အဖေ အမေတူ မိဘနှစ်ပါးမှ မွေးဖွား ဆင်းသက် လာသော မွေးချင်း ညီအစ်ကို မောင်နှမ များ၏ ရုပ်သွင်၊ အပြုအမူနှင့် အကျင့် စရိုက် များသည် အမေ နှင့် တူသူများ ရှိသလို အဖေ နှင့် တူသူ များ ကိုလည်း တွေ့ရ သည်။ သို့သော် တချို့မှာ နှစ်ယောက် စလုံး နှင့် မတူပဲ အဖိုး အဖွား (သို့) တ၀မ်းကွဲ မောင် နှမများ နှင့် တူသည် ကို တွေ့ရ နိုင်သည်။ ထိုနည်း အတူ မိဘ တဦးဦးတွင် ရောဂါ (သို့) ခန္ဓာကိုယ်၌ ပုံမှန် မဟုတ်သည့် လက္ခဏာ တစ်ခု ရှိ၍ သား သမီးများထဲမှ အကုန်လုံး သို့ မကူးစက်ပဲ အချို့ ကိုသာ ကူးစက်ခြင်း၊ ကျားမ ကူးစက်ပုံ ခြားနား ခြင်း (သို့) သားသမီး များသို့ လုံးဝ မကူးစက်ပဲ မြေး၊ မြစ် များ လက်ထက်မှ သွားရောက် ကူးစက်ခြင်း စသည်တို့ကို တွေ့ဖူး ကြ ပါလိမ့်မည်။
အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။
ခရိုမိုဇုမ်း နှင့် ဗီဇ (Chromosome and Genes)
သက်ရှိ အားလုံး၏ ခန္ဓာကိုယ်အား ဆဲလ်ကလပ်စည်း (cells) ပေါင်း မြောက်များစွာဖြင့် ဖွဲ့စည်းထားသည်ကို လူတိုင်းသိပြီး ဖြစ်ပါသည်။ ထိုဆဲလ်ကလပ်စည်းတိုင်း၏ ဗဟိုချက်ဖြစ်သည့် နြူကလိယ (Nucleus) များ ထဲတွင် ရှည်လျားပြီး ချည်မျှင် ကဲ့သို့ ဖွဲ့စည်းပုံ ရှိပါသည့် ခရိုမိုဇုမ်း တတွဲစီ ပါရှိ ပါသည်။ ထို ခရိုမိုဇုမ်း ထဲတွင် ဆဲလ်၏ လုပ်ငန်း အတွက် လိုအပ်သော အချက်အလက် ပစ္စည်း အားလုံး ပါဝင်သည့်အပြင် နောက်မျိုးဆက်များသို့ လက်ဆင့် ကမ်းပေးသည့် မျိုရိုးဗီဇ အမှတ်အသား (Genetic Code) (သို့) genes (သို့) Genome ဟုခေါ်သော ဗီဇ (gene) ကို သိုလှောင်ထားပါသည်။ ဗဇတခုနှင့်တခု နောက်မျိုးဆက်သို့ ရောဂါ၊ ရုပ်သွင် လက္ခဏာ၊ အမူအရာ၊ အကျင့် စရိုက် စသည် တို့ကို လက်ဆင့်ကမ်း အမွေပေးရာမှာ ကွဲပြားမှု ရှိပြီး ထိုသို့ ကွဲပြားခြင်းသည် ထိုခရိုမိုဇုမ်း တစ်ခုစီရှိ ဗီဇများ၏ အပြစ် အနာအဆာများနှင့် အားသာချက်များ ပေါ်တွင် မူတည်ပါသည်။
ဗီဇစတင်ခြင်းနှင့် အမွေဆက်ခံခြင်း၊ Genotype (ရှိရင်းဗီဇ) နှင့် Phenotype (အသွင်သဏ္ဍန်)
ဗီဇသည် မျိုးဆက် တစ်ခုနှင့် တစ်ခုကြား အမွေ ဆက်ခံနိုင်သည့် အသေးငယ် ဆုံးသော အခြေခံအင်္ဂါ အစိတ်အပိုင်း ဖြစ်သည်။ ခရိုမိုဇုမ်း ထဲတွင် မျိုးရိုး ဗီဇပေါင်း ၅၀ ၀၀၀ - ၁ ၀၀၀ ၀၀၀ အထိ ပါရှိပါသည်။ သက်ရှိ တို့၏ ဗီဇ(gene) တစ်ခုစီ ကို မိခင်နှင့် ဖခင် တဦးစီမှ ရရှိသော alleles (ဗီဇ၀က်) တခုစီဖြင့် ပေါင်းစပ်ဖွဲ့စည်း ထားပါသည်။ ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွားခြင်း (Fertilisation) ကို အောင်မြင်စွာ ပြီးစီးသွားသောအခါ လူသားတွင် ဖခင်၏ သုတ်ရည် (sperm) မှ ရရှိသော allele (ဗီဇ၀က်) နှင့် မိခင်၏ မျိုးဥမှ ရရှိသော ဗီဇ၀က်တို့ ပေါင်းစပ်၍ ဗီဇ (Gene ) တခုကို ဖြစ်စေပြီး ထိုမှတဆင့် ဆဲလ်အသစ် (gamete) ဟုခေါ်သော ပထမဦးဆုံး သက်ရှိ ဆဲလ်တခုကို လိင်ရှိ ဆဲလ်ပွားခြင်း (Meiosis) နည်းဖြင့် ရရှိပါသည်။ ထိုမိခင်နှင့် ဖခင်ဆီမှ ဗီဇ တ၀က်စီပါသော ပထမဦးဆုံး သက်ရှိဆဲလ် တစ်ခုမှ တဆင့် ပုံစံတူ (Identical) ထပ်တူကျသည့် ဆဲလ်များကို လိင်မဲ့ ဆဲလ်ပွားခြင်း (Mitosis) ဖြင့် လူသား (သို့) သတ္တ၀ါ လောင်းလျာလေးကို ဖြစ်လာစေပြီး ထိုမှတဆင့် နောက်ဆုံးတွင် ပြီးပြည့်စုံသည့် သတ္တ၀ါတခုကို ဖြစ်လာစေပါသည်။ ထိုအသစ်ဖြစ်လာသော သတ္တ၀ါတွင် မိခင်နှင့် ဖခင် နှစ်ဦးစလုံးဆီမှ အရိုက်အရာများကို တွေ့မြင်နိုင်သည်များ ရှိသလို မတွေ့မြင် နိုင်သည်များလည်း ရှိပါသည်။ လက္ခဏာကို မြင်တွေ့ရသည်ဖြစ်စေ၊ မမြင်တွေ့သည်ဖြစ်စေ သွေးထဲတွင် အမှန်တကယ် ရှိနေသည့် ဗီဇကို Genotype (ရှိရင်းဗီဇ) ဟုခေါ်၍ မျက်စိနှင့် တွေ့မြင်နိုင်သည့် (သို့) စမ်းသပ်တွေ့ရှိနိုင်သည့် ရောဂါ ချွတ်ယွင်းမှု၊ ရုပ်သွင်၊ အရောင်၊ အကျင့်စရိုက်၊ အမူအရာ စသည့်အားလုံးကိုမူ Phenotype (ပြင်ပလက္ခဏာ) ဟုခေါ်ပါသည်။ သားသမီးတွင် ရုပ်သွင်လက္ခဏာ ပေါ်ရာ၌ များအားဖြင့် မိခင် (သို့) ဖခင်ဆီမှ အားကောင်းသော ဗီဇ၀က်တခုကသာ စိုးမိုးပြီး သားသမီး၏ ပြင်ပလက္ခာကို ပေါ်လွင်စေပါသည်။
စိုးမိုးဗီဇ (Dominant alllele) နှင့် လက်ခံဗီဇ (သို့) ငုပ်ဗီဇ (Recessive alllele)
မိခင်နှင့် ဖခင်ဆီမှ ရရှိသော ဗီဇ၀က်နှစ်ခု ပေါင်းစပ်ထားသော ဗီဇတွင် မြင်တွေ့နိုင်သည့် လက္ခဏာပေါ်သည့် ဗီဇသည် စိုးမိုးဗီဇ (Dominant allele) ဖြစ်ပြီး လက္ခဏာ မပေါ်သည့် ဗီဇသည် လက်ခံဗီဇ (သို့) ငုပ်ဗီဇ (Recessive allele) ဖြစ်သည်။ အသားဖြူသည့် အဖေနှင့် အသားညိုသည့် အမေမှ မွေးလာသော ကလေးသည် အသားဖြူပါက အရေပြာ်းအအရောင်နှင့် ပတ်သက်သည့် ဗီဇ၌ အဖေ၏ သွေးက စိုးမိုးပြီး အသားညို ပါက အမေ၏ သွေးမှ စိုးမိုးသည်။ အရပ် ရှည်သူနှင့် အရပ်နိမ့်သူ နှစ်ဦးမှ မွေးလာသော ကလေးသည်လည်း စိုးမိုးသည့် ဗီဇအပေါ် မူတည်ပြီး အရပ်ရှည်ခြင်း ပုခြင်းကို စိုးမိုးသူ မိဘတဦး၏ ပုံစံအတိုင်း အမွေ ရမည်ဖြစ်သည်။ သို့သော်လည်း ထိုပုဂ္ဂိုလ် များ၏ သွေးထဲတွင် အမှန်တကယ်ရှိနေပြီး အသွင်သဏ္ဍန်တွင် မပေါ်သည့် အသား အရောင်နှင့် အရပ် အနိမ့် အမြင့်စည့် လက္ခဏာများသည် သွေးထဲတွင် အမှန်တကယ် ရှိနေပြီး ၎င်းတို့၏ သားသမီးများသို့ အမွေ ပေးရန် သယ်ဆောင် သွားမည် ဖြစ်သည်။ စိုးမိုးဗီဇ (Dominate gene) သည် အများစု (သို့) ပုံမှန်အခြေအနေကို အများဆုံး ကိုယ်စားပြုပါသည်။ ငုပ်ဗီဇ (Recessive gene) သည် ကျန်းမာရေး နှင့် မသက်ဆိုင်သည့် သာမန် အခြေအနေတွင် အနည်းစု (သို့) လူဦးရေ အများစု အတွက် ပုံမှန် မဟုတ်ပဲ ထူးခြားသည့် လက္ခဏာကို ဖေါ်ဆောင်ပြီး ကျန်းမာရေး၊ ဇီဝ၊ ဓါတုနှင့် ဆေး ပညာရပ်နှင့် သက်ဆိုင်သည့် အခြေအနေတွင်မူ ရောဂါ တခုခု (သို့) တစုံတရာ ချွတ်ယွင်းမှုကို ဖေါ်ညွှန်းပါသည်။
ထို့ကြောင့် ပုံမှန်ဗီဇ၀က်သည် များသောအားဖြင့် စိုးမိုးဗီဇနေရာတွင် ယူလေ့ရှိပါသည်။
ဗီဇ အမျိုးအစားများ
မျိုးရိုးဗီဇ လေ့လာသည့် ပညာတွင် စိုးမိုးဗီဇနှင့် လက်ခံဗီဇတို့၏ အဓိပ္ပါယ် သတ်မှတ်ချက်ကို အောက်ပါ ဇယားကို လေ့လာခြင်း ဖြင့် ရှင်းလင်းစွာ တွေ့နိုင်ပါသည်။ အောက်ပါဇယားတွင် ကျန်းမာသည့် ဗီဇ (သို့) ပုံမှန်လက္ခဏာ ဖြစ်သည့် စိုးမိုးဗီဇ၀က်ကို အင်္ဂလိပ် အက္ခရာ စာလုံးအကြီး တခုခု (D) ဟု သတ်မှတ်ပြီး မကျန်းမာ သည့်ဗီဇ (ပုံမှန်မဟုတ်သည့် လက္ခဏာ) လက်ခံဗီဇ၀က်ကို (d) အဖြစ် သတ်မှတ်ပါက ရှိရင်းဗီဇနှင့် လက်ခံဗီဇ အမည်ပေးပုံကို အောက်ပါ ဇယားအတိုင်း တွေ့ရမည်ဖြစ်သည်။
ဗီဇတိုင်းကို ဗီဇ၀က် တခုစီဖြင့် ပေါင်းစပ်ထားသည် ဖြစ်ရာ လူပုဂ္ဂိုလ်တဦး၏ ဗီဇတွင် မိခင် နှင့် ဖခင်ဆီမှ စိုးမိုး ဗီဇ၀က်ဖြစ်စေ၊ လက်ခံ ဗီဇ၀က် ဖြစ်စေ မျိုးတူသော ဗီဇ၀က်နှစ်ခုပေါင်းစပ် ထားပါက ဇယားပါ ဥပမာတွင် မျိုးတူဗီဇ (DD) နှင့် (dd) ကို (Homozygote) ဟု ခေါ်၍ ၎င်းတွင် စိုးမိုးဗီဇ (DD) နှင့် လက်ခံဗီဇ(dd) နှစ်မျိုးကို တွေ့ရသည်။ ထိုကဲ့သို့မျိုးမတူပဲ စိုးမိုး ဗီဇ၀က်တခုနှင့် လက်ခံ ဗီဇ၀က်တခုစီ ပေါင်းစပ်ထားသည့် ဗီဇ ကို မျိုးမတူ ဗီဇ (Dd) ကို (Heterozygote) ဟု ခေါ်ပါသည်။ များသော အားဖြင့် Homozygous dominant DD (မျိုးတူသည့် စိုးမိုးမှု) သည် ကျန်းမာ သူသာဖြစ်ပြီး Homozygous recessive dd (မျိုးတူငုပ်ဗီဇ) စိုးမိုးပါက ပုံမှန်မဟုတ်ခြင်း (သို့) ရောဂါလက္ခဏာကို ဆောင်ပါသည်။
အမျိုးမတူသည့် ဗီဇ၀က်တခုစီ ပေါင်းစပ်ထားပါက Heterozygote Dd (မျိုးမတူဗီဇ) ဟု ခေါ်ပြီး ၎င်းတွင် ကျန်းမာသည့် စိုးမိုးဗီဇ၀က်တခုက စိုးမိုးနေသောကြောင့် ၎င်းကိုယ်တိုင် ကျန်းမာသူ ဖြစ်သော်လည်း အပြင်မှာ လက္ခဏာမပေါ်ပဲ ၎င်း၏ သွေးထဲတွင် တိမ်မြှပ်နေသော ပုံမှန်မဟုတ်သည့် ဗီဇ၀က်ကို နောက်မျိုးဆက်သို့ သယ်ဆောင်သူ (Carrier) ဖြစ်သည်။ ဤသည်ပင် မိဘ၏ရောဂါ (သို့) အသွင်လက္ခဏာ သားသမီးတွင် မပေါ်ပဲ မြေး၊ မြစ်တွင်မှ သွားပေါ်သည့် အကြောင်းအရင်း ဖြစ်သည်။ ကျန်းမာ သည့် မျိုးတူစိုးမိုးဗီဇ (Homozygous dominant alleles) DD နှစ်ခုစလုံး ရထားသူသည် ရောဂါမရှိနိုင် သလို သယ်ဆောင်သူ လည်းမဟုတ်ပါ။ မျိုးတူသည့် လက်ခံဗီဇ၀က် (Homozygous recessive alleles, dd) နှစ်ခုစလုံး ရထား သူသည် ရောဂါ ရှိသူ ဖြစ်သလို သယ်ဆောင် သူ (Career) လည်း ဖြစ်သည်။
အမျိုးမတူဗီဇ အချင်းချင်း ပေါင်းစပ်ခြင်း အမွေဆက်ခံပုံ (Heterozygous Inheritance)
အမျိုး မတူသည့် ဗီဇ၀က်နှစ်ခုကို ရရှိထားသည့် အမျိုးသမီးနှင့် အမျိုးသား တစ်ဦး လက်ထပ် ပါက ၎င်းတို့၏ သားသမီးများတွင် အမွေ ရနိုင်သည့် အသွင် သဏ္ဍန်ကို သိရှိနိုင်ရန် မိဘ တဦးစီမှာ ရှိသည့် ရှိရင်းဗီဇ များ အချင်းချင်း မြှောက်ခြင်း (Dd X Dd) ဖြင့် ရနိုင်သည့် အဖြေကို အောက်ပါ ဇယားတွင် လေ့လာသိရှိနိုင်ပါသည်။
အထက်ပါ ဇယား၏ အဖြေကို ဘာသာပြန်ပါက ရောဂါသယ်ဆောင်သူ နှစ်ဦး လက်ထပ်ပါက သားသမီးတွင် မျိုးတူဗီဇ ၅၀% (DD နှင့် dd) နှင့် မျိုးမတူဗီဇ (Heterozygous Dd ) 50% ကို ရသည်ကို တွေ့ရမည် ဖြစ်သည်။ မျိုးတူဗီဇ တ၀က် (DD) မှာ ရောဂါလုံးဝ ကင်းပြီး ကျန်သည့် တ၀က် (dd) မှာ ရောဂါသည်များဖြစ်သည်။ ရောဂါကင်းသည့် မျိုးတူဗီဇ (Homozygous DD) 25% နှင့် မျိုးမတူ ဗီဇ (Heterozygote Dd) 50% ပေါင်း စုစုပေါင်း ၇၅% (DD+Dd) မှာ ကျန်းမာသူများ ဖြစ်ပြီး ကျန်သည့် မျိုးတူ ဗီဇ (dd)၂၅% မှာ လုံးဝရောဂါရှိသူများ ဖြစ်သည်။ ကျန်းမာသူ များ အနက် ၅၀% (Dd) များမှာ ကိုယ်တိုင် ရောဂါမရှိသော်လည်း ရောဂါသယ်ဆောင်သူများ ဖြစ်ပြီး ကိုယ်တိုင်လည်းကျန်းမာ သယ်ဆောင်စရာ ရောဂါလည်း သွေးထဲတွင်လုံးဝမပါသည့် လုံးဝကျန်းမာသူ (DD)၂၅% ရသည်ကို တွေ့ရ ပါသည်။
Incomplete Dominant (မပြည့်မ၀ စိုးမိုးခြင်း)
များသောအားဖြင့် ဗီတခုတိုင်းသည် မိခင် (သို့) ဖခင် တဦးဦး၏ ဗီဇက စိုးမိုးလျက်ရှိသော်လည်း ရံဖန်ရံခါတွင် မိခင် (သို့) ဖခင်တဦးစီ၏ လက္ခဏာကို အပြည့်အ၀ မပြပဲ မိခင်နှင့် ဖခင် နှစ်ဦး စလုံးဆီမှ ရရှိသောဗီဇများသည် တခုအပေါ်တခု အပြည့်အ၀ မစိုးမိုး နိုင်သည့် အခြေအနေများကိုလည်း တွေ့ရနိုင်ပါသည်။ ထိုအခါ နှစ်ဦးစလုံး၏ အရိုက်အရာများကို သားသမီးတွင် ရောထွေးစွာ တွေ့ရပြီး ဤသည်ကို မပြည့်မ၀ စိုးမိုးခြင်း (incomplete Dominant) ဟု ခေါ်ပါသည်။ ဥပမာ အရပ် ရှည်သူနှင့် အရပ်ပုသူ မိဘ နှစ်ပါးမှ မွေးလာသော သားသမီးသည် အရပ်မတိုမရှည် ဖြစ်နေခြင်း၊ အသား ဖြူသူနှင့် အသား ညိုသူ မိဘ နှစ်ပါးမှ မွေးလာသော သား သမီးများသည် အသား မဖြူမညို ဖြစ်နေခြင်း၊ မျက်လုံးသေးသူနှင့် မျက်လုံးကြီးသူ၊ ဆံပင်အရောင်မတူတူ မိဘနှစ်ပါး သည်တို့မှ မွေးလာသောသားသမီးများတွင် မျက်လုံးအရွယ်အစားနှင့် ဆံပင်အရောင်တွင် နှစ်ဦးစလုံး၏ အရိုက်အရာများကို ပေါင်းစပ်နေခြင်းများ တွေ့ရှိနိုင်ပါသည်။ ဤကဲ့သို့ တဦးတည်းမှ အပြည့်အ၀ မစိုးမိုးနိုင်ခြင်းများသည် မပြည့်မ၀ စိုးမိုးခြင်း ( Incomplete Dominant) ၏ လက္ခဏာ များ ဖြစ်သည်။
Co-dominant (အတူတကွစိုးမိုးခြင်း)
အတူတကွ စိုးမိုးခြင်း ဆိုသည်မှာ ငုပ်ဗီဇနှင့် စိုးမိုးဗီဇဟူ၍ မရှိပဲ မိခင်နှင့် ဖခင်နှစ်ဦးစလုံးဆီမှ လာသော ဗီဇ၀က်နှစ်ခုစလုံး သားသမီးတွင် တွေ့ရခြင်းကို ခေါ်ပါသည်။ အတူတကွ စိုးမိုးခြင်းကို တခြားအမွေဆက်ခံသည့် နေရာတွင် မတွေ့ရပဲ သွေးအုပ်စု အမွေဆက်ခံသည့် နေရာမှာသာ တွေ့ရပါသည်။ သွေးအုပ်စု အမွေဆက်ခံရာ၌ မိခင်နှင့် ဖခင် နှစ်ဦးစလုံးဆီမှ လာသော ဗီဇ၀က် နှစ်ခုစလုံး သားသမီးမှာ ပေါ်ပါသည်။ သွေးအုပ်စု သတ်မှတ်ရာ၌ သွေးနီဥ၏ မျက်နှာပြင်တွင် Antigenes များ ရှိသော သွေးကို A နှင့် B နှစ်ခု ခွဲခြား သတ်မှတ်ထားပြီး Antigen မရှိသော သွေး အမျိုးအစားကို O အဖြစ် သတ်မှတ် ထားပါသည်။ အတူတကွ စိုးမိုးခြင်းကြောင့်သာ အမေနှင့်အဖေ တယောက်စီမှ မတူသည့် Antigenes A နှင့်B ဗီဇ၀က် တခုစီ ရရှိသော သားသမီးသည် AB သွေးပိုင်ရှင်များ ဖြစ်လာပါသည်။ သို့သော် နှစ်ယောက်စလုံး Antigens မရှိသည့်သွေး O သွေးမိခင်နှင့် O သွေး ဖခင် တို့လက်ထပ်ပါက Antigene ပေါ်စရာအကြောင်း လုံဝ မရှိသောကြောင့် တခြားသွေး အမျိုးအစား သားသမီး ရနိုင်စရာ အကြောင်းမရှိပဲ Antigine မရှိသည့် O သွေး အမျိုးအစား ကလေးကိုသာ မွေးမည်ဖြစ်သည်။
သို့သော်လည်း Antigens ရှိသည့် A သွေးပိုင်ရှင်နှင့် B သွေး ပိုင်ရှင် လက်ထပ်ပါက ၎င်းတို့ လက်ဆက်ကမ်း ပေးလိုက်သော သွေးက မွေးလာသော သားသမီးတွင် အပြည့်အ၀ သွားပေါ်သောကြောင့် AB သွေးအပါအ၀င် တခြား A, B, နှင့် O သွေးပါ လေးမျိုးလုံးကို မွေးဖွားနိုင်ပါသည်။ အောက်ပါ ဇယားကို ကြည့်ခြင်းအားဖြင့် မိခင်သွေး (အပြာရောင်) နှင့် ဖခင်သွေး (အနီရောင်) တို့ လက်ထပ်ပါက မွေးလာသည့် ကလေးများတွင် ရရှိနိုင်သည့် သွေး (အနက်ရောင်) အမျိုးအစားများကို လွယ်ကူစွာ တွေ့ရှိနိုင်ပါသည်။
(ဇယားကို Dr Zero ရဲ့ပို့စ် ဖြစ်သည့် Blood group မှ ကူးယူဖေါ်ပြပါသည်။)
အချုပ်အားဖြင့် မျိုးရိုးဗီဇတွင် မိခင်နှင့်ဖခင်ဆီမှ ဗီဇတ၀က်စီဖြင့် သားသမီးများ၏ ဗီဇကို စတင်ဖြစ်ပေါ်စေသောကြောင့် သားသမီးတိုင်းသည် ၄င်းတို့၏မိဘများဆီမှ အရိုက်အရာ တ၀က်စီကိုသာ ရရှိပါသည်။ ဗီဇတွင် ငုပ်ဗီဇနှင့် စိုးမိုးဗီဇဟူ၍ ရှိပြီး စိုးမိုးဗီဇသည်သာ ပြင်ပ လက္ခာမှာပေါ်ပြီး ငုပ်ဗီဇကို မမြင်တွေ့နိုင်ပါ။ သို့သော် ငုပ်ဗီဇသည် ခန္ဓာကိုယ်အတွင်း၌ မမြင်ရပဲ တိမ်မြှပ်နေပြီး နောက်မျိုးဆက်များတွင် ပြန်လည်တွေ့ရှိနိုင်ပါသည်။ အမွေဆက်ခံရာ၌ အပြည့်အ၀ စိုးမိုးခြင်း၊ မပြည့်မ၀စိုးမိုးခြင်းနှင့် အတူတကွ စိုးမိုးခြင်းဟူ၍ သုံးခုရှိပြီး သားသမီးများ၏ ပြင်ပြရုပ်သွင်လက္ခာသည် ၎င်း၏ ရုပ်သွင်အား စိုးမိုးသည့် မိဘအပေါ်မူတည်၍ အမေ၏အရိုက်အရာ စိုးမိုးပါက အမေနှင့်တူခြင်း၊ အဖေ၏ အရိုက်အရာ စိုးမိုးပါက အဖေနှင့်တူခြင်း၊ အဖေနှင့်အမေ မပြည့်မ၀ စိုးမိုးပါကနှင့် နှစ်ဦးစလုံးနှင့် အနည်းငယ်စီတူခြင်း စသည်တို့ကို တွေ့ရပါသည်။ သို့သော် သွေးအုပ်စုကို အမွေဆက်ခံရာ၌ စိုးမိုးဗီဇ၊ ငုပ်ဗီဇဟူ၍ မရှိပဲ မိခင်နှင့် ဖခင်နှစ်ဦးစလုံးဆီမှ ရရှိသော ဗီဇများကို အတူတကွ တွေ့ရသောကြောင့် ၎င်းတခုတည်းမှာသာလျင် မိဘနှစ်ပါးစလုံးဆီမှ လက်ခံရရှိထားသော အမွေအနစ်ကို သားသမီးများတွင် အပြည့်အ၀ စိုးမိုးသည်ကို တွေ့ရပါသည်။
(Public Health in Myanmar တွင် ကျွန်မတင်ခဲ့သော မူရင်းပို့စ် ကို အနည်းငယ် ပြင်ဆင် ဖြည့်စွက်ပြီး ပြန်လည် ဖေါ်ပြပါသည်။
တခြားသက်ဆိုင်သည့် ပို့စ်များ
မျိုးရိုးဗီဇ ရောဂါများနှင့် အမွေဆက်ခံပုံ (၁) ဤနေရာမှာ
မျိုးရိုးဗီဇ ရောဂါများ (၂) ဤနေရာမှာ
မျိုးရိုးဗီဇ ရောဂါများ (၃) ဤနေရာမှာဗီဇနဲ့ အကျင့်စာရိုက် ဘာကွာလဲ ဤနေရာမှာ
14 comments:
ဒါကြောင့်ကို ကျနော် အဖေနနဲ့ကော အမေနဲ့ပါ မတူလို့ ငယ်ငယ်က မွေစားသားလို့နောက်ခံရတား)
ဗဟုသုတရတယ်ဗျာ လေ့လာမှတ်သားသွားပါသည်။
ကျန်းမာရေးနှင့်ဇီဝသိပ္ပံ ....ဟု သတ်ပုံပြင်ပါနော်။
ယခုလို ဗဟုသုတဖြစ်မည့် သုတစာပေများ မကြာမကြာ တင်ပေးတာ ကောင်းပါတယ်ဗျာ။
Gene တွေ Chromosomes တွေ Genotype တွေ Phenotype တွေ ရေးထားတယ် ကောင်းပါတယ်အစ်မရေ...မသိသေးတာလေးတွေလည်း
ဖတ်မှတ်သွားပါတယ်...လွမ်းမိုးသူနဲ့ အလွမ်းမိုးခံသူတွေနဲ့ Dominant တွေ Recessive တွေ...အပြင်လူသားတွေမှာလည်း ..ဒါတွေနဲ့ဆင်တူတာတွေ ရှိမှာ...တစ်ကယ်တော့ ကိုယ်ရဲ့ ကိုယ်တွင်းမှာတင်ဖြစ်ပျက်နေတာနော်....သိုင်းကျူးပါအစ်မရေ...
ဖြိုးဝေရေ-အသားမဖြူမညို မျက်လုံးအနက်၊ ဆံပင်အနက် ရှိတဲ့ မြန်မာ မိဘနှစ်ပါးက ရွှေဝါရောင်ဆံပင်နဲ့ မျက်လုံးညိုပြာ ကော့ကေးရှန်း လူဖြူကလေးကို မွေးတဲ့အကြောင်းပါတဲ့ နောက်ထပ် တင်မည့်ပို့စ်ကိုလည်း ဖြစ်အောင်လာဖတ်စေချင်တယ်။
ကိုအိုးဝေရေ- ကျေးဇူးပဲ ပြင်လိုက်ပါမယ်။ နောက်ထပ်တင်ဖို့ အဆက်ရှိပါတယ်။
သက်တန့်ချိုရေ- ဆရာဝန်တယောက်အတွက် ကျောင်းမှာသင်ထားတာ မမေ့ဘူးဆိုရင် ဒါတွေက သိပြီးသားတွေပါ။ ဟုတ်ပါတယ် ခန္ဓာကိုယ်ထဲက Recessive gene က သူ့နေရာနဲ့သူ ငုပ်နေရင် သွေးထဲမှာ ရောဂါပိုးရှိပေမယ့် ဒီလူဟာ Heterozygous အဖြစ်နဲ့ ကျန်းမာသူတယောက် ဖြစ်နိုင်တယ်။ ဒါပေမယ့် သူ့နေရာမှာ သူမနေပဲ Dominant နေရာကို တက်ယူလိုက်တာနဲ့ မျိုးရိုးဗီဇ ရောဂါဆိုတာ ဖြစ်တော့တာပဲ။ (နောက်ပို့စ်မှာ ဒါကို တင်ဖို့ ရှိတယ်) လူ့အဖွဲ့အစည်းမှာလည်း ခန္ဓာကိုယ်အထဲက Gene တွေ အတိုင်းပါပဲ သူ့နေရာမှာ သူနေပြီး သူ့အလုပ်သူမလုပ်ရင် အဲဒီလူ့အဖွဲ့အစည်းဟာ ရောဂါရနေတဲ့ လူ့အမဖွဲ့အစည်း ဖြစ်သွားတာ့တာပဲ။ သက်တန့်ချို ဆိုလိုတာ ဒါပဲထင်တယ်။
ဖတ်တော့ဖတ်တယ်...
အကုန်လုံးတော့ နားမလည်လိုက်ဘူး...
သဘောတော့ နည်းနည်းပေါက်သွားပါတယ်...
ဂလိုတွေရှိတာပါလားလို့လည်း သိသွားတယ်...
းဝ)
ကိုလူထွေး မရှင်းတာ ဗီဇနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာလုံးသင်္ကေတတွေ ထင်တယ်။ မရှင်းတာကို မေးလို့ရပါတယ်။
Shwe Pyay Thu ရေ လာဖတ်တာ ကျေးဇူး။
သြော် လတ်စသတ်တော့ ဒီလိုကိုး... ဟုတ်ကဲ့ ခုသိသွားပြီ.. ကျေးဇူးပဲနော် မငယ်ရေ..
မမရေ နားတော့သိပ်မလည်ပေမယ့် မှတ်သွားပါတယ်နော။ ကျေးဇူးပါလို့
ကျနော်က အေဘီဗျ .. ကျနော်လဲ သိပ်နားမလည်လိုက်ဘူး။ =)
အခုဇော်က သွေးအုပ်စုနဲ့ ပတ်သက်ပြီး မရှင်းဘူးထင်တယ်။ မျိုးရိုးဗီဇတိုင်းမှာ အမေနဲ့အဖေရဲ့ ဗီဇတွေ ပေါင်းစပ်ထားတာ ဖြစ်ပေမယ့် သွေးအုပ်စုကလွဲရင် ကျန်တဲ့ ဗီဇအားလုံးက တယောက်ရဲ့ သွေးပဲ စိုးမိုးတာများတယ်။ ဒါကြောင့် မျက်လုံးလေးက အဖေနဲ့တူတယ် နှာခေါင်းလေးက အမေနဲ့တူတယ်ဆိုပြီး တခုစီဟာ ပြင်ပလက္ခဏာမှာ စိုးမိုးသူ တယောက်နဲ့ပဲ တူပါတယ်။ ဒါပေမယ့် သွေးအုပ်စု အမွေဆက်ခံတဲ့နေရာမှာ ကျတော့ နှစ်ယောက်စလုံးဆီက လက္ခာတွေပေါ်တာ တွေ့ရလို့ အတူတကွ စိုးမိုးတယ်လို့ (Co-dominated) လို့ ပြောတယ်။ ဇော်သွေးက AB ဆိုတော့ ပို့စ်ကို ပြန်သွားပြီး ဇယားကို ပြန်ကြည့်လိုက်ပါ။
ပထမ ကော်လံမှာ ဒေါင်လိုက် ဆင်းသွားတဲ့ အပြာရောင်စာလုံးတွေက အမေသွေးကို ကိုယ်စားပြုတယ်၊ ပထမ စာကြောင်းမှာ ကန့်လန့်မျဉ်းအတိုင်း သွားတဲ့ အနီရောင် စာလုံးတွေက အဖေသွေးကို ကိုယ်စားပြုပါတယ်။ ကြားက အနက်ရောင် စာလုံးတွေက အဖေနဲ့ အမေပေါင်းစပ်လို့ ရလာတဲ့ သားသမီးသွေးတွေကို ကိုယ်စားပြုပါတယ်။
အမဲရောင် AB သွေးရှိတဲ့နေရာ တခုစီကို ထောက်လိုက်ပြီး သူနဲ့တည့်တည့် ဘေးက အမေသွေး အပြာစာလုံးနဲ့ အပေါ်က အဖေသွေး အနီစာလုံးကို ကြည့်လိုက်ရင် အားလုံးဟာ မိဘသွေးမှာ A နှင့် B, Aနဲ့ AB, B နဲ့ AB ဒါမှ မဟုတ် AB အချင်းချင်း လက်ထပ်ထားလို့ AB သွေးတွေ ရထားတာကို သိရလိမ့်မယ်။ ဒါကြောင့်မို့ ဇော်ရဲ့ မိဘနှစ်ပါးဟာ အခုပြောတဲ့ သွေးပိုင်ရှင် စုံတွဲအထဲကပဲ ဖြစ်ရမယ်။ ဆိုလိုတာက တူတဲ့သွေးနှစ်ခု အချင်းချင်း ဒါမှမဟုတ် O သွေးနဲ့ တခြားသွေးတခုခု လက်ထပ်လို့ ဘယ်တော့မှ AB သွေးကို မရနိုင်ဘူး။ ဒီလောက်ဆိုရင် ညီမလေးဇော် ရှင်းလိမ့်မယ်ထင်တယ်။ မရှင်းရင် ထပ်မေးလို့ ရပါတယ်။
ကိုလူထွေးနဲ့ Maylay ကလည်း ဘာကိုသိပ်မရှင်းဆိုတာ သိရရင် အခုဇော်ကို ရှင်းပြသလိုမျိုး ကျွန်မ ပြန်ရှင်းပြလို့ရပါတယ်။
ဗဟုသုတတွေ ရသွားတယ်... ကျေးဇူး
သိပ်ကောင်းတဲ့ ပို့စ်ပါပဲ မငယ်နိုင်...၊ အရေးမညက်ရင် အခေါ်အဝေါ်နဲ့ တင်ပြပုံတွေကြား ရှုပ်ထွေး၊ လေးလံ သွားစေနိုင်တဲ့ ဒီလိုပို့စ်မျိုးကို ရှင်းရှင်းလင်းလင်း တင်ပြ ထားတာ ကျေးဇူးပါဗျာ၊
တချို့ဟာတွေတော့ ကျောင်းမှာနဲနဲသင်ဖူးတယ်၊ အခု ပြန်ဖတ်လိုက်ရတော့ ပိုမှတ်မိသွားတယ်၊ သွေးအုပ်စုမှာ ကျနော်သဘောအကျဆုံးက AB နဲ့ O ကနေ A တစ်ခု၊ B တစ်ခု သီးခြားကွဲထွက်လာတာကိုပဲဗျ...။ :D
မအယ်တို့ ဗမာပြည်ဆေးကျောင်းမှာ ဒုတိယနှစ်မှာ သွေးအုပ်စုတွေအကြောင်း သင်ရတာမှတ်မိတယ်။
မျိုးရိုးဗီဇလိုက်တဲ့ ရောဂါတချို့ သင်ရတယ်။
မျိုးရိုးဗီဇအကြောင်း ကျောင်းမှာ သင်ခဲ့တယ် မထင်ဘူး။
သင်ခဲ့တယ်ဆိုလည်း မအယ်ကျောင်းပြေးလားပဲ။
သေချာတာတော့ မအယ် ဖတ်ဖူးဘူး။
ဒီရောက်တော့ ကျောင်းတက်တုန်းက လက်ချာရဘူးတယ်။ ဒါပေမဲ့ မိုင်နာဘာသာဖြစ်နေတယ်လေ။ မအယ်ကမိုင်နာမေဂျာ မသိဘဲ တောသူဆိုတော့ ဒိတိုင်း ၀င်ထိုင်နေရင်း လက်ချာတက်ဖြစ်တာပေါ့။
မအယ်အတွက် ခက်တယ်။ ခု မငယ်နိုင်ရေးတာလည်း မြင်တာနဲ့ လန့် ပြေးတာပဲ။
ဆရာဝန်ဆိုပေမဲ့ မျိုးရိုးဗီဇနဲ့ အလုပ် မလုပ်လို့ မရင်းနှီးသလို သေချာလည်း မဖတ်ဖူးလို့ မငယ်နိုင်လို့ မသိကြောင်း နားမလည်ကြောင်းပါ။
မအယ်
မျိုးရိုးဗီဇကို သြစတြေးလျားက အထက်တန်းအဆင့် ၁၂ တန်းမှာ သင်ခဲ့ရတာ ဖြစ်ပြီး သွေးအုပ်စုကိုတော့ တက္ကသိုလ်မှာ ဒုတိယနှစ်ရောက်မှ သင်ခဲ့ရတယ်။
မြန်မာပြည်က အထက်တန်းမှာ မျိုးရိုးဗီဇအကြာင်း မသင်ရပါဘူး။ မအယ်ပြောတာ မှန်ပါတယ်။ ကျွန်မလည်း မြန်မာပြည်မှာ ၈၈ က ဆယ်တန်းတက်တော့ နှစ်လခန့် သင်ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ တုန်းက ဒီမှာ အထက်တန်းအဆင့်ကို ပြန်တက်တော့ အထောက်အကူ ဖြစ်အောင်ဆိုပြီး မြန်မာပြည်က ကိုးတန်းနဲ့ ၁၀ တန်း ဖတ်စာအုပ်တွေ အကုန်ပြန်မှာပြီး လေ့လာခဲ့ပေမယ့် ၈၈ ကနဲ့ ၂၀၀၆ နဲ့ အင်္ဂလိပ်စာတခုပဲ ကွာပါတယ်။ ကျန်တာဘာမှ မပြောင်းလဲလို့ မျိုးရိုးဗီဇအကြောင်း မြန်မာပြည်က အထက်တန်း ဘိုင်အိုမှာ အခုထိ မသင်ရသေးတာ သေချာတယ်။ ဒါပေမယ့် ဒီအကြောင်းတွေကို ဒီမှာ အထက်တန်းအဆင့် အပြင် ဒီက တက္ကသိုလ်တွေမှာ ဆရာဝန်ဖြစ်မည့် သူတွေကိုမှမဟုတ်ပါဘူး တက္ကသိုလ် အဆင့်မှာရှိတဲ့ Health Care Professionals ဖြစ်လာမည့် Medicine, Medical Science, Health Science, Nursing, Physiotherapist, Speech Pathologist စတဲ့ ကျောင်းသားတွေ အားလုံး အခြေခံ Pathophysiology ကို သင်ရတာ အတူတူပဲ မအယ်။ ကျွန်မ ဆေးကျောင်းတက်နေတာ မဟုတ်ပါဘူး Nursing တက်နေတာပါ။ ကျွန်မက မြန်မာပြည်မှာ ငယ်ငယ်တုန်းက ဘိုင်အိုဆိုရင် ကျက်စာဆိုပြီး အမြဲတမ်း စိတ်မ၀င်စားပဲ အိပ်ငိုက်ခဲ့ပေမယ့် ဒီမှာရောက်တော့ မြန်မာပြည်က အထက်တန်းမှာ တခါမှ မသင်ခဲ့ရတဲ့ မျိုးရိုးဗီဇ အပါအ၀င် Modern Biotechnology, Genetic engineering, Classification of organisms, Diversity and evolution in Natural selection တွေကို ကိုယ်တိုင် ဓါတ်ခွဲခန်းမှာ Investigation တွေ လုပ်ပြီး လေ့လာရတော့ ဘိုင်အိုအချိန်ဟာ ကျွန်မအတွက် စိတ်ဝင်စားဆုံး အချိန် ဖြစ်နေတယ်။ တက္ကသိုလ်ရောက်တော့ Minor သာသာအဖြစ် သင်ရပေမယ့် ပိုမှတ်မိတာက စိတ်ဝင်စားမှုနဲ့ ဆိုင်လိမ့်မယ် ထင်တယ်။ မအယ်ရေ အခုလို လာလည်ပြီး စိတ်ဝင်တစား ဖတ်သွားတာ ကျေးဇူးတင်ပါတယ်။ ဆရာဝန်တယောက်အဖြစ် သိရလို့လည်း ဂုဏ်ယူ လေးစားမိပါတယ်။
Post a Comment