မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ရှားပါးသော ပဋိပတ္တိသာသနာပြု ဘုရားသားတော် အစစ်အမှန်



Nge Naing's photo.

ဖားအောက်တောရ ဆရာတော်ဘုရားကြီးရဲ့ (၈၂) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်

ဒီနေ့ ဖားအောက်တောရ ဆရာတော်ဘုရားကြီးရဲ့ မြန်မာသက္ကရာဇ်နဲ့ ၈၂ နှစ်ပြည့်တဲ့နေ့၊ ဓမ္မစင်္ကြာအဖိတ်နေ့မှာ ဆရာတော်ဘုရားကြီး သက်တော်ရာကျော်တိုင်အောင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ၊ ဘုရားလက်ထက်က ဘုရားပေးတဲ့နည်းအတိုင်း အမွေခံပြီး သာသနာပြုနေတဲ့ ဆရာတော်ဘုရားကြီးရဲ့ အထူးသဖြင့် ပဋိပတ္တိသာသနာရောင်ဝါ မြန်မာပြည်တလွှား၊ ကမ္ဘာတလွှား ပိုမိုထွန်းလင်းတောက်ပပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ တရားကို ကျွန်မနာဖူးတာ ဆရာကြီးဒေါက်တာမင်းတင်မွန်ရဲ့ အဘိဓမ္မာသင်တန်းမှာ ပို့ချတဲ့ တရားခွေတွေကို နာရပြီးနောက်ပိုင်း ဆရာကြီးတရားဟောတိုင်း မကြာခဏ ညွန်းနေလို့ လွန်ခဲ့တဲ့ တလနှစ်လကာလကမှ တစိုက်မတ်မတ် စတင်နားထောင်ဖြစ်ပါတယ်။ အစပထမ နားထောင်ခဲ့တာ ဆရာတော်ဘုရားက တရားထဲမှာ ပါဋ္ဌိရွှတ်တာ သိပ်များတော့ ကျွန်မ စိတ်ဝင်စားမှု သိပ်မရှိခဲ့ဘူး။ ဒါပေမဲ့ နိဗ္ဗာန်သို့သွားရာ တကြောင်းတည်းသောလမ်း ဆိုတဲ့စင်္ကာပူမှာ ဟောထားတဲ့ သုံးနာရီနီးပါးကြာ တရားခွေကိုတော့ ကျွန်မအတွက် အသစ်အဆန်းတွေချည်းလို ဖြစ်နေတော့ နားထောင်ပြီး ရပ်လို့မရ ဖြစ်ခဲ့ပါတယ်။ အဲဒီထဲမှာ သူ့တရာတွေမှာ ပါဠိတွေ များနေတာက သမထဟာ သာသနာတွင်းအလုပ်မဟုတ် သာသနာပအလုပ်ဆိုပြီး ဘုရားဘာတွေဟောခဲ့မှန်း မသိဘဲ ဝေဖန်သူတွေ ရှိနေလို့ ဒီတရားတွေဟာ သူဖန်တီးထားတာမဟုတ်၊ ဘုရားဟောတာကို ပြန်ဟောတာကို ပြန်လည်ဟောကြားပြီး ဘုရားပေးတဲ့နည်းကို အသုံးပြုတဲ့အကြောင်း ပေါ်လွင်စေချင်လို့ ဖြစ်ကြောင်း ပြောထားတော့ သီးခံပြီးနားထောင်ဖြစ်ပါတယ်။ နောက်တော့ ဆရာတော်ဘုရားကြီးရဲ့ အမေးအဖြေကဏ္ဍတွေမှာ မေးတဲ့မေးခွန်းကို ဖြေဆိုထားတာကို နားထောင်ရတဲ့အချိန်မှာတော့ ဆရာတော်ဘုရားကြီးရဲ့ ပရိယတ်ရော ပဋိပတ်နယ်ပယ် နှစ်ခုစလုံးမှာ ကျွမ်းကျင်စွာ ဖြေဆိုပုံတွေကို တွေ့ရလို့ ဆရာတော်ဘုရားကြိးကို ပိုပြီးစိတ်ဝင်စားသွားပြီး သူဟောတဲ့ တရားနဲ့ပတ်သက်ပြီး လေ့လာသိရှိခွင့်ရတာ ကျွန်မကို တကယ်ပဲ ကျေနပ်အားရစေပါတယ်။

ဘုရားလက်ထက်က ယောဂီတွေ ရတဲ့တရားရဲ့အရသာအတိုင်း ရအောင် ဘုရားလက်ထက်က နည်းအတိုင်း အဘိဓမ္မာထဲမှာ ဘုရားဟောထားတဲ့ အချက်တွေနဲ့အညီ ပဋိစ္စသမုပဒ်ကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အားလုံး မြင်အောင် ရှုလို့ရတာ၊ သမာဓိ ခိုင်မာစွာ ထူထောင်ပြီး ရုပ်ကမ္မဋ္ဌာန်းရှုရာမှာ ရုပ်ကလပ်အမှုန်တခုစီကို မြင်နိုင်ပြီး အဲဒီရုပ်ကလပ်အမှုန်တခုစီမှာပါတဲ့ အစိတ်အပိုင်းတွေ အားလုံးကိုလည်းပဲ သိပ္ပံဓာတ်ခွဲခန်းမျာ ဓတ်ာသတ္တုတခုစီကို သီးခြားဖြစ်အောင် ခွဲထုတ်သလိုမျိုး ရုပ်ကလပ်အမှုန် တခုကို ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာဆိုပြီး အစိတ်အပိုင်းရှစ်ခုကို ပြန်လည်ဓာတ်ခွဲပြီး မြင်တွေ့နိုင်အောင် ရှုလို့ရတာ၊ စိတ်ပိုင်းကိုရှုရာမှာ စိတ်တခဏမှာ ကုဋေတသိန်းဖြစ်သွားတဲ့ စိတ်အစဉ်ကို မြင်အောင်ရှုလို့ရတယ်ဆိုတဲ့ တခါမှမကြားဖူးတဲ့ တရားတွေကို နာရတော့ ကျွန်မကို တော်တော်လေး အံ့သြပီတိဖြစ်စေပါတယ်။

 နိဗ္ဗာန်သို့ သွားတဲ့လမ်းက တကြောင်းတည်းသာ ရှိတဲ့အတွက် ဟိုလူကတမျိုး ဒီလူကမျိုး ဟိုလမ်းဒီလမ်း ရွေးလို့မရနိုင်ကြောင်း၊ လမ်းကဘုရားပြတဲ့ သီလ၊ သမာဓိ၊ ပညာကျင့်စဉ်သုံးပါးကို အခြေခံပြီး မဇ္ဈိမပဋိပဋာဆိုတဲ့ အစွန်းနှစ်ဘက်ကို ရှောင်ကာ ကျင့်ကြံအားထုတ်ရတဲ့ မဂ္ဂင်ရှစ်ပါး လမ်းတကြောင်းတည်းကိုပဲ အားလုံးလျှောက်ရမှာဖြစ်ကြောင်း၊ ဒီလိုမဂ္ဂင်ရှစ်ပါးလမ်းကို လျှောက်တဲ့နေရာမှာ သမ္မာသမာဓိကို ကောင်းစွာမထူထောင်ဘဲနဲ့ ပညတ်တွေကို ၀ိပဿနာဆိုပြီး လိုက်မှတ်နေ လိုက်ရှုနေရင် ပရမတ်ကို မမြင်နိုင်၊ ပရမတ်မမြင်ရင် အနတ္တလက္ခာကို ဘယ်လိုမှ မြင်နိုင်မှာမဟုတ်ကြောင်း၊ အနတ္တလက္ခဏာမမြင်နိုင်၊ ပဋိစ္စသမုပ္ပဒ်ကို မမြင်နိုင် မရှုနိုင်ရင် မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာ အိပ်မက်ထဲမှာတောင် မရနိုင်ကြောင်း၊ မဂ်ဖိုနိဗ္ဗာန်ကို ဆိုက်ဖို့ အဘိဓမ္မနဲ့ သုတ္တာန်တွေမှာ ဘုရားဟောထားတဲ့ အချက်တွေကို တိတိကျကျ လိုက်နာပြီး ဘုရားပေးတဲ့နည်းအတိုင်း ရှုဖို့လိုကြောင်း ဒီလိုတိကျခိုင်မာလှတဲ့ အချက်အလက်တွေနဲ့ တရားတွေကို နာရတော့ ဒီတရားတွေကို နားထောင်ရပြီး နောက်ပိုင်းမှာ ဆရာတော်ဘုရားကြီးကို ကြည်ညိုတဲ့စိတ် ကျွန်မ ရင်ထဲမှာ တဖွားဖွားဖြစ်လာစေပါတယ်။

နိုင်ငံခြားက တရားပွဲတခုမှာ မေးခွန်းတခုကို ဖြေပေးသွားတာလည်း ဆရာတော်ဘုရားကြီးရဲ့ တရားအပေါ် ယုံကြည်မှု အပြည့်အ၀ရှိပုံကို မြင်နိုင်ပါတယ်။ `"အရှင်ဘုရား ခုနက စိတ်ပိုင်းရှုတဲ့နေရာမှာ ဆရာတော် အမိန့်ရှိသွားတဲ့ ၀ီထိနိယာမ လမ်းကြောင်းအတိုင်း ရှုရမယ်လို့ ဆိုပါတယ်ဘုရား။ တပည့်တော်မှတ်သားဖူးတာက ဒီဝိထိ ၁၇ ချက်ဖြစ်တဲ့ သန္တိရဏ၊ ၀ုဋ္ဌော၊ ဇောခုနှစ်တန် ဒီစိတ်အစဉ်က ဘုရားမှပဲ မြင်နိုင်တယ် သာမာန်ပုထုစဉ်တွေ မြင်ဖို့ကမလွယ်ဘူး၊ သိလိုက်ပြီဆိုကည်းက ဒီဝီထိ စိတ်တခဏမှာ တခါတည်း ဖြစ်သွားတယ်ဆိုတဲ့အကြောင်း ဒီဝီထိ နိယာမ လမ်းကြောင်းအတိုင်း ရှုရမယ်ဆိုတာ ဘယ်လိုရှုရမလဲဘုရား" ဆိုတဲ့ မေးခွန်းကို ဆရာတော် ဘုရားကြီးဖြေထားတာ တကယ်ကို ရဲတင်းပြတ်သားလှပါတယ်။ သမာဓိကို စတုတ္ထဈာန်သမာဓိ အဆင့်ထိ ထူထောင်ထားနိုင်သူဟာ ရှုလို့ရနိုင်ကြောင်းကို ၀ိသုန္ဓီမဂ်အကိုးအကားတွေကို ညွန်းဆိုပြီး ဘယ်လိုရှုရတယ်ဆိုတာကို ဆရာတော်ဘုရားကြီးက အကျယ်တ၀င့်ရှင်းပြထားပါတယ်။ ရုပ်ကမ္မဋ္ဌာန်းဖြစ်တဲ့ စက္ခုအကြည်၊ ဘ၀င်မနောအကြည်၊ ဟဒယ၀တ္တုဆိုတာတွေကို ဘာလဲမသိဘဲနဲ့တော့ ၀ီထိအစဉ်ကို ရှုလို့မရနိုင်တဲ့အတွက် ရုပ်ကမ္မဋ္ဌာန်းကို အောင်မြင်ပြီးမှ စိတ်ပိုင်း ၀ီထိအစဉ်ကို ရှုလို့ရမှာဖြစ်ကြောင်း၊ ကတော့ပေါက်က ငါးစောင့်တဲ့ ဗျိုင်းဟာ ငါးဘယ်နားမှာ ရှိတယ်ဆိုတာ အတိအကျသိလို့ ရောက်လာတဲ့ငါးတွေကို တကောင်ပြီးတကောင် ဖမ်းနိုင်သလို ၀ီထိစိတ်အစဉ်ကိုလည်း ဘယ်နားမှာရှိတယ်ဆိုတာကို အရင်သိအောင် လုပ်ဖို့လိုကြောင်း၊ အဲဒီလိုသိအောင် ရှုနိုင်ဖို့အတွက် သမာဓိအားကောင်းပြီး အလင်းလုံလောက်ဖို့လိုကြောင်း အလင်းမလုံလောက်ရင် သမာဓိကို ပြန်ထူပြီးပြန်ရှုရမှာဖြစ်ကြောင်း ဖြေပေးထားပါတယ်။

 ပြီးတော့ ဆက်ပြောတာက "ခုနက ရှုလို့ မရနိုင်ဘူးလို့ ပြောတဲ့ပုဂ္ဂိုလ်က မရတဲ့ပုဂ္ဂိုလ်ဖြစ်လို့ ပြောတာ ဒါဘုန်းကြီးပွင့်ပွင့်လင်းလင်း ပြောရရင် ရတဲ့ပုဂ္ဂိုလ်တွေက အသင်္ချေနဲ့ချီပြီး ကျွတ်တန်းဝင်နေကြတာ ရှိကြပါတယ်။ ဒကာကြီး ယုံယုံကြည်ကြည်နဲ့သာ အားထုတ်ပါ၊ ဒကာကြီးစွန့်နိုင်ဖို့ပဲ အရေးကြီးတယ်၊ စွန့်သာစွန့်လိုက် ဘုန်းကြီးရအောင်သင်ပေးမယ်" လို့ မေးခွန်းမေးသူကို ရဲရဲတင်းတင်း ပြောပြီး ဖြေသွားတဲ့အဖြေက ပဋိပတ္တိ သာသနာအတွက် တကယ်ကို ရဲရဲတောက် စကားပါပဲလို့ မှတ်ချက်ချမိတယ်။ ဆရာတော်ဘုရားကြီးကား သီလ၊ သမာဓိ ပညာနှင့် ပြည့်စုံ၍ ပရိယတ္တိရော ပဋိပတ္တိပါ နှံ့စပ်ပြီး အနာဂတ်မျိုးဆက်တွေအတွက် ပဋိပတ္တိသာသနာကြီး ပျောက်မသွားရအောင်  ဘုရားပေးတဲ့လမ်းစဉ်အတိုင်း တစိုက်မတ်မတ် သာသနာပြုနေသူ ရှားပါးလှတဲ့ ဘုရားသားတော် အစစ်အမှန်တပါး ဖြစ်တယ်။

ဆရာတော်ဘုရားကြီးရဲ့ တရားကို တဆင့်နားထောင်ရတာတောင် ဒီလောက်ပီတိဖြစ်ရရင် ကိုယ်တိုင်တရားနာယူပြီး အားထုတ်ရရင် ဘယ်လောက်များပီတိဖြစ်မလဲဆိုတာကို မှန်းဆမိပြီး ဆရာတော်ဘုရားကြီးကို တနေ့ဖူးတွေ့ပြီး တရားနာယူရှုမှတ်ခွင့် ကြုံရပါစေလို့ ဆုတောင်းနေမိတယ်။ ဆရာတော်ဘုရားကြီးကို လက်ဆယ်ဖြာမိုးပြီး ရိုသေလေးမြတ်စွာ ရှိခိုးဦးခိုက်ကန်တော့လိုက်ပါတယ်။
ဆရာတော်ဘုရားကြီး မွေးနေ့အနှစ်တရာကျော်တဲ့အထိ ဘ၀တလျှောက်လုံး ကျန်းမာရွှင်လန်းချမ်းမြေစွာနဲ့ ဖြတ်သန်းနိုင်ပါစေ။

Bibliography:
http://thitsarparamisingapore.com/…/08%20PaAukSayadaw11-04-…
https://www.youtube.com/watch?v=gNTOgQQd0kU
http://www.paaukforestmonastery.org/…/sa…/images/sayadaw.jpg

ဖားအောက်တောရဆရာတော်ဘုရားကြီး ၈၂ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် Face Book မှာ ပြီးခဲ့တဲ့ ၀ါဆိုလဆန်း (၁၄) ရက်၊ (18/07/16) က တင်ခဲ့တဲ့ပို့စ်ကို ပြန်လည်ဖေါ်ပြခြင်းဖြစ်တယ်။

2 comments:

ယခုအခါ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားတွေ အဆက်မပြတ် ရောက်လာနေကြတယ်။

ရောက်လာရင် အများအားဖြင့် ရွှေတိဂုံဘုရား ပုဂံဘုရားများ မန္တလေးမဟာမြတ်မုနိဘုရား စစ်ကိုင်းဘုရားများကို လည်ပတ်ဖူးမြော်ပြီး အဆင်သင့်ရင် တောင်ကြီးနဲ့ အင်းလေးကန်သို့ တစ်ရက်သွားလည်ကြတယ်။

ပြီးတော့ပြန်ကြတာပဲ။

မကြာသေးမီအချိန်က အင်္ဂလိပ် ပါမောက္ခ နှစ်ယောက်နဲ့ အမေရိကန် ပါမောက္ခတို့ မြန်မာနိုင်ငံသို့ ရောက်လာကြတယ်။

ထုံးစံအတိုင်း ဘုရားဖူးကြတဲ့အခါ 'အုတ်ပုံစေတီကို လူတို့က ပန်းပူဇော်တာ မီးပူဇော်တာ ရှိခိုးတာတွေဟာ ဘာအကျိုးကျေးဇူးရှိသလဲ'လို့ တွေ့တဲ့လူကြီးတွေကို မေးကြတယ်။

အင်္ဂလိပ်လိုမေးတယ်ဆိုတော့ မြန်မာဂေါပကလူကြီးတို့က ဖြေဖို့ခက်နေကြတယ်။

အဲ ... ဆူးလေးဘုရားကို ပါမောက္ခအဖွဲ့ ရောက်လာကြတယ်။

ထုံးစံအတိုင်း သူတို့ရဲ့မေးခွန်းကို ဂေါပကလူကြီးများကို မေးတယ်။

လူကြီးတွေ စေတီရင်ပြင်မှာ နေ့စဉ် တစ်နေကုန် ဝေယျာဝစ္စပြု လုပ်နေတဲ့ မစ္စတာဘဲလူး ကို အခေါ်ခိုင်းလိုက်ကြတယ်။

မစ္စတာ ဘဲလူးဟာ ဘရုတ်ကင်း အင်္ဂလိပ်ရှ် (Broken English) တော်တော်ပြောနိုင်တာကိုး။

မစ္စတာဘဲလူး ရောက်လာတဲ့အခါ အမေရိကန်ပါမောက္ခက မေးတယ်။

Why do you worship this Pagoda?
ဒီစေတီကို သင်တို့ဘာကြောင့် ကိုးကွယ်ကြသလဲ။

This Pagoda is made of bricks.
ဒီစေတီဟာ အုတ်နဲ့ တည်ဆောက်ထားတယ်။

Your houses are made of bricks.
သင်တို့ရဲ့အိမ်များကို အုတ်နဲ့ပဲ ပြု လုပ်ထားကြတယ်။

And your offices are made of bricks.
ပြီတော့ သင်တို့ရဲ့ရုံးများကိုလဲ အုတ်နဲ့ပဲ ပြု လုပ်ထားကြတယ်။

What is the difference?
ဘာခြားနားမှုရှိသလဲတဲ့။

အဲဒီအခါ မစ္စတာဘဲလူးက အမေရိကန်ပါမောက္ခကို ပြန်မေးတယ်။

Do you have a wife, mister?
ဆရာ ... သင့်မှာ ဇနီးမယား ရှိသလား။

Oh yes. အိုး ... ရှိတာပေါ့။

Do you have mother?
သင့်မှာ အမေရှိရဲ့လား။

Oh yes, I have.
ဟ ... ရှိတာပေါ့ကွာ။

Do you have sister?
သင့်မှာ ညီမကော ရှိသလား။

Oh yes. အိုး ... ရှိပါတယ်။

Now at night with whom do you sleep?
ကဲ... မိုးချုပ်တဲ့အခါ သင် ဘယ်သူနဲ့ အိပ်သလဲ။

Of course, I sleep with my wife.
ဟာကွာ ... ငါ့ဇနီးနဲ့အတူ ငါအိပ်တာပေါ့။

Why don't you sleep with your mother?
သင့်အမေနဲ့ ဘာကြောင့် အတူမအိပ်သလဲ။

Why don't you sleep with your sister?
သင့်နှမနဲ့ ဘာကြောင့် အတူမအိပ်သလဲ။

Your mother is woman.
သင့်ရဲ့အမေဟာ မိန်းမပဲ။

Your sister is also woman.
သင့်နှမကလဲ မိန်းမပဲ။

And your wife is woman.
ပြီးတော့ သင့်ဇနီးကလဲ မိန်းမပဲ။

What is the difference?
ဘာခြားနားမှုရှိသလဲ။

အဲဒီအခါ အမေရိကန်ပါမောက္ခက မျက်လုံးမျက်ဆံပြူးပြီး ပြောလိုက်တယ်။

Oh boy, I get your point.
ဟုတ်ပြီကွာ မင်းဆိုလိုတာကို ငါနားလည်ပြီ။

မစ္စတာဘဲလူး နှာနှပ်ပေးလိုက်တာ အမေရိကန် အင်္ဂလိပ်ပါမောက္ခတွေ မေးခွန်းထပ်မမေးနိုင်ကြတော့ဘဲ နှုတ်ပိတ်ပြီး ခေါင်းတညိတ်ညိတ်နဲ့ ထွက်ခွာသွားကြတော့တယ်။

အခြားဘာသာအယူရှိကြတဲ့ နိုင်ငံခြားသားတို့ဟာ စေတီကို အုတ်ပုံလို့မြင်နေကြတယ်။

သစ္စာလေးပါးကိုမြင်သိတဲ့ ဗုဒ္ဓဉာဏ်တော်နဲ့ သဗ္ဗညု တဉာဏ်တော်ကို ကိုယ်စားပြု တဲ့အထိမ်းအမှတ်ဖြစ်တာကို သူတို့ မမြင်နိုင်ကြဘူး။

ဒီဉာဏ်တော်တို့ဟာ ထိပ်တန်းအကျဆုံး အမြတ်ဆုံး ဉာဏ်တော်များဖြစ်ကြလို့ ဒီဉာဏ်တော်ဆီသို့ အာရုံညွှတ်သွားနိုင်တယ်ဆိုရင်ပဲ ကြည်ညို စိတ်ဖြစ်သွားတယ်ဆိုရင်ပဲ ကြီးကျယ်တဲ့ ကုသိုလ်ကံစေတနာတွေ ကုဋေချီပြီး ဖြစ်ပေါ်လာကြတာကို သူတို့မသိကြဘူး။

(ဒေါက်တာမင်းတင်မွန်)
မြတ်ဗုဒ္ဓ စာအုပ်မှ