မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

တော်လှန်ရေးနှင့် အိမ်ထောင်ရေး (၂)

လူတိုင်းလူတိုင်းက ဘယ်သူမဆို ကိုယ်ထင်တာ မှန်တယ် ထင်ကြတာချည်းပါပဲ။ အထူးသဖြင့် ကျွန်မတို့ မြန်မာလူမျိုး အများစုဟာ (Self awareness) လို့ခေါ်တဲ့ မိမိကိုယ်ကိုယ် မိမိပြန်လည်ဆန်းစစ်တဲ့ အလေ့အထကို မိရိုးဖလာအရ မရှိသလို ပညာသင်ကြားတဲ့အချိန် ကျောင်းတွေ၊ တက္ကသိုလ်တွေမှာလည်း အကြောင်းအရာ တခုကို အဘက်ဘက်က အပြန်အလှန် ဆွေးနွေးတဲ့ လေ့အကျင့် မရှိတော့ ကိုယ်နဲ့ မတူတာကို မှားတယ်လို့ ယူဆပြီး အငြိုးထားတဲ့ နေရာမှာ တခြားလူမျိုးတွေထက် ပိုဆိုးသွားတယ် ထင်တယ်။

 မရင်မြတ်နဲ့ ကျွန်မတို့ စကားဝိုင်းက အစည်းအဝေးလို့သာ ပြောတယ် အစည်းအဝေးနဲ့ မတူပဲ စကားနာထိုးသလိုမျိုး ဖြစ်လာခဲ့ပြီး ကျွန်မတို့ ပြောလိုက်တဲ့ စကားတခွန်းစီက သူ့အတွက် ပုဆိန်နဲ့ အပေါက်ခံရသလို မခံမရပ်နိုင် ဖြစ်စေခဲ့တယ်။ နောက်ဆုံးတော့ သူကလည်း အရွဲ့တိုက်ပြီး ပြောတာတွေ ပါလာပြီး သူ့ဆုံးဖြတ်ချက်ကို မပြင်ဘူးလို့ ပြောတော့ အဆောင်မှာ ငိုတဲ့သူက ငိုခဲ့တယ်။ သူကတော့ “ငါ့ကိုပြောထားတဲ့သူတွေကို ငါတသက်မမေ့ဘူး နင်တို့ခလှည့်ကျမှ ငါကောင်းကောင်းကို စောင့်ကြည့်ဦးမယ်” လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့ ဖြစ်စေချင်တာ တခုမှ မဖြစ်လာခဲ့ပဲ နောက်ဆုံးတော့ မရင်မြတ်နဲ့ သူ့ချစ်သူ မင်္ဂလာဆောင်ဖြစ်သွားတယ်။

မရင်မြတ် အမျိုးသားက ကျွန်မတို့ တပ်ရင်းကို ဟိုဘက်တပ်ရင်း ၂၀၃ ကနေ တပ်ရင်း ပြောင်းလာသူဖြစ်တော့ သူမင်္ဂလာဆောင်ပြီး နောက်ပိုင်း ၂၀၃ အဖွဲ့တွေက “၂၀၁ က ရဲမေတွေ ကြီးကျယ်လွန်းလို့ တို့တပ်ရင်းက သွားပြီး ခေါင်ကို စဖြိုပေးလိုက်ပြီ” ဆိုပြီး မကြားတကြား လိုက်စတာတွေ ရှိလာတယ်။ ဒါကို ကျွန်မတို့ တော်တော်လေး ခံရခက်ခဲ့တယ်။ အိမ်ထောင်ပြုတာတောင်မှ ကိုယ့်တပ်ရင်းမှာ နဂိုကတည်းက ရှိနေတဲ့ ရဲဘော်ထဲက တယောက်ယောက်နဲ့ ဆိုရင် တော်သေးတယ် အခုတော့ သူများတပ်ရင်းက ပြောင်းလာတဲ့သူကိုမှ သွားယူတော့ သူ့ကြောင့် သူများတပ်ရင်းက လှောင်ပြောင်တာခံရတာ တပ်ရင်းလည်း သိက္ခာကျတယ်ဆိုပြီး သူ့ကို မကျေနပ်တဲ့စိတ်က ကျွန်မတို့မှာ အရင်ကထက်တောင် ပိုများလာခဲ့တယ်။

 ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားနဲ့ ယူလို့ နအဖ မကြိုက်တာက ကျွန်မတို့က မရင်မြတ် တခြားတပ်ရင်းက လာတဲ့သူနဲ့ ယူလို့ မကြိုက်တာနဲ့ စာရင် နည်းတောင်နည်းသေးတယ် ထင်ရတယ်။ သူကလည်း အိမ်ထောင်ကျပြီး အေးအေးဆေးဆေး မနေပဲ ရည်းစားရှိတဲ့ အဆောင်က မိန်းကလေးတွေကို နင်တို့ကော ဘယ်တော့ စားရမလဲနဲ့ လိုက်လိုက်စတတ်တော့ ဒီမိန်းမဟာ သူဖါသာသူ ယောက်ျားယူပြီး အေးအေးမနေပဲ အငယ်တွေကို သူ့လိုဇာတ်ခင်းအောင် လိုက်မြူဆွယ်နေပြန်ပြီ ဆိုပြီး ကျွန်မတို့ သူ့ကို အတော် အမြင်ကပ်ခဲ့တယ်။

သူမင်္ဂလာဆောင်ပြီး မိန်းကလေးတွေအတွက် ထောက်ပံ့ရေးက ပေးတဲ့ အမျိုးသမီး အသုံးဆောင်ပစ္စည်းတွေ ပထမဦးအကြိမ် ရတဲ့အခါမှာ ကျွန်မတို့ သူ့ကို မပေးခဲ့ပဲ မရင်မြတ်က အဆောင်နဲ့ မဆိုင်တော့လို့ သူနဲ့အဆောင်အတွက်ပေးတဲ့ ပစ္စည်းဘာမှ မဆိုင်တော့ဘူးလို့ ကျွန်မတို့ အားလုံးက ယူဆတယ်။ ပြီးတော့ သူက အိမ်ထောင်သည် ဖြစ်သွားပြီဆိုတော့ ဒါတွေ သူ့အတွက် မလိုအပ်တော့ဘူးလို့ ယူဆတယ်။ ဒါကြောင့် အားလုံးသဘောနဲ့ အဆောင်မှာ ရှိတဲ့ လူဦးရေအတိုင်းပဲ ခွဲဝေယူလိုက်တာ ဖြစ်ပြီး ပိုနေတာကိုလည်း မဲလိပ်ကျတဲ့သူယူ ဆိုပြီးမဲလိပ်ဆွဲပြီး ခွဲဝေလိုက်ပါတယ်။


 ပစ္စည်းဝေပြီး နှစ်ရက်ကြာတော့ ကျွန်မတို့ မိန်းကလေးတွေ အများစု ရှိရာ ဆေးရုံကို မရင်မြတ် တယောက် ရောက်လာပြီး “တနေ့ကနဲ့ ဒီနေ့ တာဝန်မှူးဘယ်သူ့ အလှည့်ကျလဲ” လို့ လာမေးနေတော့တာနဲ့ ကျွန်မတို့က ပစ္စည်းဝေတဲ့ကိစ္စ ခွဲတမ်းလာတောင်းတယ် ဆိုတာ သိလိုက်တယ်။ ဒါနဲ့ “ကျွန်မက တနေ့က တာဝန်မှူးကတော့ ကျွန်မပဲ ဒီနေ့ တာဝန်မှူးက ဆေးတပ်ဆွယ်ကတော့ တယောက်မှ မဟုတ်ဘူး ဆက်သွယ်ရေး တပ်ဆွယ်က မီးခိုင် ဒါမှမဟုတ် မီးချာ ဖြစ်မယ်ထင်တယ် ဘာဖြစ်လို့လဲ မရင်မြတ်” လို့ သူဘာဖြစ်လို့ မေးတယ် ဆိုတာ မသိချင်ယောင်ဆောင်ပြီး မေးလိုက်တယ်။ 

 သူက “ငါ့ခွဲတမ်း လာယူတာ နင်တို့ တနေ့က ပစ္စည်း ဝေတာ ငါ့ကိုလည်း အကြောင်းမကြားဘူး နင်တာဝန်မှူးဆိုရင် နင့်မှာ အကြောင်းကြားဖို့ တာဝန်ရှိတာပေါ့” လို့ ပြောတယ်။ ကျွန်မကလည်း ”ဘာဆိုင်လို့လဲ မရင်မြတ်က အဆောင်ကမှ မဟုတ်တော့တာ မရင်မြတ်ခွဲတမ်းက အဆောင်မှာ ဘယ်လိုလုပ် ရှိနိုင်မလဲ” လို့ ဘယ်သူ့ကိုပဲ မေးမေး ဒီလိုပဲ ဖြေဖို့ အဆောင်မှာ ညှိထားတဲ့အတိုင်း ပြန်ပြောလိုက်တယ်။ ဒါနဲ့ သူက ချက်ချင်းပဲ “ငါအခုပဲ ထောက်ပံ့ရေးက ပြန်လာတာ မိန်းကလေးတွေ အကုန်လုံးအတွက် ပစ္စည်း အဆောင်ကို ပေးလိုက်တယ်လို့ ထောက်ပံ့ရေးက ငါ့ကို ပြောလိုက်တယ်” လို့ သူက ပြန်ပြောတယ်။ 

ဒါနဲ့ ကျွန်မက “အဲဒါတော့ ကျွန်မ မသိဘူး အားလုံးက အဆောင်အတွက် ပေးတဲ့ပစ္စည်း အဆောင်မှာရှိတဲ့သူတွေ အတွက်ပဲလို့ နားလည်ထားတယ် ပစ္စည်းတွေ ပေးလိုက်တုန်းကလည်း မရင်မြတ်အတွက် ပါတယ်လို့ မပြောလိုက်ဘူး၊ အခုမှ ပါတယ်လို့ သိရရင်လည်း ခွဲဝေလိုက်ပြီမို့ ဘာမှလုပ်လို့ မရတော့ဘူး၊ နောက်တခါမှ မရင်မြတ်အတွက်ပေးတဲ့ ပစ္စည်း အဆောင်ကို မပေးလိုက်ပါနဲ့လို့ ထောက်ပံ့ရေးကို အခုကတည်းက ကြိုပြောထားလိုက်ပါ၊ မရင်မြတ်က အဆောင်ကမှ မဟုတ်တော့ပဲ” လို့ ပြောပြီး သူ့ခွဲတမ်းကို ကျွန်မတို့ မပေးပဲ ထားခဲ့တယ်။ သူလည်း သူ့အခွင့်အရေးကို ကျွန်မတို့ ချိုးဖေါက်တယ်ဆိုပြီး မကျေမနပ်နဲ့ သူ့ခွဲတမ်းကို မရလိုက်ပဲ လက်လျှော့လိုက်ရတယ်။

နောက်ပိုင်းတော့ ကျွန်မက တပ်ရင်းမှာ နေတဲ့အချိန်ထက် ရှေ့တန်းဆင်းနေတဲ့အချိန်က ပိုများလာတယ်။ ရှေ့တန်းနဲ့ တပ်ရင်းကြား သွားရေးလာရေး အခြေမအနေက နွေဘက်မှာ လွယ်လွယ်ကူကူ ဖြတ်သန်းသွားလာလို့ရတဲ့ စမ်းချောင်းတွေမှာ မိုးရာသီဆို တောင်ကျရေတွေပြည့်ပြီး ရေစီးသန်လို့ ရှေ့တန်းနဲ့ တပ်ရင်းအကြား ခရီးသွားလာဖို့ အင်မတန် အခက်အခဲ ရှိပါတယ်။ ဒါကြောင့်မို့ တိုက်ပွဲမှာ ဒါဏ်ရာ အပြင်းအထန် ရပြီး မဖြစ်မနေ ဆေးရုံတင် ပို့ဖို့လိုအပ်မှသာ ဆင်ငှားပြီး လူနာတယောက်နဲ့ ဆေးမှူးတယောက်ကို တပ်ရင်းပို့တာကလွဲပြီး ကျွန်မတို့တပ်တွေ မိုးရာသီမှာ ရှေ့တန်းနဲ့ တပ်ရင်းကြား ခရီးသွားလာမှု သိပ်နည်းပါတယ်။


 ဒီလို လမ်းခရီး အခက်အခဲတွေကြောင့် ကျွန်မက ရှေတန်းကို ရောက်ပြီးတိုင်း တပ်ရင်းကို တော်တော်နဲ့ ပြန်မရောက်ဖြစ်ပဲ ရှေ့တန်းမှာပဲ အချိန်ပိုကုန်တာ ဖြစ်တယ်။ မရင်မြတ်အကြောင်းကို ပြန်ဆက်ရရင် ကျွန်မက ရှေ့တန်းကနေပြီး တပ်ရင်းမှာ ကျန်နေတဲ့ တခြားရဲမေတွေနဲ့ စာရေးအဆက်အသွယ် ရှိခဲ့ပေမယ့် မရင်မြတ်နဲ့ကျတော့ ဘာအဆက်အသွယ်မှ မရှိပဲ တကယ်ကို တစိမ်းတွေလို ဖြစ်သွားတယ်။ ဒါပေမယ့် ကျန်နေခဲ့တဲ့ ရဲမေတွေနဲ့ မရင်မြတ်ကြား ဘာပြဿနာမှ မရှိတော့ပဲ ရဲမေတွေထဲကလည်း တဖြည်းဖြည်းနဲ့ အိမ်ထောင်ပြုကြတာ ကျွန်မ ရှေ့တန်းကနေ ကြားသိရပါတယ်။

တော်လှန်ရေးဟာ နှစ်ကြာလာတော့တာနှင့်အမျှ အိမ်ထောင်ပြုတာနဲ့ ပတ်သက်ပြီး မကောင်းမြင်တဲ့ အစွဲအလမ်းကလည်း ကျွန်မတို့မှာ တဖြည်းဖြည်းနဲ့ လျှော့ပါးလာပြီး လူကြုံရှိရင် မင်္ဂလာဆောင်တဲ့ ရဲမေတွေအတွက် လက်ဖွဲ့ပစ္စည်းတွေတောင် ရှေ့တန်းကနေ ကျွန်မတို့ ၀ယ်ပို့ပေးခဲ့ပါတယ်။ အိမ်ထောင်ပြုသူတွေ ရှိသလို အသစ်ဝင်လာသူတွေလည်း ရှိကြတော့ အဆောင်ဖွဲ့စည်းပုံ ပျက်မသွားခဲ့ပေမယ့် အိမ်ထောင်သည်နဲ့ အပျိုတွေကြားမှာတော့ အရင်ကလို တင်းတင်းမာမာ မရှိတော့ပဲ နားလည်မှုတွေ ရှိလာခဲ့ပါတယ်။ 


ကျွန်မ ရှေ့တန်းက ပြန်ရောက်လာပြီး မကြာခင်မှာပဲ ၉၃ ခုနှစ်ကုန်ခါနီးမှာ ဗဟိုကို လာလိုက်ရတော့ မရင်မြတ်နဲ့ ကျွန်မကြားမှာတော့ နားလည်မှု ပြန်တည်ဆောက်ဖို့ အချိန်လုံးဝ မရလိုက်ပါဘူး။ ဗဟိုရောက်တော့လည်း ဗဟိုက အမျိုးသမီးအဆောင်မှာ ကျွန်မတို့ တပ်ရင်းလောက် လူဦးရေမများပေမယ့် သင်တန်းလာတက်သူတွေ၊ ဗဟိုဌာနဆိုင်ရာ အသီးသီးမှာ တာဝန်ကျသူတွေနဲ့ တပ်ရင်းအသီးသီးက ရဲမေတွေ စုပေါင်းနေကြတာ ပျော်စရာတော့ အကောင်းသား။ ကျွန်မတို့ တပ်ရင်းမှာလို တနေ့ တယောက် အလှည့်ကျတာဝန်မှူးဆိုပြီး ယူတာမျိုးမဟုတ်ပဲ အမျိုးသမီးထဲက တဦးတည်းသော ဗဟိုကော်မတီဝင်လည်းဖြစ်၊ အမျိုးသမီးတွေ အထဲမှာလည်း ပညာအတတ်ဆုံးနဲ့ အသက်အကြီးဆုံး ဖြစ်တဲ့ တပ်ရင်း (၆၀၁) က မသက်သက်လွင် (ခေါ်) မသက် (ကွယ်လွန်) က အဆောင်မှူးအဖြစ်နှင့်၊ ပြန်ကြားရေးမှာ ဒေါင်းအိုးဝေ အယ်ဒီတာအဖြစ် တာဝန်ယူနေတဲ့ တပ်ရင်း (၃၀၃) က မဆူးပွင့် (မိဆူးပွင့်) က ဒုအဆောင်မှူး အဖြစ် တာဝန်ယူပါတယ်။ သူတို့နှစ်ယောက်က တာဝန်တွေနဲ့ ခရီးမကြာခဏ ထွက်ရပေမယ့် သူတို့နှစ်ယောက်မှာ တယောက်တော့ ဗဟိုမှာ အမြဲရှိနေပြီး အဆောင်က လိုအပ်ချက်တွေကို ဗဟိုမှာ တင်ပြပေးပြီး ဖြည့်ဆည်းပေးတာတွေ လုပ်ပါတယ်။

သဘာဝတရားကို လွန်ဆန်လို့ မဖြစ်နိုင်တဲ့ သဘောကြောင့်ဖြစ်မယ် ထင်တယ် ကျွန်မတို့ ဗဟိုမှာ မဆူးပွင့် အပါအ၀င် ရဲမေအတော် များများကလည်း ၉၄ ခုနှစ်အတွင်း အတွဲတွေ ရှိလာကြတယ်။ အဲဒီအချိန်မှာ စစ်ရုံးနဲ့ ဗဟိုက ရဲဘော်တွေကြားမှာ မာလာဆောင်မှာတော့ မယ်တော်ကြီးတယေက် ရှိနေလို့ ကျန်တဲ့သူတွေ ဘာမှလုပ်လို့မရ ဖြစ်နေတယ်လို့ ပြောနေကြသလို အငယ်တွေကလည်း မသက်ကို အရှေ့ကနေ ကားယားကားယားနဲ့ ပိတ်နေတော့ အနောက်ကလူတွေ အရှေ့တက် ချင်ပေမယ့် တက်လို့မရ ဖြစ်နေပြီလို့ မကြားတကြား လိုက်စတာတွေ ရှိလာတယ်။ အဲဒီလို မဆူးပွင့်ကိုယ်တိုင်က စတဲ့တနေ့မှာ “လေးလုံ ညည်းငါ့ကို အထင်သေးတယ်ပေါ့ ဟုတ်လား.. ငါက အိမ်ထောင်ပြုဖို့ စဉ်းစားနေတာ ကြာပြီ.. ညည်းတို့ကို ငှဲ့နေလို့ အကောင်အထည်မဖေါ်တာ.. အခု ငါအိမ်ထောင်ပြုဖို့ ဆုံးဖြတ်ပြီ သက်သက်လွင် ယောက်ျားယူတော့မယ်” လို့ စကြေညာလိုက်တယ်။ 


မသက်က ယောကျားလို နေတတ်တော့ ကျွန်မတို့က အစတော့ သူ့လို ယောက်ျားရှာကို ဘယ်ယောက်ျားက ယူဖို့ စိတ်ဝင်စားမလဲ ဆိုပြီးတော့ အစပိုင်းမှာ မယုံခဲ့ပေမယ့် သူအတည်ပြောနေမှန်းသိမှ ယုံသွားတယ်။ ဒါပေမယ့် ဘယ်သူနဲ့ဆိုတာကိုတော့ သူကလည်း ကျွန်မတို့ကို မပြောပြပဲ မေးတော့ “ငါမင်္ဂလာဆောင်ရင် ညည်းတို့သိရမှာပေါ့” လို့ပဲ ပြောတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့လည်း ငါတို့အစ်မကြီးတော့ ယောက်ျားရှာ လိုနေတဲ့ဘ၀က လွတ်ပြီဆိုပြီး အားလုံးက ပျော်ကြတယ်။ မသက်ကို ကျွတ်အောင် ချွတ်နိုင်သူဟာ ဘယ်သူဖြစ်မလဲဆိုတာကို အားလုံးက ၀ိုင်းပြီး စိတ်ဝင်စားကြတယ်။ 

 ဥက္ကဌ ဒေါက်တာနိုင်အောင် ကိုယ်တိုင်နဲ့ ဗဟိုနဲ့ စစ်ရုံးမှာ ရှိတဲ့တပ်ဖွဲ့ဝင်တွေကလည်း မသက် မင်္ဂလာဆောင်တော့မယ်လို့ ကြေညာလိုက်တော့ ကျားသွားမိုးကြိုး ပါပဲလား မယ်တော်ကြီးတော့ လူစိတ်ဝင်စားအောင် ဘာတွေ ထွင်ပြန်ပြီလဲမသိဘူး လို့ပြောကြတယ် (ဗဟိုမှာ မသက်ထက် အငယ်တဲ့သူ တချို့ မသက်ကို မယ်တော်ကြီးလို့ခေါ်တယ်)။ တပ်ရင်းမှာ မရင်မြတ် မင်္ဂလာဆောင်တုန်းကနဲ့ ကွာတာကတော့ မသက် မင်္ဂလာဆောင်တော့မယ်ဆိုတာ ကြားရတော့ ကျွန်မတို့ ဗဟိုနဲ့ စစ်ရုံးမှာ ရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ကျွန်မတို့ အဆောင်ကတွေ အားလုံး ပျော်ကြတယ်။ သူတို့နှစ်ယောက်စလုံး မင်္ဂလာဆောင်တဲ့အချိန်မှာ ကျွန်မ ကိုယ်တိုင်ကတော့ အိမ်ထောင်ပြုဖို့ အစီစဉ်ကို လုံးဝခေါင်းထဲမှာ မရှိသေးပေမယ့် မသက်နဲ့ မရင်မြတ်နှစ်ယောက်ကို တုန့်ပြန်တာ မတူခဲ့တာကိုတော့ ဘာကြောင့်ဆိုတာ ကျွန်မ တခါမှ အဖြေမရှာခဲ့ဖူးပါဘူး။

အပိုင်း (၁)
(အပိုင်း - ၃)
(အပိုင်း - ၄)

ကြိုက်ရာကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။


18 comments:

စောင့်ဖတ်နေပါတယ်။
တုန့်ပြန်ပုံမတူတာက အသက်အရွယ်ကိုလိုက်ပြီး ကိုယ့်စိတ်ရင့်ကျက်မှုမတူတော့တာကြောင့်များလား.....။

စိတ်ဝင်တစားဖတ်သွားတယ်... ဆက်ရန်မျှော်နေမယ်...

သဘာဝတရားကို ဘယ်သူမှလွန်ဆန်လို့ မရနိုင်ဘူးထင်ပါတယ်...

တကယ်ကြီးကို ဆက်ဖတ်ချင်နေတယ် ညီမလေးငယ်နိုင်ရေ....

mie nge

အစ်မရေ... ဖတ်ရတာ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်.... ကိုယ်တိုင်ကလဲ အဲ့လို အမတို့အဲ့လို ရှေ့တန်းထွက်ခဲ့ရတဲ့ ရွာတွေမှာနေခဲ့ရတာဆိုတော့လေ....း) နောက်ပြီး သဘာဝ ဟာ သဘာဝပါနော်...း)

အားပေးနေမယ်
ဆက်ရေးပါနော်..။

စိတ်ဝင်စားဖို့ ကောင်းတယ်အစ်မ..။

အသက်အရွယ်ကြောင့် တုန့် ပြန်မှုတွေ ပြောင်းလဲလာတာလို့  ထင်တယ်၊
ဘာပဲပြောပြော အမဘက်က ကြည့်တော့လည်း မှန်တာပါပဲ၊
မရင်မြတ်ဘက်ကကြည့်တော့လည်း မှန်တာပါပဲ

ဖတ်ရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်ဗျာ။ကျေးဇူးပါ ဝေမျှ ပေးတဲ့ အတွက် ။ အကြံပေးမယ်ဗျာ ဘလောက်ကို နည်းနည်းလောက် ဝိတ်ချဲ့လိုက်ပါလား။ လိုအပ်တဲ့ နည်းပညာ အကူညီ လိုရင်ပြောပါခင်ဗျာ။ကျွန်တော်တို့ က အမြဲကူညီပေးနေပါတယ်။

ခင်မင်မှုဖြင့်

အားလုံးကို ပျော်စေချင်တဲ့

အပိုင်း ဆက်များကို ဆက်လက်ရှုစားသွားမှာပါ.. ဆက်ရေးပါနော်..အေဘီ ရဲ့ သမိုင်းဖြစ်လို့လဲ စိတ်အရမ်း ၀င်စားပါတယ် .... တင်ပြပေးတာလေဲ ကျေးဇူးနော်...

အပိုင်း ၂ ကို လာဖတ်ပါတယ်...
ကိုယ်တွေ့တွေကို မျှဝေတာမို့ စိတ်ဝင်စားစွာ၊ ကျေးဇူးတင်စွာနဲ့ သေသေချာချာ စောင့်ဖတ်နေပါတယ်...။
တုန့်ပြန်တာ မတူခဲ့တာက လူကို လေးစားတဲ့ စိတ်ချင်း မတူလို့ များလား...
တွေးသွားတယ်...

ဒီလို အကြောင်းအရာတွေကို ဝေမျှတာ ကျေးဇူးတင်တယ်။
မငယ်နိုင်လို မှတ်ချက်တွေ အလေးအနက်ရေးတတ်တဲ့လူ အတွေးအခေါ်တွေရှိတဲ့လူအဖို့ ဘလော့ဂ်ရေးသင့်တာ ကြာနေပါပြီ။
ဝမ်းပန်းတသာ ကြိုဆိုပါတယ်။

စိတ်တူ ကိုယ်တူ ဖြစ်နေတုန်း တယောက်က စဖောက်တော့
စိတ်မထိန်းနိုင်တာ နေမှာပါ.. နောက်တယောက်ကျတော့ ရိုးသွားပြီလေ..မီးချစ်တော့ အဲ့လို ထင်တာပဲး))

အင်းးးးး ဒီနေရာမှာ ပြောရမှာက စိတ်ပညာ သဘောအရ maturity (ရင့်ကျက်မှု) ပါ။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းပြေးရင် ပျက်စီးတယ် ထင်ပေမယ့် အသက်ကြီးလာတော့ ကိုယ်တိုင် မတက်ဖြစ်လဲ ပျက်စီးတယ် မထင်တော့ပါ။ ဆယ်တန်းမအောင်ခင် ငယ်ငယ်က ဆေးလိပ်သောက်တဲ့လူကို အထင်သေးမိတယ်။ အခုတော့လဲ ကိုယ်တိုင် မသောက်ပေမယ့် ဘယ်လိုမှ မခံစားရတော့ဘူး။ အနံ့မခံနိုင်တာတော့ ချွတ်ယွင်းချက် ပေါ့လေ.... :D အရက်လဲ ထိုနည်း၎င်း..... ပေါ့လေ... မရင်မြတ်ကို အတိုက်အခံလုပ်တော့ အတွေးအခေါ် မရင့်ကျက်မှုကြောင့် အဲ ... မာနနဲ့ အမြင်ကတ်ပုဒ်မကြောင့် လူကို ဆော်ချင်တာလဲ ပါချင်ပါမှာပေါ့လေ.... :D ဒါပေမယ့် မငယ်နိုင်ရဲ့ သိစိတ်မှာ လက်မခံပေမယ့် မသိစိတ်မှာ လက်ခံမိပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ.... ပြဿနာ အရမ်းကြီး မလာတာ၊ ပြဿနာမှာ စကားများရာက လက်မပါတာတွေကိုတော့ ချီးကျူးမိပါရဲ့.... မရင်မြတ်ရဲ့ ထိန်းချုပ်နိုင်မှုကို အံ့သြမိတယ်... တကယ်... ဖြစ်ရပ်မှန်ကို အမှန်အတိုင်း ကိုယ့်ဖက်ကိုယ် မယက်ပဲ ရေးသားတာကို ကျေးဇူးတင်မိပါရဲ့......

အခြေအနေတခုမှာ အိမ်ထောင်ရေးကို ဘယ်လိုတည်ဆောက်ယူရတယ်ဆိုတဲ့ ဗဟုသုတလေးမျှဝေပေးတာ ကျေးဇူးပါ။ စောင့်မျှော်အားပေးနေပါတယ်။

လေးစားလျက်

လာလည်သူ အားလုံးနဲ့ စိတ်ဝင်တစား ဖတ်ရှုအားပေးပြီး မှတ်ချက် ပေးသွားသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီပို့စ်က ကိုခြေလှမ်းသစ် ပြောသလို ABSDF သမိုင်းမဟုတ်ပါဘူး။ တော်လှန်ရေးကာလမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ ခံယူချက်နဲ့ ကျွန်မ ကြုံတွေ့၊ ခံစားခဲ့ရတဲ့ ဘ၀ ဖြတ်သန်းမှု အတွေ့အကြုံမျှသာ ဖြစ်ပါတယ်။ ဒီဘလော့ကို ဘလောဂ်နဲ့ တူအောင် လုပ်ဖို့အတွက် ကျွန်မတကယ်ပဲ အကူအညီလိုအပ်နေတဲ့ အချိန်မှာ ကိုမိုးသွေးငယ် ကူညီမယ်ဆိုလို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်။

မငယ် တော်တော် စိတ်ရှည်လက်ရှည်ရေးတာပါလား.. ကျေးဇူးတင်တယ်။ ကိုယ်သိနေတဲ့သူတွေရဲ့.. ကိုယ်ရှိမနေတဲ့ အချိန်တုန်းက အကြောင်းတွေ သိရတာ.. ဖတ်လို့ ကောင်းလိုက်တာ..။

အဲဒီ စိတ်ကလေး တခုပါပဲ။
တခါတလေကျတော့ တွေးမိတဲ့ထောင့်လေးတွေ မတူတဲ့အခါ ကိစ္စတရပ်ကိုပဲ တုံ့ပြန်တာ မတူသလိုမျိုးပေါ့။
“၂၀၁ က ရဲမေတွေ ကြီးကျယ်လွန်းလို့ တို့တပ်ရင်းက သွားပြီး ခေါင်ကို စဖြိုပေးလိုက်ပြီ” အဲဒီစကားက မငယ်နိုင်ရဲ့ မာနကို သွားဆွပြီး မီးလောင်ရာ လေပင့် သလို ဖြစ်သွားတယ် ထင်မိတယ်။
ရဲဘော်ချင်းပဲ။ အခုလို အမှန်အတိုင်း ရေးတော့ မရင်မြတ်လဲ နားလည်မှာပါ။ ငယ်တုန်းက ငယ်စိတ်တွေလို့သာ အောက်မေ့ပေါ့နော်။

အမ ရေ ..ကျွန်တော် ဖတ်ရင်း ၃ နာရီခွဲသွားတယ်...။ လျှောက်ကြည့် ရင်းက ဖတ်လိုက်တာပါ။ စိတ်ဝင်စား စရာအရမ်း ကောင်းပါတယ်။ ကျွန်တော် ငယ်ငယ်က ဆို အဲလိုမျိုး အတွေ့အကြုံ လိုစွန့်စားခန်း လို စာအုပ်တွေ တအားဖတ် တာ။ အမ ရေးထားတာလည်း ဖတ်လို့ ကောင်းတယ် ။ဆက်ရေးပါဦး။
ခင်တဲ့
အားလုံးကို ပျော်စေချင်တဲ့

အစ်မ သေသေချာချာ လာဖတ်နေတယ် စိတ်ဝင်စားစရာကောင်းလိုက်တာ