မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဘလော့ဂ်တနှစ်ပြည့် ကျေးဇူးတင်လွှာ

မင်္ဂလာပါ။
ကျွန်မရဲ့ ဘလော့ဂ်ကို ပြီးခဲ့တဲ့နှစ် ဒီနေ့မှာ စဖွင့်ခဲ့တဲ့အချိန်ကစပြီး အခုဆိုရင် တနှစ်တိတိ ပြည့်ခဲ့ပါပြီ။ ဘလော့ဂ်စရေးတဲ့နေ့ကို လွယ်လွယ်ကူကူ မှတ်မိနေစေရန် ရည်ရွယ်ပြီး ကျွန်မတို့ သြစကြးလျားနိုင်ငံ ဆစ်ဒနီမြို့ကို စရောက်တဲ့ ရှစ်နှစ်မြာက်နေ့မှာ Cookatoo ဆိုတဲ့ သြစကြေးလျားငှက် တမျိုးအကြောင်းနဲ့ ဒီဘလော့၈်လေးကို စတင်ခဲ့ပါတယ်။ ဒီပို့စ်နဲ့ စရခြင်းအကြောင်းရင်းကတော့ ကျွန်မဟာ ဇီဝသိပ္ပံနဲ့ သဘာဝပတ်ဝန်းကျင်ကို သိပ်စိတ်ဝင်စားပြီး အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး နောက်ပိုင်း ဆက်လက်လေ့လာဖို့ ရည်ရွယ်ချက် ရှိခဲ့ပါတယ်။ တကယ်တမ်းကျတော့ တနှစ်သာ ပြည့်သွားတယ် လေ့လာထားတဲ့ အချက်အလက်တွေကိုတောင် ကုန်အောင် မရေးဖြစ်ခဲ့ဘူး။ ဒုတိယပို့စ်ဖြစ်တဲ့ အနိုင်မခံ နဲ့ ပတ်သက်တဲ့ ပို့စ်တွေကိုကျတော့ ဆက်ရေးဖြစ်လို့ ကျွန်မဘလော့ဂ်ကို နိုင်ငံရေးဘလော့ဂ်လို့ အမည်ပေးထားတဲ့သူတွေ အများကြီး ရှိပါတယ်။ အမှန်က ကျွန်မဘလော့ဂ်ဟာ ဘ၀ဖြတ်သန်းမှုနဲ့ အသိတွေကို မျှဝေထားတဲ့၊ တခြားက မှတ်သားစရာတွေ တွေ့ရင်လည်း ကိုယ်တိုင် ပြန်ဖတ်ဖို့ စုဆောင်းထားတဲ့ အထွေထွေ ဘလော့ဂ် တခုသာ ဖြစ်ပါတယ်။ ဘလော့ဂ်ကို အခုထိ ဆက်ရေးနေနိုင်အောင် လာရောက်အားပေးကြတဲ့ ဘလော့ဂ်မိတ်ဆွေများနဲ့ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ တယောက်ချင်းစီကို ကျေးဇူးစကား လိုက်ဆိုဖို့ မဖြစ်နိုင်လို့ ပထမဦးဆုံးပို့စ်နှစ်ခုမှာ မှတ်ချက်လာရေးပေးပြီး အားပေးသွားခဲ့တဲ့ သူများအားလုံးကို အစဦး အားပေးသူများအနေဖြင့် မှတ်တမ်းတင်ရင်း ဘလော့ဂ်နဲ့ ဆက်စပ်ပတ်သက်သူ တသီးပုဂ္ဂလ ကျေးဇူးတင်ထိုက်သူ အားလုံးကို ဆက်လက် အသိအမှတ်ပြု ကျေးဇူးတင်စကား ဆိုပါရစေ။


ပထမဦးဆုံးအနေနဲ့ ပထမဦးဆုံး ပို့စ်နှစ်ခုမှာ လာရောက် မှတ်ချက်ပေးကာ အားပေးသွားတဲ့ ဘလော့ဂါများ ဖြစ်ကြတဲ့ Tune, မခင်ဦးမေကိုဒူကဘာကိုအောင်သာငယ်၊ Heartmuseum, လူလ၊ ကို July Dream, ကိုပေါ၊Rita, ဒေါက်တာတင့်ဆွေ မသက်ဇင်၊ မောင်ဖုန်းမြင့်မအယ် (ဂျူနို)၊ ကိုလူထွေး၊ ဆရာမမေငြိမ်းP.Ti, မဆုမွန်AATO, ကိုဧရာ+မသီတာမသက်ဝေ၊ ဆရာမနုသွဲ့၊MrDBA, ကို Andy Myint, ကိုဇော် (ခြေလှမ်းသစ်)၊ kiki, ကိုဆောင်းယွန်းလမမသီရိ၊ ကိုကြယ်ကလေးလင်းကြယ်ဖြူ၊ ကိုအိုးဝေအောင်၊ ကိုအောင် (ပျူနိုင်ငံ)၊ ကိုသက်ဦး၊ မခင်မင်းဇော်ကိုချန်းလင်းနေ၊ ကောင်းကင်ကိုသီဟသစ် စသည့် ဘလော့ဂ်မောင်နှမများနှင့် ဘလော့ဂါမဟုတ်သူများဖြစ်တဲ့ မmie mie, နဒီမိုးညို၊ Sin dan Lar, နေခြည်၊ ယဉ်သူ၊ မေဇင်၊ တို့အားလုံးကို ကျေးဇူးဥပကာရတင်ရှိကြောင်း ပြောကြားချင်ပါတယ်။ ဒီအစ်ကိုတွေအစ်မတွေ မောင်တွေ ညီမတွေရဲ့ စတင်အားပေးရာကနေ အဲဒီမောင်နှမတွေကတဆင့် တခြားဘလော့ဂါတွေဆီ ပြန်ရာက်သွားပြီး အားပေးသူတွေ ဆက်လက်များပြားလာလို့ ကျွန်မ ဘယ်လောက်ဘဲ အလုပ်များများ ဘလော့၈်ကို အခုထိ ဆက်ရေးနိုင်ခဲ့ပါတယ်။

ကျွန်မဘလော့ဂ်မှာ စာလာဖတ်ကြပြီး ဘလော့ဂ်ထဲမှာ တခါမှ နှုတ်မဆက်၊ မှတ်ချက်မရေးပေမဲ့ ကျွန်မဆီကို မေးလ်နဲ့ပို့ပြီး အားပေးကြတဲ့ စာဖတ်သူတချို့ကိုလည်း ဒီနေရာမှာ မှတ်တမ်းတင်ပြီး ကျေးဇူးအထူး တင်ရှိကြောင်း ပြောကြားချင်ပါတယ်။ ကျွန်မဘလော့ဂ်ကို စဖွင့်တဲ့နေ့ကနေ ဒီနေ့အထိ လာလည်သူအားလုံး၊ ကျွန်မရဲ့ ပို့စ်ရှည်ရှည်ကြီးတွေကို စိတ်ရှည်လက်ရှည် ဖတ်ပြီး မှတ်ချက်ပေးသွားသူများ၊ မှတ်ချက်မပေးပေမဲ့လည်း လာလည်သွားကြတဲ့ ဘလော့ဂါ စာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ သီးသန့် တသီးပုဂ္ဂလအနေနဲ့ ကျေးဇူးတင်ထိုက်တဲ့သူတွေကို ကျေးဇူးဆိုပါရစေ။

မကေဘလော့ဂ်မှာ ကိုမင်းကိုနိုင်ရဲ့နောက်ကြည့်မှန်ကို ကြော်ငြာတုန်းက အဲဒီစာအုပ်ကို သြစကြေးလျားကနေ ဘယ်လိုမှာလို့ရနိုင်လဲဆိုတာ မေးခွန်းမေးထားတဲ့ ကျွန်မ မှတ်ချက်ကို တွေ့ပြီး ကျွန်မဆီကို ကျွန်မဘလော့ဂ်ကို အမြဲလာဖတ်နေသူတယောက် ဖြစ်ကြောင်း မိတ်ဆက်ပြီး စာအုပ်လက်ဆောင်ပေးပါရစေလို့ လိပ်စာ ရအောင်တောင်းပြီး ကိုမင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်ကို လက်ဆောင်ပို့ပေးလာတဲ့ စင်္ကာပူက ညီမလေးတဦးကို အမှတ်ရနေပြီး ကျွန်မ ကျေးဇူးတင်ပါတယ်။ စာဖတ်သူဆီက ရတဲ့လက်ဆောင်ဟာ ကျွန်မလေးစားဆုံးသူတဦးရေးတဲ့ စာအုပ်ဖြစ်နေလို့ အမြဲတမ်း အမှတ်တရ ရှိနေမှာ ဖြစ်ပါတယ်။




ကျွန်မဘလော့ဂ်ကို စဖွင့်ပြီးနောက်ပိုင်း သူ့ဘလော့ဂ်ကို လာလည်နေတဲ့သူတွေ သိအောင် ဘလော့ဂ်မှာ ပို့စ်တခုသီးသန့်တင်ပြီး ကြော်ငြာပေးတဲ့ အစ်ကိုအောင်သာငယ်ကို ကျေးဇူးတင်ပါတယ်။

ကျွန်မဘလော့ဂ်ကို နည်းပညာအရ ဘလော့ဂ်စဖွင့်ပြီး တပတ်ကျော်ခန့်ကစပြီး ဘလော့ဂ်မှာ နည်းပညာအတွက် လိုအပ်တာတွေကို အခုထိ ဖြည့်ဆည်းပေးနေတဲ့ မောင်လေး မိုးသွေးငယ် ခေါ် ကိုလတ်နဲ့ ကိုလတ် အင်တာနက်နဲ့ အဆက်အသွယ် ပြတ်နေတဲ့အချိန် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းခန့်ကစပြီး နည်းပညာ အကူအညီလာပေးနေတဲ့ မောင်လေး ကိုဒီရေတို့ကို ကျေးဇူးတင်ပါတယ်။ ဘလော့ဂ်က ဒီဇိုင်းတခုလုံးကို ကိုလတ်က စလုပ်ထားပေးပြီး ကိုဒီရေနဲ့ ကိုလတ်နဲ့ နှစ်ယောက်စလုံး လိုအပ်တာကို အမြဲတမ်း ၀င်ဖြည့်ပေးထားပါတယ်။ ကျွန်မ ကွန်ပြူတာ skill သိပ်နည်းလို့ ဘယ်နေရာကို သွားပြီး ဘာကိုသွား ဘာကို Click လိုက်ပါလို့ ပြောတဲ့အတိုင်း တခါမှ လိုက်လုပ်လို့ အဆင်မပြေတတ်ဘူး။ ပုံပါတဲ့ ပို့စ်အသစ်တင်တဲ့အခါတိုင်း Error ဖြစ်ကာ Publish လုပ်လို့မရတာတွေ မကြာခဏ ကြုံရလို့ ဖြစ်စေ၊ Publish လုပ်လို့ ရပေမဲ့လည်း ဓါတ်ပုံတွေ၊ ဗွီဒယိုတွေ အထားအသို၊ အရွယ်အစား နေရာမကျလို့ဖြစ်စေ အခုထိ ကိုလတ်နဲ့ ကိုဒီရေက အမြဲဝင်ပြင်ပေးနေတုန်းပဲ ဖြစ်တယ်။ နည်းပညာနဲ့ ပတ်သက်ပြီး ကိုလတ်နဲ့ ကိုဒီရေ မအားတဲ့အချိန်တွေမှာ အလျဉ်းသင့်ရင် သင့်သလို လှမ်းမေးပြီး အကူအညီတောင်းရတဲ့ တချို့ဘလော့ဂ်မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ပါတယ်။


ဘလော့ဂ်မှာ C-Box ဖွင့်နည်းနဲ့ C-Box ကို ဘယ်လို အကျဉ်းအကျယ် စာလုံးအနည်းအများ လိုသလို ဘယ်လိုလုပ်တယ်ဆိုတာ ပြောပြတဲ့ ကိုဆောင်းယွန်းလကို ကျေးဇူးတင်ပါတယ်။

ဓါတ်ပုံတွေနဲ့ ဗွီဒယိုတွေကို ဘယ်လို Upload လုပ်ရတယ်ဆိုတာနဲ့ စာသားရိုက်ပြီး Link ဘယ်လို သွင်းတယ်ဆိုတာ ပြောပြပေးတဲ့ ဆရာတော် ဦးကောဝိဒ (မြိတ်) ကို ကျေးဇူးတင်ပါတယ်။ (ဘုန်းကြီးကို ကျေးဇူးတင်လို့မရဘူးလို့ ကြားဖူးတယ် ဒါပေမဲ့ အခုကိစ္စမှာ ကျေးဇူးတင်တာတော့ အမှန်ပဲ ဒီတော့ ဘယ်လိုပြောရတယ်ဆိုတာ အကြံပြုချင်သူများ အကြံပြုလို့ ရပါတယ်။ ပေါက်ဆိန်ပေါက်၊ ပေါက်တူးပေါက် ခဲနဲ့ပစ်ပေါက်သလို မပြောရင် လက်ခံပါတယ်)

ဘလော့ဂ်မှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းပို့စ်တွေ တင်ကတည်းကစပြီး အနှောင့်အယှက်ဝင်တာ အခုထိပါဘဲ။ C-Box တွေမှာ လာဆဲလိုက် ယုတ်ယုတ်ရိုင်းရိုင်း လာပြောလိုက်လုပ်ကြတဲ့သူတွေရဲ့ IP ကိုစစ်ဆေးပုံနဲ့ C-Box ထဲက အမှိုက်တွေကို ဘယ်လိုရှင်းရတယ်၊ ဘန်းချင်ရင် ဘယ်လိုဘန်းရတယ်ဆိုတာ ပြောပြတဲ့ မောင်လေး စောကျော်ခွိကိုကျေးဇူးတင်ပါတယ်။

ကျွန်မကို ဘလော့ဂ်ဖွင့်ပေးမယ်လို့ ပြောပြီး ဘလော့ရေးဖို့ တိုက်တွန်းခဲ့သလို ဘလောဂ် ဘလော့ဂ်စတင်ဖွင့်ဖြစ်အောင် အားပေးကူညီ တိုက်တွန်းခဲ့ကြသူတွေ ဖြစ်တဲ့ အခုချိန်မှာ ဘလော့ဂ်ဆက်မရေးတော့တဲ့ မသက်ဇင်နဲ့ မောင်လေးဝင်းဇော်တို့ကို ကျေးဇူးတင်ပါတယ်။ ဒီဘလော့ဂ်ကို ကျွန်မအကြမ်းစဖွင့်တာ မောင်လေး ၀င်းဇော်ပို့ပေးတဲ့ တမျက်နှာစာ ဘလော့ဂ်လုပ်နည်း အတိုချုပ်လေးအတိုင်း အကြမ်းဖွင့်ခဲ့တာကို မောင်လေး မိုးသွေးငယ်က အချောဖြစ်အောင် လိုအပ်တာကို ထည့်ပေးပြီး ရုပ်လုံးပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အရင်က ဘလော့ဂ်ဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘလော့ဂ်တွေကိုပဲ ကျွန်မ ဖတ်လေ့ရှိပေမဲ့ မသက်ဇင်နဲ့ မောင်လေးဝင်းဇော်တို့နှစ်ဦးရဲ့ ဘလော့ဂ်တွေကို ရောက်ပြီးနောက်ပိုင်း မှ ကျွန်မ တခြားနိုင်ငံရေးနဲ့ မဆိုင်တဲ့ ဘလော့ဂ်တွေကိုလည်း ဖတ်ဖြစ်သွားပါတယ်။ မသက်ဇင်နဲ့ မောင်လေး ၀င်းဇော် နှစ်ယောက်စလုံးက စာရေးကောင်းကြတဲ့သူတွေ ဖြစ်လို့ ဖြစ်နိုင်ရင် ဒီနှစ်ယောက်ကို ဘလော့ဂ်ပြန်ရေးကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။

ကျွန်မ ကိုယ်ပိုင်ဘလော့ဂ် မရေးခင်က Public Health in Myanmar မှာ ကျွန်မလုပ်ခဲ့တဲ့ Assignment တွေက ကောက်နှုတ်ချက်လေးတွေကို ပြန်လည်ဝေမျှခွင့် ရခဲ့လို့ ဘလော့ဂ်မှာ ပို့စ်တင်ခြင်းအပါအ၀င် ဘလော့ဂ်ရဲ့ သဘောသဘာဝတွေကို အနည်းငယ် နားလည်ခဲ့ပါတယ်။ အဲဒီက အခြေခံတွေက ကျွန်မ ကိုယ်ပိုင်ဘလော့ဂ်မှာ အသုံးဝင်ခဲ့ပါတယ်။ Public Health in Myanmar မှာ စာရေးဖို့ ကျွန်မကို ဖိတ်ခေါ်ခဲ့ပြီး ကျွန်မတင်တဲ့ ပို့စ်တွေကို Layout လုပ်ပေးရင်းနဲ့ မြန်မာစာ စာလုံးပေါင်းမှားတာကအစ ကျွန်မ အင်္ဂလိပ်လိုပဲ သိတဲ့ ဆေးအခေါ်အဝေါ် တချို့ကို မြန်မာလို လိုက်ဖြည့်စွက် ထည့်ပေးခဲ့တဲ့ Public Health in Myanmar က ဒေါက်တာ စိုးထက်ကို ကျေးဇူးတင်ပါတယ်။

ကျွန်မ ပထမဦးဆုံး ဖတ်ဖူးတဲ့ ဘလော့ဂ်ဆိုတာ Education for Myanmar Youth ဖြစ်ပြီး အဲဒီကတဆင့် ဆရာမမေငြိမ်းဘလော့ဂ်၊ ဆရာမမေငြိမ်း ဘလော့ဂ်ကတဆင့် လင်းလက်ကြယ်စင်နဲ့ ဆရာယောဟန်အောင်ဘလော့ဂ်တို့ကို ရောက်ခဲ့ပါတယ်။ ဆရာမမေငြိမ်း၊ လင်းလက်ကြယ်စင်၊ ဆရာယောဟန်အောင်တို့ရဲ့ ဘလော့ဂ်တွေကို စတင်ဖတ်ဖူးပြီး ဘလော့ဂ်ရဲ့ သဘောသဘာဝတွေကို နားလည်ခဲ့လို့ သူတို့သုံးယောက်နဲ့ Education for Myanmar Youth ကို အဲဒီချိန်တုန်းက စီမံခန့်ခွဲနေတဲ့ ဂျစ်တူး တို့ကို ကျွန်မရဲ့ လက်ဦးဆရာ မြင်ဆရာတွေလို့ သဘောထားပြီး ဂါရ၀ပြုပါတယ်။ ဒီဘလော့ဂ်တွေကမှတဆင့် ကျွန်မ တခြားဘလော့ဂ်တွေကို ရောက်ခဲ့ပါတယ်။

Education for Myanmar Youth ဘလော့ဂ် နဲ့ ဆရာမမေငြိမ်းရဲ့ ဘလော့ဂ်လိပ်စာကို ကျွန်မကို ပို့ပေးခဲ့သူ ဘလော့ဂါမဟုတ်တဲ့ ကိုနီသွေးကို ကျေးဇူးတင်ပါတယ်။ ကိုနီသွေးပို့ပေးလို့သာ ကျွန်မ ဘလော့ဂ်ဆိုတာကို စတင်တွေ့ဖူတာ ဖြစ်လို့ သူကဘလော့ဂ်နဲ့ ပတ်သက်လာရင် ကျွန်မရဲ့ ပထမဦးဆုံး ကျေးဇူးရှင်လို့ ပြောလို့ရပါတယ်။ ဒါအပြင် အခုဘလော့ဂ်ကို ရေးနေတဲ့ ဇော်ဂျီ Font ကို ကျွန်မကွန်ပြူတာထဲ ရောက်အောင် ကိုနီသွေးကပဲ အကူအညီပေးခဲ့လို့ အရင်က Win-Burmese ကိုပဲ ရိုက်လို့တတ်တဲ့ ကျွန်မဟာ ကိုနီသွေး ကျေးဇူးကြောင့် အခုလို ဇော်ဂျီ Font ကို ကောင်းကောင်း အသုံးပြုနိုင်ခဲ့ပါတယ်။ ကိုနီသွေးက ကျွန်မရဲ့ အွန်လိုင်းပေါ်မှာ တွေ့ဖူးတဲ့ ပထမဦးဆုံး မိတ်ဆွေလည်း ဖြစ်ပြီး အင်တာနက်ကို ဘလော့ဂ်ရေးတဲ့အထိ အသုံးပြုလို့တတ်တာ သူ့ကျေးဇူးတွေအများကြီး ပါပါတယ်။ အရင်ကဆို အင်တာနက်ကို ကျောင်းစာကလွဲရင် ရေဒီယိုနားထောင်တာနဲ့ သတင်းဖတ်တာပဲ လုပ်ပါတယ်။ ကိုနီသွေးရေးတဲ့ ဗေဒါဇွဲ ဆိုတဲ့ ကဗျာလေးတပုဒ်ကို ကျွန်မဘလော့ဂ်မှာ တင်ထားတာရှိပါတယ်။

နောက်ဆုံးအနေနဲ့ ကျေးဇူးတင်ရမည့်သူကတော့ ကျွန်မကို ဘလော့ဂ်ရေးလို့ တခါတလေ ခနဲ့တဲ့တဲ့ ပြောတတ်ပေမဲ့ တချို့ဘလော့ဂ်တွေကို သူကိုယ်တိုင် နှစ်ခြိုက်စွာ ဖတ်နေတတ်ပြီး ကျွန်မကို မလိုလားသူတွေက ဘယ်လိုပဲ တိုက်ခိုက်စော်ကားလာပါစေ ဘလော့ဂ်ရေးခွင့် ပေးထားတဲ့ အိမ်က ကျေးဇူးအကြီးမားဆုံး ကျေးဇူးရှင်ကို ကျေးဇူးတင်ပါတယ်။

တနှစ်အတွင်း လာလည်သွားတဲ့ 55053 ယောက်နဲ့ Hit Counter မှ 79451 ကြိမ် ၀င်လာသူအားလုံး ရွှင်လန်းချမ်းမြ့ကြပါစေ။


40 comments:

အမရေ..တနှစ်ပြည့်မှသည်..နှစ်ပေါင်းများစွာ ဘလော့ဂင်း
နိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါသည်ခင်ဗျာ..

တစ်နှစ်သား ဘလော့လေး အဓွန့်ရှည်ပါစေကြောင်းးးးးးး

ပွင့်သော ပန်းတိုင်းလှ၍
လှသော ပန်းတိုင်းမွှေးကာ
မွှေးသောပန်းတိုင်း မညှိုးနွမ်းစေသတည်း။

သာဓု သာဓု သာဓု
တစ်နှစ်ပြည့် ဘလော့ဂ်ဆွမ်းကပ်ပွဲ လုပ်ဖြစ်ရင်တော့
ကြွမလာနိုင်ပါကြောင်း။

ဘလော့ဂ် ၁ နှစ်မြောက်မှ နှစ်ပေါင်းများစွာ ရှင်သန် အောင်မြင်စေရန် ဆုတောင်းအပ်ပါတယ် ၊

တနှစ်သား ဘလော့ဂ်လေး...
ကိုယ် နှစ်သက် ယုံကြည်ရာ လမ်းပေါ်မှာ နှစ်ပေါင်းများစွာ လျှောက်လှမ်းနိုင်ပါစေလို့ ချစ်ခင်စွာ ဆုတောင်းပါတယ် မငယ်...

တစ်နှစ်မှသည် နောင် နှစ်ပေါင်းများစွာ အဓွန့်ရှည်ပါစေ။

တနှစ်ပြည့်သွားပြီလား (အေးလေ။ ပြည့်ပါပြီဆိုမှ :P) ။နှစ်ပေါင်းများစွာ ပို့စ်ပေါင်းများစွာ ရေးနိုင်ပါစေ၊ ဖြန့်ဝေနိုင်ပါစေဗျား။

တနှစ်သားနဲ့မတူဘူး..
လူကြီးလေးလိုပဲ..

နှစ်ပေါင်းများစွာ စိတ်ရှိသလောက် ဘလော့ဂ်နိုင်ပါစေ။

CHEERS ! Ma Nge Naing, Keep It On.
Best Wishes To You and All.

မငယ်..
ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လက် ဘလော့ဂင်းနိုင်ပါစေ....။

်သူငယ်ချင်း

အခုလို ကျေးဇူးတင်သင့်သူတွေကို တခုတ်တရ ရေးပြတာ သေချာဖတ်သွားတယ်..။ ကောင်းသော လုပ်ရပ်ပါပေတည်း (စိတ်စိုးနဲ့ စတာ.. ဟဲ..)..။

နောက်ဆုံးအပိုဒ်က ချစ်ချစ်ကို ဘာကြောင့် ကျေးဇူးတင်နေရတာလည်း ..။ ပြောမပြောချင်ဘူး.. သူခွင့်ပေးမှ ရေးခွင့်ရအောင် သူငယ်ချင်းက ဘာလို့ ကိုယ်ပိုင်အခွင့်အရေး မရှိဖြစ်နေရတာလဲ.. ကောင်းရာမွန်ရာ လုပ်တာများ.. သူက ခွင့်ပြုမှတဲ့လား.. (ကြပ်တာမဟုတ်ဘူး.. အတည်ပြောတာ..သူငယ်ချင်းက ကျေးဇူးတင်ပေမဲ့ မဗေဒါကတော့ မတင်ဘူး..ဟဲ..ပြောပြီးမှ ဟဲ လုပ်ကြည့်တာပါ... စိတ်စိုးတာတော့ စိုးတာပေါ့.. သူ့မိန်းမတောင် အသိအမှတ်ပြုတာ ကိုယ်က ဘာကြောင့် မပြုရမှာလည်း.. ဟဲ..။)

ဒီလောက်တောင် ယောက်ျားကို ကြောက်နေရတာ ပြောမပြောချင်ဘူး..။

ဒေါ်စိန်ဗေဒါ (အမတ်လောင်း)

တနှစ်သမီးဆိုတော့ လမ်းကောင်းကောင်းလျှောက်နိုင်ပြီပေါ့ ... ဘယ်လိုဘဲ
တိုက်ခိုက်မှုတွေ များများ ရဲရဲရင့်ရင့် နဲ့ ဥပေက္ခာ တရား
ထားပြီး ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေ ညီမငယ် ...

mie nge

တစ်နှစ်ပြည့်လာပြီ အမြင်မှန်ရဖို့ပဲလိုတော့သည်

ဒီဘလော့ဂ်ကို လာဖတ်ဖြစ်တာက မသိလိုက်ရတဲ့ အရမ်းသိချင်ခဲ့တဲ့ ၈၈ မှ နောက်ပိုင်းကာလ ဘ၀အတွေ့အကြုံတွေကို စိတ်ဝင်စားလို့ပါ။ အမြင်မကျဉ်းမြောင်းတတ်တဲ့ ဘလော့ဂ်ရှင်ရဲ့ စိတ်ထားကိုလည်း သဘောကျပါတယ်။

စာတွေဆက်လက် ရေးသားနိုင်ဖို့ ဆန္ဒပြုပါတယ်။


မေနန်းဦး

ဤဘလောဂ့် တစ်နှစ်ပြည့်မှသည် တိုင်းပြည်နှင့် လူမျိုး အတွက် အကျိုးပြုသော ဤဘလောဂ့်လေးအား ဆန်ဒ ရှိသ၍ ဆက်လက် ဘလောဂ့် ဂင်းနိုင်ပါစေလို့ ဆုတောင်း ပေးပါတယ်ဗျာ .....

မငယ်နိုင်
စာတပုဒ်ရေးတိုင်း စေ့စပ်သေချာတဲ့ စေတနာတွေ ပေါ်လွင်လို့ ဆန္ဒရှိသရွေ့ လွတ်လပ်ပျော်ရွှင်စွာ ရေးနိုင်ပါစေလို့
ဘလော့ဂ်တနှစ်ပြည့်မှာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

အမငယ်...
တနှစ်ပြည့်ဘလော့ကစပြီးနှစ်ပေါင်းများစွာအထိ
ကျန်းမာချမ်းသာစွာနဲ့စာပေကိုဆက်လက်ရေးသားနိုင်ပါစေ
လို့ဆုမွန်ကောင်းတောင်းပါတယ်..။
အမငယ်ရွှင်လန်းချမ်းမြေ့ပါစေ..။
ခင်တဲ့
ညီမသဒ္ဓါ

မငယ်ရေ....ကွန်ဂရက်ကျူလေးရှင်းပါ....ကိုယ်ရော စိတ်ပါ ချမ်းသာစွာ ဆက်လက် မျှဝေရေးသားနိုင်ပါစေ...

မငယ်နိုင်ရဲ့ ပထဆုံးပို့စ်လေးကို မှတ်မိနေသေးတယ်။ တစ်နှစ်သားမှသည် နှစ်ပေါင်းများစွာ ပျော်ရွှင်စွာ ရေးသား မျှဝေနိုင်ပါစေ။

ဧရာသီတာ

ပထမဆုံး ပို့စ် က ကတ္တ၀ါ ငှက်ပါ လို့ ဖတ်ပြီး ကွန်မန့် ပေးပြီး ကတည်း က အမြဲ လို (တကယ်တော့ နေ့တိုင်းလို)တခါတရံ ခဏခဏ ရောက်ဖြစ်ပါတယ်။ ဘလောက်ပို့စ်ဖတ်၊ ကွန်မန့်ပေး၊ နှုတ်ဆက် စကားဆို တဲ့ အခါရှိသ လို တခါတလေ ကြည့်ရုံပဲ ကြည့် ပြီး (သူများ ကွန်မန့်တွေကို) ဖတ်ပြန်တာလဲ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ၁ နှစ်အတော အတွင်းမှာ တော်တော်လူစိတ်ဝင်စားတဲ့ ဘလောက်ပါ။ ကွန်မန့်တွေအပေါ်မှာလဲ စိတ်ရှည်လက်ရှည် ပြန်တတ်တာ ကိုက ထူးခြားချက် တရပ်လိုဖြစ်နေတာပါပဲ။ အမြဲဆက် ရေးနိုင်ပါစေ အစ်မ။

ဂုဏ်ယူပါတယ် မငယ်။ တစ်နှစ်ဆိုတဲ့ကာလတစ်ခုအတွင်းမှာ အစ်မအနေနဲ့ အများကြီးလုပ်နိုင်ခဲ့တာ မြင်တွေ့ရပါတယ်။

ပို့စ်ပေါင်းများစွာကို ဆက်လက်ရေးသားနိုင်ပါစေသတည်း။

ကျွန်တော်ဒီဘလော့  ထဲဝင်ဖတ်ဖြစ်တာသိပ်မကြာသေးပါဘူး တစ်နှစ်ပဲရှိသေးတယ်ပေါ့ လေ မထင်လိုက်မိဘူး တစ်နှစ်အတွင်း အများကြီးလုပ်နိုင်ခဲ့ တာပဲ
အားပေးလျှက်ပါ
ကရင်

အမ ဘလော့မရေးခင်ကတည်းက၊ သူများဘလော့တွေမှာ ကွန်မန့်တွေ ပေးနေကတည်းက၊ အမရဲ့ ရေးဟန်၊ ဗဟုသုတကြွယ်ဝပုံကို သတိထားမိပါတယ်။ ဘလော့ရေးတော့ ကိုအောင်သာငယ့် ကြော်ငြာပို့စ်ကနေ အလည်ရောက်ဖြစ်ပါတယ်။ အမရဲ့ ဘလော့ကို အပါအဝင် ဘလော့တော်တော်များများကို Reader ထဲကနေဘဲ ဖတ်ဖြစ်တာရယ်၊ အမရဲ့ ရေးသားတဲ့ အကြာင်းအရာတွေပေါ်မှာ တော်ရုံတန်ရုံ ကွန်မန့်လောက်သာ ရေးဖို့ မစွမ်းသာတာရယ်ကြောင့်သာ ကွန်မန့်မရေးဖြစ်ပေမယ့် . အမြဲဖတ်ပါတဲ့အကြောင်း ..

ပျော်ရွင်ပါစေ.

မငယ် blog က
တနှစ်တောင် ပြည့်သွားပြီလားးးးး
အချိန်တွေက ကုန်လွယ်လွန်း လိုက်တာနော်......
စိတ်ထဲမှာ မနေ့တနေ့ ကလိုပဲ...
ဆက်ရေးဗျာ.....
တကယ်တော့ မငယ် blog က ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ခရီးသွား၊ ကိုယ်ပိုင် အတွေ့အကြုံ၊ သမိုင်း၊ မိသားစုဘဝ စုံပါတယ်ဗျာ....
ပျော်ရွှင်စွာ ဆက်လက် blogging နိုင်ပါစေ....

မငယ်နိုင်

စာရေးကောင်းတဲ့ မငယ်နိုင်.. ဘလော့(ဂ်)တစ်နှစ်ပြည့် လာရောက် ဆုတောင်းပေးပါတယ်။ လက်နက်ကိုင် .. ကလောင်ကိုင်ပြီး ကျရာနေရာ ပါဝင်လှုပ်ရှားနေတဲ့ မငယ်နိုင် ပြည်သူအတွက် တိုင်းပြည်အတွက် ဆက်လက် ရေးသားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။
လေးစားလျှက်

ဒီမိုဝေယံ

ဆက်လက် အောင်မြင်စွာ ခရီးဆက်နိုင်ပါစေ။

13 Jul 10, 13:49
မနုငယ်: အမရေ..ဘလော့လေး ဆက်လက်အမြဲတည်တံ့ပါစေရှင်..း) မန့်မရလို့ ဒီကပဲပြေခဲ့ပီ..း)

13 Jul 10, 21:40
ဒီရေ: တစ်နှစ်သားလေး အတွက် လာရောက် ဆုတောင်း ပေးသွားပါတယ်.. အောင်မြင် ပျော်ရွှင်ပြီး နိုင်ငံ အကျိုး ဆထက်တပိုး ပြုလုပ်နိုင်ပါစေ..

13 Jul 10, 22:25
julyDream: :) သီဟသစ်က ဘလော့ဂါပါပဲ။

14 Jul 10, 01:14
SHIN KU: မငယ်နိုင်...ဘလော့ဂ်လေးတောင် တစ်နှစ်ပြည့်သွားပြီနော်....။ မငယ်နိုင် ဘလော့ဂ်စရေးကတည်းက မကြာခဏ ရောက်နေခဲ့တာတစ်နှစ်ကြာသွားပြီပေါ့နော်။ ဂုဏ်ယူပါတယ်....ဆက်လက် ရေးသားနိုင်ပါစေ.

14 Jul 10, 02:58
MTN: ဒီထက်မက အလုပ်တွေ အများကြီး လုပ်နိုင်ပါစေ အမ။ အကို တူလေးနဲ့ တကွ မိသားစုပျော်ရွှင်အေးချမ်းပါစေဗျာ။

14 Jul 10, 04:44
ကျော်ထင်: ဘလော့တွေထဲမှာ အတော် စိတ်ရောကိုယ်ရော အပင်ပန်းခံရေးသားနိုင်တဲ့ သူတစ်ဦးဖြစ်လို့ လေးစားအသိမှတ်ပြုပါတယ်

14 Jul 10, 04:51
အိုးဝေအောင်: မွေးနေ့တွေ နှစ်စဉ်လုပ်နိုင်ပါစေဗျာ..။ကျနော့ လူသားလေးကို ဂရုစိုက်နေရတာနဲ့ ဘလော့ သားလေးမွေးနေ့တောင် မလုပ်ဖြစ်တော့တာ ကြာပြီ မငယ်။

14 Jul 10, 05:35
ဒီမိုဝေယံ: ဘလော့ တစ်နှစ်ပြည့် မှသည် အောင်မြင်မှုတွေ ဒီထက်မက ရရှိနိုင်ပါစေ... အများအကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေ...

14 Jul 10, 07:45
LinOo(psy): 1 year , Cheer :)

C-Box က မှတ်ချက်တွေကို ပို့စ်နဲ့ဆိုင်လို့ အမှတ်တရ ကျန်နေအောင် ကူးထည့်ထားလိုက်ပါတယ်။)

သံဃာတော် နှစ်ပါးဖြစ်တဲ့ အရှင်ကုသလဆာမိနဲ့ အရှင် ဓမ္မဂင်္ဂါ နှစ်ပါးအပါအ၀င် ဘလော့ဂ်တနှစ်ပြည့် အမှတ်တရပို့စ်မှာ လာရောက်ဆုတောင်းပေးသွားသည့် ပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲ ၀မ်းသာကြောင်း အကြောင်းပြန်ပါရစေ။ ဒီပို့စ်မှာ လာမှတ်ချက်ပေးကြသူ အများစုကို ကျေးဇူးတင်ကြောင်း ၀မ်းသာကြောင်းထက်ပိုပြီး ပြောစရာ မရှိပေမဲ့ အမြင်မှန်ရဖို့ပဲ လိုပြီဆိုသူ Anonymous တယောက်နဲ့ ခပ်အအ ရန်ကုန်သူ သူငယ်ချင်း တယောက်ကိုတော့ နည်းနည်း ပြန်ပြောစရာ ရှိပါတယ်။

ူသူငယ်ချင်း အမတ်လောင်း သူငယ်ချင်းဆိုရင်တော့ ယောက်ျားသဘောမတူဘဲ လုပ်ရင် လက်သီးစာ မိနိုင်တော့ ကြောက်သင့်တာပေါ့။ ကိုယ့်ယောက်ျားက သူသဘောမတူဘဲ ကိုယ်လုပ်ရင် သူစိတ်ဆင်းရဲတာပဲ ရှိမယ်။ ဘာစာမှ မမိနိုင်ဘူး။ ဒါပေမဲ့ သူစိတ်မချမ်းသာရင် ကိုယ်လည်း လုပ်ချင်တာလုပ်ပြီး စိတ်ချမ်းသာနိုင်မှာမှ မဟုတ်တာ ဘယ်လုပ်မလဲ။ အဲဒီတော့ ကိုယ်က ယောက်ျားကို ကြောက်တာ မဟုတ်ဘူး ချစ်တာ ဖြစ်ကြောင်း သူငယ်ချင်း သဘောပေါက်သင့်ပြီ။ တောစွန်အုံဖျားမှာ ကြီးပြင်းလာသူက ရန်ကုန်ရွှေမြို့တော်သူကို အသေးစိတ်ကအစ လိုက်ရှင်းပြနေရတာတော့ မဟုတ်သေးပါဘူး။ (ဟီဟီး စိတ်မဆိုးနဲ့နော့် ဘယ်သူက အရင်စလဲ)။

Anonymous (July 13, 2010 7:03 AM) ရေ ဒီပို့စ်နဲ့ ပတ်သက်ပြီး လာပြောသွားတဲ့ အထဲမှာ Anonymous တယောက်ကလွဲရင် ကျန်တဲ့သူတွေ အကုန်လုံး က လာပြီး ဆုတောင်းပေးသွားကြသူတွေချည်းပါပဲ။ ဒီထဲမှာ သံဃာတော်လည်း နှစ်ပါးပါသေးတယ်။ သူများ ကျေးဇူးတင်ထိုက်သူတွေကို ကျေဇူးဆိုပြီး အမှတ်တရတင်တဲ့ ပို့စ်ကိုတောင် မလွတ်စတမ်း အမှား လာထောက်နေပုံကြည့်ရင် တော်တော်လေး မစ္ဆရိယ များတယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် အမြင်မှန်ရအောင် ကိုယ့်ဖါသာကိုယ်ပဲ အရင်ကြိုးစားပါလို့ တိုက်တွန်းပါတယ်။

ကျွန်မဘလော့ဂ်ကို လာဖတ်တာ သိပ်မကြာခင်ကမှ တွေ့ရတဲ့ မောင်လေး၊ ကိုကိုစန်း၊ Thisika, ကိုကျော်ထင်၊ ကိုဇော် နဲ့ မေနန်းဦးတို့ကို သိရတာ ဘလော့ဂ်ကို လာလည်သူ အသစ်တိုးလို့ ၀မ်းသာပါတယ်။

အွန်လိုင်းပေါ်မှာ မတွေ့ရသလောက် ပျောက်ချင်းမလှ ပျောက်နေပြီး ရှားရှားပါးပါး ပေါ်လာပြီး လာဆုတောင်းပေးသွားတဲ့ ဒေါက်တာစိုးထက်ကို ပြန်တွေ့ရတာ ၀မ်းသာပါတယ်။

ဘလော့ဂ်စဖွင့်ကတည်းက အခုထိ ဆက်တိုက်လာအားပေးနေတဲ့ သူတွေကတော့ AATO, SDL, Ma mie mie ကိုဇော် (ခြေလှမ်းသစ်) တို့ကို အမာခံ အားပေးသူတွေအဖြစ် မှတ်တမ်းတင်ပါတယ်။

တခါတလေမှ ရောက်လာတတ်တဲ့ ဖြိုးအောင်၊ ကိုလင်းဦး၊ ကိုပေါ၊ ကိုလူသစ်၊ မပန်ဒိုရာနဲ့ အခုမှတခေါက် ပြန်ရောက်လာတဲ့ MrDBA, Heart Museum တို့ကို တွေ့ရတာ ၀မ်းသာပါတယ်။

ကျန်တဲ့ ကျွန်မနဲ့ အပြန်အလှန်သွားလည်နေကျ ဘလော့ဂ်မိတ်ဆွေတွေကိုတော့ နောက်ထပ်လည်း သွားလည်ရင်း ပြောစရာတွေ မှတ်ချက်ပေးစရာတွေက အများကြီး ရှိသေးတယ်ဆိုတော့ ၀မ်းသာကျောင်း ကျေးဇူးတင်ကြောင်းကလွဲပြီး အထွေအထူး ထပ်မပြောတော့ဘူးနော့်။ တနှစ်ပြည့် လမ်းလျှောကတတ်သွားပြီ ဆိုပေမဲ့ လာဖတ်ပြီး မှားတာ အမြင်မတော်တာ ရှိရင် အကြံပြုပေးနိုင်ပါတယ်။ ဘလော့ဂါတွေဆီကို ကျွန်မ အချိန်ရရင် ရသလို ပြန်လာလည်ပါမယ်။ ဘလော့ဂါမဟုတ်သူများကိုလည်း ဆက်လက်ပြီး လာလည်ကြဖို့ ဖိတ်ခေါ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

မငယ်နိုင်... အမရဲ့ရေးအား တွေးအား နဲ့ အားထုတ်မှုတွေကြောင့် အမဘလော့ကို အမြဲဖတ်ဖြစ်ပါတယ်။

နောင်နှစ်ပေါင်းများစွာ ဘလော့နိုင်ပါစေ။

မငယ်နိုင်နဲ့ ကျွန်တော် ဘလော့ဂ်သက်တန်းချင်း မကွာလှဘူး။ ကျွန်တော့်ထက် ပိုရင့်ကျက်တဲ့၊ ပိုဗဟုသုတစုံတဲ့ ဘလော့ဂ်ဆိုတော့ မငယ်နိုင်ကို တော်တော်လေး ပိုစောတယ် ထင်နေတာ။ ကျွန်တော်ကတော့ တနှစ်ကျော်ကျော်မှာ အားထုတ်မှု နည်းနည်းလျော့နေတယ်။ ပြန်အားတင်းလိုက်ပါဦးမယ်။

မငယ်ရေ......သိတ်တောင်ကြာတယ်မထင်ရဘူးနော်...
စိတ်ရှည်လက်ရှည်..အချက်အလက်လေးတွေ....စုံစုံလင်လင် ရေးတတ်တာမငယ်ဘလော့ရဲ့ ထူးခြားမှုလေးမို့ ရောက်ဖူးသူတိုင်း သဘောကျကြပါတယ် မငယ်ရေ...

ခန္ဓာကိုယ် ရှင်သန်ဖို့ ဓါတုဆေးဝါး ကျားကန်နေရလို့ အခုမှပဲ ရောက်ဖြစ်ပါတယ်ဗျာ။

14 Jul 10, 22:13
Thet Oo: မင်္ဂလာပါ။ မငယ်နိုင်ဘလော့ဂ်ကို ဆက်လက်အားပေးနေပါ့မယ်။
14 Jul 10, 22:59
Nyo: တစ်နှစ်သက်တမ်းမှသည် နှစ်ပေါင်းများစွာ ကြာရှည်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက် ပါတယ်ရှင်၊၊ အမတို့ မိသားစု အမြဲသာယာ ပျော်ရွှင်ကြပါစေလို့ ၊၊
14 Jul 10, 23:19
အန်ကယ်နိုင်: မငယ်ရေ...အခါလည်သမီးကနေ ဖွားဖွားဘလော့ထိရေးနိုင်ပါစေ/

17 Jul 10, 02:23
aubergine: တစ်နှစ်ပြည့်မှသည် ရှေ့လျှောက် စိတ်ဓါတ်ရင့်ကျက်မှု ကို ပိုမိုတည်ဆောက်နိုင်ကာ အမိမြန်မာပြည်နှင့် လူထုအတွက် တကယ်အကျိုးဖြစ်ထွန်းမည့်အရာများကို ရင်တွင်းမှတကယ့်စေတနာအရင်းခံ၊ထောင်လွှား ကြွားဝါလိုခြင်းကင်းသည့်
17 Jul 10, 02:25
aubergine: တကယ့်စေတနာ အစစ်အမှန်တို့ ဖြင့်ဆ ထက်ထမ်းပိုး ဆက်လက်ဆောင်ရွက်နိုင်ပါစေ ဟု ဆုမွန်တောင်းပါသည်။

aubergine ရေ ကျွန်မရေးတဲ့စာတွေကို လာဖတ်တဲ့သူ မြောက်များစွာက အကျိုးရှိတဲ့အကြောင်း၊ မသိခဲ့တာတွေ သိရတဲ့အကြောင်း ဘလော့ဂ်ထဲမှာလည်း လူသိရှင်ကြား လာရေးထားတာ ရှိသလို ကျွန်မဆီကိုလည်း ပုဂ္ဂိုလ်ရေးအရ သီးသန့်ရေးတာတာတွေလည်း ရှိကြပါတယ်။ ရန်ကုန်သူ ဆိုတဲ့တယောက်ကလည်း မဟုတ်တာတွေ လုပ်ကြံပြီး ရေးထားတယ်လို့ လာရေးဖူးတယ်ဆိုတော့ aubergine နဲ့ လေသံတူတယ် ဘာတော်လဲမသိဘူး။ မိမိအတွက် အကျိုးမရှိလို့ မဖြစ်နိုင်ဘူး ကြွားတယ်ဝါတယ်၊ လိမ်တယ်ညာတယ် ထင်နေရင်လည်း လာမဖတ်ဘဲ နေတာကမှ ပိုပြီး အကုသိုလ် ကင်းမယ်ထင်တယ်။ aubergine တို့အတွက် ဘာမှ အကျိုးမရှိရင်တောင်မှ ရေးထားတာတွေက မဟုတ်တာ ရေးထားတာ တခုမှမရှိဘူး။ aubergine တို့က ပေါ့ပေါ့နေ ပေါ့ပေါ့စားနဲ့ ဘ၀ကို ဖြတ်သန်းလာသူ ဆိုရင်တော့ ကျွန်မတို့ ၁၀ ကျော်သက် ၂၀ ကျော်သက်က တကယ်ဖြတ်သန်းလာတဲ့ ကြမ်းတမ်းလှတဲ့ ဘ၀တွေက aubergine တို့အတွက် မယုံကြည်နိုင်လောက်အောင်ကို ထူးဆန်းအံ့ဖွယ် ဖြစ်နှေမှာ သေချာပါတယ်။ ဒါဟာ တကယ့်ဘ၀ဖြတ်သန်းမှုတွေပါ ဒါကိုသူများ ယုံဖို့မယုံဖို့ထက် ကိုယ့်ဘ၀ဖြတ်သန်းမှုကို ကိုယ်ရေးတာ မယုံလည်း လိုက်ဖြေရှင်းနေဖို့ ကျွန်မမှာ အချိန်မရှိပါဘူး။ ယုံချင်ယုံ မယုံချင်နေလို့ပဲ ပြန်ပြောစရာ ရှိပါတယ်။

ရွှင်လန်းချမ်းမြေ့စွာနဲ့ blog လောကထဲမှာ ဆက်လက် လျှောက်လှမ်းနိုင်ပါစေ။

ကောင်းကင်ကို

ကဗျာဆရာ ကောင်းကင်ကိုရေ တနှစ်မှာ တကြိမ်လာအားပေးလည်း ကျေးဇူးတင်ပါတယ်။ ဘလော့ဂ် တနှစ်ပြည့်ကို လာရောက် အသိအမှတ်ပြုသွားတာ ၀မ်းသာပါတယ်။ အစ်မကတော့ ကောင်းကင်ကို ဘလော့ဂ်ကို တခါတလေ ရောက်ဖြစ်ပေမဲ့ ကဗျာဆိုသိပ်ဖတ်လို့ နားမလည်တတ်လို့ ဘာမှ မရေးဖြစ်ခဲ့ဘူး။