မသက်တယေက် အိမ်ထောင်ပြုတော့မယ်လို့ ကြေညာလိုက်ပြီး နောက်ပိုင်း သူမင်္ဂလာဆောင်မယ်ဆိုတာ လူတိုင်း သိနေကြပေမယ့် သူတို့တပ်ရင်းက လူတွေကလွဲပြီး ဘယ်သူနဲ့ မင်္ဂလာဆောင်မယ်ဆိုတာ ဘယ်သူ့ကိုမှ ပေးမသိခဲ့ဘူး။ ကျွန်မတို့ကလည်း ပေးမသိလေ ပိုစိတ်ဝင်စားလေ ဖြစ်ပြီး ပိုပြီး မေးကြတယ်။ မသက်နဲ့ သိပ်ခင်မင် ရင်းနှီးတဲ့ ဗဟိုကော်မတီဝင်တွေကို အရင်စဉ်းစားကြည့်တယ်။ ဥက္ကဌ ဒေါက်တာ နိုင်အောင်ကတော့ မသက်လို ယောက်ျားရှာကို ဘယ်တော့မှ စဉ်းစဉ်းစားမှာမဟုတ်ဘူး ဆိုတာယုံတယ် လို့ မသက်ကို ကျွန်မတို့ လိုက်စပြီး ကျန်တဲ့ ဗဟိုကော်မတီဝင်တွေ အထဲက မသက်နဲ့ ပိုပြီးခင်မင်ရင်းနှီးသူတွေ နာမည်ကို တယောက်ပြီးတယောက် ခေါ်ပြီး ဘယ်သူနဲ့လဲဆိုတာ မသက်ကို မေးတယ်။ မသက်က ”ညည်းတို့ ထင်ရာတွေပဲ လျှောက်ပြောမနေနဲ့ ငါကလည်း ဥက္ကဌက စပြီး ညည်းတို့ ဗဟိုကတွေကို ယူမှာလည်းမဟုတ်ဘူး ငါယူမှာ ဗဟိုကော်မီတီဝင် တယောက်မှ မဟုတ်ဘူး ငါတို့တပ်ရင်း (၆၀၁) ရဲဘော်ထဲက” ဆိုပြီး ပြောလိုက်တော့ ၆၀၁ ကနေ ဗဟိုမှာ တာဝန်ကျနေတဲ့ ရဲဘော်တွေထဲက နာမည်ကို မေးပြန်တယ်။
မသက်က တခါ သူ့အမျိုးသားက ဗဟိုမှာ တာဝန်ကျနေတဲ့အထဲက တယောက်မှ မဟုတ်ဘူး တပ်ရင်းက ဖြစ်တယ် ဆိုပြန်တော့ အဲဒီအချိန်က ၉၄ ခုနှစ် သင်္ကြန်ပွဲတော်ကို ဗဟိုမှာ စည်စည်ကားကား ကျင်းပတော့ ပွဲတော်ကာလ ၆၀၁ က ရံပုံငွေအတွက် ဈေးလာရောင်းတဲ့ ဆိုင်မှာ လုပ်အားလာပေးတဲ့ ၆၀၁ က လူလွတ် ရဲဘော်တွေကို တယောက်မကျန် ကျွန်မတို့ လိုက်ကြည့်ပြီး မသက်အမျိုးသား ဘယ်သူနိုင်ဖြစ်မလဲ ဆိုတာကို ခန့်မှန်းကြတယ်။ ၆၀၁ ရဲဘော်တွေကတော့ မသက်နှုတ်ပိတ်ထားတာ ညီညီညွတ်ညွတ်ကို နှုတ်လုံကြပါတယ်၊ နော်မန်အပါအ၀င် ၆၀၁ က ဗဟိုမှာ တာဝန်ကျနေတဲ့ ကျွန်မတို့နဲ့ သိကျွမ်းပြီးသား ရဲဘော်တွေကို မေးတာ တယောက်မှ မပြောပြကြလို့ မသက်တကယ် မင်္ဂလာဆောင်မှပဲ မသက်အမျိုးသား ကိုကျော်ဇေထွန်းကို ကျွန်မတို့ သိခဲ့ရတယ်။
ကျွန်မတို့ ခန့်မှန်းတာ တယောက်မှ မမှန်ခဲ့ဘူး။ မသက်က ”ငါက ညည်းတို့ စိတ်ဝင်စားအောင် လုပ်တာမဟုတ်ဘူး ပြောပြလည်း ညည်းတို့ သိမှာမဟုတ်လို့ မပြောတာ” လို့ပြောခဲ့တာ မှန်ပါတယ်။ ကိုကျော်ဇေထွန်းက ရှေ့တန်းမှာပဲ နေများပြီး ပြန်ရောက်လာတာနဲ့ မင်္ဂလာဆောင်တော့ သူ့ကို ကျွန်မတို့ ဗဟိုက တယောက်မှ မသိပါဘူး။ မသက် မင်္ဂလာဆောင်ပြီး နောက်ပိုင်း အိမ်ထောင်သည် ဖြစ်သွားတော့ ဗဟိုတဘက်ကမ်း သံလွင်မြစ်ရဲ့ ထိုင်းဘက်ကမ်းမှာ ရှိတဲ့ ABSDF အိမ်ထောင်သည် မိသားစုတွေ နေထိုင်ရာ ရောင်နီဦးစခန်းမှာ အိမ်ဆောက်ပြီး ပြောင်းနေရလို့ ကျွန်မတို့ အဆာင်မှာ တာဝန်အရှိဆုံးက မဆူးပွင့်ဖြစ်လာခဲ့တယ်။
ဒီနောက်ပိုင်းမှာတော့ KNU ဗဟိုဌာချုပ် မာနယ်ပလောကို ရန်သူထိုးစစ်ဆင်ပြီး မာနယ်ပလော စပြီးအခြေအနေ မကောင်းဖြစ်တာနဲ့ ဒီဒေသတ၀ိုက်ကို အခြေခံပြီး တည်ဆောက်ထားတဲ့ ကျွန်မတို့ ABSDF ဗဟိုဌာနချုပ်နဲ့ ဗဟိုပတ်ဝန်းကျင်မှာ ရှိတဲ့ တပ်ရင်းတွေ အားလုံးလည်း ထိုင်းဘက်ကမ်းမှာ ရှိတဲ့ မိသားစုစခန်း ရောင်နီဦးကို ပြောင်းနေခဲ့ရတယ်။ စစ်ဘေးဒုက္ခက ပထမနေရာ ရောက်လာတော့ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားသူတွေ ရည်ရွယ်ချက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရပြန်တယ်။
ရောင်နီဦးမှာ ရောက်နေစဉ် KNU အဖွဲ့မှာ နောင်တချိန်မှာ DKBA ဖြစ်လာမည့် ဗုဒ္ဓဘာသာဝင်တွေ KNU က ခွဲထွက်ပြီး သံလွင်မြစ်နဲ့ သောင်ရင်းမြစ်ဆုံရာ မြစ်ဆုံမှာ နေရာယူထားခဲ့တယ်။ ကျောင်းသားဗဟို ဒေါင်းဂွင်က သံလွင်မြစ်နံဘေးမှာ ရှိတော့ သောင်ရင်းမြစ်နံဘေးမှာ ရှိတဲ့ မာနယ်ပလောကို သွားရင် မြစ်ဆုံကို ဖြတ်ပြီးမှ သွားလို့ရပါတယ်။ သွားရင်းနဲ့ ကျွန်မတို့ အဖွဲ့အစည်းက ခေါင်းဆောင်တွေက သူတို့အချင်းချင်း ပြေလည်အောင် ကြားဝင်စေ့စပ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရတယ်။ သို့သော်လည်း မအောင်မြင်ခဲ့ပဲ အခြေအနေ ပိုတင်းမာလာချိန်မှာ အဲဒီအချိန်က ABSDF အတွင်းရေးမှူး ဖြစ်သူ အခု ဒုဥက္ကဌ ဦးမျိုးဝင်းက ရောင်နီဦးမှာ ခိုလှုံနေတဲ့ ကျွန်မတို့ တပ်ဖွဲ့ဝင်တွေ အားလုံးကို အစည်းအဝေးခေါ်ပြီး စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။
သူရှင်းပြတာက ဗုဒ္ဓဘာသာ ခွဲထွက်အဖွဲ့တွေနဲ့ KNU အကြား ကျွန်မတို့ အဖွဲ့အစည်းက အတတ်နိုင်ဆုံး ပြေလည်အောင် ညှိနှိုင်းပေးခဲ့ပါတယ်။ ဒါပေမယ့် မရပဲ အဲဒီဗုဒ္ဓဘာသာ အဖွဲ့တွေမှာ ရန်သူနဲ့ ပူးပေါင်းနိုင်တဲ့ မသင်္ကာစရာ အရိပ်ယောင်တွေ ရှိနေကြောင်း၊ အဲဒီလို တကယ် ပူးပေါင်းသွားမယ်ဆိုရင် မာနယ်ပလောကို ဘယ်လိုမှ ထိန်းနိုင်တဲ့ အလားအလာမရှိပဲ လက်လွတ်ရမှာ ဖြစ်သလို အဲဒီရဲ့ အဆွယ်အပွားဖြစ်တဲ့ အခု ကျွန်မတို့ ကျောင်းသားတပ်တွေ နေရာယူထားတဲ့ ဒေါင်းဂွင်အနီး ၀ါဘိုကြိုး တောင်ကုန်းကိုလည်း လက်လွတ်ရမည် ဖြစ်ကြောင်း ရှင်းပြပါတယ်။
ဝါဘိုကြိုးကုန်းကိုသာ ရန်သူရသွားရင် အခုကျွန်မတို့ ပုန်းနေတဲ့ ရောင်နီဦးစခန်းဆိုတာ လက်နက်ကြီးနဲ့ လှမ်းပစ်ရင် ဘယ်နှစ်လုံးစာမှ မရှိတဲ့အတွက် လုံခြုံမှု လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ တောင်ကုန်းကို ကျွန်မတို့ တပ်တွေ တောင့်ခံထားတဲ့အချိန်မှာ မြစ်ဆုံနဲ့ ကျွန်မတို့ ဗဟိုအကြားမှာရှိတဲ့ သော်လဲထခေါ် ကုန်သည်ရွာကနေ ရိက္ခာတွေ အလုံအလောက် သယ်ထားပြီး ဒီရောင်နီဦးစခန်းကနေ အတွင်းဘက် ထိုင်းနိုင်ငံသွားတဲ့ ကားလမ်းနဲ့ နီးရာနေရာကို တဖြည်းဖြည်းချင်း ရွှေ့မယ်၊ ပြီးလျင် ဖြစ်လာတဲ့ အခြေအနေအပေါ် မူတည်ပြီး စခန်းအသစ်ချဖို့ နေရာသစ်ကို ကရင်နဲ့ဆွေးနွေးပြီး လုံခြုံစိတ်ချရတဲ့ နေရာတခုကို မရောက်ခင်အထိ စားဖို့ ရိက္ခာသိုထားဖို့လိုတယ်လို့ ရှင်းပြပါတယ်။ စစ်အေးသွားရင်တော့ ဗဟိုမှာ ပြန်သွားနေရမယ်လို့ ထင်နေတဲ့ ကျွန်မတို့က အဲဒီတော့မှ ဒေါင်းဂွင်ကနေ တကယ်ပဲ ရွှေ့ရတော့မယ်ဆိုတာ သဘောပေါက်တော့တယ်။ နောက်ပိုင်း ဗုဒ္ဓဘာသာအဖွဲ့တွေ ရန်သူနဲ့ ပူးပေါင်းလိုက်တဲ့အချိန်မှာ မာနယ်ပလောနဲ့ သော်လဲထဈေးကိုသွားဖို့ ရေလမ်းကို လုံးဝသုံးလို့မရတော့ပဲ ဖြစ်သွားပါတယ်။
ရောင်နီဦးမှာ ရောက်နေတဲ့ ကျွန်မတို့အဖွဲ့တွေဟာ ရောင်နီဦးကနေ အတွင်းဘက် ထိုင်းထဲကို တောလမ်းအတိုင်း လျှောက်လို့ လေးငါးမိုင်ခန့် ဝေးတဲ့နေရာရောက်ရင် တခါ ယာယီတဲတွေနဲ့ ရိက္ခာဂိုဒေါင်တွေ အရင်သွားဆောက်ပြီး နေဖို့ အဆင်သင့်ဖြစ်ရင် လူတွေလိုက်ရွှေ့ပါတယ်။ Burma Diary ကြည့်ဖူးသူတွေကတော့ ကျွန်မတို့ လမ်းခရီးတလျှောက် တဲထိုးပြီး နေလာခဲ့၊ ရွှေ့လာခဲ့တဲ့ပုံ တစိတ်တဒေသကို သိရှိနိုင်ပါတယ်။ ဒီနည်းအတိုင်း သုံးဆင့်အထိ ရွှေ့ပြီးနောက်ပိုင်း တောင်ခြေတခုကို ကျွန်မတို့ ရောက်လာခဲ့တယ်။ အဖွဲ့စည်းက စခန်းချစရာ နေရာထိုင်ခင်း ရှာမတွေ့ခင်အထိ အဲဒီနေရာမှာ ကျွန်မတို့ အခိုက်အတန့် ကြာခဲ့ပါတယ်။
ဒီနေရာက မထွက်ခွာခင် အဲဒီအချိန်က ABSDF ရဲ့ အတွင်းရေးမှူး (၁) ဖြစ်သူ ဦးအောင်ထူး (ယခု Burma lawyer Council) က ဗဟိုကော်မီတီ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ တာဝန်ပေးချက်အရ တပ်ဖွဲ့ဝင်တွေ အားလုံးကို ခေါ်ပြီး အဖွဲ့အစည်းရဲ့ ပကတိ အခြေအနေကို ရှင်းပြခဲ့ပါတယ်။ စစ်ရေးလှုပ်ရှားနိုင်တဲ့ အခြေအနေက လုံးဝ အကန့်အသတ် ဖြစ်နေတဲ့အကြောင်း၊ ရဲဘော်တွေအနေနဲ့ ပကတိ အခြေအနေကို သိပြီးရင် မိမိရှေ့ဆက် တော်လှန်ရေးခရီးအတွက် ကြိုက်သလို ဆုံးဖြတ်နိုင်ပြီး ဆုံးဖြတ်တဲ့အတိုင်း အဖွဲ့အစည်းက အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အဖွဲ့အစည်းအတွင်း ဆက်လက် ကျန်ရှိနေတဲ့ အဖွဲ့ဝင်တွေကိုကျတော့ တပ်တွေကို ကျစ်လစ်သိပ်သည်းအောင် ပြန်လည်ဖွဲ့စည်းမယ်ဆိုတဲ့ အကြောင်းကို ရှင်းပြပါတယ်။
ဒါပေမယ့် အဲဒီအချိန်က အဖွဲ့အစည်းက ထွက်ဖို့ ဘယ်သူမှ မဆုံးဖြတ်ခဲ့ပါဘူး။ ဒီအချိန်မှာ န၀တနဲ့ စေ့စပ်ထားတဲ့ KNPP (ကရင်နီ) က စေ့စပ်ရေး ပျက်ပြီးခါစဖြစ်ပြီး ABSDF ဗဟိုကို ကရင်နီနယ်မြေမှာ စခန်းချခွင့်ပေးဖို့ ဆွေးနွေးတာ အောင်မြင်ခဲ့ပါတယ်။ တပ်ရင်း ၆၀၁ နဲ့ ၂၁၀ က ကရင်နီနယ်မြေမှာ ရှိနေတဲ့ တပ်ရင်း ၈၀၁၊ ၃၀၃ နဲ့ပေါင်းပြီး နောင်တချိန်မှာ တပ်ရင်း ၄ အဖြစ်ဖွဲ့ဖို့ ဗဟိုနဲ့အတူ ကရင်နီကို သွားရမှာ ဖြစ်ပြီး တပ်ရင်း ၂၁၂၊ ၂၁၆၊ ၂၀၉၊ ၂၀၄/၂၀၅ တွေကိုကျတော့ ဒီအနီးနားက ကရင်နယ်မြေ တခုခုမှာပဲ စခန်းချမှာဖြစ်ပြီး တပ်ကို တပ်ရင်း ၃ အဖြစ်ဖွဲ့စည်းဖို့ ရှိကြောင်းသိခဲ့ရတယ်။ ဒီတောင်ကို ကျော်ပြီး ဟိုဘက် တောင်ခြေရင်းရောက်လို့ အနည်းငယ် ဆက်လျှောက်လျင်တော့ ထိုင်းနိုင်ငံ မဲစရီးယန်းမြို့နဲ့ နယ်စပ် ထိုင်းရွာတွေကို သွားတဲ့ ကားလမ်းမကို ရောက်ပါတယ်။
ဗဟိုကနေ တောက်ရှောက် တဖြည်းဖြည်းချင်း အတူတူ ရွှေ့လာခဲ့ရာကနေ တောင်ကိုကျော်ပြီး ကားလမ်းမကို ရောက်တဲ့အခါမှာတော့ ကရင်နယ်မြေနဲ့ ကရင်နီနယ်မြေ သွားမည့်သူတွေ အသီးသီး လမ်းခွဲခဲ့ကြပါတယ်။ ဒီလိုနဲ့ ၉၅ ခုနှစ် သင်္ကြန်အတွင်းမှာ ကျွန်မတို့ ဗဟိုအဖွဲ့နဲ့ ပါလာတဲ့ တပ်ဖွဲ့ဝင်တွေ မိသားစုတွေအားလုံး ကရင်နီနယ်မြေကို ရောက်လာခဲ့ပါတယ်။ ကျွန်မအတွက်တော့ ပြည်တွင်းကအခေါ် ကယားပြည်နယ်ခေါ် ကရင်နီပြည်နယ်ကို ပထမဦးဆုံး ရောက်ဖူးခြင်းဖြစ်ပါတယ်။ အိမ်ထောင်ပြုဖို့ အစီစဉ်ရှိသူတွေလည်း စစ်ပူတဲ့ကိစ္စနဲ့ ရပ်တန့်နေရပါတယ်။

နိဂုံးပိုင်းကို ဆက်လက်ဖေါ်ပြပါမည်။
1 comments:
အစ်မရေ ဖြစ်စဉ်လေးတွေကို ရေးပြေပေးတာ စိတ်ဝင်စားစရာပါပဲ
Post a Comment