မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

A one to one patient (or) စပယ်ရှယ်လူနာ တယောက်

ဝမ်းတူဝမ်းလူနာဆိုတာ လူနာရဲ့ လုံခြုံစိတ်ချရမှုအတွက် သူနာပြုတယောက်တည်းက အထူးသီးသန့် ကြည့်ရှုစောင့်ရှောက်ပေးရတဲ့ လူနာကိုခေါ်ပါတယ်။ ‘သေလိုက်ချင်တယ်၊ သေတာကမှ ကောင်းဦးမယ်၊ ငါသေချင်တယ်ဟေ့’ ဆိုပြီး မိမိဖါသာ ပြောသလို တခြားသူတွေကိုလည်း ‘နင့်ကို သတ်ပစ်ချင်တယ်၊ သတ်ပစ်မယ်၊ သေလိုက်ပါလား’ စသည်ဖြင့် တကယ်လုပ်ဖို့လည်း မရည်ရွယ်၊ တစုံတရာ စိတ်ညစ်လို့လည်း မဟုတ်ဘဲ  အဲလိုစကားတွေကို နေ့စဉ် လက်သုံးစကားအဖြစ် ပြောတတ်ကြတာ မကြာခဏ ကြားဖူးကြလိမ့်မယ်။ ဒီစကားတွေကို အရပ်ထဲမှာ ကြားရရင်တော့ ဘာမှ ပြဿနာမရှိပေမဲ့လည်း ဆေးရုံက လူနာတယောက်က ပြောလိုက်ရင်တော့ Mental Health Research အထောက်အထားများအရ ဒီလိုပြောတဲ့သူ အများစုဟာ တကယ်ကို သတ်သေသွားကြတာကို တွေ့ရှိထားလို့ တကယ်ကို အရေးတကြီး ထည့်သွင်းစဉ်းစားပါတယ်။ ပြောတဲ့ လူနာကို Neurologist, Psychologist တွေနဲ့ တာဝန်ယူကုသတဲ့ ဆရာဝန်တွေက မေးခွန်းတွေ များစွာပါတဲ့ Neurological Assessment, Mental Status Examination တွေနဲ့ စမ်းသပ်ပြီး သူနာပြုတယောက်တည်းက လူနာတယောက်တည်းကို အနီးကပ်စောင့်ကြည့်ဖို့ ပေါ်လစီရှိပါတယ်။ ဒီလို စောင့်ရှောက်တဲ့ နာ့စ်ကို ONE TO ONE NURSE (1:1) (သို့) Special Nurse လို့ ခေါ်ကြပါတယ်။


အခုတလော အလုပ်မှာကျွန်မ လုပ်ရတာ one to one nurse အဖြစ်နဲ့ 7AM - 7PM (သို့) 7PM - 7AM လုပ်ရတဲ့ 12 hours shift တွေနဲ့ပဲ ကြုံတွေ့နေရပါတယ်။ အဲဒီအထဲမှာ Health Care Team က တကယ် လိုအပ်တယ်လို့ ဆုံးဖြတ်ထားတဲ့ လူနာတွေအထဲမှာ တကယ်မလိုအပ်ဘဲနဲ့ အင်တာဗျူးလုပ်တဲ့အချိန်မှာ သူတို့ကို အရှုးမေးတဲ့ မေးခွန်းတွေ မေးလို့ဆိုပြီး ပေါက်ကရတွေ ဖြေဆိုကာ မချေမငန်တုံ့ပြန် ပြောဆိုမိလို့ စိတ်မချရတဲ့ စာရင်းထဲ ပါသွားပြီး ၀မ်းတူဝမ်း ထဲ အထည့်ခံရတဲ့ လူနာတွေကိုလည်း ကျွန်မ များစွာ တွေ့ဖူးပါတယ်။ အရင်နှစ်ပတ် စနေနေ့က စလို့ ဆက်တိုက်လိုလို ကျွန်မမှာ Ward ထဲက ပုံမှန်တိုင်း လုပ်ရတဲ့ အလုပ်တွေ သိပ်နည်းပြီး one to one လူနာတွေကိုပဲ အများဆုံး ကြည့်ရပါတယ်။ ကျွန်မနဲ့ ထိပ်တိုက်တွေ့ရတဲ့ လူနာတယေက်အကြောင်းကို ပြောပြချင်ပါတယ်။

အဲဒီနေ့က မနက်အစောကြီး ခုနှစ်နာရီ မတိုင်ခင် ကျွန်မစောင့်ရှောက်ရမည့် လူနာရှိတဲ့အခန်းကို ရောက်လာပြီး အခန်းဝမှာ ရပ်စောင့်နေတဲ့ အမျိုးသားသူနာပြုနဲ့ အချင်းချင်း မိတ်ဆက်လိုက်တယ်။ ကျွန်မရောက်တော့ လူနာက အိပ်နေတုန်းပဲ။ ညစောင့်တဲ့ အမျိုးသားနာ့စ်က လူနာရဲ့ နောက်ခံသမိုင်း အကျဉ်းအနည်းငယ်ကို စတင်ပြောပြီး Handover Report ပေးပါတယ်။ “လူနာက အသက် ၅၅ နှစ်၊ ကင်ဆာကြောင့် လည်ပင်းမှာ အနာရှိပြီး အစာမျိုရခက်လို့ ဒီဆေးရုံမှာ အစာမြိုတဲ့ လေ့ကျင့်ခန်း (Rehabilitation) လုပ်ဖို့ သူအရင်တက်တဲ့ဆေးရုံက လွှဲပြောင်းပေးလိုက်ပါတယ်။ one to one ထားရတာက သတ်သေမယ်လို့ အဲဒီဆေးရုံမှာ ပြောခဲ့သလို ဒီရောက်ပြီးမှလည်း Staff တွေအပေါ် မှာ ကိုယ်၊ နှုတ်အမူအရာ နှစ်ခုစလုံးနဲ့ Aggressive ရှိခဲ့ပါတယ်၊ ဒါပေမဲ့ ညကတော့ အေးအေးဆေးဆေးပါပဲ တညလုံးအိပ်နေပြီး ဘာပြဿနာမှ မရှိခဲ့ပါဘူး” လို့ ညစောင့်တဲ့ စပယ်ရှယ်နာ့စ်က ကျွန်မကို လူနာအကြောင်း အတိုချုပ် Report ပေးပါတယ်။ ကျွန်မလည်း Charts တွေ၊ Record တွေကို လွှဲပြောင်းလက်ခံယူကာ ညစောင့်တဲ့ သူနာပြုကို “Good night, Have a good sleep” လို့ နှုတ်ဆက်ပြီး ပေးပြန်လိုက်ပါတယ်။ သတ်သေဖို့ ကာရကံမြောက်ကြိုးစားခဲ့ခြင်း ရှိမရှိနဲ့ သူမရဲ့ Aggressive behaviour က ဘယ်အတိုင်းအတာအထိ ဆိုးရွားခဲ့လဲ ဆိုတဲ့ အရေးကြီးတဲ့ အချက်တွေကို အတိအကျ သိချင်ရင်တော့ File ထဲမှာ ကိုယ့်ဖါသာကိုယ် ရှာဖတ်ရမှာ ဖြစ်တယ်။

ဒီ Ward က လူနာတွေ အားလုံးကလည်း တခုခု ဖြစ်လို့ ဆေးရုံတက်ပြီး အိမ်ပြန်နိုင်လောက်အောင် သက်သာတဲ့ အခြေအနေမရောက်ခင် Acute Care Ward ထဲမှာလည်း အနီးကပ် ပြုစုနေဖို့အထိလည်း မလိုအပ်တော့တဲ့ လူနာတွေကို ပုံမှန် (သို့) ပုံမှန်နဲ့ အနီးဆုံးပြန်ဖြစ်အောင် အိမ်မပြန်ခင် လေ့ကျင့်ခန်း လုပ်ပေးတဲ့ Rehabilitation Ward ဖြစ်ပါတယ်။ Weekdays တွေမှာတော့ ရှစ်နာရီထိုးမှာ မနက်စာစား ဆေးသောက်ပြီးတာနဲ့ ဆရာဝန်၊ Physiotherapist, Occupational therapist, Speech-pathologist, Social Worker, Nutritional therapist, Psychologist စတဲ့ Health Care နဲ့ ပတ်သက်တဲ့ Staff တွေက သူတို့သတ်မှတ်ထားတဲ့ အချိန်တွေမှာ လူနာကို လာတွေ့ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Weekend မှာကျတော့ လေ့ကျင့်ခန်းလုပ်စရာ မရှိလို့ Clinical Staff ဆိုလို့ ဆရာဝန်နဲ့ သူနာပြုပဲ ရှိပါတယ်။ Weekend မှာ လူနာတချို့က အိမ်ကိုပြန်လည်ကြတယ်။ တချို့ကလည်း မိသားစုနဲ့ အပြင်က စားသောက်ဆိုင်တွေမှာ နေ့လည်စာ သွားစားတာတွေ ရှိပါတယ်။

အဲဒီမနက်က ကျွန်မရဲ့ စပယ်ရှယ်လူနာက တော်တော်နဲ့ အိပ်ရာက ထမလာဘူး။ ရှစ်နာရီထိုးခါနီးမှာမှ လူနာက နိုးလာလို့ ကျွန်မက ကျွန်မနာမည် ပြောပြီး ဒီနေ့သူ့ကို စောင့်ရှောက်မည့် သူနာပြုဖြစ်ကြောင်း သွားမိတ်ဆက်တော့ “စောင့်ရှောက်ဖို့လား အရူးလို ရာဇ၀တ်သားလို စောင့်ကြည့်ဖို့လား ငါ့ကို ဘယ်သူမှ စောင့်ရှောက်စရာမလိုဘူး ငါ့ဖါသာ စောင့်ရှောက်နိုင်ပါတယ်” လို့ လေသံမာမာနဲ့ ပြန်အော်လွှတ်လိုက်တယ်။ ကျွန်မကလည်း “စောင့်ရှောက်တာရော စောင့်ကြည့်တာရော နှစ်ခုစလုံးတော့ ဟုတ်ပါတယ် ဒါပေမဲ့ အရှုးလို ရာဇ၀တ်သားလို စောင့်ကြည့်တာတော့ မဟုတ်ဘူး Miss ရဲ့ Safety အတွက် အကူအညီပေးဖို့ပါ” လို့ ပြန်ပြောလိုက်တော့ “တော်စမ်းပါ နင်ကငါ့ကို ဘာအကူအညီပေးနိုင်မှာမို့လဲ ငါ့ကို အကုန်လုံးက အရှုးလို ထင်အောင် အရှက်ခွဲတဲ့ အလုပ်ကိုပဲ နင်လုပ်နိုင်ပါတယ်” လို့ ဆက်တိုက်ပြောပြီး ရှိုက်ကြီးတငင် ငိုချနေတယ်။

ကျွန်မလည်း သူ့ကိုဖက် သူ့ကြောကုန်းကိုပွပ်ပြီး “ Miss ဘယ်လို ခံစားရနေရမယ်ဆိုတာ ကျွန်မ နားလည်လို့ရပါတယ် ဒါပေမဲ့ Miss က အဲလို စောင့်ရှောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကို နားမလည်သေးလို့ပါ။ ဘာကြောင့် စောင့်ကြည့်ရတယ်ဆိုတာ Nurse Manager က Miss ကို ရှင်းပြတော့လည်း စကားမဆုံးခင် ဖုန်းနဲ့ ကောက်ပစ်တယ်ဆိုတော့ Miss ကို နားလည်အောင် ဘယ်လိုရှင်းပြမလဲ။ Miss စိတ်အေးအေးထားလိုက်ပါ ကျွန်မ ဒီမှာ Miss နဲ့အတူ ညနေ ၇ နာရီအထိ ရှိနေမယ်၊ ကျွန်မ သေသေချာချာ ရှင်းပြမယ်။ လောလောဆယ် ကျွန်မတို့ဟာ Miss အတွက် ကောင်းဖို့သက်သက်၊ အကူအညီပေးဖို့ သက်သက်ဆိုတာတော့ နားလည်ထားဖို့လိုပါတယ်” လို့ ပြောပြပြီး အားပေးတော့ သူနည်းနည်းတော့ စိတ်ပေါ့သွားပုံရပါတယ်။ မငိုတော့ဘူး။ ဒါပေမဲ့ “ ငါလိုချင်တဲ့ လောလောဆယ် အကူအညီက ငါ့ကို အရှုးလို စောင့်ကြည့်နေတာကို ရပ်ဖို့ပါ။ ဒါဆိုရင် အကုန်လုံးအဆင်ပြေပြီ။ ပြောပါဦး နင်က ငါ့ကိုအခုလိုစောင့်ကြည့်ပြီး ဘာများအကူအညီပေးနိုင်မှာမို့လဲ” မေးလို့ ကျွန်မလည်း သူ့ကို နောက်မှပဲ ပြောကြရအောင် အခုလောလောဆယ် အိပ်ရာထပြီး မနက်စာ စားဖို့ ပြင်ဆင်ဖို့ ပြောတော့ သူ့အလုပ်သူသိကြောင်း သူ့နားမှာ ဘယ်သူ့ကိုမှ အလိုမရှိကြောင်း သူ့ကို ဘယ်သူမှ စောင့်ကြည့်နေစရာ မလိုကြောင်း မကျေမနပ်တဲ့ လေသံနဲ့ ပြန်ပြောနေလို့ ကျွန်မလည်း စကားထပ်ရှည်နေရင် သူဒေါသပိုထွက်မှာမို့ ဘာမှ ဆက်မေပြာတော့ဘဲ ထွက်လာလိုက်တယ်။ မလိုအပ်ဘဲနဲ့လည်း သူ့ရှေ့ကို မသွားတော့ဘဲ နေလိုက်တယ်။

အပူချိန်၊ သွေးပေါင်ချိန်တွေ သွေးထဲသကြားဓါတ်တွေ သွားတိုင်းချိန်မှာ သူဘာမှမပြောပေမဲ့ သူ့မျက်နှာ သုန်သုန်မှုန်မှုန်နဲ့ သူ့စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတာကိုတော့ သိသာစွာ တွေ့နေရပါတယ်။ ကျွန်မလည်း သူ့ကို စကားပြောရင် ပေါက်ကရ ပြန်ပြောမယ်ဆိုတာ သိလို့ မလိုအပ်တာ ဘာမှ မပြောပေမဲ့ သူ့ကိုရှင်းပြဖို့ ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ စဉ်းစားနေခဲ့တယ်။ သူ့ပုံကိုကြည့်ရတာ စိတ်ဓါတ်အကြီးအကျယ် ကျဆင်းပြီး ဘ၀ကို သတ်သေတဲ့အထိ အရှုံးပေးမည့် ပုံတော့ ရှိမယ်မထင်ဘူး။ သူ့ကို ဒီလို Special Nurse ထားတာကို သူ့ရဲ့ Safety အတွက်လို့ မမြင်ဘဲ အရှက်ခွဲနေတယ် မြင်နေတာကို ကျွန်မတို့မှာ ရှင်းပြဖို့ တာဝန်ရှိပါတယ်။ သူဟာ သူ့ကို အရှုးလို၊ ရာဇ၀တ်သားလို ဆက်ဆံတယ်ဆိုပြီး စိတ်တိုနေတာကလွဲပြီး တခြားမူမမှန်တဲ့ အရိပ်ယောင်လုံးဝ မတွေ့ရတာတော့ အမှန်ပဲ။ ဒါကို သူနားလည်သွားရင် အဆင်ပြေသွားမှာ ဖြစ်ပြီး စပယ်ရှယ်လုံးဝ လိုတော့မှာ မဟုတ်ဘူးဆိုတာ ကျွန်မ ယုံကြည်တယ်။ ဒါကြောင့် သူ့ကို ကျွန်မ စကားဘယ်လို ပြောရမလဲဆိုတာပဲ စဉ်းစားနေခဲ့ပါတယ်။

သူကလည်း ကျွန်မကို ဘာမှလာမပြောနဲ့ မကြားချင်ဘူး မမြင်ချင်ဘူးလို့ ပြောထားပြီး လှည့်တောင် လှည့်မကြည့်တော့ ပြောရသိပ်ခက်တယ် ဒါပေမဲ့ ကျွန်မက ကြိုးစားပြီး ချဉ်းကပ်ခဲ့ပါတယ်။ “ ဒီနေ့ Weekend ဆိုတော့ ဘာလေ့ကျင့်ခန်းမှ လုပ်စရာမရှိဘူး၊ ဆေးရုံအောက်က ပန်းခြံထဲမှာ လမ်းသွားလျှောက်ချင်လား” လို့ သူစိတ်ပြောင်းပြီး စကားလေးဘာလေး ပြောလို့ရအောင် မေးကြည့်လိုက်တယ်။ သူက “ သိပ်ကိုလျှောက်ချင်တာပေါ့ ဒါပေမဲ့ ငါ့နောက်မှာ ဘယ်သူမှမပါဘဲ ငါ့ဖါသာလွတ်လွတ်လပ်လပ် လျှောက်ရမယ်ဆိုရင်တော့ ဆင်းလျှောက်ချင်တယ်” လို့ ပြန်ပြောတယ်။ ကျွန်မက “ဒီလိုတော့ မဟုတ်ဘူးလေ ကျွန်မတို့လမ်းလျှောက်ရင်း စကားပြောကြရင် ပိုပျော်စရာ ကောင်းတာပေါ့ ”လို့ ပြောတော့ “ဒါဆိုရင်တော့ ငါ့ကို ဘာမှထပ်မမေးနဲ့တော့ ငါ့ကိုအရှုးလို လူဆိုးသူခိုးလို စောင့်ကြည့်နေသူနဲ့ လမ်းအတူလျှောက်ပြီး စကားပြောဖို့နေနေသာသာ အခုလည်း ဘာမှကို မပြောချင်ဘူး” လို့ပြောလိုက်တယ်။

ကျွန်မလည်း ဒီတခါတော့ လေသံကို နည်းနည်းမြင့်ပြီး “Miss ကို အဲဒီလို စောင့်ကြည့်ဖို့ ဆုံးဖြတ်တာ Health Care team တခုလုံးက ဆုံးဖြတ်တာဖြစ်တယ်။ Miss ဟာ ဟိုဆေးရုံမှာ သတ်သေမယ်လို့ ပြောခဲ့တယ် ဒီရောက်ပြီးမှ Nurse Manger ကို Hand phone နဲ့ ကောက်ပစ်တယ် ဒီတော့ ဟိုဆေးရုံက လာတုန်းက သတ်သေဖို့ ပြောတာနဲ့ မိမိကိုယ်မိမိ နာကျင်အောင် (Self-Harm) လုပ်မှာကိုပဲ စောင့်ကြည့်စရာ ရှိခဲ့တယ် အခုတော့ သူများကို နာကျင်အောင်လုပ်တာ (Harm to others) ပါ တိုးလာပြီ ဒီအတွက် Miss တယောက်တည်းရဲ့ Safety တင်မကဘူး တခြားသူတွေရဲ့ Safety အတွက်ပါ စဉ်းစားလာရလို့ ပိုပြီးတောင် စောင့်ကြည့်ဖို့ လိုအပ်တဲ့ အခြေအနေကို Miss ကိုယ်တိုင်က ဖန်တီးလိုက်တာ ဖြစ်တယ်။ Miss က မစောင့်ကြည့်စေချင်ရင် မစောင့်ကြည့်ရလောက်အောင် စိတ်ချရတဲ့ အခြေအနေ Miss မှာ ရှိဖို့လိုအပ်ပါတယ်။ ကျွန်မတာဝန်က Miss ကို စောင့်ကြည့်ပြီး အော်ရင် အော်တယ်၊ ဆဲရင်ဆဲတယ်၊ ငိုရင်ငိုတယ်၊ Aggressive လုပ်ရင် လုပ်တယ်၊ Staff ကို ရန်ရှာရင် ရန်ရှာတယ်စတဲ့ Miss ရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာက ထွက်လာတာ အားလုံးကို Record လုပ်ထားဖို့ပါပဲ ဖြစ်တယ်။ ဒါကို Team က တနင်္လာနေ့ကျရင် Miss အခြေအနေကို Review ပြန်လုပ်ပြီး ပြန်ဆုံးဖြတ်မှာ ဖြစ်တယ်။ ကျွန်မက Miss ပျင်းနေမှာစိုးလို့ Miss အတွက် စေတနာသက်သက်နဲ့ ပြောတာသာ ဖြစ်တယ်၊ ကျွန်မအတွက် Miss နဲ့ စကားမပြောရလို့ ဘာမှ ဖြစ်မသွားဘူး” လို့ သူသိသင့်တာကို အခွင့်အရေးရတုန်း လေသံမာမာနဲ့ ပြောလိုက်တော့ သူနည်းနည်းတော့ ငြိမ်သွားပါတယ်။ နောက်ပိုင်း သူ့ကို ကျွန်မကြည့်နေတာကို သိပ်မကြည်တဲ့ အရိပ်အယာင် ရှိပေမဲ့ ဘာမှတော့ ဆက်မပြောတော့ပါဘူး။

ကျွန်မလည်း ရတဲ့အခွင့်အရေးကို ယူပြီး ဆက်လက်ပြီးတော့ လေသံနည်းနည်း ဖျော့ကာ “အမှန်အတိုင်းပြောရရင်တော့ ကျွန်မတို့ မြန်မာလူမျိုးတွေကိုသာ ဒီလို သတ်သေမယ်ပြောတိုင်း စောင့်ကြည့်မယ်ဆိုရင် တနိုင်ငံလုံးမှာ ရှိတဲ့ သူနာပြုတွေလုံလောက်မှာ မဟုတ်ဘူး” လို့ ကျွန်မက ပြောပြောပြီး တခြားဘာမှ ဆက်မပြောခင် နင်က မြန်မာပြည်ကလားဆိုပြီးတော့ သူ့အမူအရာတွေက ချက်ချင်းကို ပြောင်းသွားပြီး "I love Aung Sun Suu Kyi, She is very strong lady!" လို့ စတင်ကာ မြန်မာပြည် နိုင်ငံရေးအကြောင်း ရေပက်မ၀င်အောင် ပြောပြီး သူနဲ့ကျွန်မနဲ့ စကားဖေါင်ဖွဲ့လို့ ရသွားတော့တယ်။ စကားတွေ အများကြီးပြောဖြစ်ပြီးမှ သူလည်း ကျွန်မပြောတာကို ယုံပြီး ကျွန်မ အကြံပြုချက်တွေကို လက်ခံတော့တယ်။ သူလည်း နေမကောင်းလို့ ဆေးရုံလာတက်တာကို အရှုးလိုဆက်ဆံခံရတော့ နင်ဆိုရင်လည်း ဘယ်လိုနေလဲဆိုပြီး ပြောတော့ ကျွန်မလည်း သူ့နေရာကို ၀င်ခံစားလို့ရပါတယ်။ သူဒီမှာ မိသားစုလည်းမရှိ သူ့သားနဲ့သမီးက ဂျာမဏီမှာ သူ့မှာ ကင်ဆာရောဂါလည်း ရှိတယ်။ အဲလိုအခြေအနေမှာ သူ့ရဲ့ စိတ်ဖိစီးမှုနဲ့ အထီးကျန်ဆန်မှုကို ခန့်မှန်းလို့ရပါတယ်။

“ကျွန်မလည်း Miss ပြောသလို ငါသေချင်တယ်လို့ စကားအရ အမြဲပြောတတ်ပါတယ်။ Miss လည်း အဲဒီလိုပဲ ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်မ ထင်တယ်။ ဒါပေမဲ့ Miss က ဆေးရုံက လူနာဖြစ်တော့ ကျန်းမာရေး ဌာနက ချထားတဲ့ ပေါ်လစီအတိုင်း စောင့်ကြည့်ခံရတာဖြစ်တယ်။ ဒါကလည်း အတိတ်ကာလတွေမှာ ဒီလိုပြောပြီး မစောင့်ကြည့်မိလို့ တကယ်သတ်သေသွားတဲ့သူတွေ အများကြီးရှိခဲ့လို့ ပေါ်လစီအရ စောင့်ကြည့်တာသာ ဖြစ်တယ်။ လူနာတယေက်ဟာ လူကောင်းတယေက်ထက် ခံစားမှု ပိုပြီး Sensitive ဖြစ်တယ်ဆိုတာ Health Care Team က member တွေ အကုန်လုံး နားလည်ပြီးသား ဆေးရုံရဲ့ စောင့်ရှောက်မှု အောက်က လူတယောက်သတ်သေသွားရင် အဲဒီ Team တခုလုံးမှာ တာဝန်ရှိပါတယ်။ Miss ကို မေးတဲ့မေးခွန်းတွေဟာ ဒီလို သတ်သေဖို့ ပြောတဲ့ လူနာတိုင်း (သို့) လဲကျပြီးသတိလစ်လို့ သတိပြန်ရလာတဲ့ လူနာတိုင်း အာရုံအဖွဲ့အစည်းနဲ့ memory တွေ ပုံမှန်အလုပ်မလုပ် သိရအောင် မေးမြန်းတဲ့မေးခွန်းတွေသာ ဖြစ်တယ်။ Miss ထင်သလို အရှုးထင်ပြီး မေးတာ မဟုတပါဘူး။ အခု Miss ကို စောင့်ကြည့်လို့ Miss ကပုံမှန် ဖြစ်နေရင် အဲဒီစပယ်ရှယ်ထားတာကို တနင်္လာနေ့ Team Review ပြန်လုပ်ရင် ဖြုတ်လိုက်မယ်လို့ ကျွန်မ ယုံတယ်။ ဒီလိုမဟုတ်ဘဲ Miss က ပိုဆိုးလာရင် ဆက်စောင့်ကြည့်ရင်ကြည့် ပိုပြီး Aggressive ဖြစ်လာရင် Mental Health Ward ကို လွှဲပြောင်းပေးရင် ပေးနိုင်တယ်။ အားလုံးက Miss ရဲ့ တုံ့ပြန်မှုအပေါ်မှာပဲ မူတည်တယ်” လို့ ကျွန်မ ပြောလိုက်တော့ သူတော်တော်လေး သဘောပေါက်သွားပါတယ်။ သူအော်လွှတ်တာတွေအတွက် ကျွန်မကို ပြနတောင်းပန်ပါတယ်။ သူ့အနေနဲ့ သက်သာချင်လို့ ဆေးရုံလာတက်တယ်ဆိုမှ အကုန်လုံးက အရှုးလိုဆက်ဆံတော့ မခံမရပ်နိုင် ဖြစ်ပြီး ဖြစ်သွားကြောင်း ပြောပါတယ်။ နောက်ပိုင်းမှာတော့ တခြား staff တွေကိုလည်း ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန် ဆက်ဆံလာတာကို တွေ့ရပါတယ်။

ကျွန်မ Special လုပ်ရတဲ့ လူနာ တ၀က်ခန့်က ဒီလို မထင်မှတ်ပဲ သတ်သေမယ် ပြောလိုက်လို့ Special အထားခံရတာကိုသာ အများဆုံး တွေ့ရပါတယ်။ တကယ်သတ်သေဖို့ ကြိုးစားခဲ့သူ သိပ်ကိုနည်းပါတယ်။ ဒီလူနာကို ပြီးခဲ့တဲ့ စနေတင်္ဂနွေ နှစ်ရက်လုံးလည်း ကျွန်မ စပယ်ရှယ်လုပ်ခဲ့ရပါတယ်။ အရင်တပတ်က တနင်္ဂလာနေ့ကတော့ Public Holiday ဖြစ်နေလို့ Health Care Team Team Review မလုပ်ဖြစ်ခဲ့ဘဲ အခုပြီးခဲ့တဲ့ တင်္လာနေ့မှာတော့ Review လုပ်ပြီး နောက်တခါ ပြန်တွေ့ရင် Special မလိုတော့တဲ့ လူနာတယောက်အဖြစ် မြင်တွေ့ရလိမ့်မယ်လို့ ကျွန်မ ထင်တယ်။ အမှန်က ဒီလူနာမှာ သတ်သေဖို့အစီစဉ် လုံးဝမရှိနိုင်ပါဘူး၊ စိတ်မမှန်တာလည်း မရှိပါဘူး၊ ရောဂါ ရတဲ့အချိန်မှာ စိတ်ခံစားလွယ်ပြီး ဒေါသဖြစ်မြန်တာပဲ ရှိပါတယ်။ အကယ်၍သာ သူက ကျွန်မတို့ စောင့်ရှောက်တာဟာ Quality Care အတွက် Safety နဲ့ ညီညွတ်အောင် လုပ်တယ်ဆိုတာ ကြိုတင်သိထားရင် သူဒီလိုခံစားရပြီး ဒီလောက်အထိ စိတ်ဆင်းရဲကာ ဒေါသဖြစ်ရလိမ့်မယ် မထင်ဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ သူနားလည်သွားပါတယ်။ ကျွန်မနဲ့ စကားတွေ ပြောပြီး ညနေ ၇ နာရီ ကျွန်မ အိပ်ပြန်ချိန် ညဘက်တာဝန်ကျတဲ့ 1:1 nurse နဲ့ ကျွန်မ မိတ်ဆက်ပေးတော့ သူပြုံးပြုံးရွှင်ရွှင်ပဲ လက်ဆွဲ နှုတ်ဆက်ပြီး လက်ခံပါတယ် ကျွန်မကို တွေ့တုန်းကလို မအော်ထုတ်ခဲ့ဘူး။ ပြီးခဲ့တဲ့ တနင်္ဂလာနေ့က Public Holiday မို့ သူ့ကို Review မလုပ်ရလို့ Special Nurse ကို မဖြုတ်ဖြစ်ပေမဲ့ တပတ်လုံး သူဟာ Special Nurse နဲ့ရော တခြား Staff တွေ လူနာတွေနဲ့ပါ စလိုက်နောက်လိုက် ပြောဆိုရယ်မောပြီး ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ တင်္ဂနွေနေ့က အိမ်ပြန်ခါနီး သူ့ကို ကျွန်မ နှုတ်ဆက်ရင်း ကျွန်မက “တနင်္လာနေ့ကျရင် ဆရာဝန်၊ Psychologist, Neurologist, Social Worker တို့ Miss ကိုလာတွေ့ရင် အခုကျွန်မနဲ့ စကားပြောသလို ပုံမှန်အတိုင်း ပြန်ပြောပါ အရှုးလို ရာဇ၀တ်သားလို လာမဆက်ဆံနဲ့ဆိုပြီး မအော်လွှတ်ပါနဲ့ ဒါပေမဲ့ Mental Health Ward မှာ စိတ်ရောဂါလူနာ အဖြစ်သွားနေချင်ရင်တော့ Miss သဘောပဲ အော်လွှတ်၊ လာသမျှလူတွေကို မူဘိုင်းဖုန်းမကလို့ စားပွဲပေါ်မှာ ရှိတာတွေ အကုန်လုံးနဲ့ ပစ်ပေါက်ပေါ့” လို့ ကျွန်မက နောက်ထားခဲ့သေးတယ်။ ကျွန်မကို မြန်မာပြည်ကမှန်း သိလိုက်တာနဲ့“ Are you Burmese ? I love Aung Sun Suu Kyi!” ဆိုတဲ့ သူ့ရဲ့ အံ့သြ၀မ်းသာတဲ့ အာမေတိတ် စကားကတော့ ကျွန်မနားထဲက အခုထိမထွက်ဘူး။ တော်ပါသေးရဲ့ ဒေါ်အောင်ဆန်းစုကြည် ကယ်ပေလို့သာ နို့မဟုတ်ရင် အဲဒီလူနာဟာ ဘယ်သူ့ပြောစကားကိုမှ လက်မခံ အော်လွှတ်ပြီး Mental Health Ward မှာ စိတ်ရောဂါ လူနာအဖြစ် Assessment လုပ်ဖို့ ဘယ်လောက်သွားနရမလဲ ပြောမတတ်ဘူး။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

15 comments:

ဟုတ်ပ မငယ်နိုင်ရေ .. မြန်မာပြည်သားတွေ ဒီလို သေချင်တယ်ပြောတိုင်း 1း1 သာကြည့်ပေးနေရရင်တော့ မြန်မာပြည်က သူနာပြုတွေ တင်မက တကမ္ဘာလုံးရှိရှိသမျှ သူနာပြုတွေ လာပြီး စောင့်ကြည့် ပေးလို့ တောင် လောက်မယ် မထင်ပါဘူး နော် ။ ဒါပေမဲ့ ပြောတဲ့ အတိုင်း မလုပ်ကြတာမို့  သိပ်တော့ စိုးရိမ်စရာ ရှိမယ်မထင်ပါဘူး လေ ။ ပြော ပြော ပြီး.. ပြီးသွားကြတာ ပဲ မဟုတ်လား ။

စာလာဖတ်ဖြစ်တယ် အမ

မမပြောတာ မှန်လိုက်တာ..... ဒီလိုပြောတိုင်းသာ စောင့်ကြည့်ရမယ်ဆိုရင် ကိုယ်လည်း လွပ်မှာ မဟုတ်ဘူး။ စိတ်ညစ်တိုင်း အဲလို အော်ပြောနေကြလေ။း))
စိတ်ရှည်သည်းခံပြီး လုပ်ရတဲ့ အလုပ်မို့ ကုသိုလ်လည်းရတာပေါ့နော်။ မမပြောသလို အန်တီစု ကယ်လို့ပေါ့။ နို့မို့လို့ကတော့ ဒီလူနာနဲ့ ဘယ်လို နှစ်ပါးသွားကြမယ် မသိနော်။ ဂုဏ်ယူစရာပေါ့ မမရယ်...။

မမကိုလည်း နှုတ်ဆက်ခဲ့ပါတယ်နော်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

အနှစ်ချုပ် ပြောရရင်တော့ “လူသားတစ်ယောက်ကို တန်ဖိုးထားလို့” လို့ပဲ နားလည်ရပါတယ်။ အရင်ကတော့ မသိခဲ့ပါဘူး။ ဆေးရုံတင်မကပါဘူး၊ နေရာတိုင်းမှာ လူတိုင်းအတွက် ကျန်းမာအောင်၊ အန္တရာယ်ကင်းအောင်၊ ထမင်းမငတ်အောင် အစစအရာရာ လိုက်ကြည့်ပြီး ဖြည့်ပေးနေလို့လည်း ဖွံ့ဖြိုးပြီးနိုင်ငံ အတော်များများဟာ “အစိုးရက နိုင်ငံသားတွေကို ကလေးထိန်းသလို လုပ်နေတဲ့ နိုင်ငံတွေ” (Nanny States) ဆိုပြီး အဝေဖန်ခံနေကြရတာပါ။ ကောင်းတယ် မကောင်းဘူး ဆိုတာကတော့ ခံယူသူအပေါ်ပဲ မူတည်ပါတယ်။ (လက်တွေ့ကြုံဖူးသူနဲ့ မကြုံဖူးသူတွေကြားမှာလည်း ကွာပါသေးတယ်။)

ရောဂါ ဝေဒနာခံစားနေရတော့လည်း သာမန်ထက် စိတ်တိုချင်နေကြတာ သဘာဝပါ အစ်မရေ.. သူတို့ကို ဖျောင်းဖျဖို့က တော်တော်ခက်မှာ နားလည်ပါတယ်..

လူတစ်ယောက်ကို နားလည်ဘို့ဆိုတာ မလွယ်ပါဘူး၊ သူကလည်း တခြားသူတွေပေါ်နားလည်ဘို့ လိုပါတယ်၊ အဲဒီ နားလည်မှု့ ကိုရအောင်လုပ်ပေးလိုက်တာ အရည်အချင်းပါပဲ၊
နားလည်မှု့ မရသရွေ့ကတော့ အမြင်တွေစောင်း၊ ဆန့်ကျင်ဘက်တွေဖြစ်နေဦးမှာပါ။
Nge Naing တော်ပါတယ်၊ professional ဆန်ပါတယ်။

သူငယ်ချင်း

တင်ပြတာကောင်းတယ်.. အိမ်မှာလည်း ချစ်ချစ်ကို အဲလိုပဲ ဖြောင်းဖြလား..အဟဲ.. သိပ်တော်တဲ့ သူငယ်ဂျိုး.. ထင်တာက မသက်အကြောင်း ထင်လို့.. နောက်မှ တခြားလူနာ အကြောင်း..

မငယ်ရဲ့ စိတ်ရှည်မှုကို အင်မတန်မှ ချီးကျူးပါတယ်..

ဒီမှာလည်း ဆေးရုံတွေမှာ အဲလိုပဲ ကြားဖူးတယ်.. တော်တော်လေး စိတ်ရှည်မှရတယ်ပြောကြတယ်.. တခါတလေ လူနာက သူနာပြု တွေ အကူတွေနဲက ဆရာဝန်တွေ ကို ပြန်ဟောက်နေသေးတယ်ဆိုပဲ..

မဗေဒါ

လာလည်သူ စာလာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ Health Care Professional ဖြစ်လာမည့် သူတွေ အားလုံးကို ရုပ်ပိုင်းနဲ့ ဆိုင်တဲ့ အလုပ် ရောဂါအကြောင်း၊ ဆေးအကြောင်းပဲ သင်တာ မဟုတ်ဘဲ၊ Law, Ethnics တွေ၊ Communication အတွက် အချင်းချင်း၊ လူနာ၊ မိသားစု၊ တခြား Team member တွေအကြား ဖြစ်နိုင်တဲ့ ပြဿနာတွေအတွက် Problem Solving, Case Study တွေကို အစဉ်တစိုက် လုပ်လာခဲ့လို့ အဲဒီအတွက် skill က Health Care staff တွေ အားလုံးမှာ ရှိကြပါတယ်။ ဒါပေမဲ့ စိတ်ရှည်နိုင်မှု အတိုင်းအတာကတော့ တဦးချင်းတယောက်ချင်းစီရဲ့ Personality နဲ့လည်းဆိုင်ပါတယ်။

Sosegado ရေ ကျွန်မ တော်လို့ မဟုတ်ပါဘူး လူနာက ဒေါ်အောင်ဆန်းစုကြည်ကို သိပ်လေးစားတော့ အကြိုက်တူသူ နှစ်ယောက် ပေါင်းမိသွားတာပါ။

ကိုမန်းကိုကို -ဒီလူအဖွဲ့အစည်းမှာ လူတယောက် အမြင်မတော် မကောင်းတာဖြစ်သွားရင် ဒီလူ့အဖွဲ့အစည်း တခုလုံးမှာ တာဝန်ရှိလို့ ဒီလိုလိုက်စောင့်ရှောက်တာကို ကျွန်မက ကောင်းတဲ့စနစ်အဖြစ် လက်ခံပါတယ်။ အဓိကက ဒီလိုစောင့်ရှောက်တာဟာ Quality Care အတွက် ဖြစ်တယ်ဆိုတာ အများနားလည်အောင် ပညာပေးနိုင်ဖို့ပဲ အရေးကြီးပါတယ်။ အခု လူနာ အထင်လွဲတာ ကျန်းမာဌာနက ကောင်းတဲ့ ပေါ်လစီချမှတ်ထားပေမဲ့ လူနာနဲ့ Public ကို Educate လုပ်တဲ့နေရာမှာ အားနည်းနေသေးလို့ ဖြစ်တယ်လို့ ကျွန်မမြင်တယ်။

သူငယ်ချင်း မဗေဒါရေ - ကျောင်းမှာ သင်ရတဲ့ Case Study တွေက လူနာ၊ မိသားစု၊ အလုပ်သမားအချင်းချင်းကနေ နိုင်ငံတော် issue အထိ Problem Solving အတွက် Case Study တွေ လုပ်ရပေမဲ့ ယေက်ျားနဲ့ ဖြစ်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသင်ခဲ့ရဘူး။ အဲဒါကြောင့် အလုပ်မှာပဲ သူများကို ဖြောင်းဖြလို့ရတယ် အိမ်မှာတော့ ကိုယ်က အဖြောင်းဖြခံပါ။ ဘလော့ရေးတာ အရည်မရအဖတ်မရလို့ ခဏခဏ အပြောခံရလို့ ဘလော့ဂ်လေး ဆက်ရေးခွင့်ရနေအောင်တောင် ယောက်ျားကို မနည်း ဖားနေရတယ်။ ဒါတောင်မှ ဒေါ်လာရလို့ ရေးနေတယ်ဆိုပြီး စွပ်စွဲတဲ့သူတွေက ရှိသေးတယ်။

ညီမရေ .. ဒေါ်လာ ရလို့ ရေးနေတယ် ဆိုပြီး စွပ်စွဲတယ် ဆိုရင် အမတို့လို ဖတ်တဲ့သူ ကို ပါ ဒေါ်လာ ရလို့ ဖတ်တယ် ဆိုပြီး စွပ်စွဲဦး မလား မသိ ...း)) အိမ်က ယောင်္ကျားလည်း အတူတူဘဲ လေ .. ဘလော့ ဖတ် တာကို အရည်မရ အဖတ်မရ ဆိုပြီး အပြောခံရတယ် ...
ညီမ တို့ အလုပ်ကလည်း တကယ့် ကို မလွယ် ပါလားနော် ... ဒေါ်စု ကယ်လို့ တော်သေးရဲ့  ...
ညီမ စာ အရေးအသား တင်ပြပုံ တွေ အရင် ကထက် အများကြီး ပို ကောင်း လာတယ် ... နောက်လည်း ညီမ ရဲ့  အတွေ့အကြုံ တွေ ဝေမျှ ပေးပါဦး .. ကျေးဇူးအထူးတင်ပါတယ်...

mie nge

အမ တတိယအပိုဒ် နောက်ဆုံးနားလေးမှာ ကရကံဖြစ်နေတယ် ကာယကံ မဟုတ်လားး)
ဖတ်လို့ကောင်းတယ်အမရေ အတွေ့အကြုံပေါ့
သူနာပြုတွေ သီးခံစိတ်ရှိကြတယ် .. ကိုယ်သာဆို ပြန်အော်မိမလားမသိဘူး အဟီး

ကျန်တဲ့ ပြဿနာတွေကတော့ ထားပါ ။ ၀င်ပ်ါတ်သက်စရာကို မရှိဘူး။
ဘာသာရေးနဲ့  ပါတ်သက်ပြီး နက်ထဲ အခြေအမြစ်မရှိစွပ်စွဲနေတာကတော့ တမျိုးဘဲ။
နက်ထဲရေးနေတာတလွဲသတင်းတွေကို စာရင်းလုပ်ရင် မနဲဘူး ။
ခုလဲ ဘာသာရေးနဲ့  ပါတ်သက်ပြီး ရုရှက ညီငယ်တွေကို ဆွဲထည့်တာတော့ မဟုတ်တာကို မဟုတ်ဘူးဘဲ ပြောရမှာဘဲ။
ဘာသာရေးဆို နကန်းတလုံးမှမသိတဲ့ သူသွားပြောရင်တော့ ယုံချင်ယုံမယ် ။
ခုလက်ရှိရှိနေသေးတဲ့ သူတွေခဏလေးဖယ်ထားပါ ။ ( လက်ရှိလူတွေသက်သေပြရင် အဲဘာသာရေးဆိုက်တွေမှာ လာပေါက်ကရရေးရင် အာရုံနောက်လွန်းလို့  )
ဒီမှာ ကိုဆော်လမွန် http://solomonn.0fees.net/wordpress/
ကိုပြေဇော် http://pyayzaw.phpnet.us/
သူတို့ ၂ယောက်ရေးခဲ့တဲ့ ဘာသာရေးစာပေတွေကိုဘဲ ကိုယ်လိုက်မီလား သွားလေ့လာကြစေချင်တယ် ။
ခုဟစ်တိုင်က သတင်းထဲဖေါ်ပြတဲ့  blogs (ဆိုတာ)တွေရဲ့  အဆင့်အတန်းနဲ့ နှိုင်းစာကြည့်ပါ ။
ကောင်းပြီလေ ။ ဒါက မှန်ကန်သောတင်ပြမှုကို ပြောနေလို့  ။
မှားနေတာတောင် သူတို့ သဘောက သူတို့  ရပ်တည်မှုကို ဗြောင်ရပ်တည်ငြင်းရဲပါတယ်
မယုံရင် nativemyanmar forum , padonma forum and planet forum မှာ kominmaung ဆိုတဲ့  နစ်ကို လိုက်ဖတ်ကြည့်ပါ ။
ဒီတော့ လေဖမ်းဝတန်းချီ ။ သက်သေမဲ့  စွပ်စွဲတာတွေ ရပ်သင့်ပြီ ။
ဒီသတင်းဋ္ဌာနဆိုတာတွေ တာဝန်မဲ့  ရေးချင်တာရေးနေတာ စိတ်ကုန်နေတာ ကြာလှဘီ
dvb က ၂၀၀၈မှာ စူနာမီဆရာတော်ဆိုတာကို ဒီမို သူရဲကောင်းလိုလို လုပ်တာ
ခုတလောက irrawaddy က ဦးကောသလဇင်းမယ်တရားပွဲကို သာသနာပြု သူရဲဂေါင်းဂျီးလုပ်တာတွေက ဥပမာအများကြီးထဲတချို့ ဘဲ ။

အပေါ်က မှတ်ချက်ပေးသွားသူတွေကို ပြန်နှုတ်ဆက်ပြီး နောက်ထပ် လာလည်သွားတဲ့ Ma mie nge, Littlebrook and Slip တို့ကို ကျေးဇူးတင်ပါတယ်။

မမီးငယ်ရေ ဒေါ်လာသာ ရရင်တော့ ဘယ်လိုနေမလဲ မသိဘူး ဘာဒေါ်လာမှ မရဘဲနဲ့တောင် ကျွန်မကို ဘလော့ဂ်စွဲနေလို့ ဆိုပြီး အိမ်က ကျေးဇူးရှင်က အချိန်ဇယားတွေ ဘာတွေ ဆွဲပေးမယ် လုပ်နေတယ်။ ကျေးဇူးရှင် အသေးလေးကလည်း မလွယ်ဘူး Game ချည်းပဲ မကစားနေနဲ့ စာလုပ်ပါလို့ ပြောရင် မေမေလည်း ဘလော့ဂ်ချည်းပဲ စွဲမနေနဲ့လို့ ပြန်ပြောတတ်နေပြီ။ အဲဒီ ကျေးဇူးရှင် နှစ်ယောက်လည်း စိတ်ချမ်းသာအောင် မိမိလုပ်ချင်တာကိုလည်း လုပ်ခွင့်ရအောင် ဆင်ခြင်ရတာ မလွယ်ဘူး။

Littlebrook ရေ အစ်မက စိတ်ရှည်တာ မဟုတ်ဘူး။ သိပ်ပြီး စိတ်တိုတတ်ပါတယ်။ Professional ဆိုတာ လူလူချင်းဆက်ဆံရာမှာ emotional Intelligence ဖြစ်ရမယ်လို့ ကျောင်းက Subject တခုမှာ ကောင်းကောင်း သင်ခဲ့ရပါတယ်။ အဲဒါကို အသုံးပြုတာပါ။

Slip ရေ- အစ်မက C-Box မှာ အဲဒီပို့စ် ရှိကြောင်းကို သတင်းသွားပေးထားလို့၊ ဒီမှာ ပြန်လာရေးထားတယ်၊ ပြီးတော့ ယဉ်ကျေးစွာ ဆန္ဒဖေါ်ပြတာကို လေးစားတဲ့ သဘောနဲ့ ပို့စ်နဲ့ မဆိုင်ပေမဲ့ လက်ခံထားလိုက်ပါတယ်။ ဒါပေမဲ့ ပို့စ်နဲ့ မဆိုင်တဲ့ မှတ်ချက်တွေ ထပ်တက်လာပြီး မဆိုင်တဲ့ မှတ်ချက်တွေ ဖေါင်းပွလာမှာကိုတော့ အစ်မ မဖြစ်ချင်ဘူး။ Slip ထင်သလို အစ်မက အကုန်လုံးကို ယုံကြည်လို့ လာထည့်ထားတာလည်း မဟုတ်ပါဘူး။ အဓိကက ဒီလိုပြောထားတာတွေ ရှိတယ် တချို့အချက်တွေက ငြင်းလို့မရတာတွေလည်း ရှိနိင်တယ်ဆိုတာကို ပြောပြတာသာ ဖြစ်တယ်။ အဲဒီမှာ အစ်မလည်း အသေးစိတ် အချက်အလက် တခုခုကို ဖေါ်ပြရင် Reference အတိအကျ ရှိသင့်ကြောင်း အကြံပေးတဲ့ မှတ်ချက်တခုတောင် ရေးခဲ့ပါတယ်။ ပြီးတော့ Slip ညွန်းထားတဲ့ ဒေါ်လာစားပြီး ဆူပူအောင် လုပ်နေတယ်ဆိုတဲ့ ဘလော့ဂ်စာရင်းထဲမှာ အစ်မဘလော့ဂ်လည်း ပါတယ်။ သူများစားမစား အစ်မမသိပေမဲ့ အစ်မ ဒေါ်လာမရတာတေ့ အစ်မ အတိအကျ သိလို့ အဲဒါတခုတည်းနဲ့တင် Slip တို့ စွပ်စွဲနေတဲ့ အချက်တွေဟာ မဟုတ်တော့ဘူးဆိုတာ အဖြေကရှင်းနေပါတယ်။ နောက်တခုက အခု Slip မှတ်ချက်တွေ လာရေးတာ Slip စိတ်ထဲမှာ ရှိနေတာကို အစ်မတို့သိအောင် လာပြီး ဖေါ်ပြတာဖြစ်တယ်။ သက်ဆိုင်ရာ ဘလော့ဂ်မှာ Slip မှတ်ချက်ကို ဖေါ်ပြခွင့်မရလို့ Slip ခံစားရတဲ့ ခံစားမှုဟာ မိမိဆန္ဒကို ဖေါ်ပြခွင့် မရလို့ ဖြစ်ရတဲ့ မကျေမနပ်ဖြစ်တဲ့ ခံစားမှုပါ။ ထိုနည်းအတူ ဆန္ဒပြတယ်ဆိုတာ ဆူပူအောင် လုပ်တာမဟုတ်ပါဘူး မိမိဆန္ဒကို လူသိအောင် လုပ်တာဖြစ်တယ်။ ဆူပူတာနဲ့ ဆန္ဒပြတာနဲ့ဟာ မတူပါဘူး။ အစ်မက ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာ ဆန္ဒပြတာကိုပဲ လက်ခံတယ် ဆူပူတာကို လက်မခံဘူး။ ထိုနည်းအတူ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ဆူပူတယ်လို့ စွပ်စွဲတာကိုလည်း လက်မခံပါဘူးဆိုတာ Slip လာရေးထားတဲ့ အချက်တွေကို အသိအမှတ်ပြု လေးစားတဲ့အနေနဲ့ အစ်မပို့စ်နဲ့ ဘာမှမဆိုင်ပေမဲ့ အစ်မတိုချုပ်ပြီး အကြောင်းပြန်လိုက်ပါတယ်။

ဆရာတင့်
ကျွန်မပို့စ်က ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပို့စ်ပါဆရာ။ အဲဒါ ကျွန်မပို့စ်နဲ့မဆိုင်ဘူး။ Slip C-Box မှာ ကျွန်မက သွားရေးထားလို့ သူကဒီမှာ ပြန်လာရေးတာသာ ဖြစ်တယ်။ ဆရာတို့ ဒီမှာ ဆွေးနွေးနေရင် ကျွန်မပို့စ်ရဲ့ Agenda လွဲကုန်မှာဖြစ်လို့ ဆွေးနွေးချင်ရင် ဒီထဲမှာတော့ ဆွေးနွေးလို့တော့ မဖြစ်ဘူး။ ဒီအကြာင်းကို ထပ်ဆွေးနွေးချင်သူများများ ရှိရင် C-Box မှာ စာရင်းပေးခဲ့ပါ။ ဆွေးနွေးချင်သူ များနေရင် Slip ရေးထားတာရော ဆရာရေးထားတာပါ ကော်ပီ ပြန်ကူးပြီး ကျွန်မ ပို့စ်တခု အဖြစ်ပြန်တင်ပေးမယ်။ ဒီထဲမှာတော့ ကျန်းမာရေးနဲ့ မဆိုင်တာ ဆွေးနွေးခြင်း သည်းခံပေးကြပါ။

ညီမငယ်နိုင် ရေ .. ဘလော့ တကာ စီဘောက် တကာ
လိုက်ပြီး နှောက်ယှက်နေတဲ့ ချီးဘရိန်း ကောင် တွေ ကို ဂရု စိုက်ပြီး ပြန် ချေပ နေရင် အချိန်ကုန်တာ ဘဲ အဖတ်တင်မယ် ... ဒီပို့စ် နဲ့ ပတ်သက်တဲ့ အထဲ မှာ ဒေါ်စု ဘာ ကယ် လည်း ဆိုတာ ပို့စ်ကို မဖတ်ဘဲနဲ့ အတိုက်အခံ လုပ်ဖို့ လောက် ဘဲ သိတဲ့ ချီးဘရိန်းကောင်တွေကတော့ ဘယ် သိပါ့မလဲ .... ထပ်ပြီးတော့ တော့ နင်တို့ ဘာ ရေးရေး ပြန်ပြောမှာ မဟုတ်ဖူးဆိုတာတော့ သဘောပေါက်ထား ...

mie nge

Jalann has left a new comment on your post "A one to one patient (or) စပယ်ရှယ်လူနာ တယောက်":

စာဖတ်ပရိတ်သတ် တစ်ယောက် ပြောသွားတာပါ..............

"ညီမရေ .. ဒေါ်လာ ရလို့ ရေးနေတယ် ဆိုပြီး စွပ်စွဲတယ် ဆိုရင် အမတို့လို ဖတ်တဲ့သူ ကို ပါ ဒေါ်လာ ရလို့ ဖတ်တယ် ဆိုပြီး စွပ်စွဲဦး မလား မသိ ...း))
ညီမ တို့ အလုပ်ကလည်း တကယ့် ကို မလွယ် ပါလားနော် ... ဒေါ်စု ကယ်လို့ တော်သေးရဲ့  ... "
မသိလို့ မေးပါရစေအမကြီးတို့ခင်ဗျာ.... ဒေါ်စုကယ်တယ်ဆိုတာ ဘာကိုပြောတာလည်း မသိဘူး.....
စာရေးတာ ပိုက်ဆံ မရဘူးပဲ ထားပါအုံး~~ ဒေါ်စုကြီးက ဘာတွေ ကယ်နေတာလဲ~~


ဒီမှတ်ချက်ကို မှားဖျက်မိလို့ ဆောရီးပါ။ တော်သေးတယ် မေးလ်ထဲမှာ ရှနေသေးလို့ ပြန်ကူးလာပါတယ်။ Jalann သိချင်တဲ့ အဖြေကို အပေါ်က မမီးငယ်က ဖြေထားပေးပြီး ဖြစ်လို့ ကျွန်မ ဖြေစရာ မလိုတော့ပါဘူး။ နောက်တခါ ကျွန်မပို့စ်အောက်မှတ် ချက်ရေးရင် ပို့စ်ကို သေသေချာချာ ဖတ်ပြီးမှ ရေးဖို့ မေတ္တာရပ်ခံပါတယ်။ ဒီလိုပဲ ဒေါ်လာဆိုတဲ့ တယောက်လည်း ပို့စ်ကို မဖတ်ဘဲနဲ့ အေနှောင့်အယှက်ဝင်ပေးတာ သူ့မှတ်ချက်တွေ ဖျက်ရတာ မရေတွက်နိုင်တေ့ဘူး။

မမီးငယ် ကျွန်မက စာကိုဖတ်ပြီးဆွေးနွေးတဲ့သူဆိုရင်တော့ သဘောထားမတူလည်း တလေးတစား ပြန်ဆွေးနွေးပါတယ်။ မဖတ်ဘဲနဲ့ နှောင့်ယှက်ဖို့သက်သက် မဆိုင်တာ လာပြောရင်တော့ ဖျက်ပါတယ်။ မမီးငယ် အကြာကြီးပျောက်နေပြီး ပြန်ပေါ်လာတာ ၀မ်းသာပါတယ်။