မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အသွင်တူခြင်း မတူခြင်း

အသွင်တူမှ အိမ်တူဖြစ်မယ် ဆိုတာ မြန်မာဆိုရိုးစကား တခုဖြစ်ပါတယ်။ သို့ပေမဲ့လည်း ဒါကို ကျွန်မအနေနဲ့တော့ လုံးဝ ယုံကြည်မှု မရှိပါဘူး။ အကြောင်းရင်းကတော့ ကျွန်မတို့လင်မယား အသွင်မတူဘဲနဲ့ တူယှဉ်တွဲနေလာတာ ကြာပါပြီ အခုချိန်ထိ ကြီးကြီးမားမား ပြဿနာဘာမှ မရှိခဲ့ပါဘူး။ အသွင် မတူတာတွေကို ရေးရရင်တော့ ၀တ္ထုစာအုပ် တအုပ်စာလည်း လောက်မှာမဟုတ်ပေမဲ့ ကျွန်မတို့ နှစ်ယောက်ကြားမှာ တူစရာ ရှားလွန်းလို့ မသက်ဝေ Tag ပြီးနောက်ပိုင်း တူတာတွေဘာများရှိမလဲလို့ ရှာလိုက်တာ တော်တော်ကို ခက်ခက်ခဲခဲ ရှာရပါတယ်။ ခေါင်းစဉ်က အသွင်တူခြင်း မတူခြင်း ဆိုတော့ တူတာနဲ့ အရင်လာတဲ့အတွက် ရှိစုမဲ့စု တူတာလေးနဲ့ အရင်စလိုက်ပါရစေ။ ခင်မောင်တိုးရဲ့ အရုံးမပေးနဲ့ မိငယ် သီချင်းကို ဆိုထားတာ ပုံပါနေလို့ ခင်မောင်တိုးမဟုတ်ဘူး ဆိုတာ အားလုံးသိကြမှာ သေချာပါတယ်။ စန္ဒရားချစ်ဆွေရဲ့ ချစ်ရသည်က အသက်ထက်ဆုံးကို ဆိုထားတာ စန္ဒရားချစ်ဆွေ ထင်နေမှာစိုးလို့ မဟုတ်ဘူးဆိုတာ ကြိုပြီး အသိပေးထားပါတယ်နော့်။





တူတာတွေကို ပြောရရင် ကျွန်မတို့ နှစ်ယောက်စလုံးက မြန်မာသံစဉ်သီချင်းတွေ အကုန်လုံးကို ကြိုက်ကြပါတယ်။ ခေတ်ပေါ် တေးဂီတနဲ့ ဆိုထားတဲ့ သီချင်းတွေကို သိပ်နားထောင်လေ့မရှိတဲ့ ကျွန်မက သူသိပ်ကြိုက်တဲ့ ခင်မောင်တိုးတို့ ခင်ဝမ်းတို့ သီချင်းတွေကိုကျတော့ ကြိုက်နေတာ အကြိုက်ချင်း တိုက်ဆိုင်မှု တခုဖြစ်ပါတယ်။ သူနဲ့ကျွန်မနဲ့ တူတာသိပ်ရှားတဲ့အတွက် ရှားရှားပါးပါး တူတာလေးတွေထဲက ထူးထူးခြားခြားလေး တင်ပြချင်လို့ မြန်မာသံစဉ်တပုဒ်၊ ခင်မောင်တိုး သီချင်းတပုဒ် ဆိုပြီး ဒီပို့စ်အတွက် လက်ဆောင်ပေးပါလို့ တောင်းတော့ သူက အခုထည့်ထားတဲ့ နှစ်ပုဒ်အနက် စန္ဒရားချစ်တွေရဲ့ ချစ်ရသည်က အသက်ထက်ဆုံးကို လိုလိုလားလား ဆိုပေးပါတယ်။ ဒီသီချင်းကို သူကြိုက်သလို ကျွန်မလည်း ထပ်တူထပ်မျှ သိပ်ကြိုက်ပါတယ်။ ဘာကြောင့်ပဲ ကြိုက်ကြိုက် ဒါလည်း အကြိုက်ချင်းတူညီတဲ့ တိုက်ဆိုင်မှု တခုဖြစ် ဖြစ်နေပါတယ်။

ခင်မောင်တိုးရဲ့ အရှုံးမပေးနဲ့ မိငယ်သီချင်းကိုတော့ သူအရင်လက စမ်းဆိုကြည့်ထားတာ ကင်မရာထဲမှာ တွေ့လို့ ကျွန်မက သုံးမယ်ဆိုတော့ သိပ်မကေင်းလို့ မထည့်ပါနဲ့ နောက်မှ အေးအတူ ပူအမျှကို သီးသန့် ဆိုပေးမယ်လို့ ပြောပေမဲ့ မသက်ဝေ Tag ထားတာ ကြာပြီမို့ ကျွန်မ ထပ်မစောင့်နိုင်တော့လို့ ရှိတာကိုပဲ ယူထည့်လိုက်ပါတယ်။ အခုဒီသီချင်းမှာ သူဆိုတာ အသံလုံးနေ၊ ပြာနေတာ ကြားရပေမဲ့ အမှန်က သူက ခင်မောင်တိုး သီချင်းဆိုတာ အရင်ကသိပ်ကောင်းပါတယ်။ ကျွန်မတို့ မယူခင်ကတောင် သူဆိုပြဖူးပါတယ်။ အရုံးမပေးနဲ့ မိငယ် သီချင်းကို အခုဆိုထားတာ ကျွန်မတောင်းဆိုလို့ ဆိုထားတာ မဟုတ် သူ့ဖါသာသူ ဆိုထားတာ ဖြစ်ပေမဲ့ ဒါကျွန်မကို ဆိုတယ်ဆိုတာ ကျွန်မလုံးဝ ယုံကြည်ပါတယ်။ ဘာဖြစ်လို့ ဆိုတော့ သူက ကျွန်မနဲ့ မရခင်တုန်းကတောင် ဒီသီချင်းနဲ့ အေးအတူပူအမျှ သီချင်းကို မကြာခဏ ဂီတာတီးပြီး ဆိုပြတတ်ပါတယ်။ မြန်မာသံစဉ်သီချင်းတွေကို သူကြိုက်တတ် ဆိုတတ်တယ် ဆိုတာကတော့ ခင်မောင်တိုးတို့ ခင်ဝမ်းတို့ သီချင်းတွေကို နားထောင်ရပြီး နောက်ပိုင်းမှ သိရပါတယ်။

အနုပညာနဲ့ ပတ်သက်ပြီး မြန်မာ့ဇာတ်သဘင်ကို နှစ်ယောက်စလုံး ကြိုက်ကြပါတယ်။ ဒါပေမဲ့ ကျွန်မက ကြည့်တာပဲ ကြိုက်ပါတယ် သူက ကတာဆိုတာပါ ကြိုက်ပြီး ငယ်ငယ်တုန်းက ကျောင်းကပွဲတွေမှာ ဆိုဖူးကဖူးပြီး လူပျိုဖြစ်စကလည်း ပြဇာတ်မင်းသား ရူးဖူးတယ်လို့ ပြောပြလို့ ကျွန်မတို့ သားအမိမှာ ဟားတိုက်ပြီး ရီရတယ်။ ကျွန်မက မင်းသားအက နှစ်ပါးသွား အကကို သိပ်ကြိုက်ပြီး မြန်မာပြည်က မင်းသားအက အခွေတွေကို မကြာခဏ ကြည့်တတ်ပါတယ်။ ဒါဆိုရင် ဒီမင်းသားလောက်တော့ သူလည်း ကတတ်တယ်ဆိုပြီး တခါတခါ ကွေးအောင် ထကပြတတ်တော့ အစပိုင်းမှာ ရီရပေမဲ့ နောက်ပိုင်း စိတ်ဝင်စားတဲ့ အခွေသစ်တွေ ကြည့်နေတဲ့ အချိန်တွေမှာ ဒီလိုလာလုပ်ရင်တော့ ရှေ့မှာဖယ်စမ်းပါလို့ မကြာခဏ ထဆွဲထုတ်ရပြီး သူဝင်ရှုပ်လို့ မင်းသားကနေတဲ့ ဗွီဒယိုလွတ်သွားတဲ့ အကွက်ကို အမြဲပဲ ပြန်ရစ်ရတယ်။ ဒါကြောင့်မို့ နောက်ပိုင်း သူဝင်ရှုပ်မှာစိုးလို့ သူ့ရှေ့မှာ မင်းသားအက သိပ်မကြည့်ဖြစ်တော့ဘူး။

ဒီမှာလည်း ယဉ်ကျေးမှု ကပွဲတွေ တခါတလေ လုပ်ရင် အမျိုးသမီးတွေထဲက ကတတ်သူ မရှားပေမဲ့ မင်းသားအကကို ကတတ်တဲ့သူက သိပ်ရှားတော့ သူကလို့ကောင်းကောင်းဖြစ်တယ် ယဉ်ကျေးမှု ကပွဲအတွက် မင်းသားကဖို့ လူလိုနေတယ် ၀င်ကရမလားလို့ အိမ်မှာ လာလာမေးတတ်တယ်။ တကယ်လို့များ ခွင့်ပြုလိုက်မယ် ဆိုရင်တော့ သူ့ခန္ဓာကိုယ် အရပ်အမောင်းကြီးနဲ့ နုနုရွရွ မင်းသားက အမူအယာ လည်တတုန်တုန်၊ မေးဖျားတတုန်တုန်၊ ပုခုံးတလှုပ်လှုပ်နဲ့ မလိုက်မဖက် သွားကနေမည့် သူ့ပုံကို မျက်စိထဲက ကွက်ကွက်ကွင်းကွင်းကို မြင်ယောင်မိပြီး "ကလေးလည်း မဟုတ်တော့ဘူး မင်းသားအကဆိုတာ ပေါ့ပေါ့ပါးပါး ခန္ဓကိုယ် သေးသေးလေးတွပဲ ကလို့ ကြည့်ကောင်းပါတယ် ဒီခန္ဓာကိုယ် အရပ်အမောင်းကြီးကိုမှ အားမနာဘဲ မျက်နှာပူစရာ သွားမလုပ်ပါနဲ့။ ဆိုင်းဝိုင်းဖွဲ့မှာ စည်းဝါးလေး ခေါက်ပေးတာနဲ့ မြန်မာသံစဉ် အစီစဉ်တွေမှာ သီချင်းလေး ဆိုရတာကိုပဲ ကျေနပ်ပါတော့နော့်၊ သားမယားကို ဒီလောက်လည်း အရှက်မခွဲချင်ပါနဲ့" လို့တောင်းပန်ထားရတယ်။

တခြားတူတာ ဘာရှိသေးလဲလို့ လိုက်စဉ်းစားကြည့်တော့ အစားအသောက်မှာ တခြားစားစရာတွေအတွက် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပေမဲ့ မြန်မာအစားအစာ လက်ဘက်သုပ်နဲ့ မုန့်ဟင်းခါး၊ ထိုင်းသဘောင်္သီးထောင်း၊ အသီးအရွက် အစုံနဲ့ (သူက၀က်သား၊ ကျွန်မက ပုဇွန်၊ သားက ကြက်သား) ကြော်ထားတဲ့ တရုတ်ခေါက်ဆွဲကြော်ကို ကြိုက်တာချင်း တူတယ်။ မျှစ်၊ မျှစ်ချဉ် (သူက ၀က်သားနဲ့ ကျွန်မက ငါး (သို့) ပုဇွန်နဲ့) ဟင်းကို နှစ်ယောက်စလုံး ကြိုက်ကြပါတယ်။ နောက်တူတာ ဘာကျန်သေးလဲ ကျွန်မ စဉ်းစားလိုက်ဦးမယ်နော့်။ အစားအသောက်မှာ တူတာ ဘာမှမရှိတော့ဘူး ဒါအကုန်ပဲ။ တခြားတူတာတွေလည်း သိပ်မတွေ့တော့ဘူး။

တူတာတွေ ကုန်ပြီဆိုတော့ မတူတာတွေပဲ ကျန်တော့တယ် မတူတာတွေက သိပ်ကိုများလွန်းတော့ ကျွန်မ ပြောကို ပြောမနေချင်တော့ပါဘူး။ အပေါ်မှာ ပြောထားတဲ့ အချက်တွေကလွဲရင် အကြိုက်ချင်းက အားလုံး ဆန့်ကျင်ဘက်တွေချည်းပါပဲ။ ကျွန်မစားတဲ့စားစရာ သူမကြိုက်၊ သူစားတဲ့စားစရာ ကျွန်မအနံ့မခံနိုင်၊ သူကြိုက်တဲ့ အားကစား ကျွန်မ မကြိုက် ကျွန်မကြိုက်တဲ့ ဘလော့ဂ်ဖတ်တာ သူမကြိုက်၊ ကိုယ့်မိသားစုလေးပဲ အေးအေးဆေးဆေး နေတာကိုပဲ သဘောကျတဲ့ ကျွန်မက သူ့လို လူတရုန်းရုန်းနဲ့ ပြောဆိုရယ်မော သီဆို တီးမှုတ် ကခုန်နေတာမျိုး နေမတတ်တော့ သိပ်ဂွကျပါတယ်။

တခါတလေကျတော့ မတူတာတွေကလည်း သိပ်များ ကျွန်မကျောင်းတက်နေချိန်မှာ အလုပ်ကလည်း သိပ်များတော့ သူ့အပေါ်မှာ တာဝန်ပျက်ကွက်တာတွေလည်း သိပ်များလာလို့ သူ့ရဲ့ပွစိပွစိ ပြောတာကိုလည်း နာညည်းလာတာနဲ့ ကျောင်းပြီးတဲ့အထိ ခဏလောက် Single Mother အဖြစ်နေချင်လို့ ခဏခွဲနေရအောင် ခွင့်ပြုမလားလို့ မေးရတဲ့အထိ ဖြစ်ခဲ့တယ်။ အဲဒါ ကျွန်မ စနောက်ပြီး ပြောတာမဟုတ် တကယ်ကို မေးခဲ့ဖူးပါတယ်။ သူက ဘာပြန်ပြောလဲဆိုတော့ ခဏတော့ မရဘူး တသက်လုံးဆိုရင်တော့ ရပါတယ်တဲ့။ တကယ်ပြောတာလား နောက်ပြောတာလားတော့ မသိပါဘူး။ ကျွန်မလည်း သူဒီလိုပြောတော့ သူနဲ့ ကျွန်မနဲ့ တသက်လုံး ခွဲပြီးနေတဲ့ ဘ၀ကို စိတ်မှန်းနဲ့ စိတ်ကူးယဉ်ကာ ကြိုတင်စမ်းပြီး ခံစားကြည့်ပါတယ်။ ဒီသားလေးကို မိတကွဲဖတကွဲ ဖြစ်စေနိုင်တဲ့နှလုံးသား၊ ဒီသီချင်းသံတွေကို ကြားရရင် မလွမ်းဘဲနေနိုင်တဲ့ နှလုံးသား၊ အခက်အခဲ အမျိုးစုံကို အတူဖြတ်သန်းလာတဲ့ ဘ၀ကို ပြန်မတွေးမိဘဲ နေနိုင်တဲ့ နှလုံးသား ကျွန်မမှာ လုံးဝမရှိတဲ့အတွက်
မဖြစ်ဘူး၊ မဖြစ်ဘူး ဘယ်လိုမှကို တသက်လုံး ခွဲဖို့ မဖြစ်နိုင်ဘူး ဆိုတာ အဖြေရပါတယ်။ ဒါနဲ့ပဲ အသွင်မတူပေမဲ့ အိမ်တူ ဖြစ်လာတာ မကြာခင်မှာ ဆယ်စုနှစ် တခုခွဲတိုင်တော့မယ်။

လင်မယားနှစ်ယောက်ကြားမှာ တခြားဘာမှ မတူရင်တောင်မှ နောက်ဆုံး တူတာတခုတော့ အမှန်ကို ရှိလိမ့်မယ်။ အဲဒါက ရင်သွေးရှိတဲ့သူတွေအတွက် ရင်သွေးကို ချစ်တဲ့အချစ်ပဲ ဖြစ်ပါတယ်။ အဲဒါတခု တူပြီဆိုတာနဲ့ ကျန်တဲ့မတူတာတွေက အသေးအမွှားတွေ ဖြစ်ကုန်ပါပြီ။ တချို့ကို တူအောင်လုပ်ပြီး တူအောင်လုပ်လို့ မရတာတွေကို သဟဇာတ ဖြစ်အောင် လုပ်လို့ရပါပြီ။ သူပျော်သလို နေချင်တဲ့ ဘ၀နေထိုင်မှု ပုံစံကို ကျွန်မတခါ လိုက်လျောရင် လူတရုန်းရုန်းနဲ့ ကျွန်မ မပျော်ပေမဲ့ သူ့အပျော်တွေ ကျွန်မဆီကို ကူးစက်ပြီး ပီတိဖြစ်ပါတယ်။ ကလေးကစားကွင်းမှာ ကလေးကို သွားပေးကစားတဲ့ မိခင်တွေလိုပေါ့။ ကစားကွင်းမှာ လူကြီးအတွက် ပျော်စရာဆိုလို့ ဘာမှမရှိပေမဲ့ ကလေးလေးကို လျှောပေးစီး၊ ဒန်းပေးစီး ကလေးပျော်တော့ အမေပျော်သလိုပေါ့။ ကျွန်မလည်း သူ့အပျော်တွေကို ကျွန်မဆီ ဒီနည်းနဲ့ ကူးစက်စေခဲ့ပါတယ်။ သူသိပ်ကြိုက်ပြီး ကျွန်မလုံးဝ အနံ့ခံလို့မရတဲ့
အမဲသားကို လက်အိပ်စွပ်ပြီး ဟင်းချက်လို့ ရတဲ့အထိ ပြင်ပေးလို့ တတ်လာတယ်။ သူအမဲကလီစာတို့ ဆိတ်ကလီစာတို့ကို ဟင်းချက်နေရင် မီးဖိုခန်းတံခါးပိတ်ပြီး နေလို့တတ်နေပြီ၊ အရင်က အခါးကို လုံးဝစားမတတ်တဲ့ ကျွန်မ သူသိပ်ကြိုက်တဲ့ တမာဖူး တို့စရာ၊ ကြက်ဟင်းခါးသီးကို ချက်နည်းအမျိုးမျိုးနဲ့ သူ့ကိုလုပ်ပေးရင်းနဲ့ စားလို့တတ်သွားပြီ။ တမာဖူးကို ငပိနဲ့ ကျွန်မတခါတို့ရင် သူသုံးခါစာလောက် တို့ရတဲ့အထိ စားတတ်နေပြီ။ ဒီတော့ တူအောင်လုပ်လို့ရတာကိုလုပ်ပြီး မရတာကို အတ္တတွေထားမနေဘဲ အပြန်အလှန် နားလည်မှုနဲ့ သဟဇာတရှိအောင် လုပ်ပြီး လက်တွဲသွားရင် အသွင်မတူလည်း အိမ်တူဖြစ်နိုင်ပါတယ် ဆိုတာကို ကျွန်မ ပြောချင်ပါတယ်။ ဒီလောက်ဆို မသက်ဝေလည်း ကျေနပ်မယ် ထင်ပါတယ်။ အသွင်တူမတူ နဲ့ပတ်သက်ပြီး မသက်ဝေ Tag ထားတာ ကြာပြီ ဖြစ်ပေမဲ့ အခုမှ ရေးဖြစ်တဲ့အတွက် မသက်ဝေကို တောင်းပန်ပါတယ်နော့်။ (တူတာတွေအထဲမှာ မေ့ကျန်ခဲ့တာတခု ထပ်ဖြည့်ပါရစေ အပေးအကမ်း အလှူအတန်း သိပ်ရက်ရောပြီး အသုံးအစွဲ သိပ်ကြီးတာ တူပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့လင်မယား ဘယ်လောက်ပဲ အလုပ်လုပ် ပိုက်ဆံအပိုအလျှံ တခါမှ မစုမိဘူး။ 3/07/10)


ပို့စ်ကို မရေးခင် ကျွန်မ ပြန် Tag ချင်သူတွေကို ကြည့်လိုက်တော့ သူတို့အထဲက အတော်များများက ကျွန်မထက်အရင် အ Tag ခံထားရလို့ ရေးထားပြီးကုန်ပြီ။ ဒါကြောင့် အပြင်မှာ တကယ်သိဖူး၊ လက်တွဲဖူးတဲ့ ရဲဘော်ရဲဘက်ဟောင်းတွေကိုပဲ Tag လိုက်တော့မယ်။ Tag ဖူးပြီး မရေးဖြစ်ခဲ့သူတွေကိုတော့ ၀န်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့ မTag တော့ပါဘူး။ Tag ချင်တဲ့သူတွေကတော့...

(၁) အတိုက်အခံ သိပ်များတဲ့ သူငယ်ချင်း မဗေဒါ (၈၈)။ သူငယ်ချင်း ချစ်ချစ်က ကျော်ရဲအောင်နဲ့ တူတာတင်မက အဆိုပါကောင်းတယ်ဆိုလို့ ဗဟိုမှာတုန်းကတော့ မှုန်ကုပ်ကုပ်နဲ့ပဲ တွေ့တာများပြီး သီချင်းဆိုနေတာ တခါမှမတွေ့ဖူးလို့ ရေးရင် ချစ်ချစ်ဆိုတဲ့ သီချင်းလေးပါ အားကျမခံ ထည့်ပေးပါနော့်။
(၂) ရဲဘော်ကြီး ဦးဂင်ကြီး ပို့စ်တင်တာ တော်တော် ကျဲနေပြီး တင်တဲ့ပို့စ်တွေကလည်း နိုင်ငံရေးပို့စ်တွေ များနေတတော့ Holiday ခဏယူတဲ့ သဘောနဲ့ အချိန်ရရင် ပေါ့ပေါ့ပါးပါးလေး ရေးပေးစေချင်ပါတယ်။
(၃) ဆရာယောဟန်အောင် ဆရာ့ဘလော့ဂ်ကို ကျွန်မ မကြာခဏ ရောက်ဖြစ်ပါတယ်။. စာအုပ်ကောက်နှုတ်ချက်တွေပဲ ဖတ်နေရလို့ အသစ်အဆန်းလေး တခုရေးစေချင်လို့ tag လိုက်ပါတယ်။ အချိန်ရရင် ရေးပေးစေချင်ပါတယ်။
(၄) ကိုဆောင်းယွန်းလ ကဗျာပဲ ရေးနေတာ တွေ့လို့ ကျွန်မလည်း ကဗျာဆိုရင် တခါတလေ ဖတ်လို့ နားမလည်တာနဲ့ စကားပြေလေးလည်း တခါတလေ ရေးစေချင်လို့ Tag လိုက်ပါတယ်။ ရဲဘော်ကြီး နော်မန်နဲ့ လူလတို့ နှစ်ယောက်ကိုတော့ အရင်တခါ Tag တာ မရေးပေးလို့ မ Tag တော့ဘူး။ We fight we win ကိုတော့Tag ရင်လည်း ရေးမယ်မထင်လို့ မ Tag တော့ဘူး။ အနာဂတ်လမ်းကိုလည်း ဘလော့ဂါအသစ်ပဲ ဖြစ်သေးတော့ အခုတခါ မtag သေးဘူး။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

19 comments:

မငယ်နိုင်..
ရေးခဲ့တဲ့ ပို့စ်ထဲမှာ ဒီတစ်ပုဒ်ကို တော်တော်ရယ်မိတယ်။

အခွေကြည့်နေတုံး မင်းသားက ..ထကပြလို့ ဆွဲထုတ်ရတာ....ဆိုတဲ့နေရာ

"သူ့ခန္ဓာကိုယ် အရပ်အမောင်းကြီးနဲ့ မင်းသားက အမူအယာ လည်တတုန်တုန်၊ မေးဖျားတတုန်တုန်၊ ပုခုံးတလှုပ်လှုပ်နဲ့ သွားကနေမည့် သူ့ပုံကို မျက်စိထဲက ကွက်ကွက်ကွင်းကွင်းကို မြင်ယောင်မိပြီး "

ညီမက ရေးတာဖတ်ပြီးတော့ ကို အူတက်နေတာ....။
sdl

မငယ်နိုင်ရဲ့ အမျိုးသား သီချင်းဆိုတာကို အားပေးသွားပါတယ်။ နှစ်ပုဒ်စလုံးမှာ ဆိုတာ အဟုတ်။ အသံလည်း ကောင်းတယ်။ ဂစ်တာတီးတာလည်း ရတယ်ဆိုတော့ ပြည့်စုံသွားရော။ မငယ်နိုင် ကံကောင်းတာပေါ့။

စင်္ကာပူမှာ မင်းသားကလိုရင် အကြောင်းကြားလိုက်ပါ့မယ်။း-)

အသွင်မတူပေမယ့် တယောက်နဲ့တယောက် နားလည် ဖေးမမှုအပြည့်နဲ့လျှောက်လှမ်းနေတဲ့ မငယ်နိုင်တို့ ဇနီးမောင်နှံ သီချင်းထဲကလိုပဲ အသက်ထက်ဆုံး ဆက်လက်၍ မခွဲမခွာ ပျော်ရွှင်ချမ်းမြေ့စွာ နေသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

(ဒါထက်... ချစ်ရသည်က အသက်ထက်ဆုံးက ကိုသန်းလှိုင်ရဲ့ သီချင်းလို့ မှတ်သားမိပါတယ်။ စန္ဒယားချစ်ဆွေက ပြန်ဆိုထားတာ ဖြစ်နိုင်ပါတယ်။)

ဖြည့်စွက်ချက်။...........။ မဒမ်ပေါက မငယ်နိုင်ရဲ့ အမျိုးသား ဂစ်တာတီးတာရော၊ ဆိုတာပါ အရမ်းနားထောင်လို့ကောင်းတယ်တဲ့။ အသံက ခင်မောင်တိုး သီချင်းနဲ့ အရမ်းလိုက်တယ်တဲ့။ အိမ်မှာ ဂစ်တာခေါက်ပြီး သီချင်းဆိုမယ့်လူ ဘေးမှာရှိတာ မငယ်နိုင် ကံကောင်းတယ်လို့ မှတ်ချက်ချပါတယ်။

(အဓိပ္ပါယ်ကတော့ ကျနော် ဂစ်တာလည်းမခေါက်တတ်၊ သီချင်းလည်း မဆိုတတ်တာ သူကံဆိုးတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း နှစ်ခွထွက်ပါတယ်... အဟင့် ရွှတ်း-)

ကျနော် သတိထားမိတဲ့ အသွင်တူတာလေး တစ်ခု ရှိသေးတယ်။ ဒါက အရေးကြီးတယ်လို့လဲ ထင်မိတယ်။ ဒါက ဘာလဲ ဆိုတော့ အစ်မလည်း ဘလော့တွေ လိုက်ဖတ်သလို ၊ အစ်ကိုကလည်း ဘလော့တွေ လိုက်ဖတ်ပြီး အစ်မက အားပေးပြီး ဆက်ရေးခိုင်းတယ် လို့ အရင်ပို့စ်မှာ ဖတ်လိုက်ရလို့ပါ။ ဒါက အရေးကြီးတယ်လေ။ မဟုတ်ရင် ဒီအပေါ်ကို ပို့စ်တွေ တတ်ဖို့ တော်တော် ခက်သွားလိမ့်မယ်။ ဒါကလည်း အသွင်တူတာပါပဲ။

တက်ဂ်ပိုစ့်လေးရေးပေးတဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ် မငယ်... တောင်းပန်စရာလဲ လိုပါဘူးလေ... အချိန်ရလို့ ရေးပေးတာကိုပဲ ကျေနပ်နေတာပါ...။

မငယ် အမျိုးသားက သီချင်းဆို တော်တော်ကောင်းတာပဲ... ချစ်ရသည်က အသက်ထက်ဆုံးကို ပိုကြိုက်တယ်... စင်စင်သဘောကျ ရယ်မောသွားတဲ့ နေရာလေးကို ရောက်တော့ ကိုယ်လဲ အတူတူပဲ မြင်ယောင်ကြည့်ရင်း ရယ်မိတယ်...။

ပြီးတော့ မငယ်ပြောခဲ့တဲ့ အသွင်တူအောင်လုပ်လို့ရတာကို လုပ်ပြီး မရတာကို အတ္တတွေထားမနေဘဲ အပြန်အလှန် နားလည်မှုနဲ့ သဟဇာတရှိအောင် လုပ်ပြီး လက်တွဲသွားရင် အသွင်မတူလည်း အိမ်သူဖြစ်နိုင်ပါတယ် ဆိုတဲ့စာကြောင်းလေးကို နှစ်သက်စွာ အပြည့်အဝ ထောက်ခံပါတယ်...

မငယ်တို့ မိသားစုလေး တသက်လုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်စွာနဲ့ နေနိုင်ပါစေလို့ ဆုတောင်းပါတယ်...

အမနဲ့ အကိုနဲ့ တူတာ တခုကျန်နေသေးတယ်လေ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘ၀တွေ အချိန်တွေ ပေးပြီး တိုက်ပွဲ ၀င်ခဲ့တာပါ ... ဒီတခုဟာ အကြီးမားဆုံး တူညီမှူ တခုပဲလေ ... ဒီတူညီတဲ့ စိတ်ဓါတ်ကပဲ နှစ်ယောက် အတူ ဆုံစည်းဖို့ အခွင့်အလမ်း ပေးလိုက် တာလို့ ကျနော် ထင်တယ် ....

အစ်မငယ်နိုင်ရေ...မနေ့ကကျွန်တော်ရေးလိုက်တဲ့ ကွန်မန့်
ဘယ်ရောက်သွားမှန်းမသိတော့လို့ အခုထပ်မန့်လိုက်တယ်။
မနေ့က အစ်ကို့သီချင်းတွေ နားထောင်လို့မရဘူး..။ ခုရပြီ။
တကယ်ကောင်းတယ်..။ပျော်စရာ အစ်မတို့မိသားစုလေးကို
သဘောလည်းကျ၊အားလည်းကျမိပါရဲ့..။ဒါနဲ့ စကားမစပ်
အစ်ကို့ရဲ့ မင်းသားက လေးကိုရောဘာလို့ မတင်ပေးတာလဲ။ကျွန်တော်တို့ အားပေးချင်လို့ ....။

သီချင်း နှစ်ပုဒ်စလုံး နားထောင်သွားပါတယ်။ မငယ်နိုင်တို့ မိသားစု ပျော်ရွှင် ချမ်းမြေ့ကြပါစေ...

အစ်မ တော်တော် ကံကောင်းတာပဲ။ အဆို၊ အက၊ အတီး တော် တဲ့ အကိုတော် နဲ့ ဖူးစာ ဆုံရတာ။

သီချင်းကတော့ ကော်နက်ရှင်မကောင်းလို့ အားမပေးတော့ဘူး။ စာတွေဖတ်ရင်း ရှေ့ဆက်ရမယ့် အနာဂတ်အိမ်ထောင်ရေးခရီးလမ်းအတွက် အာဂုံဆောင်သွားကြောင်းပါ။

တူတာတွေ မတူတာတွေကို ကြည်နူးစွာဖတ်သွားပါတယ်

31 Jul 10, 21:30
ခြင်္သေ့: ဟီးအသွင်တူတာကိုရှာနေတယ်။ပျောက်ဆုံးသောကိုယ်တစ်ခြမ်းအားရှာဖွေနေတုန်း
1 Aug 10, 00:36
အေးလေး: အသွင်တူခြင်း မတူခြင်းဆောင်းပါးလေးကိုလာဖတ်ပါတယ်1 1 Aug 10, 07:29
ဆောင်းယွန်းလ: အေးအေးဆေးဆေးမှရေးရင်လည်း ဖြစ်တယ်မဟုတ်လား မငယ်ရေ။ ရေးတော့ရေးမယ် ကြာမယ်နော်..မိသားစုကျန်းမာရွှင်လန်းကြပါစေ
1 Aug 10, 19:26
ဂင်ကြီး: တက်ဂ်ထားတော့ ရေးရမှာပေါ့ရဲဘော်ကြီးရေ
2 Aug 10, 01:52
မဗေဒါ ၈၈: မငယ် မနေ့က ရောက်တယ်. မအားလို့... ဖတ်သွားတယ်.. ဟဲ.. ကြည့်သွားတယ်.. အိမ်မှာ လှုပ်ရှားနေတယ်..။ သူငယ်ချင်းနဲ့ ပြိုင်မလို့..။ ဟဲ :P
2 Aug 10, 18:30
Nge Naing: မင်္ဂလာပါ။ လာလည်သူ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။ ကိုဆောင်းယွန်းလ၊ ဦးဂင်ကြီးနဲ့ မဗေဒါ (၈၈) တို့ကို tag ထားတာ ရေးပေးမယ်ဆိုလို့ ၀မ်းသာပါတယ်။ အဆင်ပြေတဲ့အချိန်သာ ရေးကြပါနော့်။
2 Aug 10, 18:32
Nge Naing: အရင်တခါ တဂ်တုန်းက ချက်ချင်းရေးပေးခဲ့တဲ့ ဆရာယောဟန်အောင်ကတော့ အလုပ်များလို့ ဘလော့ဂ်ထဲ မရောက်သေးဘူးထင်တယ်။ ကျွန်မလည်း ကွန်ပြူတာ ဗိုင်းရပ်ဝင်နေလို့ ဘလော့ဂ်ထဲကို တော်တော်နဲ့ မရောက်ဖြစ်နေပါတယ်။

ကွန်ပြူတာ ဗိုင်းရပ်ဝင်နေလို့ အခုမှ အကြောင်းပြန်ဖြစ်တာ အားလုံးကို တောင်းပန်ပါတယ်။

Sdl ရေ - သူ့က သူ့ခန္ဓာကိုယ်နဲ့ မလိုက်မဖက် ဒီလိုပဲ အမြဲထလုပ်ပြတတ်လို့ အစ်မတို့သားအမိက သူ့ကို အမြဲနှိပ်ကွပ်နေကျပါပဲ။ မယူခင်က အဲလိုပေါတောတော မဟုတ်ပါဘူး တည်တည်တံ့တံ့လေးပါ ညီမရယ်။ ကိုယ့်လက်ထဲရောက်မှ အဲလို ဖြစ်လာတော့လည်း ဘယ်တတ်နိုင်မလဲ ကိုယ့်ကုသိုလ်ကံပဲပေါ့။

ကိုပေါရေ - ဟုတ်ပါတယ် မူရင်းက ကိုတင်လှိုင်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မက စန္ဒရားချစ်ဆွေ ပြန်ဆိုတာကိုပဲ နားထောင်ဖူးပြီး ဒီသီချင်းကို အမျိုးသားအသံအနေနဲ့ စန္ဒရားချစ်ဆွေ အသံကိုပဲ ကြေားယောင်နေတယ်။ အခု သူအသုံးပြုတဲ့ အခွေက ခင်ညွန့်ရီပြန်ဆိုထားတာပါ။ မိန်းမအသံနဲ့ ယောက်ျားအသံ ကီးမတိုလို့ ဆိုရသိပ်ခက်တယ်လို့ ပြောတယ်။ မဒမ်ပေါကို ပြောပြလိုက်ပါ အားမကျပါနဲ့လို့ တခါတလေ သန်းခေါင်ကျော် ညနက်လည်း အိမ်မပျော်လို့ဆိုပြီး တဒေါင်ဒေါင်နဲ့ ဂီတာ တီးနေတတ်လို့ အားကျစရာ မရှိဘူးလို့ ပြောပြလိုက်ပါနော့်။

ကိုဇော်ရေ - အဲဒါကလည်း သဟဇာတ ဖြစ်အောင် လုပ်တာတခုပါပဲ။ အစ်မတောင်မှ အနံ့ခံလို့ မရတဲ့ အမဲသားကို နှာခေါင်းပိတ်ပြီး လုပ်ပေးနိုင်တယ်၊ သူကြိုက်တဲ့ ခါးတူးလန်နေတဲ့ စားစရာတွေကိုတောင် သူကြိုက်လို့ ကိုယ်ပါ ကြိုက်အောင် ကြိုးစားနိုင်သေးတာ သူဒီလောက် လိုက်လျောရတာ အစ်မလိုက်လျောတာနဲ့ စာရင် အသေးအမွှားပါ။

မသက်ဝေနဲ့ ကျွန်မနဲ့တော့ အကြိုက်ချင်းတူသွားပြီ။ ကျွန်မလည်း အဓိပ္ပါယ်ရော သံစဉ်ရော အဲဒီသီချင်းကိုပဲ ပိုကြိုက်ပါတယ်။

ကိုဇော် (ခြေလှမ်းသစ်) ရေ နှစ်ယောက်အတူ ဆုံဖို့အခွင့်အလမ်းက ကိုဇော်ပြောတာ မှန်ပေမဲ့ ကျန်တဲ့နေရာတွေမှာ သဘောထားမတိုက်ဆိုင်လို့ ကွဲကွာကြတဲ့ မိတ်ဆွေတွေကိုလည်း အများကြီး တွေ့ရပါတယ်။ အရေးကြီးဆုံးက နားလည်မှုပဲလို့ ကျွန်မထင်တယ်။

မောင်လေးရေ - အဲဒါတော့ ဘယ်တော့မှ ကြည့်ရမှာ မဟုတ်ဘူး။ ရုပ်ရှင်မင်းသား ဖြစ်ရမည့်ပုံကို ဇာတ်မင်းသားပုံ လာလုပ်ပြတာ အစ်မဘယ်ခွင့်ပြုနိုင်မလဲ။ (ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပါရစေ)။

ကိုဧရာ+မသိတာ သီချင်းလာနားထောင်သွားတာ ကျေးဇူးတင်ပါတယ်။

AATO က ဒါပဲသိတာကိုး အစ်မကံကောင်းတယ် ဆိုမှာပေါ့။

မောင်မိုးရေ ကွန်နက်ရှင် ကောင်းတဲ့အချိန် ဖြစ်အောင် ပြန်လာနားထောင်ပါနော့်။ နို့မဟုတ်ရင် အဲဒီပို့စ်ကို ဖတ်ရတာ မောင်မိုးအတွက် အရှုံးပေါ်သွားမယ်။

Rose ရေ ဒီလိုပဲ မတူတဲ့အရာထဲကလည်း ပျော်စရာကို ရှာတတ်မှပဲ တွေ့မယ်မဟုတ်လား။

C-Box ထဲမှာ လာရေးသွားသူ အားလုံးကိုပါ ကျေးဇူးတင်ပါတယ်။ Tag ထားတဲ့အထဲက ဆရာယောဟန်အောင်တယောက် ပေါ်မလာသေးလို့ မျှော်နေဆဲပဲ။

ညီမငယ် .. ပို့စ် စ တင် တဲ့ နေ့က ကော်မန့် ရေးခဲ့တာ
ဘယ်ပျောက်သွားလဲ မသိလို့ ထပ် မန့် ခဲ့ တယ် ... စနေ ရော တနင်္ဂနွေ ရော ဧည့်သည် တွေ လာလို့ အပြင်ထွက် နေ ရတာ နဲ့ အခု မှ မန့် ဖြစ်တယ် ...
အသွင်တူမှ အိမ်သူ ဖြစ်တယ် ဆိုတာ လက်မခံတာချင်း
အမ နဲ့ ညီမ နဲ့ တူတယ် ... ညီမ ချစ်ချစ် ကြီး သီချင်းဆိုတာ အသံကောင်းတယ် ... ဘယ် လက် နဲ့ ဂစ်တာတီးတာကိုပါ သတိထားမိတယ် ...

mie nge

ပေါ့ပေါ့ ပါးပါးနဲ့ သယ်ဆောင်သွားတာ လှပပါတယ်။မိသားစု ကျန်းမာပျော်ရွှင်ကြည်နူးမှု ပြည့်ဝပါစေ ...
ငြိမ်းစိုးဦး

သီချင်းတွေက ဟိုနေ့က နားမထောင်ဖြစ်ဘူး အစ်မရေ.. ခုမှ နားထောင်သွားတယ်။ အသံတော်တော်ကောင်းပါတယ်။ မမီးငယ်ပြောသလို ဘယ်ကျော်နဲ့ တီးနေတာလည်း သတိထားမိတယ်။

sdl

မငယ်နိုင်
တက်ဂ်ထားတာကို ရေးထားပါပြီ၊ လာဖတ်ပါဦး။

ယောဟန်အောင်

မမီးငယ်နဲ့ မောင်လေးပြောတဲ့ မှတ်ချက်ရေးပြီး ပျောက်သွားတယ်ဆိုတာ ဟိုတခါတုန်းက တခါကြုံဖူးတယ်။ ဒါပေမဲ့ နောက်ပိုင်းပြန်ပေါ်လာတယ်။ ဟိုတခါက ဖြစ်တာက google က ဖြစ်တယ်လို့ သိရတယ် အခုတခါက ဘယ်လိုဖြစ်တာလဲ မသိဘူး။


-Sdl နဲ့ မမီးငယ်ထင်သလို သူကဂီတာကို ညာလက်နဲ့ပဲ တီးနေတာပါ၊ ဘယ်လက်နဲ့ တီးနေတာ မဟုတ်ဘူး။ မှန်ထဲမှာ ရိုက်ထားတာ ဖြစ်တဲ့အတွက် ဘယ်ဘက်လက်နဲ့ တီးသလို ဖြစ်နေပါတယ်။
အသံကောင်းတယ်လို့ ချီးကျူးသွားကြလို့ ၀မ်းသာပါတယ်။
-ငြိမ်းစိုးဦး ဆုတောင်းပေးသွားတာ ကျေးဇူးတင်ပါတယ်။ နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။
-ဆရာရေ ရေးပေးတာ သိပ်ကိုကျေးဇူးတင်ပါတယ်။

မငယ်ရေ ခုမှရောက်လို့ အကြိုက်ဆုံးပိုစ့်လေးမှာပဲ မန့်ခဲ့ပြီနော်...မငယ် အမျိုးသား မင်းသားက ကတာလေးပါ တွဲတင်ပေးရင် ကောင်းမှာ... ပရိသတ်က တောင်းဆိုပါတယ်နော်...။

ပေါတောတော မဟုတ်ပါဘူး မငယ်ရယ် ပျော်တတ်ရှာတာပါ...။ သီချင်း ၂ ပုဒ်လုံး နားထောင်သွားတယ်....