့နဲ့တော့ သမီးရွာက မထွက်လာခင် ကျောင်းသားသမဂ္ဂကို သွားတဲ့နေ့ကတောင် ဒီမိုကရေစီ မရရင် ရွာကို ဘယ်တော့မှ ပြန်မလာဘူးလို့ ပြောထားခဲ့တယ် မဟုတ်လား၊ ဒီစကားဟာ သမီးသေတဲ့အထိ အမြဲတမ်း မှန်ကန်နေတဲ့ စကားဖြစ်တယ်၊ အမေ သမီးတို့ကို အိမ်ပြန်လာစေချင်ရင် တိုင်းပြည်မှာ ဒီမိုကရေစီရအောင် ဆုတောင်းပါ၊ ဒီမိုကရေစီအတွက် ကိုယ်တိုင် ၀င်လုပ်ဖို့ မဖြစ်နိုင်ရင်တောင်မှ လုပ်နေသူတွေကို တနည်းနည်းနဲ့ အားပေးပါ။ ဒီမိုကရေစီ မရမချင်း သမီးအိမ်ကို ဘယ်တော့မှ ပြန်မလာဘူး အဲဒီလူမဆန်တဲ့ သူတွေဆီမှာ သမီးဘယ်တော့မှ လက်မှတ်သွားထိုးပြီး အရှုံးပေးမှာလည်း မဟုတ်ဘူး၊ တကယ်လို့များ မတော်တဆ ဖမ်းမိသွားလို့ မှားတယ်ဆိုတာ လက်မှတ်မထိုးရင် သတ်မယ် ထိုးရင် အပြစ်ကင်းလွတ်ခွင့် ပေးမယ်လို့ ပြောရင်တောင်မှ အသေပဲခံသွားမယ် ဘယ်တော့မှ မထိုးဘူး” လို့ ကျွန်မ ပြတ်သားစွာ တောက်လျှောက် ပြောချလိုက်ပြီးတဲ့ အချိန်မှာတော့ အမေ ထပ်ငိုတယ်။ ဒီအချိန်မှာ ကျွန်မ မငိုတော့တော့ဘူး ငိုဖို့စိတ်ထက် လူမှန်းသိတတ်စ အရွယ်ကစပြီး အထင်ကြီးလာခဲ့တဲ့ တပ်မတော်ဆိုတာကြီးနဲ့ ကျွန်မကို အရေးအခင်းမှာ ၀င်ပါလို့ဆိုပြီး မျက်နှာကို လက်သီးနဲ့ လေးချက်ထိုးလိုက်တဲ့ အစ်ကိုကြီးနဲ့ သတ်မယ်ဖြတ်မယ် အမြဲတမ်းခြိမ်းချောက်နေတဲ့ အဖေတို့ကို မြင်ယောင်ပြီး ဒေါသပဲ ထွက်နေခဲ့တယ်။
အဲဒါကို ကျွန်မ အမေ့ကို ပြောခဲ့တဲ့ အချိန်တုန်းက ငိုချင်စိတ်မရှိတော့လို့ မငိုခဲ့၊ အမေငိုပြီး ဘယ်လို ခံစားရလိမ့်မယ်ဆိုတာလည်း မတွေးခဲ့မိပေမဲ့ အခု ဒီအကြောင်းကို ကျွန်မ စာရိုက်နေတဲ့အချိန်မှာ အမေ့နေရာဝင်ပြီး ကျွန်မ မျက်ရည်ကျနေတယ်။ နောက်တော့ အမေက “အေးလေ သမီးပြန်မလိုက်ရင်လည်း သမီးသဘောပဲလေ အမေပြောတာက ပြန်လိုက်ရင် သက်ဆိုင်ရာက ဘာမှ အရေးယူမှာ မဟုတ်ဘူးဆိုတာကို ပြောပြတာပါ။ ပြန်မလိုက်ရင်လည်း ဒီလိုတပ်နဲ့ မလိုက်ဘဲ နယ်စပ်က နောက်တန်းတပ်ရင်းမှာ နေလို့မဘူးလား။ ဘယ်မှာပဲ ရောက်ရောက် ဘုရားနဲ့ တရားနဲ့ သတိနဲ့တော့ နေပါနော့်” လို့ ပြောပြီး အမေက ကျွန်မကို ပြန်ခေါ်တဲ့ ကိစ္စကို လက်လျှော့လိုက်ပါတယ်။ ကျွန်မလည်း မိန်းကလေးတွေ ဒီလို ရှေ့တန်းလိုက်ခွင့်ကို လွယ်လွယ်နဲ့ ရထားတာ မဟုတ်ဘူး။ တပ်ရင်းက လူကြီးတွေဆီမှာ အကြိတ်အနယ် တိုက်ပွဲဝင် တောင်းဆိုပြီး သူတို့ အစမ်းသဘောနဲ့ ပေးတဲ့ သင်တန်းကြမ်းကြီးတွေနဲ့ အစမ်းသပ်ခံပြီး ခံနိုင်ရည် ရှိတဲ့ မိန်းကလေးတွေမှ ရှေ့တန်းဆင်းခွင့် ရကြောင်း၊ကို ပြောပြချင်ပေမဲ့ ဒါဆိုရင်လည်း အန္တရယ်များလှတဲ့ နေရာကို လာမနေနဲ့တော့လို့ ပြောမှာစိုးလို့ ကျွန်မ မပြောပြဖြစ်ခဲ့ဘူး။
အမေလာတွေ့တဲ့နေ့က ကျွန်မတို့ နားနေတဲ့ ရွာမှာ ညအိပ်ဖြစ်တော့ အမေလည်း ကျွန်မနဲ့ တညအိပ်သွားတယ်။ ကျွန်မက “အမေ အခုလို လာတွေ့ပြီး ပြန်သွားလို့ စစ်တပ်က သိသွားရင် အန္တရယ်မရှိဘူးလား” လို့ မေးတော့ “ ရွာမှာ စစ်တပ်ကို ဘယ်သူမှ မျက်နှာလို မျက်နှာရ တကူးတက သွားပြောမယ့်သူ မရှိပါဘူး တကယ်လို့ သိသွားရင်လည်း ဘာမှမဖြစ်ဘူး ငါ့သမီးကို ငါပြန်သွားခေါ်တာ မလိုက်ဘူးလို့ ပြောလိုက်ရုံပဲ” တဲ့။ အဲဒီအချိန်က ကျွန်မတို့မြို့မှာ တောခိုသွားတဲ့ ကျောင်းသားမိဘတွေ အကုန်လုံးကို စစ်တပ်နဲ့ မ၀တက မလာမနေရ အစည်းအဝေးခေါ်ပြီး သားသမီးတွေကို ပြန်ခေါ်ခိုင်းတယ်၊ ပြန်ဝင်သွားသူတွေကို လက်မှတ်လာထိုးခိုင်းတယ်လို့ သိရတယ်။ မြန်မာ့အသံကနေပြီး အစိုးရရဲ့ သဘောထားအမှန်ကို သိသွားလို့ တောခိုသွားတဲ့ ဘယ်သူတွေ အမြင်မှန်ရပြီး အလင်းဝင်လာတယ်လို့ ကြေညာတာတော့ အမြဲကြားရပါတယ်။ အမှန်က မိဘနဲ့ ပြန်လိုက်သွားတဲ့ ကျွန်မတို့ ABSDF တပ်က ရဲဘော်တွေ မိဘသံယောဇဉ်ကြောင့်သာ ခေါ်လို့ပြန်လိုက်သွားတာ ဖြစ်ပြီး သူတို့ပြောသလို အမြင်မှန်ရလို့ ပြန်ဝင်သွားတာ တယောက်မှ မရှိပါဘူး။
ကျွန်မလည်း ပြန်ခါနီးအထိ အမေ့ကို အမေနောက်ထပ်လည်း လာမခေါ်ပါနဲ့ သမီးဘယ်တော့မှ ပြန်လိုက်ဖို့ မရှိဘူးလို့ပြောလိုက်တယ်။ အဲဒီနေ့က အမေ ပြန်သွားပြီးနောက် အမေ့အကြောင်း ကျွန်မတွေးနေမိတယ်။ သွက်လက်ချက်ချာပြီး လည်လည်ဝယ်ဝယ်ရှိကြတဲ့ ကိုငယ်နဲ့ ကျွန်မအောက် ညီမတို့ နှစ်ဦးကြားမှာ စကားသိပ်နည်း၊ အသားကလည်း ညိုတယ်ဆိုတော့ အိမ်မှာ ရုပ်ဆိုးဆုံးလို့ အနှိမ်ခံရတဲ့ ကျွန်မက ဘာသေလို့ ၀င်စားမှန်းတော့မသိဘူး အနံ့ပြင်းတဲ့ အသားတွေအပါအ၀င် တော်ရုံအစားအစာကို သိပ်မစားဘဲ အစားလည်း တော်တော်လေး ရွေးတတ်တော့ ရုပ်ဆိုးသလောက် ရွံရှာတတ်ပြီး အစားရွေးတယ်ဆိုပြီး ကျွန်မကို အမေက ချိုးနှိမ်ပြီး ပြောတတ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ မောင်နှမတွေထဲမှာ ကျောင်းစာနဲ့ ပတ်သက်ပြီး ကျွန်မလောက် တယောက်မှ မထူးချွန်ဘူး။ ကျွန်မက ပညာရည်ချွန်ဆုပေးပွဲတိုင်းမှာ ပထမမဟုတ်ရင် ဒုတိယအမြဲရတတ်ပြီး တနှစ်မှာ ပထမဆုရခဲ့ပြီး နောက်တနှစ်မှာ ဒုတိယဆုပဲ ရခဲ့ရင် ပထမ မရလို့ ဆိုပြီး အမေက အပြစ်တင်လိုက်သေးတယ်။ အိမ်က တခြားသားသမီးတွေ ပထမရဖို့ နေနေသာသာ ဒုတိယတောင် တခါမှ ရဖူးကြတာမဟုတ်ဘူး။
သို့ပေမဲ့လည်း ကျွန်မကို ကျောင်းကဆရာဆရာမတွေက သိပ်ချစ်ပြီး လက်ရေးလေးတွေ ၀ိုင်းစက်ပြီးလှတယ်၊ လက်ချောင်းလေးတွေ လက်သည်းခွံလေးတွေကလည်း သွယ်သွယ် ရှည်ရှည်လေးတွေနဲ့ အနုပညာလက် ပညာတတ်လက် ဆိုပြီး မလှတဲ့ ကျွန်မကို လှတာတွေ ရှာကြံချီးကျူးတတ်ပါတယ်။ အမေကတော့ ဒီကောင်မလေး လက်ချောင်းတွေက ရှည်ရှည်မျောမျောနဲ့ လူလက်နဲ့မတူဘူး မျောက်လက်မျောက်ခြေလိုပဲ ဆိုပြီး ဆရာဆရာမတွေနဲ့ ပြောင်းပြန် နှိမ်ပြီး ပြောတတ်သေးတယ်။ ကျွန်မ ၄ တန်းအောင်ပြီး နောက်ပိုင်းမှာ အမေက မိန်းကလေးပဲ သေစာရှင်စာ တတ်ရင်တော်ပြီ အိမ်မှာ ၀ိုင်းလုပ်ဖို့ လူလိုတယ်ဆိုပြီး ခဏခဏ ကျောင်းထွက်ခိုင်းဖို့ ကြိုးစားတော့ ဆရာဆရာမတွေက ကျွန်မကို ကျောင်းဆက်ထားဖို့ အိမ်အထိ လာပြီး တောင်းပန်ခဲ့လို့ ကျောင်းပြန်တက်ခဲ့ရတယ်။ ကျွန်မမှာ ရှိတဲ့ကောင်းတဲ့အချက် မှန်သမျှကို အမေဟာ တခါမှ မချီးကျူးတတ်သူပါ။ အမေဟာ ကျွန်မထက်အကြီးနဲ့ အငယ်အပေါ် အကြင်နာတရား ရှိသလောက် ကျွန်မအပေါ်မှာ အကြင်နာတရား ရှိတာကိုတော့ ကျွန်မ သိပ်မမှတ်မိဘူး။ အိမ်မှာ ကျွန်မဟာ ကျောင်းမသွားခင် ရေစဥ့်အိုးနဲ့ တအိုးပြည့်အောင် ခပ်ထည့်ပေးခဲ့ရပြီးမှ သွားရသလို ကျောင်းကပြန်ရင်လည်း အိမ်အလုပ်တွေကို တခြားသူတွေထက်ပိုပြီး အလုပ်ရဆုံး ဖြစ်တာတောင်မှ မျက်နှာအနှိမ့်ဆုံးသူ ဖြစ်တဲ့အချိန်မှာ ကျောင်းမှာကျတော့ ပြောင်းပြန်၊ ဆရာဆရာမတွေနဲ့ အတန်းသားတွေကြားမှာ မျက်နှာအပွင့်ဆုံး ဖြစ်ခဲ့လို့ ကျွန်မရဲ့ ငယ်ဘ၀မှာ ကျွန်မဟာ အမေကြောင့် အိမ်ပျော်တယောက်မဟုတ် ကျောင်းပျော်တယောက်သာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အမေဟာ ကျွန်မငယ်ဘ၀က ကျွန်မအတွက် ဘာမှ အထင်ကြီးလေးစားစရာ မရှိခဲ့တာ အမှန်ပဲ။
အမေနဲ့ တွေ့တဲ့အကြောင်းကို ပြန်ဆက်ရရင် အမေဟာ ကျွန်မနဲ့ ပထမအကြိမ် တွေ့ပြီးနောက်ပိုင်း ကျွန်မလည်း ပြန်ခေါ်တာ လိုက်မယ့်သူ မဟုတ်တော့ အမေနောက်တခါ လာတွေ့တော့မှာ မဟုတ်ဘူးလို့ ကျွန်မထင်ခဲ့ပါတယ်။ ဒါပေမဲ့ အမေဟာ ကျွန်မရှေ့တန်းမှာ ရှိနေတဲ့ ကာလတွေမှာ ကျွန်မတို့တပ်တွေ ခရီးတထောက်နားပြီး ရောက်နေတယ်လို့ သိရတဲ့ နေရာတိုင်းကို အားတဲ့ စက်ဘီးသမား ဆိုင်ကယ်သမားတွေ ခေါ်ပြီး လာလာတွေ့တတ်သလို စက်ဘီးသမား ဆိုင်ကယ်သမား တယောက်မှ အကူအညီတောင်းလို့ မရရင် ခြေကျင်လျှောက်ပြီး ကျွန်မတို့တပ် ရောက်နေတဲ့ နေရာကို ကြားတဲ့နေရာကနေ လိုက်လာတွေ့ပါတယ်။ နောက်ထပ် လာတွေ့တဲ့အချိန်တွေမှာတော့ ပြန်ခါနီးရင် ၀မ်းနည်းပေမဲ့ ပထမဦးဆုံး တွေ့ခဲ့ရတဲ့အကြိမ်ကလိုတော့ တွေ့တွေ့ချင်းမှာ စိတ်ခံစားမှု Emotion သိပ် မဖြစ်တော့ဘဲ အမေလာတွေ့တာ ကျွန်မပျော်တတ်လာတယ်။ တွေ့တိုင်းလည်း ကျွန်မက ခေါ်ဖို့လာတယ်ထင်ပေမဲ့ အမေက တခါမှ အိမ်ပြန်လိုက်ပါလို့ မခေါ်ဘဲ သူ့မှာပါလာတဲ့ အင်္ကျီအ၀တ်အစားတွေ ၊ အသုံးအဆောင် ပစ္စည်းတွေနဲ့ ပိုက်ဆံတွေ နိုင်သလောက် ပေးပြီးပဲ ပြန်သွားတတ်ပါတယ်။ ကျွန်မက စစ်တပ်နဲ့ ကျွန်မတို့တပ်တွေ ခြေရှုပ်နေပြီး အချိန်မရွေး တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒီလိုနေရာတွေကို ကလေးခေါ်လာလို့ မဖြစ်နိုင်ဘူးဆိုတာ သိပေမဲ့ တခါတော့ ကျွန်မညီမ အငယ်ဆုံးလေးကို တွေ့ချင်လိုက်တာလို့ ပြောဖူးတယ်။
မြန်မာပြည် ကျေးလက်ဒေသက ဘုရားစေတီ ရှိတဲ့ ရွာတိုင်းလိုလိုမှာ နှစ်စဉ်နှစ်တိုင်း မြို့ကဇာတ်ပွဲငှားကာ ဘုရားပွဲတော်တွေ ကျင်းပလေ့ရှိပါတယ်။ အဲဒီအချိန် ၁၉၈၉- ၉၃ ခန့်အထိ ရှေ့တန်းဒေသက ရွာတချို့ကို ကျွန်မတို့ ABSDF တပ်တွေ စိုးမိုးထားနိုင်ခဲ့ဖူးပြီး ကျွန်မတို့ တပ်တွေ စိုးမိုးထားတဲ့ ရွာမှာ ဘုရားပွဲလုပ်ရင် လုံခြုံရေးကို ကျွန်မတို့ တပ်တွေပဲ တာဝန်ယူကြပြီး စစ်တပ်စိုးမိုးတဲ့ ရွာမှာ ပွဲလုပ်ရင် စစ်တပ်က တာဝန်ယူပါတယ်။ တရားဝင် ဆွေးနွေးထားခြင်း မရှိပေမဲ့ ရန်သူအစိုးရတပ်နဲ့ ကျွန်မတို့ တပ်တွေအကြား ရှိတဲ့ နားလည်မှုက ဘုရားပွဲလုပ်ချိန်မှာ ဘယ်သူစိုးမိုးထားတဲ့ရွာပဲ ဖြစ်ဖြစ် ရွာကို လက်ရှိစိုးမိုးထားတဲ့ တပ်က လုံခြုံရေးကို တာဝန်ယူပြီး၊ မစိုးမိုးထားတဲ့ တပ်က ဘုရားပွဲပျက်အောင်၊ လူတွေထိန့်လန့်အောင် မလုပ်ဖို့နဲ့ ပွဲလာကြည့်ချင်ရင် တပ်နဲ့ လုံးဝမလာဘဲ အရပ်ဝတ်နဲ့ လာကြည့်ဖို့ တရားဝင် မဟုတ်ပေမဲ့ နားလည်မှု ရှိကြတယ်။ ဒါကြောင့်မို့ ဘယ်ရွာမှာပဲ ဘုရားပွဲလုပ်လုပ် ဘုရားပွဲတွေကို စစ်တပ်ဘက်ကရော ကျွန်မတို့တပ်ဘက်ကပါ အနှောင့်အယှက်မပေးကြဘူး။
တခါတော့ ကျွန်မတို့ စိုးမိုးထားတဲ့ ဘုရား ခြေတော်ရာ ရှိတဲ့ဘုရားတောင်ရွာမှာ တမြို့နယ်လုံးက လာတဲ့ စက်တော်ရာ ဘုရားပွဲကြီး ကျင်းပစဉ် တခြားမြို့နယ်က လူတွေလည်း ပွဲလာကြည့်ကြပြီး လူအစည်ကားဆုံးဖြစ်တဲ့ ဒုတိယညမှာ အမေဟာ ညီမအငယ်ဆုံးကို ခေါ်လာပြီး ခြေကျင်လျှောက်ပြီး ဘုရားပွဲကို ရောက်ချလာကာ ညီမအငယ်ဆုံးနဲ့ ကျွန်မကို တွေ့ဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ အဲဒီညီမအငယ်ဆုံးက အမေနို့တိုက်ချိန်ကလွဲရင် ကျွန်မလက်ထဲမှာပဲ ကြီးလာလို့ ကျွန်မသိပ်ချစ်တယ် ။ အဲဒီတုန်းက ညီမငယ်ကို ခေါ်လာပေးတွေ့တော့ ကျွန်မ အမေ့ကို ကျေးဇူးတင်လိုက်တာ။ အဲဒီအချိန်ကစပြီး အမေ ကျွန်မကို စစ်တပ်မှာ လက်မြှောက် သွားအရှုံးပေးခိုင်းပြီး အိမ်မှာ ခိုင်းစားချင်လို့ ပြန်ခေါ်ဖို့ ကြိုးစားနေတာမဟုတ်ဘူး၊ အမေ ကျွန်မကို တကယ်ချစ်လို့ လာတွေ့နေတာသာ ဖြစ်တယ်ဆိုတာ ကျွန်မ လုံးဝ ယုံကြည်သွားတယ်။
အမေနဲ့ တွေ့ရပြီး သိရတဲ့ ရလဒ်ကတော့ အမေဟာ ကျွန်မကို လုံးဝမချစ်ဘူးလို့ ယုံကြည်နေတဲ့ အစွဲလေး ကျွန်မမှာ ပျောက်သွားခဲ့တယ်။ ဒီနှစ် အမေနေ့လက်ဆောင်အတွက် သားသားက အမေအတွက် ဘာဝယ်ရမလဲမသိဘူးလို့ သူ့အဖေနဲ့ တိုင်ပင်နေတုန်းက ကျွန်မက မြန်မာစာ သင်ရသိပ်ပျင်းတဲ့ ကျွန်မသားလေးကို ဒီနှစ် မေမေ့ကို ဘာလက်ဆောင်မှ ၀ယ်ပေးတာကို မလိုချင်ဘူး မြန်မာစာကို ကောင်းကောင်းတတ်အောင် သင်ပါ့မယ်ဆိုတဲ့ဂတိပဲ မေမေလိုချင်တယ်လို့ ပြောထားတာ့ ဒီမနက် ကျွန်မသားလေးက ကျွန်မကို မြန်မာစာ တတ်အောင် သင်မယ်ပါလို့ ဂတိပေးခဲ့ပါတယ်။ အဲဒါကို ကျွန်မက ဘလော့ဂ်ဖတ်သူတွေကို သက်သေထားပြီး မှတ်တမ်းတင်ထားလိုက်ပါမယ်။ အမေနေ့လက်ဆောင်ရပြီး ကျွန်မ သားလေးကို ဖက်ပြီး နမ်းတဲ့အချိန်မှာ သတိထားမိတာက အရင်နှစ်ဒီအချိန်က ငုံ့ပြီးနမ်းရသေးတဲ့ သားကို အခုတော့ မော့ပြီးနမ်းနေရတာကို သတိထားမိပြီး ဘုရားဘုရား.. ကျွန်မသားလေးလည်း အမေ့အိမ်က ကျွန်မထွက်ခွါလာခဲ့စဉ်က အသက်အရွယ်ကို ရောက်ဖို့ သိပ်မလိုတော့ပါလားဆိုတာ တွေးမိပြီး တချိန်ချိန်မှာ သားလေး ကျွန်မ ရင်ခွင်ထဲက ထွက်ခွါသွားမှာကို တုန်လှုပ်ချောက်ချားစွာနဲ့ စိုးရိမ်နေမိပြီး သားလေးကို တင်းတင်းကြပ်ကြပ် ဖက်ထားမိပါတယ်။
စိတ်ကူးနဲ့တောင် သားထွက်ခွါသွားမှာကို ဒီလောက် တုန်လှုပ်ချောက်ချားနေရင် အမေ့ရင်ခွင်ထဲက ကျွန်မတို့ လူလားမမြှောက်သေးတဲ့ သမီးနှစ်ယောက် တကယ်ထွက်ခွါလာခဲ့စဉ်ကနဲ့ ကျွန်မကို ပြန်လာခေါ်စဉ်က ကျွန်မငြင်းခဲ့တဲ့ စကားတွေကို ကြားခဲ့စဉ်က အမေဘယ်လိုခံစားရမလဲ ဆိုတာကို ကောင်းစွာ နားလည်ပြီး ကျွန်မ အမေ့အတွက် စိတ်မကောင်းဖြစ်ကာ ငိုကြွေးမိပါတယ်။ ခေတ်ဆိုးစနစ်ဆိုး တံတိုင်းကြီး၊ သဘောထား မတိုက်ဆိုင်တဲ့ တံတိုင်းကြီး ဘယ်လိုပဲ ခြားထားပေမဲ့ မိခင်တွေရဲ့ သားသမီးအပေါ် ထားရှိတဲ့ မေတ္တာကိုတော့ ဘယ်လို တံတိုင်းကမှ မကာဆီးထားနိုင်ပါဘူး။ အတိတ်နဲ့ အနာဂတ်ကို တွေးပြီး ဒီနှစ် အမေနေ့မှာ ကျွန်မ ပျော်၍မရတော့ပါ။
(မိဘနဲ့ သားသမီးကြား၊ မောင်နှမအချင်းချင်းကြားမှာ ရန်သူဖြစ်စေလောက်အောင် စည်းခြားထားတဲ့ ခေတ်ဆိုးစနစ်ဆိုးကြီး မြန်မာပြည်မှာ အမြန်ဆုံး ချုပ်ငြိမ်းပြီး အဝေးရောက်သွားသော (သို့) ပျောက်ဆုံးနေသော သားသမီးများအတွက် ခံစားနေရသော မိခင်များရဲ့ စိုးရိမ်မှုနဲ့ သောကပရိဒ၀မီးတွေ အမြန်ဆုံး ငြိမ်းအေးပါစေ။)
ရွှင်လန်းချမ်းမြေ့ကြပါစေ

40 comments:
သူငယ်ဂျိုး မိခင်လောင်း...
ဖတ်ပြီး တော့ စိတ်မကောင်းကြီးစွာဖြစ်မိပါ၏..
အမေဘက် သားသမီးဘက် နှစ်ဘက်စလုံးကပဲ..
အခုတော့ ကိုယ်တို့တွေက အမေလောင်းဆိုတော့ .. အမေဆိုတဲ့ အမော တွေကို ရင်မှာ ပိုက်တက်နေကြပြီမို့ အလှည့်ဆိုတာ ရောက်လာပြီ ..။
အမေတွေအတွက် သားသမီးကောင်း မဖြစ်တော့တောင်.. သားသမီးတွေအတွက် အမေကောင်းဖြစ်ပါစို့..။
ခင်တဲ့
မဗေဒါ
ဒီနေ့တတ်နိုင်သလောက်အမေနေ့ပိုစ်တွေကိုမဖတ်ဘူး။ ဝမ်းနည်းမိမှာစိုးလို့။ဒါကိုတော့လာဖတ်မိသွားတယ။်ဝမ်းနည်းသွားတယ် ဘယ်တတ်နိုင်မလဲ။
ဒီလိုမျက်ရည်တွေ နည်းသွားအောင် အားလုံးအတွက် ဖြန့်ကျက်ပြီးလုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ အချိန်ကျလာအုံးမှာပါ၊ သန်းခေါင်ဆိုတာ အမှတ်တစ်ခုသာပါ။
မငယ်နိုင် ရဲ. ပို.စ်ကို ဖတ်၍ စိတ်မကောင်းပါ ၊ အမေ အားလုံး ကျန်းမာ ရွှင်လန်းပါစေ ၊
ဖတ်ရင်းနဲ့ စိတ်မကောင်းဘူး ။မငယ်နိုင်တယောက် အမေ့အပေါ် အမြင်ကြည်လင်လာတာကိုပဲ အရှူံးထဲက အမြတ်တခု လို့ ထင်မိတယ် ။
ကိုယ်တိုင် အမေ ဘဝ ရောက်မှ အမေ့မေတ္တာကို ပိုနားလည်လာတာ က တကယ့်ကို မှန်တာပေါ့ နော် ။
အမေ နဲ့  အမြန်ဆုံး ပြန်လည်တွေ့ ဆုံပြီး အတူတကွ ပျော်ရွှင်ချမ်းမြေ့ စွာ နေနိုင်ပါစေ မငယ်နိုင်ရေ ။
အရင်ကသမီ... ယခု အမေအဖြစ်
မငယ်ရေ..ဒီနေ့ post တွေ မဖတ်ဘူးလို့ဆုံးဖြတ်ထားတာ...တွေ့တော့လဲဖတ်မိတာပဲ..
မပျော်နိုင်ပါဘူး..
ထပ်တူခံစားသွားပါတယ်၊ အမေနဲ့ဝေးနေပေမယ့် အမေကို့ ရင်ထဲမှာ အမြဲ သတိရနေပါတယ်၊
မငယ်နိုင်ရေ ခံစားချက်တွေ ကူးစက်ကုန်ပါတယ်။
အမေကို ကိုယ်ချင်းစာတတ်သွားပြီဆိုတာ မငယ်နိုင် မေမေသိရင် ၀မ်းသာလိမ့်မယ်။ ဒီပို့စ်ကို မငယ်နိုင် မေမေ့ကို ပေးဖတ်လိုက်ပါ။
မအယ်
စိတ်မကောင်းစွာနဲ့ အမေအကြောင်းလေးဖတ်သွားပါတယ် မငယ်ရေ...
မငယ်...
ခုနက တခေါက်လာဖတ်သွားသေးတယ်...
ဖတ်ပြီးပြီးချင်း စိတ်မကောင်းဖြစ်ပြီး ဘာပြောရမှန်းမသိလို့ ပြန်သွားတာ...
ဒါ ဒုတိယ တခေါက် လာဖတ်တာပါ။
အခုလဲ ဖတ်ပြီး စိတ်မကောင်းဖြစ်နေတာပါပဲ...
အမေတွေရဲ့ မေတ္တာတွေ အချစ်တွေဟာ သားသမီးတွေအပေါ်မှာ အမြဲတမ်း စီးဆင်းနေမှာပါ...
ဖတ်ရတာရင်ထဲကို နင့်နေတာပဲ..
စိတ်မကောင်းဘူးးးးး
မကြီးငယ်နိုင်မေမေနဲ့ မကြီးတို့မိသားစု ပျော်ရွှင်ချမ်းမြေ့ပါစေ။
သားသမီး ဘဝရော မိခင်ဘဝ နှစ်ခုလုံး ရယူပိုင်ဆိုင်ထားတဲ့ အမငယ်နိုင်ရေ မေတ္တာတရားတွေ ရေးမွှန်းသွားတာ ဖတ်ရတော့ သဘောကျတယ်ဗျာ။အမေ့သမီးဘဝရော၊ သားသည်မိခင်ဘဝမှာရော အေးမြတဲ့ မေတ္တာတရားတွေ ခံစားနိုင်ပါစေဗျာ။
သွားစရာရှိတာ မသွားခင်လေး ခဏ၀င်ဖတ်သွားတာ ညီမ ရေ ... မနက်က တနေရာသွား ခဏအိမ်ပြန်လာ .. အခုလည်း နောက်တနေရာ သွားစ၇ာရှိသေးလို့ ... အမေများနေ့ လည်း အေးဆေးမရှိသေးပါဘူး... နှုတ်ဆက်ချင်တာနဲ့ မနေနိုင် လို့ အချိန်လုပြီး ဖတ်သွားပါတယ် .. ဒါတောင် သမီးက အခု မသွားသေးလို့ ပြောနေလေရဲ့  ...မဗေဒါ ပြောသွားသလိုဘဲ နော် ... မိခင်ပီသ တဲ့ အမေ ဖြစ်ကြရအောင် ကျိုးစား ကြ ယုံပေါ့ ....
အပေါ်က အမ ပါ ညီမရေ ..
mie nge
Heart ထိသွားတယ်ဗျာ.....
စိတ်မကောင်းပါဘူး။....
ဖတ်ပြီး စိတ်မကောင်းဖြစ်ရတယ် မငယ်နိုင်...၊ ဝမ်းနည်းပါတယ်ဗျာ..။
ဖြေသိမ့်စရာ အေးငြိမ်းရာ ရှာတွေ့ပါစေနော်...။
ဖတ်ပြီး စိတ်မကောင်းဘူး အစ်မရယ်
ငိုချင်တယ် ..း(
ဖတ်ပြီးတော့ ရင်ထဲမှာ ဆို့တစ်တစ်နဲ့။ သက်ပြင်းခဏခဏ ချရတယ်။
မိခင်တယောက်ရဲ့ မေတ္တာဟာ ခေတ်ဆိုး စနစ်ဆိုးတွေက အရောင်ဆိုးလို့ မရအောင် ဖြူစင် မြင့်မြတ်နေဆဲပါပဲ။ မငယ်ကို လာလာတွေ့နေတဲ့ အမေ့ပုံကို မြင်ယောင်ပြီး စိတ်ထဲမှာ နင့်နင့်နဲနဲ စိတ်ထိခိုက်မိတာ..
အမေ့ကို ကိုယ်ချင်းစာ နားလည်သွားတာ အင်မတန်မှကို စိတ်ချမ်းသာ မိပါတယ်။ ကိကိ ပြောသလို ဒါ အမြတ်ပါပဲ။ ရင်နာရလောက်အောင် သိပ်ကောင်းတဲ့ ပို့စ်ပါပဲ မငယ်ရေ..
အမငယ်..
ဖတ်ပြီးတော့ ရင်ထဲမှာ နင့်နေအောင်ခံစားရတယ်။
မိခင်တွေဘက်ကိုကိုယ်ချင်းစာပြီး အရမ်းစိတ်မကောင်း
ဖြစ်ရတယ်။အဲလိုအဖြစ်ဆိုတွေအမြန်ဆုံးလွတ်ကင်းနိုင်ဖို့
တတ်အားသမျှကြိုးစားနေပါတယ်။
ခင်တဲ့
ညီမသဒ္ဓါ
အမေကို ချစ်တဲ့သားသမီးတိုင်း ဘေးအန္တရာယ်တွေကင်းရှင်းပြီး လိုရာပန်းတိုင်ချီတက်နိုင်ကြပါစေ။
မနေ့ညထဲက လာဖတ်သွားတယ် မငယ်ရေ...မန့်မလို့ဟာ အလုပ်က ရှုပ်သွားတာနဲ့၊ ဖတ်ပြီးတော့ ရင်ထဲမှာ နင့်ကနဲပဲ၊ မငယ်အမေရဲ့ မေတ္တာက သိသာလွန်းတယ်၊ ဒီလို အခက်အခဲတွေကြားက အရောက်လာတွေ့ခဲ့တဲ့ မိခင် မေတ္တာ၊ ညီမအငယ်ဆုံးလေးကိုပါ အပါခေါ်လာ၊ စားစရာတွေပါ ယူလာတဲ့ စေတနာ...တကယ်ပဲ...။ ကျမ ရေးမပြတတ်ဘူး ရင်ထဲ ထိသွားတယ်။ အမေအပေါ် အမြင်မှန်ကလေးရသွားတာ သိတ်ကောင်းတယ်...
အမေ့ ဘက်က ခံစားချက်တွေကို စာနာမိပါတယ်.. အမေ့အတွက်တော့ ခေတ်စနစ်တွေ ထက် သားသမီးကပဲ ပိုအရေးကြီးတာပါ..။
အမေတွေအတွက် ဆုတောင်းပေးသွားကြသူတွေနဲ့ ကျွန်မရဲ့ ရင်ထဲက ခံစားချက်တွေကို မျှဝေခံစားပြီး မှတ်ချက်ပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပကတိ ဖြစ်ခဲ့တဲ့ ဖြစ်နေဆဲကာလ အခြေအနေတွေကို သိစေလို၍သာ တချို့အချက်အလက်တွေကို ထည့်သွင်းဖေါ်ပြခဲ့တာ ဖြစ်ပေမဲ့ ဘယ်သူ့ကိုမှ ဝေဒနာ ပေးလို၍တော့ မဟုတ်ပါဘူး။ ရောက်ခဲလှတဲ့ မိတ်ဆွေတွေလည်း ရောက်လပြီး ဖတ်သွားမှတ်သွားကြတာ တွေ့ရတော့ အထူးပဲ ၀မ်းသာပါတယ်။
ကျွန်မ ရှည်ရှည်ဝေးဝေး ရေးထားတဲ့ ပို့စ်တခုလုံးရဲ့ အနှစ်ချုပ်ကိုတော့ ကဗျာဆရာ ဦးတင်မိုးသမီးပီပီ တိုတိုနဲ့ လိုရင်းကို ထိထိမိမိ Summary လုပ်ပေးသွားသူကတော့ ညီမ မမိုးချိုသင်းရဲ့ မှတ်ချက်ပါပဲ။ ခေတ်ဆိုးစနစ်ဆိုး တံတိုင်းကြီး သဘောထား မတိုက်ဆိုင်တဲ့ တံတိုင်းကြီး ဘယ်လိုပဲ ခြားထားပေမဲ့ မိခင်တွေရဲ့ သားသမီးအပေါ် ထားရှိတဲ့ မေတ္တာကိုတော့ ဘယ်လို တံတိုင်းကမှ မကာဆီးနိုင်ပါဘူး။ မမိုးချိုသင်းရဲ့ မှတ်ချက်ကြောင့် ရလာတဲ့ ဒီဝါကျလေးကို အောက်ဆုံးပိုဒ်မှာ ထပ်ဖြည့်ပါရစေနော့်။
အမေကို ဂရုဏာသက်သွားသူ၊ မှတ်ချက်ပေးသွားသူ အားလုံးကို အထူကျေးဇူးတင်ပါတယ်။
ur post makes me cry.
ကိုယ်တိုင်က လူမှုရေးအာမခံချက်ရှိတဲ့ နေရာမှာ ရောက်နေမှပဲ...
လိုရမယ်ရတော့ အမေ့တုန်းက ရှိခဲ့တဲ့သတ္တိမျိုးမွေးထားပေါ့...
ဒါပေမယ့် သားကတော့အမေကို သိတတ်မှာပါ...
းဝ)
လာပြန်ပီအမေ့အကြောင်း နောက်တခါတွေ့ရင်
တော့ငိုပြီဗျ အခုတောင်ငိုချင်နေတာနော်
အဟင့် မနဲထိမ်းထားရတယ် ......
Blogger မန်းကိုကို said...
ဗျို့မငယ်နိင်၊
ဂူဂယ်မှာ ဗမာလိုရိုက်လို့ မရတာနဲ့ ဒီမှာလာရေးလိုက်တယ်။ ပို့စ်နဲ့တော့ မဆိုင်ပါ။
မေးချင်တာ နှစ်ခုရှိပါတယ်။
၁။ မငယ်နိုင် ဘလော့ကို ဘယ်က template/design သုံးထားသလည်းလို့ပါ။ ကျနော့်ဘလော့က ဘောင်ကျဉ်းလွန်းတော့ ပို့စ်ရှည်တွေ မရေးနိုင်ဘူးဖြစ်နေတယ်။ အလံပြောင်းထားတာလေးလည်း အရေးမကြီးပေမယ့် ပြောပြနိုင်ရင် ကောင်းမှာပါပဲ။
၂။ မနေ့ကပို့စ်ကို ဖတ်လိုက်တော့မှ ရွာတွေမှာ သူနာပြုသဘောလိုက်လုပ်ဖူးတာ ခုမှသိရလို့ သူငယ်ချင်းအမကြီးတစ်ယောက်များ သိမလားလို့ မေးချင်လို့ပါ။
သူ့နာမည်က နော်အက်စ်ဟီးထူး (မထူး)၊ ဖားအံကောလိပ်က ဒုတိယနှစ် သတ္တဗေဒ ကလာတာ။ အိန္ဒုရွာသူဖြစ်ပြီး လူကောင်ခပ်ထွားထွားနဲ့။ သူလည်းအရေးအခင်းမှာ ထွက်သွားပြီး သူနာပြုဆရမတစ်ယောက်ရဲ့ လက်ထောက်အနေနဲ့ တရွာဝင်တရွာထွက် ဆေးလိုက်ကုပေးနေတယ် ကြားခဲ့မိဘူးလို့ပါ။ စိတ်ထားကောင်းတဲ့ သူငယ်ချင်းတယောက်မို့ သတိတရဖြစ်မိပါတယ်။ သူနဲ့တွဲခဲ့တဲ့ အမျိုးသမီးကတော့ ခုထိကြံ့ဖွတ်မှာ ဆက်လုပ်ရင်း ကွန်ပြူတာဆရာမတောင်ဖြစ်နေတယ်။
ကျေးဇူးကြိုတင်လျက်၊
မန်းကိုကို
May 10, 2010 11:06 PM
( (တခြား မဆိုင်တဲ့ ပို့စ်မှာ မေးထားလို့ ဖြေပေးဖို့ ဆိုင်တဲ့နေရာကို ပြန်ကူးပြီး ထည့်ထားလိုက်ပါတယ်။ - Nge Naing))
ကိုမန်းကိုကို
ဘလော့ဂ်မှာ ထည့်ထားတာနဲ့ ပတ်သက်ပြီး ပထမမေးခွန်းမှာ မေးထားတာကိုတော့ ကျွန်မကို နည်းပညာအကူအညီပေးနေတဲ့ မောင်လေး မိုးသွေးငယ်နဲ့ မောင်လေး ကိုဒီရေတို့ နှစ်ယောက်က အကူအညီပေးထားတာသာ ဖြစ်လို့ ကျွန်မလည်း မသိတာ အမှန်ပဲ။ ကိုမန်းကိုကို ဘလော့ဂ်အတွက် အကူအညီတောင်းချင်ရင်တော့ မောင်လေး မိုးသွေးငယ်ကို တောင်းကြည့်ပါ။ သူအားရင် ဘယ်သူ့ကိုမဆို ကူညီပါတယ်။ ကျွန်မ ဘလော့၈်မှာ Link ထားတာ ရှိပါတယ်။ သူ့ဘလော့ဂ်က ငွန်ငယ်မိုး လို့ခေါ်ပါတယ်။
တဆက်တည်းမှာ အလံကို အော်စီအလံ လုပ်ထားလို့ ဝေဖန်နေကြတဲ့ ရုရှားက စာဖတ်သူအပေါင်းကိုလည်း အော်စီကဘလော့ဂ်မို့ အော်စီအလံကို သူတို့ အလှထည့်ထားပေးခြင်းသာ ဖြစ်ပါတယ်၊ တခြားဘာမှ နိုင်ငံရေး ရည်ရွယ်ချက် မပါဘူးလို့ အသိပေးပါရစေ။
ကိုမန်းကိုကို မေးတဲ့ ဒုတိယ မေးခွန်းအတွက် ကိုမန်းကိုကို ပြောတဲ့ မိတ်ဆွေနဲ့ ကျွန်မတို့ တွေ့ဖြစ်ခဲ့မယ် မထင်ဘူး။ ကျွန်မတို့ ABSDF တပ်ရင်း (201) က တပ်ခွဲ (၁) လှု့ပ်ရှားတဲ့ နေရာက ကရင်ပြည်နယ်မှာ မဟုတ်ဘူး၊ KNU တပ်မဟာ ၄၊ တပ်ခွဲ (၂) နယ်မြေ၊ DAB စစ်ကြောင်း နယ်မြေအနေနဲ့ ပြောရင် DAB စစ်ကြောင်း (၃) နယ်မြေမှာပါ။ ကရင်ပြည်နယ်မှာ ဖြစ်မယ်ဆိုရင်တောင်မှ တပ်မဟာတခုအောက်မှာ တပ်ရင်းတွေ အများကြီးရှိပြီး တပ်ရင်းမှာမှ တပ်ခွဲခွေ ခွဲထားတယ် တပ်ခွဲတခုနဲ့တခု လှုပ်ရှားတဲ့ နယ်မြေမတူကြဘူး။ ဒါကြောင့် လှုပ်ရှားတဲ့ နယ်မြေမတူရင် တွေ့ဖို့ မဖြစ်နိုင်ဘူး။ ကျွန်မတို့ အဖွဲ့တွေက တပ်အကြာကြီး ၀င်ထိုင်နေတဲ့ စစ်ကြောင်းရဲ့ အခြေခံစခန်းရှိတဲ့ ရွာတွေမှာတော့ ကျေးလက် ကျန်းမာရေးကို လုပ်ပေးတာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မ ရှေ့တန်းထွက်ခဲ့တာ ကျေးလက်ကျန်းမာရေး programme အတွက် မဟုတ်ပါဘူး။ အမေနဲ့ တွေ့တဲ့ အချိန်မှာ လူနာကြည့်ပေးတယ်ဆိုတာက မိမိတပ်အတွက် စစ်ကြောင်းမှာ ဆေးမှူးအဖြစ် လိုက်ပါရင်း ရွာတွေမှာ နားခိုနေခိုက်၊ ခဏဖြတ်သွားခိုက် ရွာသားတွေကို ကြုံလို့ အကူအညီပေးတဲ့ သဘောပဲ ရှိပါတယ်။ မေးခွန်း နှစ်ခုစလုံးအတွက် လိုချင်တဲ့ အဖြေမရလို့ ဆောရီးပဲနော်။
11 May 10, 13:42
lwinpyin: မငယ်နိုင်ဘ၀အကြောင်းလည်းဖြစ်၊ အမေအကြောင်းလည်းဖြစ်တဲ့ အမေနေ့အမှတ်တရဆောင်းပါးလေးက ထိထိခိုက်ခိုက် ရှိလှပါတယ်။ လေးစားမိပါတယ်။
ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ် အမရေ .. ။ အမရဲ့ အကြောင်းအရာကိုဖတ်ပြီးမှ အမေနဲ့ တစ်ခါမှ မခွဲဘဲ အခုအချိန်ထိ အတူရှိနေတဲ့ ညီမတို့ မိသားစုအခြေအနေကို ပိုမိုကျေးဇူးတင်ရှိမိသွားပါတယ်။ အမေများနေ့က အမေ့အိမ်အလည်သွားရင် စကားတွေတစ်ဝကြီး ပြောဖြစ်ခဲ့တယ်။ အမှတ်တရ လက်ဆောင်လေးပေးတော့ အမေက ပြုံးတယ်။ ခွဲခွာ ရှင်သန်ရတဲ့ အဖြစ်အပျက်တွေ ထပ်မံမရှိလာပါစေနဲ့တော့လို့ပဲ အားလုံးအတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
အမေတွေနဲ့ဝေးနေရတဲ့ အဝေးရောက်သားသမီးတွေ အကုန်ပြန်ဆုံကြရမဲ့နေ့ကို မျှော်လင့်မိပါတယ်မငယ်..ကျနော်တို့တွေမဆုံကြဖြစ်ရင်တောင် နောက်မျိုးဆက်တွေတော့ ဥမကွဲသိုက်မပျက်နေနိုင်ကြပါစေ.လို့ လဲဆုတောင်းမိပါတယ်..အမေများအားလုံး စိတ်ချမ်းသာငြိမ်းချမ်းကြပါစေ..
မငယ်နိုင်ရေ ဖတ်လို့လဲပြီးရော မျက်ရည်တောင်ဝဲမီသေး
ကိုယ့်ကိုကိုယ်စိတ်ဓါတ် ခိုင်မာပြီထင်နေတာ အမေနဲ့ ပါတ်သက်ရင်မရဘူးဟ
စိုင်းကျော်ရဲ့ မှတ်ချက်ကို တွေ့လို့ ကျွန်မပို့စ်ကို ကျွန်မ တခေါက်ပြန်ဖတ်ကြည့်ဖြစ်တယ်။ ရေးတုန်းကအတိုင်း ထပ်တူထပ်မျှ ပြန်ခံစားရပါတယ်။ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။
အမေကောင်းတစ်ယောက်အဖြစ် ဂုဏ်ယူပါတယ် မငယ်နိုင်ရေ.. မငယ်နိုင်ရဲ့ အမေတုန်းက မငယ်နိုင်ကိုတောထဲမှာပဲထားနိုင်ခဲ့ပေမယ့် မငယ်နိုင်အမေဖြစ်တော့ သားကို နိုင်ငံခြားမှာတောင်ထားနိုင်အောင် လုပ်ခဲ့တာ လေးစားဖို့ကောင်းပါတယ်.. တော်လှန်ရေးလုပ်တာဖြစ်ဖြစ်၊ တောခိုတာဖြစ်ဖြစ်၊ သောင်းကျန်းတာဖြစ်ဖြစ်၊ ဒုက္ခသည်ပါဆိုပြီး အသနားခံတာဖြစ်ဖြစ် လုပ်ခဲ့သမျှအားလုံးက မြန်မာပြည်သူတစ်ဦးတစ်ယောက်အတွက် လက်တွေ့ပြသနိုင်တဲ့ ရလဒ်ကောင်းတွေမရှိရင်တော့ မငယ်နိုင်ရဲ့မိသားစုနဲ့ သားအတွက်တော့ အကောင်းတွေချည်းပါပဲ.. အနီးကပ် တောတွင်းလက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ဘဝကိုစွန့်ကာ သားသမီး နောင်ရေးအတွက် ဒုက္ခသည်ပါဆိုပြီးအသနားခံပြီး အဝေးကို ကိုယ်လွတ်ရုန်း ထွက်သွားတာကလည်း တော်လှန်ရေးအတွက် ဆိုရင်တော့ ကြောက်ချေးပန်းသူ၊ တစ်ကိုယ်ကောင်းဆန်သူ၊ ကိုယ်လွတ်ရုန်းသူ လို့ပြောလို့ရပေမယ့် အမေတစ်ယောက်အတွက်တော့ သူရဲကောင်းလို့ပြောလို့ရပါတယ်..
ဘာမှတားဆီး ပိတ်ပင်မထားတဲ့ သာမာန်ဘ၀တွေက လူတွေမှာက မိဘနဲ့ခဏတာ ဝေးနေပေမယ့် အရေးပေါ်ဖြစ်လို့ ဒါမှမဟုတ် တွေ့ချင်လွန်းလို့ဆိုပြီး အခုတွေ့ချင်တယ်ဆိုရင် ချက်ချင်းပြန်ပြီး တွေ့လို့ရနိုင်ပေမယ့် တပ်မတော်သားတွေကတော့ တွေ့ဆုံရဖို့မလွယ်ပါဘူး။မိဘ သေဆုံးတာတောင်မှ တာဝန်အရအဝေးမှာရှိနေရင် မတွေ့ဆုံရတဲ့ တပ်မတော်သားတွေရဲ့ဘ၀တွေက ပိုလို့ဆိုးပါတယ်။
mg
တာဝန်ဝတ္တရားကို မိမိကိုယ်ရေးကိုယ်တာထက် ပိုဦးစားပေးရတာ စစ်သားတိုင်းရဲ့ အလုပ်ပါ။ စစ်သားချင်း တူရင်တောင်မှ မိဘတခုခု ဖြစ်လို့ အစိုးရတပ်က စစ်သားက ခွင့်ရရင် အချိန်မရွေး သွားတွေ့ဖို့ ဖြစ်နိုင်ပေမဲ့ တော်လှန်ရေး တပ်မတော်တခုခုက စစ်သားဖြစ်ရင် ခွင့်ရရင်တောင်မှ သွားတွေ့ဖို့ မလွယ်ပါဘူး။ ဒါကြောင့်မို့ တော်လှန်ရေးသမားတွေရဲ့ ဘ၀က အစိုးရတပ်က စစ်သားတွေရဲ့ဘ၀ထက် အများကြီး ခက်ခဲကြမ်းတမ်းပါတယ်။
ဟုတ်ပါတယ် ကိုယ်ကလေးဘဝတုန်းက တောထဲမှာ ငတ်တလှည့်ပျက်တလှည့်နေရပေမယ့် ကိုယ်အမေဖြစ်ချိန်မှာတော့ ကိုယ့်ကလေးကို နိုင်ငံခြားမှာ ကျောင်းတတ်နိုင်အောင်လုပ်နိုင်တဲ့ လက်ငင်းကိုယ့်မိသားစုအတွက်အကျိုးရှိတဲ့ ဒုက္ခသည်ခံတဲ့ အလုပ်ရဲ့ ရလဒ်တွေပါပဲ။ မငယ်နိုင်လိုပဲ နိုင်ငံအနာဂတ်ထက် သားသမီးအနာဂတ်ကို ကြည့်သင့်ပါတယ်။ နိုင်ငံကောင်းဖို့က နောက်မှပါ ကိုယ့်မိသားစုနဲ့ သားသမီးတွေကောင်းဖို့ကို ဒုက္ခသည်အဖြစ်အသနားခံပြီး တောထဲကကျန်တဲ့လူအားလုံး နိုင်ငံခြားထွက်ဖို့လိုပါတယ်
မငယ်ရေ မေကိုလတ် ကိုထိန်းပါဦး
အရမ်းရိုင်းတာပဲ.. ယောင်္ကျားလည်း အရမ်းရှုတ်တယ်
သူ့ facebook ကို သွားကြည့်ပြီး ပြန်ဖျက်ခိုင်းပါအုံး
ဒီမိုသမားတွေ အရမ်းသိက္ခာကျတယ်
Post a Comment