မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အကြွေးဆပ်ခြင်းနှင့် ရွေးကောက်ပွဲအတွက် နောက်ဆုံး Message


ဘလော့ဂ်ထဲကို ပထမဦးဆုံး မျက်နှာပြန်အပ်မိတဲ့အချိန်မှာ Visitor အရေအတွက်ကို တွေ့လိုက်တော့ အိမ်ရှင်တောင် မရောက်နိုင်တဲ့ အခြေအနေမှာ ဧည့်သည်တွေလာထားတာကို တွေ့ရပြီး ရင်ထဲမှာ ၀မ်းသာဝမ်းနည်း ခံစားမိပါတယ်။ Live trafic ကို ထောက်ကြည့်တော့ ngenaing ကို google မှာ တကူးတက ရှာပြီး လာလည်ထားသူတွေကိုလည်း တွေ့ရပြန်တော့ ထပ်ပြီးခံစားရပါတယ်။ အခြေအနေအရ ဘလော့ဂ်ကို အတော်အကြာကြီး လှည့်မကြည့်နိုင်ဘဲ ပြန်ဖေါ်ပြတဲ့ ပို့စ်တွေနဲ့ပဲ ပို့စ်ကို တင်ရုံသာတင်ပြီး ဘလော့ဂ်ကို မျက်နှာမပြနိုင်ခဲ့တာ အတော်ကြာပါပြီ။ အခုလည်း ဆပ်စရာ အကြွေးလေး ရှိလို့သာ ခဏရောက်ခဲ့ခြင်းပါ။ ဗွီဒယိုကို ကိုနစ်နေမန်း ဆီက ကူးယူဖေါ်ပြထားပါတယ်။ အဲဒီတုန်းက အပြတ်အသတ် အသာစီးက ဒီလို နိုင်ခဲ့တာတောင် လွှတ်တော်ခေါ်ယူခွင့် အပါအ၀င် ဘာမှလုပ်ပိုင်ခွင့် မရခဲ့တာ အခုတကြိမ် စစ်ဖိနပ်အောက်မှာ ဒူးထောက်ပြီး ၀င်ပြိုင်မယ့် အချိန်မှာကော ဘာများမျှော်လင့်စရာ ရှိမလဲဆိုတာကို သတိထားမိစေချင်လို့ လွှတ်တော်ထဲက တိုက်ယူမယ်ဆိုသူတွေကို ပေးချင်တဲ့ message ဖြစ်တယ်။ နောက်တခုက စာလာဖတ်သူတချို့ရဲ့ အရင်ပို့စ်တွေမှာ စွပ်စွဲပြောဆိုခံရဖူးကို နောက်မှ တုံ့ပြန်မယ်လို့ ပြောပြီး အခုထိ မတုံ့ပြန်ရသေးဘဲ အကြွေးတင်နေတာတွေကို ရွေးကောက်ပွဲမတိုင်ခင် အချိန်မီ အကြွေးဆပ်ခြင်းသာ ဖြစ်ပါတယ်။။



ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရင်ပို့စ်ဟောင်းတွေကိုလည်း အပေါ်ဆွဲတင်ထားတာ ရှိတဲ့အတွက် ရွေးကောက်ပွဲအတွက် အကြောင်းအရာ အသစ်ကို အထူးတင်စရာ မရှိပါဘူး။ ပို့စ်အဟောင်းတွေရဲ့ အတိုချုပ်ကိုပဲ Message ပေးချင်ပါတယ်။ ဒီမိုကရေစီဆိုတာ လူတိုင်းလူတိုင်းမှာ ဘာဖိအားပေးခြင်းမှ မခံရစေပဲ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ပြည်တွင်းက လူတွေအနေနဲ့ မိမိတို့မှာ ဒီအခွင့်အရေး တကယ်ရှိမရှိဆိုတာ ပြည်တွင်းမှာ ရှိနေတဲ့ ကာယကံရှင်တွေသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ ပြည်ပမှာ ရှိနေတဲ့ ကျွန်မတို့အနေနဲ့ မိမိရဲ့ ဘ၀ဖြတ်သန်းမှု နိုင်ငံရေး ခံယူမှုတွေကို တင်ပြတဲ့အအခါမှာ အပြင်ကနေပြီး ဘာမှ မလုပ်နိုင်ဘဲ အတွင်းကလူတွေကို လက်တွေ့ကျတဲ့ အကူအညီကျတော့ မပေးဘဲ တမင်ဒုက္ခရောက်အောင် လုပ်နေတယ်လို့ အကြိမ်ကြိမ် အပြောခံရဖူးပါတယ်။ အပြင်ကနေပြီး ဘာမှမလုပ်နိုင်ဘဲ နိုင်ငံရေးလုပ်စားပြီး လေနဲ့ အော်နေတယ်၊ ကီးဘုတ်နဲ့ တိုက်ပွဲဝင်နေတယ်လို့ စွပ်စွဲပြောတာလည်း အကြိမ်ကြိမ်ခံရဖူးပါတယ်။ ကိုယ်မဟုတ်တော့ ကိုယ်မနာဘူး။ သို့ပေမဲ့ ဘာရည်ရွယ်ချက်နဲ့ ရေးနေပြောနေတယ် ဆိုတာကိုတော့ စာလာဖတ်သူတွေကို ဝေဖန်ပြောဆိုသွားသူတွေကို သိအောင်ရှင်းပြဖို့ လိုအပ်ပါတယ်။

စာဖတ်သူတဦးက သီးသန့် အီးမေးပို့ပြီး ပြောလာတာက ကျွန်မတို့ အပြင်ရောက်နေသူတွေကို တောရိုင်းတိရိစ္ဆာန်ရဲ့ ရန်က လွတ်တဲ့ သစ်ပင်ပေါ်ရောက်နေသူတွေ အနေနဲ့ ဥပမာပေးထားပြီး ပြည်တွင်းကလူတွေကိုကျတော့ သစ်ပင်အောက်မှာ ကျားလိုက်ဆွဲခံနေရပြီး ကျားကြောက်လို့ ပုန်းနေတဲ့သူတွေနဲ့ ဥပမာပေးထားတယ်။ သစ်ပင်ပေါ်မှာ အခန့်သားထိုင်ပြီး အောက်ကလူတွေကို ဘာလုပ်ပါလို့ ကျားမောင်းထုတ်ခိုင်းပြီး ကျားသေသွားရင် သစ်ပင်အောက်ကို အန္တရယ်ကင်းကင်းနဲ့ ပြန်ဆင်းလာလို့ရအောင် အတွင်းက လူတွေကို မငှဲ့ဘဲ အပြင်ကလူတွေက မိမိအတွက်ပဲ မိမိကြည့်ပြီး အတွင်းကလူတွေကို ဒုက္ခပေးနေတယ်လို့ ပြောပါတယ်။ အဲဒီဥပမာအတိုင်း ယူမယ်ဆိုရင်တော့ ကျွန်မတို့က ဘေးအန္တရယ်က လွတ်တဲ့နေရာမှာ ရောက်နေတာတော့ မှန်တယ်၊ ဒါပေမဲ့ ကျားကို ကိုယ်တိုင်လည်း သစ်ခက်တွေချိုး ဒုတ်တွ လုပ်ပြီးဝိုင်းမောင်းထုတ်နေသူတွေ ဖြစ်သလို အောက်မှာ အစောရေစာ ငတ်ပြတ်ပြီး ပုန်းအောင်းနေရတဲ့ သူတွေကိုလည်း သစ်ပင်ပေါ်က ချိုမြိန်တဲ့ သစ်သီးတွေကို မိမိပဲ စားနေတာမဟုတ်ဘဲ အောက်ကို ပစ်ချကျွေးနေသူတွေ ဖြစ်ပါတယ်။ လူကုန်တဲ့အထိ တယောက်ပြီးတယောက် ကျားဆွဲစားမခံရအောင် တယောက်ကို ခုန်အုပ်နေရင် ကျန်တဲ့သူတွေက ရရာနည်းနဲ့ ၀ိုင်းဝန်းခုခံကာကွယ် တိုက်ခိုက်ဖို့ တိုက်တွန်းရင်း သစ်ပင်ပေါ်က သစ်ခက်တွေ ချိုးကာ ဒုတ်လုပ်ပြီး ကျားကိုလည်း ပစ်ပေါက် အောက်ကလူတွေကိုလည်း လက်နက်အဖြစ် အသုံးချလို့ရအောင် ပစ်ချပေးနေသူတွေသာ ဖြစ်ပါတယ်။ ဒုက္ခရောက်အောင် လုပ်နေတဲ့ စစ်အုပ်စုကို ဘာမှအပြစ်မမြင်နိုင်ဘဲ အမှန် (Fact) တွေကို ပြောတဲ့သူတွေကိုပဲ အပြစ်တင်ချင်တဲ့သူတွေကို ဘလော့ဂ်တခုမှာ ပေးဖူးတဲ့ မှတ်ချက်တခုကို ပြန်ယူပြီး ဥပမာပေးချင်ပါတယ်။

အပြင်ရောက်လာတဲ့ သူတွေအထဲမှာ အမျိုးမျိုး ရှိပါတယ်။ အထဲမှာတုန်းက နိုင်ငံရေးအခြေအနေတွေကို မသိဘဲ အပြင်ရောက်မှာ စီးပွားရှာဖို့ ရောက်လာရင်းနဲ့ ကိုယ့်နိုင်ငံရဲ့ ပကတိအခြေအနေကို သိလို့ ဒီမိုကရေစီအရေးအတွက် ငါတို့နိုင်ငံမှာ တကယ်လိုအပ်ပါလားဆိုပြီး ထလုပ်တဲ့သူတွေ ရှိမယ်။ အတော်များများ ပြောတဲ့အတိုင်း လုပ်စားသူတွေလည်း တကယ်ရှိပါတယ်။ ဒီလို အပြင်ရောက်နေသူ အမျိုးမျိုးအနက် ကျွန်မကတော့ အတွင်းမှာလည်း ဘ၀နဲ့ရင်းပြီးလုပ်လာခဲ့ပြီးမှ မသေလို့ ရောက်လာသူတွေထဲက တယောက်သာ ဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ ကူညီမှု မလုပ်မဟုတ်၊ မြန်မာပြည်မှာ ဘာပဲဒုက္ခရောက်ရောက် သူများထက် မလျှော့တဲ့ ကူညီမှုကို ကျွန်မတို့လည်း လုပ်ပါတယ်။ ဒါက ခဏတာ ပြဿနာကို ဖြေရှင်းပေးခြင်းသာ ဖြစ်တယ်။

သူများတွေက ခဏတာပြဿနာကို ဖြေရှင်းပေးတဲ့ နေရာမှာပဲ ကူညီနိုင်တဲ့အချိန်မှာ အများ မလုပ်နိုင်တဲ့ ရေရှည် ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာအတွက် လုပ်နေသူတွေကို မစော်ကားသင့်ဘူး။ နိုင်ငံတခုရဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းတာက လူတယောက်မှာ ဖြစ်နေတဲ့ ရောဂါကြီးတခုလုံးကို ပျောက်အောင် ကုတာနဲ့တူပြီး လိုအပ်တဲ့နေရာမှာ ဒုက္ခရောက်တာကို ကူညီတာက ရောဂါကြောင့် ခေါင်းကိုက်နေသူကို Paracetamol ၀ယ်ပေးတာနဲ့ တူပါတယ်။ ဒါကြောင့် ရောဂါကို ပျောက်စေတဲ့ ဆေးကိုပေးသူရော ရောဂါလက္ခာ ဖြစ်တဲ့ ခေါင်းကိုက်တာကို သက်သာစေတဲ့ ဆေးကို ၀ယ်ပေးသူပါ မှန်ပါတယ်။ သေချာတာက ခေါင်းကိုက်ပျောက်ဆေး ဘယ်လောက်ပဲ ပေးပေး ခဏပဲ သက်သာလိမ့်မယ် ရောဂါပျောက်မှပဲ အားလုံးသက်သာမှာ ဖြစ်တယ်။ ငှက်ဖျားရောဂါ ဖြစ်နေသူတယောက်ဟာ အဖျားသွေးရှိလို့ Paracetamol သောက်တာ အဖျားတက်ပြီး အန်လို့၊ မူဝေလို့ အအန်သက်သာဆေး ပေးတာတွေက ငှက်ဖျားကြောင့် ဖြစ်လာတဲ့ လက္ခဏာတွေကို သက်သာအောင် ခဏတာဖြေရှင်းတာသာ ဖြစ်တယ်။ ရောဂါပျေက်အောင်တော့ Quinine တို့ Cloroquine တို့ကို သောက်မှ ပိုးကို သတ်နိုင်မှာ ဖြစ်ပြီး ရောဂါလည်း ပျောက်မှာ ဖြစ်သလို ခုနက ဖြစ်တဲ့ လက္ခဏာတွေကိုလည်း ဖြေရှင်းပြီးသား ဖြစ်လိမ့်မယ်။ ဒါကြောင့် ရောဂါပိုးကို သတ်တဲ့ဆေးရော ရောဂါလက္ခာကို သက်သာအောင် လုပ်ဖို့ပါ နှစ်ခုစလုံး လိုအပ်ပါတယ်။ အသက်ဆက်လက်ရှင်သန်ဖို့ ဆိုလျင် ရောဂါကို ပျောက်ကင်းစေတဲ့ ဆေးက လက္ခာကို ဖြေရှင်းတဲ့ဆေးထက် ပိုအရေးကြီးပါတယ်။ ဒါကြောင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှသာ တခြားပြဿနာတွေကို ဖြေရှင်းနိုင်မယ်ဆိုတာ နားလည်သင့်ပါတယ်။

ကျွန်မတို့က အပြင်ကိုရောက်လာပြီး ဒီမိုကရေစီ ရေကန်အသင့် ကြာအသင့်နဲ့ သိပ်ကောင်းတဲ့ စနစ်ရှိတဲ့ နိုင်ငံကို ရောက်နေပါတယ်။ ကျန်းမာရေးမှာ Medicare Sysetem, လူမှုရေး စားဝတ်နေရေးမှာ Social Security System, ပညာရေးမှာ ကောလိပ်အဆင့်ထိ အစိုးရတာဝန်ယူပြီး တက္ကသိုလ်ကို အကြွေးနဲ့တက်ပြီး ကျောင်းပြီးအလုပ်ရမှ အရစ်ကျ အကြွေးပြန်ဆပ်ရတဲ့ စနစ် စတဲ့ သိပ်ကောင်းတဲ့ စနစ်တွေ ရှိတဲ့နိုင်ငံမှာ ကိုယ့်နိုင်ငံအတွက် ဘာမှမလုပ်ချင်ရ်င လုပ်စရာမလိုပဲ မိမိမိသားစုတိုးတက်ရေး တခုတည်းအတွက် ကောင်းကောင်း တိုးတက်မှုကို ရှာပြီး တိုင်းပြည်ကြီး ဘာဘဲဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်သလို နေချင်ရင် နေလို့ရပါတယ်။ နေနေတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ အပြစ်မဆိုပါဘူး လူတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ဒီနီုင်ငံမှာ မသန်မစွမ်းဖြစ်ပြီး ဒုက္ခိတဘ၀ ရောက်သွားရင်တောင်မှ အစိုးရက ထမင်းကျွေးထားတဲ့စနစ် ရှိပါတယ်။ ရောဂါရရင် ရောဂါကုသပေးတဲ့ စနစ်ရှိပါတယ်။ ယုတ်စွအဆုံး ရာဇ၀တ်မှု တခုခု ကျူးလွန်မိလို့ ထောင်ကျရင်တောင်မှ ထောင်ထဲကနေ PhD ဘွဲ့အထိ ရအောင် ကျောင်းတက်ချင်ရင် တက်ခွင့်ရှိပါတယ်။ ဒီလို အေးအေးဆေးဆေး နေလို့ရ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို မိမိအတွက်ပဲ ဦးစားပေးပြီး တခြားဘာကိုမှ စိတ်မ၀င်စားဘဲ နေလို့ရပါလျက် မနေနိုင် မထိုင်နိုင်ဘဲ ပါဝင်ပါတ်သက်နေရတာက တိုင်းပြည်မှာ ကျန်နေတဲ့သူတွေ အများစုကြီးက (လက်ပါးစေတွေနဲ့ ကပ်ဖါးယပ်ဖါးတွေမပါ) အရှင်လတ်လတ် ငရဲကျနေတာကို မကြည့်ရက်လို့ ဖြစ်ပါတယ်။

အခုလို အပြင်ကနေ အော်နေတာ ဘာအကျိုးရှိလဲ ဆိုရင် အနီးစပ်ဆုံး ဥပမာ ဒီမိုကရေစီကို ဆိုရင် အာဏာလက်လွှတ်ရမှာ စိုးလို့ ကြောက်ဒူးတုန်နေတဲ့ နအဖက အခု ဒီမိုကရေစီ လုပ်ပေးပါ့မယ်ဆိုပြီး လိမ်ညာဖြီးဖြန်းပြီး လုပ်ကြံကာ ဒီမိုကရေစီကို မလွဲသာမရှောင်သာ အတုအယောင် ရွေးကောက်ပွဲကို လုပ်ပေးနေရပြီ။ ဒါပေမဲ့ ဒါကြီးက အတုကြီးဆိုတာ သိလျက်နဲ့ ကျွန်မတို့က ပါးစပ်ပိတ်နေနိုင်စွမ်းမရှိပြန်ဘူး။ လိမ်နေညာနေတယ်၊ ဒီမိုကရေစီဆိုတာ ဒီလိုမဟုတ်ဘူး၊ ဆိုရှယ်လစ်တုန်းကလည်း အဲဒီလိုလုပ်ပြီး ဖျက်ဆီးပြီးပြီ အခုလည်း ဒီမိုကရေစီကို သုံးစားလို့မရအောင် ဖျက်ဆီးဖို့ လုပ်နေတယ် ဆိုတာ ပြောရမှာ ဖြစ်တယ်။

အစားကောင်း အသောက်ကောင်းတခုကို အဆိပ်ခတ်ပြီး ပထွေးက ကျွေးတာကို စားဖို့ပြင်နေတဲ့ ညီအကိုမောင်နှမတွေကို အဆိပ်ခပ်ထားတယ် မစားနဲ့ ဆိုတာတော့ အဝေးကနေပြီး ကျွန်မတို့ အသိပေးရလိမ့်မယ်။ အိမ်ပေါ်မှာ ပထွေးရှိနေလို့ တက်မရ၊ အိပ်နားကပ်မရရင် ကပ်ပြီး လှမ်းအော်တဲ့နည်းနဲ့ ဖြစ်စေ၊ အိမ်ထဲ လျပ်ပြက်ခိုးဝင်ပြီးပဲဖြစ်စေ၊ အင်တာနက်ပေါ်ကနေ အီးမေးလ်တွေ၊ ဘလော့ဂ်တွေနဲ့ ဖြစ်စေ ရတဲ့နည်းနဲ့ အသိပေးရမှာပဲ။ ဒီလို အသိပေးတာကို ယုံတာ မယုံတာ လက်ခံတာ လက်မခံတာ သူတို့အပိုင်း အသိပေးဖို့က ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ဘယ်သူကြိုက်ကြိုက်မကြိုက် ကိုယ့်စေတနာမှန်ကန်ဖို့ အရေးကြီးတယ်ဆိုပြီး မောင်နှမတွေ ရေရှည်ဒုက္ခရောက်မည့်အရေးကို ရေငုံနှုတ်ပိတ် မနေနိုင်လို့ အော်နေ၊ ရေးနေ၊ ပြောနေရကြောင်း ဖြစ်ပါတယ်။ မြန်မာပြည် အပြောင်းအလဲတွက် အတွင်းကလူတွေက အဓိကလုပ်ရမည့်သူတွေ ဖြစ်ပြီး အပြင်ကသူတွေက ပံ့ပိုးလိုပဲရပါတယ်။ သတိပေးလျက်နဲ့ စားကြလို့ ဒုက္ခရောက်ရင်တော့ စိတ်မကောင်းရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။ ဒါကတော့ အပြင်ကနေ အော်နေတယ် အထဲကလူတွေကို ဒုက္ခပေးနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ဖူးသူတွေအတွက် ကျွန်မရဲ့ တုံ့ပြန်မှု ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဟာ ပြည်သူလူထု မဲပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သူတို့အကွက်ချပြီး စီစဉ်ထားလို့ သူတို့အတွက် (ပြည်သူတွေအတွက်မဟုတ်) အဖြေက ရှိပြီးသား ဖြစ်ပါတယ်။ ပြည်သူတွေအတွက်က ပြည်သူတွေ မိမိဖါသာ လုပ်ယူရမှာ ဖြစ်တယ်။ ဒါကို မဲသွားပေးရင် အရောင်ပြဒီမိုကရေစီကို အားပေးထောက်ခံခြင်း (သို့) အလိမ်ခံရခြင်းမှအပ တခြား ဘာမှအကြောင်းထူးလာမှာ မဟုတ်သလို မဲမပေးသူတွေအနေနဲ့တော့ မိမိကိုယ်မိမိ စစ်ကျွန်စနစ်ကို အားပေးရာမှာ မပါခဲ့သူအဖြစ် တသက်လုံး လိပ်ပြာသန့်သန့်နဲ့ ဘ၀ကို ဖြတ်သန်းသွားနိုင်မှာ ဖြစ်ပါတယ်။

လူတိုင်းမှာ လွတ်လပ်စွာ စည်းရုံးပိုင်ခွင့် ရှိသလို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ လွတ်လပ်စွာ မိမိဆန္ဒကို တင်ပြပိုင်ခွင့်၊ မိမိနဲ့ သဘောထားမတိုက်ဆိုင်တဲ့ဘက်ကို အခြေအမြစ်ရှိရှိ လက်မခံနိုင်ကြောင်း မဖြစ်နိုင်ကြောင်း ဆန္ဒထုတ်ဖေါ်ပြောကြား ပိုင်ခွင့် ရှိပါတယ်။ ဒုတ်၊ ဓါး၊ လက်နက်နဲ့ ခြိမ်းချောက်တာ မဟုတ်ရင် ဘယ်သူမဆို NO VOTE သော်လည်းကောင်း၊ VOTE သော်လည်းကောင်း လွတ်လပ်စွာ စည်းရုံးပိုင်ခွင့် ရှိပါတယ်။ ဒီလိုစည်းရုံးတာကို ဘယ်သူမှ အပြစ်တင်ပိုင်ခွင့် မရှိပါဘူး။ မဲပေးပြီး ရွေးကောက်ပွဲကို အသိအမှတ်ပြုကာ လွှတ်တော်ထဲက တိုက်ပွဲဝင်တဲ့နည်းသာ အထိရောက်ဆုံး နည်းဖြစ်တယ် မဲပေးကြပါလို့ မိမိယုံကြည်တဲ့အတိုင်း လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆို စည်းရုံပိုင်ခွင့် ရှိသလို မဲပေးသူတွေဟာ ဒီမိုကရေစီအတွက် ဦးဆောင်တိုက်ပွဲဝင်လာသူတွေကို ထောင်သွင်း အကျဉ်းချကာ ဒီမိုကရေစီကို မျက်ကွယ်ပြုပြီး စစ်ကျွန်စနစ်ကို တရားဝင် ဖြစ်အောင် ကူညီရာမှာ ပါတဲ့သူတွေ ဖြစ်သွားမယ် ဒါကြောင့် မဲမပေးကြပါနဲ့လို့ ယုံကြည်တဲ့အတိုင်း လွတ်လပ်စွာ ပြောဆိုစည်းရုံးပိုင်ခွင့် ရှိကြပါတယ်။ မဲပေးခြင်း မပေးခြင်းဆိုတာကိုလည်း လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့အတွက် ဆုံးဖြတ်သူနဲ့သာ သက်ဆိုင်ပါတယ်။ ကျွန်မဆန္ဒကတော့

စနစ်တကျ ကောက်ကျစ်စွာ ပြင်ဆင်ထားလို့ အာဏာရှင် စစ်အုပ်စုအတွက် အဖြေရှိပြီးသား ရွေးကောက်ပွဲမှာမိမိကိုယ်မိမိ စစ်ကျွန်နစ်ကို ပံ့ပိုးသူအထဲ လုံးဝ မပါစေပါနဲ့။

NO VOTE - NO VOTE - NO VOTE - NO VOTE - NO VOTE
NO VOTE - NO VOTE - NO VOTE
NO VOTE - NO VOTE
NO VOTE
မဲမပေးကြပါနဲ့
မဲမပေးကြပါနဲ့
လုံးဝ မဲမပေးကြပါနဲ့

(လုံးဝ မဲမပေးကြပါနဲ့)

လုံးဝ မဲမပေးကြပါနဲ့မဲမပေးကြပါနဲ့
မဲမပေးကြပါနဲ့
NO VOTE

NO VOTE - NO VOTE
NO VOTE - NO VOTE - NO VOTE
NO VOTE - NO VOTE - NO VOTE - NO VOTE - NO VOTE





15 comments:

http://padaukmyay.blogspot.com/2010/11/blog-post_06.html
မငယ်နိုင် အမြင်ကို ဖတ်ရတာ ကောင်းပါတယ်။ အခုကျွန်တော်ပေးတဲ့ link က ဆောင်းပါးကို ဖတ်ပြီ မငယ်နိုင်ရဲ့ အမြင်လေးကိုလဲ ပြန်ပြီးဆွေးနွေးပေးကြည့်ပါလား။ ကျွန်တော်အနေနဲ့  မငယ်နိုင်ရဲ့ အမြင်တွေကိုပါ ဖတ်ကြည့်ချင်လို့ ပါ။ ကျွန်တော်က စာဖတ်သူ တစ်ယောက်အနေနဲ့  ၂ ဘက်လုံးက ဆွေးနွေးတာတွေကို ဖတ်ကြည့်ချင်ပါ။ နှစ်ဘက်လုံးက ဆွေးနွေးကြတာကိုပါ။ ငြင်းခုံတာတွေကိုတော့ မဖတ်ချင်ပါဘူး။ အာလုံးကို ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းနဲ့ ပေါ့။ အဲဒီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင် ဆွေးနွေးနိုင်မှာပါ။ ဆင်ဆာမရှိပါဘူး။ နှစ်ဘက်လုံးက လွတ်လွတ်လပ်လပ်ဆွေးနွေးတာတွေ အမြင်တွေကို ချပြကြည့်ကြပါ့လား။ စာဖတ်သူပရိတ်အနေနဲ့  ၂ ဘက် အမြင်သိတော့ စဉ်းစားဆုံးဖြတ်ရတာ ပိုကောင်းတာပေါ့။ လေးစားပါတယ်ခင်ဗျာ။

Anonymous- ကျွန်မ ဆွေးနွေးတာကို ၀ါသနာပါတယ်။ ဆဲတာ ရန်ဖြစ်တာကို ၀ါသနာမပါဘူး။ ဒါကြောင့် သဘောထားမတိုက်ဆိုင်ပေမဲ့ ဒီမိုကရေစီနည်းကျကျ အပြန်အလှန် လေးစားပြီး အဆင့်အတန်းရှိရှိ ဆွေးနွေးလို့ရတဲ့ နေရာတွေမှာပဲ ကျွန်မ ဆွေးနွေးပါတယ်။ ကျေးစေတမန်တို့ ပိတောက်မြေတို့မှာ တခါတလေ ကျွန်မ ဆွေးနွေးချင်တဲ့ ပို့စ်တွေ တွေ့ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ အခွင့်အရေးဆိုတာ အယုတ္တအနတ္တ ဆဲခွင့်ပေးတာကို ထင်နေပြီး အဆင့်အတန်းမရှိတာတွေ သူများကို ထိခိုက်စော်ကားတဲ့ ကျက်သရေ မရှိတဲ့ အယုတ္တအနတ္တတွေကို မဖျက်ပစ်ဘဲ ရေးချင်သလို ရေးခွင့်ပေးတဲ့နေရာမှာ ကျွန်မ ဘယ်တော့မှ မှတ်ချက်ဝင်ရေးဖြစ်မှာ မဟုတ်ဘူး။

ပိတောက်မြေက ပို့စ်ကို သွားဖတ်ပြီးပါပြီ။ အဲဒီမှာ ရေးထားတဲ့ စာရေးသူက ကိန်းမျဉ်းတခုမှာ သုညကနေ ဘယ်ဘက်ကိုပဲ ရွှေ့ရွှေ့ ညာဘက်ကိုပဲ ရွှေ့ရွှေ့ ပြောင်းလဲမှုတိုင်းမှာ တန်ဖိုးမြင့်လာတယ်ပဲ ထင်နေတဲ့ သင်္ချာရဲ့ သဘောသဘာဝကို နားမလည်ဘဲ ရေးထားသူသာ ဖြစ်တယ်။ အပြောင်းအလဲတခုကို လိုချင်လို့ သုညကနေ ဘယ်ဘက်ကိုရွှေ့ရင် တန်ဖိုးက မတက်လာဘဲ Negative ဖြစ်သွားတယ်။ ညာဘက်ကို ရွှေ့မှ အပေါင်းဖြစ်တယ်ဆိုတာ မသိတဲ့သူတယောက်ရဲ့ ဆောင်းပါးသာ ဖြစ်တယ်။ မတရားဘူးဆိုတာလည်း သိတယ်၊ ရှုံးမယ်ဆိုတာလည်း သိတယ်။ အဲဒီလို စီးပွားပြိုင်ဘက်ဆီက ပိုက်ဆံချေးပြီး ဒီလူ့ကို စီးပွားပြန်ပြိုင်တော့ နိုင်ဖို့နေနေသာသာ အတိုးနဲ့အရင်းပေါင်းပြီး အကျွေးတောင် ပြန်မဆပ်နိုင်လို့ တသက်လုံး လူမွေးသူမွေးမပြောင် ကျွန်ဖြစ်နဲ့ ဘ၀အဆုံးသတ်ရဖို့ပဲ ရှိတော့မှာပေါ့။

အဲဒီ ဆောင်းပါးရှင်က NLD ကို တယူသန်ဆန်တယ်လို့ ပြောထားတယ်။ NLD ဆိုတာ ပြည်သူလူထု တရားဝင် ရွေးချယ်တင်မြောက်ထားတဲ့ အပြတ်အသတ် နိုင်ထားတဲ့ ပါတီဖြစ်တယ်။ ပြည်သူလူထုကို ဘယ်တော့မှ လမ်းမှားပို့မည့် ပါတီမဟုတ်ပါဘူး။ အားမတန်လို့ ဆိုပြီး မှားမှန်းသိလျက်နဲ့ ရတာလေးပဲ ယူမယ် ပေးတာလေးပဲ လက်မလွတ်ပဲ အခွင့်အရေးယူမယ်ဆိုပြီး ပြည်သူကို အဆိပ်လူးထားတဲ့ မြှားရှိရာဘက်ကို ဖြားယောင်းခေါ်ဆောင်သူတွေသာ စစ်ကျွန်မဘ၀ကို ၀ိုင်းဝန်းအတည်ပြုပေးသူ သမိုင်းတရားခံတွေအဖြစ် မြန်မာ့သမိုင်းမှာ တွင်ရစ်စေမှာ ဖြစ်တယ်။ အဲဒါ ဒီဆောင်းပါးနဲ့ ပတ်သက်ပြီးကျွန်မရဲ့ အမြင်ပဲ။ ပြည်သူလူထုဟာ မိမိကံကြမ္မာကို မိမိဖန်တီးပါတယ် မိမိနှစ်သက်သလို ဆုံးဖြတ်ကြပါလိမ့်မယ်။ သိထားသင့်တာက သုညအဆင့်ကနေ အပေါင်းဖြစ်အောင် မကြိုးစားကြဘဲ လွယ်တဲ့နည်းနဲ့ အပြောင်းအလဲဖြစ်ချင်လို့ဆိုပြီး ကိန်းမျဉ်းတခုကနေ ဘယ်ဘက်ကို ရွှေ့ရင်ောတာ့ တိုးတက်ဖို့မရှိဘူး ဒီထက်ပိုဆုတ်ယုတ်ဖို့ပဲ ရှိပါတယ်။ အဲဒါ အလယ်တန်းအဆင့်ထိ သင်္ချာသင်ဖူးသူတွေ အားလုံးသိပါတယ်။

အစ်မရေ...ကျွန်တော်ဖတ်ဖြစ်တဲ့ အစ်မရေးသမျှပိုစ့်တွေ
ထဲမှာ ဒီပိုစ့်ကို သဘောအကျဆုံးပဲ...။ဥပမာတွေကလည်း
ရှင်းရှင်းလင်းလင်းနဲ့ထိရောက်တယ်...။ပြတ်သားတဲ့
သဘောထားကိုလည်း ထင်သာမြင်သာစေတယ်...။
ကြိုက်တယ်ဗျ...။

အစ်မ ရေးတဲ့စာတွေ အမြဲဖတ်နေတဲ့သူတစ်ယောက်ပါ။
ကျွန်တော် သူငယ်ချင်းတွေကို ဖုန်းဆက်ကြည့်တယ်။
မဲ မထည့်သူ အများကြီးပဲတဲ့။

အမငယ်နိုင်ရေ.. ဒီပိုစ့်လေး တော်တော်ကောင်းတယ်။
ကျနော့်အဖေမှာလဲ တဒုက္ခပါ..အသဲကင်ဆာဖြစ်လို့ ဆေးရုံမှာ ဆေးကုပြီး ဆင်းလာတာ ၃ရက်ပဲ ရှိသေးတယ်။
ဆရာဝန်က အချိန်၂လလောက်ပဲ ၇ှိတော့တယ်ဆိုလို့ ရသမျှအချိန် တရားမှတ်ပြီး အေးအေးဆေးဆေး နေချင်နေတာ အိမ်ပေါ်တက်ပြီး လူမမာကို ကြိုတင်မဲ လာတောင်းနေသတဲ့ဗျာ..

ဒါနဲ့ မငယ်နိုင်ရော မဲထည့်ခွင့်ရရဲ့လား? :) ကိုယ် မရလို့ သူများတွေကိုပါ no vote လုပ်ခိုင်းနေတာမျာားလး ;)

မငယ်နိုင် ...

အင်မတန် ကာင်းမွန် ထိရောက်တဲ့ ဒီပို့စ်အတွက် ကျေးဇူးပါ။

နှစ်သက်စွာ ဖတ်ရှုသွားပါတယ်။

မှတ်ချက်အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ မောင်လေးနဲ့ ကိုဖြိုးအောင် စာပြန်လာဖတ်တာ တွေ့ရလို့ ၀မ်းသာပါတယ်။
ခနွဲနဲ့ Lun Lunn စာဖတ်ပရိတ်သတ် အသစ်တွေကို တွေ့ရလို့ ၀မ်းသာပါတယ်။ နောက်လည်း လာဖတ်ဖို့ဖိတ်ခေါ်ပါတယ်။ ပြောသာပြောလို့ လောလောဆယ် ပို့စ်တင်လို့ မအားသေးဘူး။

Anonymous (November 8, 2010 5:35 AM) ကျွန်မက ၈၈ က ထွက်လာသူဆိုတော့ မဲပေးလို့ မရဘူးဆိုတာတော့ သဘောပေါက်ပါလိမ့်မယ်။ မဲပေးခွင့်ရရင်လည်း ကျွန်မက ဒီလို ဒီမိုကရေစီမဟုတ်ဘဲ ဒီမိုကရေစီလို့ ဗြောင်လိမ်ညာလုပ်ကြံပြီး လုပ်တဲ့ ရွေးကောက်ပွဲကို ဘယ်တော့မှ မဲပေးမှာမဟုတ်ဘူး။ ပြည်သူလူထုကိုယ်စားလှယ်တွေ ရေးဆွဲထားခြင်း မဟုတ်ဘဲ စစ်အုပ်စု စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကိုလည်း ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ ဒီနည်းနဲ့ တိုင်းပြည်မငြိမ်းချမ်းပါဘူး။ ရွေးကောက်ပွဲ အခုပဲလုပ်တယ် အခုပဲ မြ၀တီနဲ့ ဘုရားသုံးဆူမှာ တိုက်ပွဲတွေ ဖြစ်နေပြီ မဟုတ်လား။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဒီလိုလိမ်လည်လှည့်ဖြားတဲ့နည်းနဲ့ ဘယ်တော့မှ မရနိုင်ဘူးဆိုတာ သဘောပေါက်ပါ။

ညီမရေးသွားတာတွေ အရမ်းကောင်းတယ် ...

mie nge

မငယ်နိုင် ...

ကျွန်တော်က အသစ် မဟုတ်ပါဘူး။ ပို့စ်တော်တော်များများ (စိတ်ဝင်စားတဲ့ ခေါင်းစဉ်တိုင်း) ဖတ်ဖြစ်ပါတယ်။

ကွန်မန့်တာ မရေးဖြစ်တာပါ။

လေးစားခင်မင်စွာဖြင့်

ကျနော်လဲ ပိုစ့်တော်တော်များများ လာဖတ်ပါတယ် အမငယ်နိုင်ရေ.ကွန်မင့်သာ မရေးဖြစ်တာပါ။

မငယ်နိုင်ရဲ့ သဘောထားလေးဖတ်သွားပါတယ်။ တစ်ခါတစ်လေ မန့်မရဘူးအမရဲ့..

မငယ်နိုင်...

ဒီဘလော့ဂ်ကို အမြဲတမ်းမဟုတ်တောင် မကြာခဏ လာဖတ်ဖြစ်ပါတယ် အစ်မ...
ဖဘမှာလည်း အမကို အင်ဗိုက်လုပ်ထားပါတယ်...
ဗဟုသုတတွေ အတွက်ကျေးဇူးပါအစ်မရေ...

ကျနော် အစ်မရဲ့ ဒီပို့စ်ရယ်၊ ကော်မန့်ထဲက ကောင်းတာလေးတွေရယ်ကို ဖဘမှာ နုတ်အဖြစ်တင်ပြီး မြန်မာပြည်က နိုင်ငံရေးစိတ်ဝင်စားတဲ့ မောင်နှမတွေကို ပေးဖတ်ချင်ပါတယ်...

ခွင့်တောင်းတာပါ အစ်မ...

နောက်ထပ် လာဖတ်သွားတဲ့အထဲမှာ မမီးငယ်နဲ့ ကိုဖြိုးအောင်ကိုတော့ အရင်လည်း ကျွန်မပို့စ်တွေမှာ မှတ်ချက်တွေ မကြာခဏပေးဖူးတော့ သိပါတယ်။

Lun Lunn ကိုတော့ ကျွန်မဘလော့ဂ်မှာ မတွေ့ဖူးပေမဲ့ ကိုပေါဘလော့၈်မှာ မကြာခဏတွေ့ဖူးလို့ မှတ်မိနေပါတယ်။ အရင်လည်း လာဖတ်နေတယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ်။

သုခုမ နန်းတော်နဲ့ Turn on Idea ကိုတော့ အခုမှ တွေ့ဖူးတာ အမှန်ပဲ။ ခြေရာခံပြီး လိုက်သွားတော့ ဘလော့ဂ်တွေ ရှိနေတာကို သိရလို့ ၀မ်းသာပါတယ်။ အခုချိန်မှာ ကျွန်မ ပြန်လည်မအားသေးတာကိုတော့ တောင်းပန်ပါတယ်။
သုခုမနန်းတော်ထင်သလို မှတ်ချက်က ပေးလို့မရတာ မဟုတ်ဘူး တခါတခါ ဇော်မျိုးဆိုတဲ့တယောက် မဆိုင်တာတွေ (သို့) ယုတ်ရိုင်းတာတွေ အမြဲတမ်းလာထည့်တတ်လို့ Moderation လုပ်ထားလို့ ဘလော့ဂ်ပိုင်ရှင်က Moderate လုပ်ပြီးမှ ပေါ်တာဖြစ်တယ်။

ကျွန်မရေးထားတဲ့ စာတွေအားလုံးက တကယ် ဖြစ်ခဲ့တဲ့ ဘ၀အတွေ့အကြုံတွေနဲ့ ရင်ထဲမှာ တကယ်ရှိတဲ့ အတွေးအမြင် ခံစားမှုတွေသာ ဖြစ်ပါတယ်။ တစုံတခုအတွက် တရာတယောက်အတွက် ဟန်ဆောင် လုပ်ကြံဖန်တီးပြီး ရေးထားတာတခုမှ မရှိပါဘူး။ ကျွန်မတို့ မိသားစုရဲ့ ပါစင်နယ်ဘလော့ဂ် သက်သက်သာ ဖြစ်ပါတယ်။ ဒါကို နိုင်ငံရေးဘလော့ဂ်ဆိုပြီး ဒေါ်လာရလို့ရေးနေတယ်၊ မဟုတ်တာတွေ လိမ်ရေးနေတယ် ပြည်သူလူထုကို ဒုက္ခပေးနေတယ်ဆိုပြီး လာနှောင့်ယှက် စော်ကားတဲ့သူတွေကလည်း မရှားဘူး။ ကျွန်မ ဘယ်သူနဲ့မှ ရန်မဖြစ်တာကို တော်တော်လေး စိတ်မချမ်းသာ ဖြစ်နေသူတွေလည်း မရှားဘူး။ ကျွန်မ ရေးထားတာ မှားတာရှိရင်ပဲ ဖြစ်ဖြစ် အမြင်မတူတာပဲဖြစ်ဖြစ် သဘောထား မတိုက်ဆိုင်ရင် ဘယ်သူမဆို အချိန်မရွေး ဆွေးနွေးနိုင်ပါတယ်။ ရန်ဖြစ်တဲ့ လေသံနဲ့ စော်ကားမော်ကား ရန်လာမူရင်တော့ ကျွန်မ ရန်မဖြစ်တတ်တဲ့အတွက် ဘယ်သူ့ကိုမှ ဂရုစိုက် လက်မခံဘူး။ အခု စာလာဖတ်အားပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။