မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အသည်းနှင့် အသည်းကင်ဆာ

ကျွန်မ မိတ်ဆွေတွေအထဲမှာ အသည်းမကောင်းသူတွေ များစွာ ရှိပြီး အမေရိကားကို ရောက်နေတဲ့ တချိန်က ရင်းနှီးတဲ့ လုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေဟောင်း တဦးလည်း အသည်းကင်ဆာ ဖြစ်ကြောင်း စမ်းသပ်တွေ့ရှိရတယ်လို့ လတ်တလော ကြားသိလိုက်ရလို့ ဒီပို့စ်ကို တင်ဖြစ်ပါတယ်။ အဓိကက အသည်းနဲ့ အသည်းကင်ဆာ အကြောင်းကို တင်ပြဖို့ဖြစ်ပါတယ်။ သို့သော်လည်း အသည်းနှင့် အသည်းကင်ဆာအကြောင်းကို မစခင် ကင်ဆာရောဂါရဲ့ အခြေခံ သဘောသဘာဝ အနည်းငယ်ကို အရင်တင်ပြထားပါတယ်။ ကင်ဆာကို ရှာဖွေတွေ့ရှိပုံ (Dignosis) နဲ့ ကုသမှုအပိုင်းကို ဒီပို့စ်မှာ တင်ပြထားခြင်း မရှိဘဲ နောက်ပိုင်း အလျဉ်းသင့်ရင် သီးသန့်ဖေါ်ပြဖို့ အစီစဉ် ရှိပါတယ်။ ဒီပို့စ်မှာ ကင်ဆာရောဂါ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာပုံကို မိတ်ဆက်ပေးပြီး အသည်းကင်ဆာ အမျိုးအစားနှင့် ရောဂါ အဆင့်သတ်မှတ်ပုံကို အဓိက တင်ပြထားပါတယ်။ (ဆရာဝန်ကို မေးမြန်းသင့်တဲ့ မေးခွန်းတချို့ကို ပို့စ်တင်ခါစက မပါပေမဲ့ နောက်ဆုံးမှာ ထပ်ဖြည့်ထားပါတယ်။)



ကင်ဆာရဲ့ အခြေခံသဘောသဘာဝ


ပုံမှန်ဆဲလ်ပွားပုံနှင့် ကင်ဆာဆဲလ် ပွားပုံ (
ဓါတ်ပုံတွေကို နှိပ်ပြီး ပုံကြီးကို ကြည့်နိုင်ပါတယ်)


ကင်ဆာဆိုတာ ဆဲလ်တွေမှာ ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဆဲလ်ဆိုတာကတော့ အနုကြည့်မှန်ပြောင်း (Microscope) ဖြင့် ကြည့်မှသာ မြင်နိုင်တဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ အသေးငယ်ဆုံးသော အဖွဲ့အစည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကြီးထွားစေဖို့၊ သက်တမ်းကုန်ဆုံးတဲ့ ဆဲလ်တွေ (သို့) ဒါဏ်ရာ ဒါဏ်ချက် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံး သွားတဲ့ ဆဲလ်တွေကို ပြန်လည် အစားထိုးဖို့အတွက် သက်ရှိတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တွေဟာ အဆက်မပြတ် ပွား (Multiply) လျက် ရှိပါတယ်။ ဒီလို ပွားတဲ့နေရာမှာ ပုံမှန်အားဖြင့်တော့ ဆဲလ်တွေဟာ သူ့အစီစဉ်နှင့်သူ လမ်းကြောင်းအမှန်အတိုင်း ထိန်းချုပ်မှု အောက်မှာပဲ ပွားလေ့ရှိပါတယ်။ သို့သော်လည်း တခါတရံမှာ အကြောင်းမညီညွတ်ပါက အခန့်မသင့်ဘဲ လမ်းကြောင်းပြောင်းကာ ထိန်းချုပ်လို့မရ ဖြစ်သွားတတ်ပါတယ်။ ဒီလိုဖြစ်သွားရင် ကျူမာ (Tumour) လို့ ခေါ်တဲ့ အစေ့လေးကို စဖြစ်တဲ့နေရာမှာ ဖြစ်ပေါ်စေပါတယ်။

ကျူမာမှာ Benign Tumour နှင့် Malignant Tumour ဆိုပြီး နှစ်မျိုး နှစ်စားရှိပါတယ်။ ဘီနိုင်းကျူမာက မိမိ စတင်ဖြစ်ပေါ်တဲ့ နေရာမှာပဲ ရှိနေတတ်ပြီး တခြားကို လွင့်သွားခြင်းမရှိပါ။ သို့သော်လည်း ကျူမာအလုံးကြီးလာပါက ပတ်ဝန်းကျင်မှာ ရှိတဲ့ တစ်သျှူးတွေ၊ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မကူးစက်မပြန့်နှံ့သော်လည်း သွားပြီးဖိအားပေးကာ နာကျင်ထိခိုက်စေနိုင်ပါတယ်။ ဘီနိုင်းကျူမာကို ကင်ဆာဆဲလ်ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်တဲ့အတွက် ဘီနိုင်းကျူမာကို ခန္ဓာကိုယ်ထဲမှာ တွေ့ခြင်းဟာ ကင်ဆာတွေ့ခြင်းမဟုတ်ပါ။ သို့သော်လည်း တချို့ဘီနိုင်းကျူမာများကို မကုသဘဲ ထားပါက ကင်ဆာဆဲလ်များ ဆင့်ပွားဖြစ်လာနိုင်ပါတယ်။

မူလကင်ဆာဆဲလ် စတင်ဖြစ်ပေါ်သည့် နေရာမှ တခြားနေရာသို့ ကင်ဆာဆဲလ် ပြန့်နှံ့ရောက်ရှိပုံ

Malignant Tumor က ကင်ဆာဆဲလ်ဖြင့် ဖွဲ့စည်းထားပြီး ၎င်းစတင်ဖြစ်ပွားတဲ့နေရာကို Carcinoma (ကင်ဆာစတင်ဖြစ်ပေါ်ခြင်း) လို့ ခေါ်ပါတယ်။ စတင်ဖြစ်ပွားရာကနေ တဖြည်းဖြည်း ကြီးထွားလာ၊ ပွားလာပြီး အနီးပတ်ဝန်းကျင် တစ်သျှူးတွေအထိ ပြန့်နှံ့သွားနိုင်ပါတယ်။ ၎င်းအဆင့်ကိုတော့ အစဦးကင်ဆာ (Primary Cancer) လို့ခေါ်ပါတယ်။ အချိန်ကြာမြင့်လာတဲ့ အခါမှာ အနီးအနား ပတ်ဝန်းကျင် တစ်သျှူးမှာတင်မကပဲ ကင်ဆာဆဲလ် တချို့ဟာ အဝေးကို လွင့်သွားပြီး အဝေးမှာရှိတဲ့ အရိုးအပါအ၀င် တခြား အင်္ဂါအစိတ်အပိုင်း တခုခုမှာ သွားပြီးတွယ်ကပ်ကာ ဆက်ပွားပါတယ်။ ၎င်းကို Secondary Cancer/Matastasis (ဆင့်ပွားကင်ဆာ) လို့ခေါ်ပါတယ်။ ဒါကတော့ အသည်းကင်ဆာအပါအ၀င် ကင်ဆာအများစုရဲ့ အခြေခံ ဖြစ်ပါတယ်။

အသည်း၏လုပ်ဆောင်ချက် အကျဉ်း

အသည်း၏ တည်နေရာနှင့် အနီးနားတ၀ိုက် အင်္ဂါအစိတ်အပိုင်းများပုံ

အသည်းကင်ဆာ အကြောင်းကို မပြောခင် အသည်းအကြောင်းကို အနည်းငယ် ဖေါ်ပြသင့်ပါတယ်။ အသည်းက ခန္ဓာကိုယ်မှာ ရှိတဲ့ အတွင်းအင်္ဂါအစိတ်မပိုင်းများအနက် အကြီးဆုံးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်း နံရိုးတွေ အောက်နား၊ ညာဘက်အဆုပ်နှင့် ကန့်လန့်ကာကြွက်သား (Diaphragm) ရဲ့ အောက်တည့်တည့်မှာ ရှိပါတယ်။ ပိရမစ်ပုံ ရှိပြီး ဘယ်ဘက်နဲ့ ညာဘက် စိတ်အပိုင်းနှစ်ခုအဖြစ် တွယ်ဆက်လျက် ရှိပါတယ်။ အသည်းဟာ အရွယ်အစားကြီးသလောက် ခန္ဓာကိုယ်အတွက် လုပ်ပေးရတဲ့ အလုပ်ကလည်း အင်မတန် များပါတယ်။ အသည်းဟာ နှလုံးမှ အောက်စီဂျင် သယ်လာသော သွေးကိုလက်ခံပြီး နှလုံးမှတဆင့် ခန္ဓာကိုယ်တခုလုံးသို့ ပြန်ဖြန့်ဖြူးရန် နှလုံးသို့ အာဟာရပါတဲ့ သွေးကို ပြန်လည်ပို့ပေးပါတယ်။ အသည်းက ပို့ပေးတဲ့ အာဟာရကြောင့် ခန္ဓာကိုယ်တခုလုံးအတွက် လည်ပတ်ဖို့ စွမ်းအင်ကို ရရှိပါတယ်။

အသည်းဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ များစွာကို ဆောင်ရွက်ပါတယ်။
(၁) စားလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်က အဆင်သင့်အသုံးပြုနိုင်စေရန် သကြားဓါတ်နဲ့ အဆီဓါတ်ဖြစ်အောင် ပြောင်းလဲပေးခြင်း၊
(၂) အာဟာရကို သိုလှောင်ပေးခြင်း
(၃) အဆီကို ခြေဖျက်ရန်အတွက် အသည်းခြေရည်ကို ထုတ်ပေးခြင်း
(၄) ပိုလျှံသော အစားအစာများကို အဆီနှင့် ဂလိုင်ကိုဂျင်ကို သကြားဓါတ်အဖြစ် ပြောင်းလဲကာ သိုလှောင်ထားပေးခြင်း၊
(5) အဆီတွင် ပျော်ဝင်နိုင်သော ဗီတာမင်တချို့နဲ့ သတ္တုဓါတ်တချို့ကို သိုလှောင်ပေးခြင်း
(၆) သွေးအတွက် အသားဓါတ် ထုတ်လုပ်ပေးခြင်း
(၇) သွေးပျစ်ခြင်းနှင့် ကျဲခြင်းကို ခန္ဓာကိုယ်မှာ လိုရင်လိုသလို ပြုပြင်ပေးခြင်း
(၈) ခန္ဓာကိုယ်လည်ပတ်ရန်အတွက် လိုအပ်တဲ့ တခြားဓါတ်ပေါင်းတချို့ကို ထုတ်လုပ်ပေးခြင်း
(၉) အရက်လို ခန္ဓာကိုယ်အတွက် ဒုက္ခပေးတဲ့ အရာတွေကို အဆိပ်မဖြစ်အောင် ခြေဖျက်ပေးခြင်းနှင့် အညစ်ကြေးတွေကို ဖယ်ရှားပေးခြင်း စသည်တို့အပါအ၀င် အသည်းဟာ ခန္ဓာကိုယ်အတွက် လုပ်ငန်းများစွာကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါကြောင့်မို့ အသည်းမကောင်းသော သူတဦးမှာ ဒီလုပ်ငန်းစဉ်တွေအတွက် မထိခိုက်အောင် ဆရာဝန်နှင့် အနီးကပ်တိုင်ပင်ပြီး ဆရာဝန် ညွန်ကြားချက်အတိုင်း ပြုမူကျင့်ကြံ နေထိုင်စားသောက်ရန် အထူးလိုအပ်ပါတယ်။

အသည်းကင်ဆာ
အသည်းကင်ဆာဆိုတာ အသည်းမှာ Malignant Tumour ရှိနေခြင်းဖြစ်ပါတယ်။ အသည်းကင်ဆာမှာ အစဦး အသည်းကင်ဆာ (Primary cancer) နှင့် နောက်ဆက်တွဲ ကင်ဆာ (Secondary cancer) ဆိုပြီး နှစ်မျိုးရှိပါတယ်။

Primary Liver Cancer (အစဦး အသည်းကင်ဆာ)
အစဦးအသည်းကင်ဆာမှာလည်း Cholangio Carcinoma ခေါ် သည်းခြေပြွန်တ၀ိုက်မှာ စတင်ဖြစ်ပေါ်တဲ့ အသည်းကင်ဆာနှင့် hepatocellular carcinoma ခေါ် အသည်းထဲက ဆဲတွေမှာ စတင်ဖြစ်ပွားတဲ့ အသည်းကင်ဆာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီအမျိုးအစားက အသည်းခြောက်ရောဂါ (Cirrhosis) သမားတွေမှာ အများဆုံး ဖြစ်ပေါ်တတ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ Primary Liver Cancer က Secondary Liver Cancer ထက် အဖြစ်နည်းသည်ကို တွေ့ရှိရပါတယ်။

မူလအသည်းကင်ဆာ ဖြစ်ရခြင်းအကြောင်းအရင်း
ဖြစ်ရခြင်း အကြောင်းအရင်းကို အတိအကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။ သို့သော် ၎င်းအသည်းကင်ဆာ ဖြစ်သောသူ အများစုမှာ အောက်ပါအချက်များနှင့် ပတ်သက်သူများဖြစ်ပါတယ်။
(၁) အသည်းရောင် အသားဝါ (B) or (C) ကြောင့် ရောဂါဖြစ်နေသည့် လူနာ
(၂) အရက် သေစာကို အချိန်ကြာမြင့်စွာ သောက်သုံးလာသူ
(၃) အသည်းခြောက်ခြင်းနှင့် တခြားအသည်းရောဂါ တခုခု ရှိနေသောသူများတွင် Pramary Liver Cancer ကို အများဆုံး တွေ့ရပါတယ်။ သို့သော်လည်း မူလအသည်းကင်ဆာက တဆင့်ခံ အသည်းကင်ဆာထက် အဖြစ်နည်းပါတယ်။

Secondary Liver Cancer (နောက်ဆက်တွဲ အသည်းကင်ဆာ)
တခြားနေရာတွေမှာ အစဦး ဖြစ်ပွားတဲ့ ကင်ဆာဆဲလ်တွေက အသည်းကို ပြန့်နှံ့ရောက်ရှိလာလို့ တဆင့်ခံ ဖြစ်ပွားတဲ့ အသည်းကင်ဆာ ဖြစ်ပါတယ်။ အသည်းဟာ တခြားအင်္ဂါအစိတ်ပိုင်း အားလုံးနီးပါးနဲ့ ဆက်စပ် ပတ်သက်နေတဲ့အတွက်ကြောင့် တခြားအင်္ဂါ အစိတ်ပိုင်းမှာ ကင်ဆာဖြစ်ပါက အသည်းကို အလွယ်တကူ ပြန်နှံ့နိုင်ပြီး အသည်းကင်ဆာရသူ အများစုမှာ Secondary Liver Cancer ရသည့် ဦးရေက မူလအစဦးကင်ဆာ ရသူထက် အဆနှစ်ဆယ် ပိုများပါတယ်။ ထို့အတူ Secondary Liver Cancer ကိုလည်း မူလရောဂါ စဖြစ်တဲ့ နေရာနှင့်ပဲ အမည်ပေးလေ့ရှိပါတယ်။ ဥပမာ စအိုကင်ဆာက ပြန့်နှံ့လာတဲ့ အသည်းကင်ဆာဖြစ်ရင် Metastatic bowel cancer လို့ ခေါ်လေ့ရှိပါတယ်။ မူလဖြစ်တဲ့နေရာမှာ ကင်ဆာကို စတွေ့တဲ့အချိန်မှာ နောက်ဆက်တွဲ ပြန့်နှံ့လာလို့ ဖြစ်လာတဲ့ အသည်းကင်ဆာကိုပါ တခါတည်းတွေ့တာ ရှိသလို နောက်မှ ထပ်တွေ့တာလည်း ရှိနိုင်ပါတယ်။

အသည်းကင်ဆာရဲ့ လက္ခဏာများ
မူလ အသည်းကင်ဆာ၌ အစပိုင်းမှာ ထူးခြားသည့် လက္ခများကို မတွေ့ရပါ။ နောက်ပိုင်း အခြေအနေ ဆိုးလာမှ သိရှိရတဲ့ အသည်းကင်ဆာရဲ့ လက္ခဏာ များကတော့…
(၁) အားနည်းပြီး မောပမ်းနွမ်းနယ်နေခြင်း
(၂) အသည်းတည်ရှိရာ နေရာဖြစ်တဲ့ နံရိုးတွေရဲ့ အောက်ဘက်ရှိ ၀မ်းဗိုက်ရဲ့ ညာဘက်အပေါ်ဒေါင့်မှာ နာကျင်ခြင်း၊
(၃) ကိုယ်အလေးချိန် ကျဆင်းခြင်း
(၄) အစားအသောက်ပျက်ခြင်း
(၅) မျက်လုံးနဲ့ အသားရောင်များ ၀ါလာခြင်း
(၆) ပျို့ချင်အန်ချင်ခြင်း
(၇) ၀မ်းဗိုက်ဖေါင်းပွလာခြင်း
(၈) အဖျားဝင်ခြင်း စတဲ့လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

အသည်းကင်ဆာကို အဆင့် သတ်မှတ်ခြင်း
ကင်ဆာရောဂါ ရှိကြောင်း စတင်စမ်းသပ်တွေ့ရှိသည်နှင့် ပြန့်နှံ့မှု ရှိမရှိဆိုတာကိုပါ တခါတည်း တွေ့ရှိရပါတယ်။ မူလစတင်ဖြစ်ပွားတဲ့ နေရာကနေ ပြန့်နှံ့မှု ရှိမရှိနှင့် ပြန့်နှံ့မှု ရှိသော်လည်း ဘယ်အတိုင်းအတာထိ ပြန့်နှံ့နေပြီဆိုတဲ့အပေါ် မူတည်ပြီး ရောဂါအဆင့်ကို သတ်မှတ်ပါတယ်။
အဆင့် (၁) ကင်ဆာရဲ့ အရွယ်အစား ၂ ဆင်တီမီတာထက် မပိုသေးခြင်းနှင့် စတင်ဖြစ်ပွားတဲ့နေရာကလွဲပြီး တခြားဘယ်မှ မပြန့်နှံ့သေးသည့်အဆင့်။
အဆင့် (၂) ကင်ဆာက အသည်းထဲရှိ သွေးကြောများအထိ ပြန့်နှံ့နေခြင်း (သို့) ကျူမာအရေအတွက် တခုထက်ပိုရှိနေခြင်း
အဆင့် (၃) A: ကင်ဆာ အရွယ်အစား ၅ ဆင်တီမီတာထက် ပိုကြီးနေခြင်း (သို့) အသည်းရဲ့ အနီးတ၀ိုက် သွေးကြောများအထိ ပြန့်နှံ့နေခြင်း
အဆင့် (၃) B: ကင်ဆာက အသည်းအနီးအနားရှိ တခြားအင်္ဂါအစိတ်အပိုင်း အထိ ပြန့်နှံ့နေခြင်း။ သို့သော်လည်း ပြန်ရည်ကြော အဖုထိ မရောက်သေးခြင်း။
အဆင့် (၃) C: ကင်ဆာက အနီးအနားတ၀ိုက် အင်္ဂါအစိတ်အပိုင်း တခုခု အပြင် ပြန်ရည်ကြောဖုအထိ ပြန့်နှံ့နေခြင်း
အဆင့် (၄) ကင်ဆာက အနီးအနားရှိ အင်္ဂါအစိတ်မပိုင်းများ၊ ပြန်ရည်ကြောဖုအတွင်းနှင့် အဝေးထိ တခြားအင်္ဂါအစိတ်အပိုင်းအထိ ပြန့်နှံ့နေခြင်း စသည်ဖြင့် ၆ ဆင့်ခွဲခြားထားပါတယ်။

Progranosis ကုသနိုင်သည့် အခွင့်အလမ်း
အခြေအနေအပေါ် မူတည်ပြီး Primary Cancer ကို စောစွာ တွေ့ရှိပါက ပျောက်ကင်းအောင် ကုသနိုင်သည့် အခွင့်အလမ်း ရှိနိုင်ပါတယ်။ Secondary Cancer ကိုတော့ ပြန့်နှံ့နေပြီ ဖြစ်တဲ့အတွက် ကုသမှုဖြင့် လုံးဝ အမြစ်မပြတ်နိုင်တော့သော်လည်း အသက်ဆက်လက် ရှင်သန်နိုင်သည့်ကာလကို အတတ်နိုင်ဆုံး ပိုမိုရှည်လျားစေရန်နှင့် နာကျင်ခြင်းကို သက်တောင့်သက်သာ ရှိစေရန် ကုသမှုကို ခံယူနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနေသည်ကို စမ်းသပ်တွေ့ရှိရတဲ့ ဆရာဝန်က ကလေးနှင့်စိတ်ပုံမှန် မဟုတ်သော လူနာမဟုတ်ရင် လူနာရဲ့ ရောဂါနဲ့ အခြေအနေ (ကင်ဆာရောဂါ ရောက်ရှိနေသည့်အဆင့်) ကို ထိန်ချန် ဖုံးကွယ်ထားပိုင်ခွင့် မရှိပါ။ ကုသနိုင်သည့် လမ်းကြောင်း ဘယ်နှစ်ခုရှိပြီး လမ်းကြောင်းတခုစီရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို ဆရာဝန်က လူနာ နားလည်အောင် ရှင်းပြရပါတယ်။ ဆက်လက်ကုသမှုအတွက် ဆရာဝန်ရှင်းပြတဲ့ လမ်းကြောင်းတွေအထဲက မိမိအတွက် အကောင်းဆုံး ထင်တဲ့လမ်းကြောင်းကို လူနာက ရွေးချယ်ရပါတယ်။ မိမိရွေးချယ်တဲ့ ကုသမှု လမ်းကြောင်းရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို မိမိသိဖို့လိုပါတယ်။ အသည်းကင်ဆာကို ကုသရာမှာ အသည်းပြင်ပသို့ ကင်ဆာဆဲလ် မပြန့်နှံ့သေးတဲ့ Primary အဆင့်မှာ ကုသပါက ခွဲစိတ်ကုသပြီး အသည်းအစိတ်အပိုင်းကို ဖြတ်ထုတ်ခြင်းမှသည် အသည်းအစားထိုး ကုသခြင်းအထိရှိပြီး လုံးဝပျောက်ကင်းအောင် ကုလို့ နိုင်ပါတယ်။ အသည်းကို ခွဲစိတ်ကုသရာမှာ တခြားအင်္ဂါအဖွဲ့အစည်းတွေကို ခွဲစိတ်ကုသထာထက် အားကောင်းသည့် အချက်မှာ အသည်းဟာ သုံးပုံနှစ်ပုံခန့် ဖြတ်ထုတ်ခံရသည့်တိုင်အောင် ဖြတ်ထုတ်ခံရသည့် အစိတ်အပိုင်းနေရာမှာ ဆဲလ်တွေ ပြန်ပွားပြီး နှစ်ပတ်မှ တလနှစ်လ ကာလအတွင်း မူလအသည်း ဖွဲ့စည်းပုံနှင့် အရွယ်အစားအတိုင်း သူ့အလိုလို ပြန်ဖြည့်စွက်ပေးခြင်း ဖြစ်ပါတယ်။

မိမိ (သို့) မိမိ မိသားစုအဖွဲ့ဝင် တဦးဦးမှာ ကင်ဆာ ရှိပြီဆိုတာ သိတာနဲ့ Dignosis လုပ်ပေးတဲ့ ဆရာဝန်ကို ကင်ဆာ အမျိုအစားနှင့် အဆင့်အပါအ၀င် ကုသာရန်အတွက် မိမိသိချင်တာ သိသင့်တာ အကုန်မေးဖို့ တကယ်လိုအပ်ပါတယ်။ ရောဂါ ကုသမှုကို တိုင်ပင်ရန် ဆရာဝန်က အဓိကဖြစ်သော်လည်း ကင်ဆာရောဂါကို ကုသရာမှာ Health Care Team တခုလုံးက တာဝန်ယူပါတယ်။ ကျန်းမာရေးကို အစိုးရတာဝန်ယူသည့် နိုင်ငံများတွင် ကင်ဆာ ရရှိသည့် လူနာများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုအတွက် ဆက်သွယ်ရန် ဌာနတွေ၊ Services တွေ များစွာ ရှိပါတယ်။ လူနာအနေနှင့် ဘယ်လို Services ကို ရရှိနိုင်ပြီး အဲဒီ Service တွေအတွက် ကုန်ကျစာရိတ်ကို အစိုးရက တာဝန်ယူမှု ရှိမရှိ၊ မရှိပါက မိမိအနေနှင့် စိုက်ထုတ်နိုင်ဖို့ ကုန်ကျနိုင်သည့် ခန့်မှန်းခြေစာရိတ် စတာတွေကို ဆရာဝန်နှင့် အကုန်လုံး မေးမြန်းတိုင်ပင်သင့် ပါတယ်။

ဆရာဝန်ကို မေးမြန်းသင့်သည့် မေးခွန်းများ
(၁) မိမိမှာ diagnosis လုပ်ထားတဲ့ အသည်းကင်ဆာက ဘာအမျိုးအစား အသည်းကင်ဆာလဲ။
(၂) ကင်ဆာက အသည်းရဲ့ အပြင်ကို ပြန့်နှံ့နေပြီလား။ အကယ်၍ ပြန့်နှံ့နေပါက ဘယ်အထိ ရောက်နေပြီလဲ။
(၃) မိမိမှာ ရှိတဲ့ အသည်းကင်ဆာက ဘယ်အဆင့်မှာ ရှိလဲ။
(၄) ကုသနိုင်တဲ့ အခွင့်အလေမ်း အတိုင်းအတာက ဘယ်အထိ ရှိလဲ။
(၅) ဘယ်လို စမ်းသပ်မှုတွေကို ထပ်လုပ်ဖို့လိုလဲ။
(၆) ဘယ်လို ကုသမှုကို အကြံပြုတိုက်တွန်းချင်လဲ။
(၇) ကုသမှု တခုစီမှာ ရှိတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ဆက်ပွားပြဿနာတွေက ဘာတွေလဲ။
(၈) တခြား ရွေးချယ်စရာ ဘာများရှိသေးလဲ။ အကယ်၍ မရှိဘူး ပြောပါက ဘာကြောင့်လဲ။
(၉) တခြား ဖြည့်စွက်ကုသနည်း (Complementary Therapy) တွေနဲ့ ကုသလို့ ရတာ ဘာတွေရှိနိုင်လဲ။
(၁၀) ဆေးရုံမှာ ဘယ်လောက် ကြာကြာနေရမလဲ။
(၁၁) ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ဘယ်လောက် အချိန်ယူရမလဲ။
(၁၂) Chemotherapy က ဘာအတွက် အသုံးပြုလဲ။ ဆိုးကျိုးတွေက ဘာရှိလဲ။
(၁၃) ကင်မိုသရဖီအတွက် ကုန်ကျစာရိတ် ဘယ်လောက်ရှိလဲ။
(၁၄) ဒီကုသမှုက မိမိရဲ့ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားခြင်းဆိုင်ရာကို ထိခိုက်နိုင်ပါသလား။
(၁၅) ဘယ်လောက်မှာ ဘယ်နှစ်ကြိမ် တခါ (How often) စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ဖို့ လိုအပ်သလဲ။
(၁၆) ကုသမှု တခု ပြီးဆုံးသွားပြီးနောက် နောက်တကြိမ် ကင်ဆာ ပြန်ထလာရင် ဘယ်လိုဆက်လုပ်ရမလဲ စသည့်တို့ ပါဝင်နိုင်တဲ့ မိမိ သိချင်တဲ့ အချက်တွေအားလုံးကို ဆရာဝန်နှင့် မေးမြန်း တိုင်ပင်ဖို့ လိုအပ်ပြီး ကုသမှုကို ခံယူသင့်ပါတယ်။



Bibliography
Cancer Council NSW. (2007). Understanding liver cancer: A Guide for people with cancer, their families and friends. NSW: Cancer Conucil NSW.


8 comments:

ကျေးဇူးတင်တယ်..မငယ်ရေ..
အသဲနဲ့ပတ်သက်တာလေးတွေ သိသင့်သိထိုက်တာလေးတွေ ခုလိုရေးပေးတော့ သိရတာပေါ့..အန်ကယ်နိုင်ကိုတော့ ဘာဆက်လုပ်မယ်ဆိုတာ ဆရာဝန်တွေ သောကြာနေ့မှာ စဉ်းဝေးဆုံးဖြတ်ကြလိမ့်မယ်..
အခုနေရတာတော့ လူကောင်းလိုပဲ..နေလို့ထိုင်လို့ကောင်းတယ်..

အသဲကင်ဆာ ဖြစ်နေသူမှာ ကင်ဆာဖြစ်နေတဲ့ အပိုင်းကအသဲကို တ၀က်ထုတ်ပစ်လိုက်င် လျှင်ကင်ဆာ ပြန်ဖြစ်နိုင်သေးလား။

အန်ကယ်နိုင်မှာ ဖြစ်နေတာ အသည်းခြောက်တာ မဟုတ်ဘူးလား။ Primary Liver Cancer ဖြစ်တဲ့သူအများစုက အသည်းခြောက်သူတွေ ဖြစ်ပေမဲ့ အဲဒါက အဖြစ်နည်းတဲ့ အမျိုးအစားပါ။ အသည်းခြောက်တာနဲ့ အသည်းကင်ဆာနဲ့ မတူပါဘူး။ အန်ကယ်နိုင် ရောဂါက ကင်ဆာမဟုတ်ပါဘူး။ အသည်းအစားထိုးရင် ဒါမှမဟုတ် ဖြတ်ထုတ်လိုက်ရင် တလနှစ်လအတွင်း အသည်းပုံမှန် ပြန်ဖြစ်ပြီး အဆင်ပြေသွားမှာပါ။

နောက်တယောက် မေးထားတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ အသည်းထဲမှာ ဖြစ်နေတဲ့ ကင်ဆာက စဖြစ်နေတဲ့ နေရာကနေ ဘယ်မှမပြန့်သေးရင် ဖြစ်နေတဲ့အပိုင်းကို ဖြတ်ထုတ်ပစ်လို့ အမြစ်ပြတ်နိုင်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တခါတရံ ပထမစမ်းသပ်ချိန်မှာ တခြားသွေးကြောတွေထဲ ပြန့်နေတာ မတွေ့ဘဲ နောက်မှ ပြန်တွေ့တာလည်း ရှိတတ်လို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးမှု ပြန်လုပ်နေဖို့တော့ လိုပါတယ်။

မရောက်တာ အတော်ကြာနေမှ ဘလော့ဂ်တစ်ခုမှာ ဒီခေါင်းစဉ်လင့်ခ်တွေ့လို့လာဖတ်သွားပါတယ်။
အသည်းကင်ဆာဖြစ်ရသော ပက်သက်နေတဲ့အကြောင်းများထဲတွင် ဘီပိုး၊ စီပိုး၊ အရက်သေစာအလွန်အကျွံသောက်စားမှုများသာမက toxin ဆိုတဲ့ အဆိပ်အတောက်များလည်းပါပါတယ်။ ဥပမာ Aflatoxin လို့ခေါ်တဲ့ မှိုကဖြစ်လာတဲ့ အဆိပ်တစ်မျိုးဆို အသည်းကင်ဆာဖြစ်စေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ငရုတ်သီးအခြောက်တွေထဲမှာ တွေ့ရနိုင်ပါတယ်။ အကြာကြီးထားထားရင်ပေါ့။ တခြားသော အခြောက်ခံ စားစရာများမှာလည်းတွေ့နိုင်ပါတယ်။ နိုင်ငံခြားမှာဆိုရင်တော့ ပြောင်းဖူးအခြောက်တွေ၊ စပျစ်သီးခြောက်တွေ စတဲ့အစားအစာတွေမှာ တွေ့တတ်ပါတယ်။ တော်ရုံရေဆေးရုံနဲ့လည်းမပြောင်တတ်ပါဘူး။ မီးနဲ့ကြော်လို့လည်း အကုန်အစင်မသေတတ်ပါဘူး။ အဲ့ဒီလိုအစားအစာတွေ ကြိမ်ဖန်များစွာစားသောက်နေသူများမှာ အသည်းကင်ဆာဖြစ်လာတတ်ပါတယ်။
အပေါ်က အသည်းကင်ဆာကို ဖြတ်ထုတ်ဖို့ မေးခွန်းကို သိသလောက် ဝေမျှဖြေဆိုရမယ်ဆိုရင် ကင်ဆာက အသည်းကစတာဆိုရင် ဖြတ်ထုတ်လည်း အခြေအနေက လုံးဝမလွယ်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ ကင်ဆာဆဲလ်တွေ ခန္ဓာကိုယ်ထဲ အဝေးကြီးပြန့်တယ်ဆိုတာ သွေးကြောတွေကတဆင့်ပြန့်တာပါ။ အသည်းက လုပ်ငန်းတာဝန်ကြီးလှတဲ့အတွက် သူ့မှာ သွေးကြောတွေ (blood supply) တအားများပါတယ်။ အဲ့ဒီတော့လူနာက ဗိုက်အောင့်လို့ပဲဖြစ်ဖြစ်၊ မျက်လုံးတွေဝါလာလို့ပဲဖြစ်ဖြစ် ဆရာဝန်ဆီရောက်လာပြီး ဆရာဝန်က CT scan နဲ့ ဖြစ်စေ အခြား သော scanning technology နဲ့ဖြစ်စေ scan လုပ်၊ အသားစတွေဘာတွေယူ စစ်လိုက်လို့ liver မှာ primary တွေ့ပြီဆိုတာနဲ့ တစ်နေရာရာကိုပြန့်ထားပြီးဖြစ်မယ်လို့ ယူဆပါတယ်။ အကြောင်းကတော့ imaging technique တွေဖြစ်တဲ့ CT တို့ MRI တို့ဆိုတာ အလုံးလေးဖြစ်လာမှ မြင်နိုင်သိနိုင်တာပါ။ ဆဲလ်သေးသေးလေးတွေကို မထောက်လှမ်းနိုင် မမြင်နိုင်ပါဘူး။ အဲ့ဒီတော့ အသည်းလိုသွေးကြောများတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ primary တွေ့ပြီဆိုမှတော့ သေးငယ်လှတဲ့ ကင်ဆာဆဲလ်လေးတွေဟာ ခန္ဓာကိုယ် ထဲ က အနည်းဆုံးတစ်နေရာကိုတော့ပြန့်ပြီး ဖြစ်တယ်လို့ယူဆပါတယ်။ တခြားနေရာမှာ CT ရိုက်လို့ secondary တွေ့တွေ့မတွေ့တွေ့ပေါ့။ နောက်တစ်ခုက ကင်ဆာဆဲလ်တွေကို immortal cells တွေလို့ခေါ်ပါတယ်။ မသေနိုင်လှဘူးပေါ့။ မသေနိုင်တဲ့ ဆဲလ်တွေဟာ သာမာန်ဆဲလ်လိုမဟုတ်ပါဘူး..တော်တော်ကို အငြိမ်မနေနိုင်တာပါ။ ဟိုသွားဒီသွား လျောက်သွား လျောက်ပြန့် ဒုက္ခပေးနေရမှ။
Primary liver cancer ဟေ့ဆိုရင်တော့ Five year survival rate ဆိုတဲ့ နောက်ထပ်ငါးနှစ် အသက်ဆက်ရှင်နိုင်ဖို့ အခွင့်အရေး က အလွန်နည်းပါတယ်။
စာထဲက လူနာတွေမေးသင့်တယ်ဆိုတဲ့မေးခွန်းတော်တော်များများကတော့ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်တော်များများက ဆရာဝန်များက မမေးခင်ကတည်းက ဖြေပါလိမ့်မယ်။ ဖြေတာမှ အပိုင်သိပြီဆိုတာနဲ့ sue ပြဿနာ ကြောက်လို့ အားမနာတမ်းပြောမှာ။ တိုးတက်ပြီး နိုင်ငံများမှ လူတွေကပြဿနာ ကြံဖန်ရှာတတ်လွန်းလို့ အခေါင်းကိုဘယ်နေ့ကတည်းကကြိုဝယ်ထားဆိုပြီး ဖြစ်နိုင်ရင်ပြောလိုက်ချင်ကြသေးတယ် ဆိုကြောင်းပါ။
ဘလော့ပိုင်ရှင်ရေ သိသမျှလေး ဝေမျှတာနော် :)

aubergine

ကျုပ်တို့က ပါးစပ်လေးနဲ့ ကုလား အကျင့်ဆိုးတာတွေ ထောက်ပြရင် ဆတ်ဆတ်ထိမခံတဲ့ . . ကြက်တူရွေးမမနဲ့ ကြက်တူရွေးကိုကိုတွေ။ ဒီမှာ ကုလားအချင်းချင်းလုပ်နေတာလေးကို ကြည့်စမ်းပါဦး။ ကုလားထိရင် ဆတ်ဆတ်ထိနာတယ်ဆိုတဲ့သူတွေ.. နာလိုရတယ်နော်။ ဟဲဟဲ

http://www.youtube.com/watch?v=SJhdp9dm6z0

အပေါ်က ပြောတဲ့ သွေးကြောကနေပြန့်တယ်ဆိုတာ မူလပထမ ကင်ဆာရှိနေရာမှ အဝေးကြီးမှာရှိသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြန့်တာကို ဆိုလိုတာဖြစ်ပါတယ်။ ကင်ဆာဆဲလ်များဟာ မူလပထမနေရာမှ ကပ်လျက်ရှိသော နီးသော အစိတ်အပိုင်းများကိုလည်းပြန့်နိုင်ပါတယ်။
အသည်းကိုဖြတ်တောက်ကုသတယ် ဆိုရာမှာ အခြားနေရာများမှ ကင်ဆာက အသည်းမှာ secondary လာဖြစ်နေတယ်.. မူလပထမ ကင်ဆာကလည်း ဆိုးဝါးတဲ့ကင်ဆာမဟုတ်ဘူးဆိုရင် တော့ ဖြစ်တောက်ကုသ ပြီး နှစ်ပေါင်းရှည်ကြာသက်တမ်း ဆန့်နိုင်ပါတယ်။ သို့သော် အသည်းက မူလပထမ စဖြစ်တာဆိုရင်တော့ ငါးနှစ်သက်တမ်းရှိအောင်လုပ်နိုင်ဖို့ ဆိုတာတောင် အခွင့်အလမ်းနည်းပါတယ်။

aubergine

လာရောက် ဖြည့်စွက်ပေးတာ ကျေးဇူးတင်ပါတယ် Aubergine. လက်တလုံးနီးပါး ထူတဲ့ ပညာပေးစာအုပ်လေးထဲက လိုအပ်တယ်ထင်တာကိုပဲ ကောက်နှုတ်ထားတာ ဖြစ်လို့ ဒီပို့စ်က ပြည့်စုံမှု မရှိပါဘူး။ အောက်ဆုံးမှာ မေးသင့်တဲ့ မေးခွန်းတွေကို ထည့်ပေးထားတာကလည်း Public Health in Myanmar မှာ စာရေးတဲ့ နှစ်နှစ်တာ ကာလအရ လူနာအတော်များများဟာ မိမိကုသနေတဲ့ ဆရာဝန်နဲ့ မမေးဘဲ ဘလော့ဂ်မှာ လာလာမေးနေတာ မကြာခဏ ကြုံတွေ့ရလို့ သတိပေးပြောကြားတဲ့အနေနဲ့ အတွေ့အကြုံအရ လိုအပ်လို့ ထည့်ပေးထားခြင်း ဖြစ်တယ်။ လူနာကို ကိုယ်တိုင်စမ်းသပ်ပြီး ကုသပေးနေတဲ့ ဆရာဝန်သည်သာ လူနာအခြေအနေကို အသိဆုံးပဲမဟုတ်လား။

ပြီးတော့ ဆက်လက်အသက်ရှည်နိုင်တဲ့ သက်တမ်းကို အတိအကျ မထည့်ထားပေးတာကလည်း တယောက်နဲ့တယောက် ရောဂါကို တုံ့ပြန်တဲ့ စိတ်ဓါတ်ခွန်အားအပေါ်မှာလည်း မူတည်လို့ အတတ်နိုင်ဆုံး အရှုံးမပေးပဲ ရင်ဆိုင်သွားစေချင်တာလည်း ပါပါတယ်။ ဥပမာ ၆ လပဲ ခံမယ်လို့ ပြောထားခြင်း ခံထားရဖူးသူ တယောက်ကလည်း ၁၀ နှစ်ခန့်အထိ မသေသေးတာမျိုး ရှိတတ်တော့ ဆေးပညာအရ အဖြေရှာလို့ မရနိုင်ပေမဲ့ စိတ်ဓါတ်အင်အားနဲ့ မျှော်လင့်ချက်တွေ ဆက်ရှင်သန်နေသူတွေလည်း ရှိတဲ့အတွက် သက်တမ်းကို အဓိကမပြောခဲ့တာ ဖြစ်တယ်။

2007/2008 မှာ University of Technology Sydney နဲ့ Woollogong University နှစ်ခုက သြစကြေးလျားနိုင်ငံရဲ့ တက္ကသိုလ်တွေအထဲမှာ Teaching and learning မှာ အကောင်းဆုံး ဖြစ်တယ်လို့ ကျွန်မပြောခဲ့တုန်းက ငယ်နိုင် မဟုတ်မဟတ်တွေ ဖြီးထားတယ်ဆိုပြီး လာရေးသွားပြီး ကျွန်မပြန်ရေးထားတာကို ပြန်လာဖတ်တာ တခါမှ မတွေ့လို့ http://nge-naing.blogspot.com/2010/08/blog-post_16.html မှာ အခုပြန်သွားဖတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် Aubergine အခုဒီပို့စ်မှာ အခုလို ပညာရှင်ဆန်ဆန် ကောင်းကောင်းမွန်မွန် လာရောက် ဖြည့်စွက်ပေးတာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။

(၁) ဟုတ်ကဲ့. စာအုပ်ထဲကဟာတွေ တစ်ချို့ကို ကောက်ယူ ပြီးဆီလျော်အောင် ဗမာလိုပြန်ရေးထည့်ထားတာ သိပါတယ်။

(၂) ပေးထားတဲ့ပို့စ်အဟောင်းကို သွားကြည့်ပြီးပါပြီ။ ဆဲထားတာလည်းမိုးမွှန်နေရော.. ကြက်သမားတွေကော၊ လူပြိန်းတွေကော..ငါနဲ့မကိုင်တုတ်တာပဲကျေးဇူးတင်ပါတယ်။
ကျောင်းကိစ္စက ပြန်ချေပ ထားတာတော့ Flaw (အနာအဆာ ချွတ်ယွင်းချက်) တွေအများကြီးတွေ့နေရတုံးပဲ။ သို့သော်လည်း ရှိပါစေတော့လေ။ ဘယ်ကျောင်းက အောင်အောင် ကိုယ့်ဖာသာကိုယ်ပြည့်ဝအောင်လုပ်ဖို့နဲ့ လည်ပင်းမှာ ဒင်္ဂါးအဆွဲ ခံရတဲ့ ပုတ်သင်ညိုလား အိမ်မြောင်လား အဲ့ဒီကောင်လို မဖြစ်ဖို့အရေးကြီးပါတယ်။
မူရင်း အာတီကယ် နဲ့မဆိုင်လို့ အကျယ်မဆွေးနွေးတော့ပါဘူး
ကျေးဇူးပါ။

aubergine