မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဗီဇနဲ့ အကျင့်စရိုက် ဘာကွာသလဲ

ညီမလေး ၀က်ဝံလေးက လူတယောက်ရဲ့ အကျင့်စရိုက်ဟာ ဗီဇနဲ့ ဆိုင်မဆိုင်၊ ဗီဇဆိုတာ ဘာလဲ၊ ဗီဇနဲ့ အကျင့် စရိုက်တူမတူ၊ ဗီဇကို ပြင်လို့ရမရ ဆိုတာနဲ့ပတ်သက်ပြီး အရင်တင်ခဲ့တဲ့ မျိုးရိုးဗီဇပိုပစ်တခုအောက်က မှတ်ချက်ထဲမှာ မေးထားပါတယ်။ တခြားစိတ်ဝင်စားသူတွေလည်း ဖတ်နိုင်စေရန် ပို့စ်တခု အနေနဲ့ တင်ပေးလိုက်ပါတယ်။ မျိုးရိုးဗီဇ ပို့စ်တွေက ဝေါဟာရတွေနဲ့ ရှုပ်ထွေးတော့ မလေ့လာဖူးသူတွေအနေနဲ့ ဖတ်ရ နားမရှင်းနိုင်တာကို ကျွန်မ သဘောပေါက်ပါတယ်။ အမှန်က တင်ထားတဲ့ ပို့စ်တွေ အားလုံးကို ဖတ်လို့ သေသေချာချာ နားလည်ရင် ဒီမေးခွန်းတွေရဲ့ အဖြေက ရှိထားပြီးသား ဖြစ်ပါတယ်။ အခု ဒီပို့စ်က အရင်တင်ထားတဲ့ မျိုးရိုးဗီဇ ပို့စ်တွေက အချက်အလက်တွေကို အရိုးရှင်းဆုံး ဝေါဟာရတွေနဲ့ ပြန်သုံးပြီး တခြား ဘာသာရေးဆိုင်ရာ ဥပမာတချို့နဲ့ ပေါင်းစပ်ကာ အတိုချုပ် ပြန်လုပ်ပေးထားတာသာ ဖြစ်ပါတယ်။ မရှင်းလင်းပါက ဇီဝသိပ္ပံခေါင်းစဉ်အောက်က မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ပို့စ်တွေကို ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

ဗုဒ္ဓဘာသာအရ သတ္တ၀ါတို့ရဲ့ ဖြစ်တည်မှုကို ကံ၊ စိတ်၊ဥတု၊ အာဟာရ တို့နဲ့ ပေါင်းစပ်ထားတယ်လို့ ဆိုထားသလို ဇီဝသိပ္ပံ အရ မျိုးရိုးဗီဇ (Genetic) မှာ သတ္တ၀ါတခုရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြစ်စေ၊ အပြုအမူ အကျင့်စရိုက် ဖြစ်စေ ဗီဇနှင့် ပတ်ဝန်းကျင် (Gene and Environmental factors) နှစ်ခုစလုံး က ပုံဖေါ်ထားပါတယ်လို့ ဆိုထားပါတယ်။ သိပ္ပံမှာကျတော့ လောကုတ္တရာနဲ့ ဆိုင်တဲ့ ကံဆိုတာမပါပေမဲ့ ဘုရားပြောထားတဲ့ စိတ်၊ ဥတုနဲ့ အာဟာရ သုံးခုက ဇီဝသိပ္ပံက ပြောထားတဲ့ Environmental Factors ခေါ် ပတ်ဝန်းကျင်ကို ကိုယ်စားပြုနေပါတယ်။ ကွဲပြားတာကတော့ ဘုရားပြောတဲ့ သတ္တ၀ါဆိုတာ အာရုံကြောအဖွဲ့အစည်း အပြည့်အစုံ ပါဝင်တဲ့ လူ၊ နတ်၊ ဗြဟ္မ၊ တိရိစ္ဆာန်နဲ့ တခြားသတ္တ၀ါတွေကိုပဲ ဆိုလိုပြီး ဇိဝသိပ္ပံက မျိုးရိုးဗီဇမှာ ညွန်းဆိုထားတဲ့ သက်ရှိဆိုတာကတော့ အာရုံကြောအဖွဲ့အစည်း အပြည့်အစုံ မပါဝင်တဲ့ Microorganisms တွေနဲ့ အပင်တွေပါ ပါဝင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် သက်ရှိတွေကို ဖွဲ့စည်းထားတာနဲ့ ပတ်သက်ပြီး အတိုချုပ်ကတော့ ဘုရားက ကံနဲ့ ပတ်ဝန်းကျင် ပေါင်းစပ်ထားတယ် လို့ပြောပြီး ဇီဝသိပ္ပံက ဗီဇနဲ့ ပတ်ဝန်းကျင် ပေါင်းစပ်ထားတယ်လို့ပဲ အဓိပ္ပါယ် ရပါတယ်။ ကံနဲ့ ပတ်သက်တာကိုတော့ ဗုဒ္ဓဘာသာဝင်တွေအတွက် ရှေးဘ၀၊ အခုဘ၀ အလုပ်တွေကို ဆိုလိုတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးဖြစ်ပါတယ်။

ဒီမေးခွန်းတွေကို ဖြေဖို့အတွက် ဗီဇဆိုတာ ဘာကိုဆိုလိုလဲလို့ နားလည်ဖို့လိုပါလိမ့်မယ်။ သူ့ဗီဇကိုက ဒီလိုရှိတာ ဘယ်လိုမှ ဖျောက်လို့ရမှာမဟုတ်ဘူး ဆိုတဲ့ စကားတွေကို ကြားဖူးကြပါလိမ့်မယ်။ ဗီဇဆိုတာဘာလဲ။ ဗီဇ ဆိုတာ အင်္ဂလိပ်လိုကတော့ Gene လို့ခေါ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အသေးငယ်ဆုံး အဖွဲ့အစည်းတခု ဖြစ်တဲ့ ဆဲလ် (cell) ထဲမှာ ပါဝင် ပေါင်းစပ်ဖွဲ့စည်းထားပြီး နောက်မျိုးဆက်ကို အမွေဆက်ခံစေတဲ့ အစိတ်အပိုင်းဖြစ်တယ်၊ ဆဲလ်တွေ တူရာ စုစည်းပြီး တစ်ရှူးဆိုတာဖြစ်လာတယ်၊ တူရာ တစ်ရှူးတွေစုပေါင်းပြီး အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်လာတယ် အင်္ဂါအစိတ်ပိုင်းတွေ စုစည်းပြီး စက်နဲ့တူတဲ့ အလုပ်လုပ်မှုစနစ် (System) ဖြစ်လာတယ်။ System လည်ပတ်မှုနဲ့ ဒီခန္ဓာကိုယ်ကြီး အသက်ရှင်နေတယ်ဆိုတာ အခြေခံသိပ္ပံသင်ဖူးသူတိုင်း သိပြီး ဖြစ်လိမ့်မယ်။

ဗီဇဆိုတာက ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ အသေးငယ်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ cell ရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိတဲ့ Nucleus ထဲက သေးငယ်တဲ့ DNA မော်လီကျူးကို ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းလေးတွေ ဖြစ်ပါတယ်။ သေးငယ်ဆုံး အစိတ်အပိုင်းထဲကမှ ထပ်ပြီးအသေးငယ်ဆုံး အစိတ်အပိုင်း ဖြစ်ပေမဲ့ သတ္တ၀ါတိုင်းရဲ့ မျိုးဆက်တခုနဲ့ တခုကြားမှာ ရုပ်သွင်လက္ခာတို့ အကျင့်စရိုက်တို့ကို ဒီ ဗီဇလို့ လို့ခေါ်တဲ့ အစိတ်အပိုင်းလေးတွေကပဲ သယ်ဆောင်ပေးပါတယ်။ ဆဲလ်တခုစီထဲမှာ လူတွေရဲ့ ရုပ်သွင်နဲ့ အကျင့်စရိုက်ကို ဖေါ်ညွန်းတဲ့ မရေတွက်နိုင်တဲ့ ဗီဇတွေ ရှိပါတယ်။ ဒီသေးငယ်တဲ့ ဗီဇတခု ဖြစ်လာဖို့အတွက် မိခင်နဲ့ ဖခင် နှစ်ယောက်စလုံးဆီက ဗီဇ၀က် တခုစီနဲ့ ဖွဲ့စည်းထားပါတယ်။ သို့သော်လည်း စရိုက် (သို့) ပုံပန်းသဏ္ဍန် လက္ခဏာပေါ်ရင်တော့ အားကောင်းတဲ့သူ တယောက်ရဲ့ လက္ခဏာပဲ ပေါ်တာများပါတယ်။ ဒါကြောင့် ဘယ်နေရာမှာတော့ အမေနဲ့ တူပြီး ဘယ်နေရာမှာတော့ အဖေနဲ့တူတယ် ဆိုတာပဲ တွေ့ရလိမ့်မယ်။ တခုတည်းမှာ အဖေရောအမေရော နှစ်ယေက်စလုံးနဲ့ တူတယ်ဆိုတာ မရှိလိုဘူး။ တခြား တယောက်ရဲ့ လက္ခဏာက မပေါ်ပေမဲ့ အဲဒီ ဗီဇ က သွေးထဲမှာတော့ ရှိနေတယ်။ ပြီးတော့ သူ့မိဘဆီမှာရှိပြီး သူ့ဆီမှာ မပေါ်တဲ့ လက္ခဏာက သူ့သားသမီးဆီမှာ သွားပေါ်နိုင်ပါတယ်။ ရုပ်သွင် (သို့) အကျင့်စရိုက် တခုခုမှာ အဖေတွေ အမေတွေ တယေက်နဲ့မှ မတူဘဲ အဖိုးအဖွားတွေနဲ့ သွားတူနေတဲ့သူတွေကို တွေ့ဖူးပါလိမ့်မယ်။ အဲဒါတွေဟာ ဗီဇကြောင့် ဖြစ်လာတာတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဗီဇဆိုတာ ရုပ်သွင်လက္ခာနဲ့ အကျင့်စရိုက်တွေကို ပုံဖေါ်တဲ့ သတ္တ၀ါတွေရဲ့ သွေးထဲမှာ ရှိနေပြီးသား မျိုးစေ့တွေဖြစ်လို့ လုံးဝဖျောက်ဖျက်လို့ မရပါဘူး။

သို့သော်လည်း ရုပ်သွင်လက္ခဏာနဲ့ အကျင့်စရိက်တိုင်းက ဗီဇကပဲ လာတာလားဆိုတော့ လုံးဝမဟုတ်ပါဘူး။ ဘုရားက ကံနဲ့ ပတ်ဝန်းကျင် ဇီဝသိပံ္ပက ဗီဇန ပတ်ဝန်းကျင်က ပုံဖေါ်တယ် ပြောထားပါတယ်။ မင်္ဂလာသုဒ်ထဲက ပထမပိုဒ်ဖြစ်တဲ့ လူမိုက်ကိုရှောင် သူတော်ကောင်းနဲ့ ပေါင်းဖက်ရမယ် ဆိုတဲ့ ဆုံးမစကားက ပတ်ဝန်းကျင် ကောင်းရင် လူကောင်းဖြစ်မယ်ဆိုတာ ဖေါ်ပြနေပါတယ်။ ပြီးတော့ ငယ်ငယ်က သင်ရတဲ့ ကျေးညီနောင်နှစ်ဦး ပုံပြင်မှာလည်း လေပြင်းမှုန်တိုင်းတိုက်ပြီး လွင့်သွားပြီးနောက်ပိုင်း လူဆိုးတွေဆီရောက်သွားတဲ့ ကျေးနဲ့ ရသေ့ရဟန်းတွေဆီရောက်သွားတဲ့ ကျေးညီနောင်နှစ်ဦးရဲ့ ကွာခြားပုံက မျိုးရိုးဗီဇ ဘာကြီးပဲ ဖြစ်နေပါစေ၊ ပတ်ဝန်းကျင်ရဲ့ ပြုပြင်ထိန်းကျောင်းမှုက ဘ၀တွေအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ဖေါ်ပြနေပါတယ်။ ဒါက သိပ္ပံနဲ့ မဆိုင်တဲ့ အထောက်အထားမှာ ပတ်ဝန်းကျင် ပါဝင်ပတ်သက်မှု ဖြစ်ပါတယ်။

ဇီဝသိပ္ပံမှာ မျိုးရိုးဗီဇ ရောဂါ (သို့) လက္ခဏာတွေကို လေ့လာထားတဲ့ အထောက်အထားတွေအရ ပေါ်နေတဲ့ လက္ခဏာတွေဟာ ဗီဇရော ပတ်ဝန်းကျင်ကြောင့်ပါ နှစ်ခုစလုံး ပေါင်းစပ်တာက ပိုများပြီး ပတ်ဝန်းကျင်ပရောဂ လုံးဝမပါဘဲ ဗီဇသက်သက်ကြောင့် ဖြစ်တာဆိုလို့ ၂၀% ပဲ ရှိပြီး မိဘမျိုးရိုးဗီဇမှာ လုံးဝမရှိဘဲ ဘ၀နေထိုင်မှု Environmental Factors (ဘုရားအဆိုရ စိတ်၊ ဥတု၊ အာဟာရ) ကြောင့် ဖြစ်တာ ၈၀% ရှိတယ်လို့ တွေ့ရှိရပါတယ်။ ပုံစံတူ အမွှာမောင်နှမတွေဟာ ဗီဇထဲမှာ ပါတဲ့အချက်အလက်တွ အကုန်လုံးတူပေမဲ့ အသွင်လက္ခာ အကျင့်စရိုက်တွေ မတူတာတွေ့ရလိမ့်မယ် ဒါဟာပတ်ဝန်ကျင်အပေါ် တုံ့ပြန်မှုမတူလို့ ဖြစ်ပါတယ်။ ဒီအထောက်အထားတွေအရ လူတယောက်ရဲ့ အကျင့်စရိုက်တွေကို ပတ်ဝန်းကျင်နဲ့ ဘ၀နေထိုင်မှု ပုံစံက မျိုးရိုးဗီဇထက် ပိုပြီး ပုံဖေါ်ထားတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ ဗီဇနဲ့ အကျင့်စရိုက် တူမတူ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဗီဇဆိုတာ သွေးထဲမှာ အမှန်တကယ်ရှိနေတဲ့ မိဘမျိုးရိုးကပါလာတဲ့ နဂိုရှိနေတဲ့အရာ၊ အကျင့်စရိုက်ဆိုတာ သွေးထဲမှာ ရှိရင်လည်းရှိမယ် မရှိရင်လည်းမရှိဘူး အပြင်မှာ တွေ့ရတဲ့အမူအကျင့် လက္ခဏာဆိုတာ ဒီလောက်ဆို ၀က်ဝံလေး သဘောပေါက်လောက်မယ် ထင်တယ်။

ဘယ်လောက်ပဲ ပြုပြင်လေ့ကျင့်ပါစေ သွေးထဲမှာ ဗီဇ မရှိရင် လိုက်လုပ်လို့ မဖြစ်နိုင်တဲ့ အမူအကျင့်တွေလည်း ရှိပါတယ်။ ဥပမာ တချို့လူတွေ တခြားမျက်လုံးတဖက်ကို ပုံမှန်အတိုင်းထားပြီး မျက်နှာဖွဲ့စည်းပုံ လုံးဝမပျက်ပဲ မျက်လုံးတလုံးကို မှိတ်လို့ရတယ်။ တချို့လူတွေ နားရွက်ကို လှုပ်ပြလို့ရတယ်၊ လျှာကို အပေါ်လိပ်တင်လိုက် အောက်ကိုခေါက်ချလိုက် မုန့်ကြိုးလိမ်လို လိမ့်လိုက် လုပ်ရတာ ရှိပါတယ်။ ဒီလို အမူအကျင့်တွေက သွေးထဲက ဗီဇမှာကို ရှိနေလို့သာ လုပ်လို့ရပါတယ်။ သွေးထဲမှာ ဗီဇမရှိရင် လုံးဝ လုပ်လို့မရနိုင်ပါဘူး။ ကျွန်မက ကျောင်းက ဇီဝဗေဒဘာသာရပ်မှာ မျိုးရိုးဗီဇအကြာင်းကို သင်ရတုန်းက ဒါတွေကို သိရတဲ့အချိန်မှာ အိမ်ရောက်တော့ သားမှာ ရှိတဲ့ လက္ခဏာတွေကို လာကြည့်တော့ သားက ကျွန်မ လုံးဝ လုပ်လို့မရဘဲ သူ့အဖေလုပ်လို့ရတဲ့ လျှာလိမ့်တာကို လုပ်လို့ရနေသလို သူ့အဖေ လုံးဝလုပ်လို့မရဘဲ ကျွန်မလုပ်လို့ရတဲ့ မျက်စိတဖက်တည်းကို မျက်နှာအမူအယာ မပျက်စေဘဲ မှိတ်တာကိုလုပ်လို့ ရနေတယ်။ ဒါပေမဲ့ သူ့အဖေရော ကျွန်မပါ လုပ်လို့မရတဲ့ နားရွက်ကို အပေါ်အအောက် အရှေ့အနာက် လှုပ်ပြတာ ကိုလည်း လုပ်လို့ရနေတယ်။ အဲဒါကတော့ ကျွန်မဘက်က မိဘ (သို့) သူ့အဖေဘက်က မိဘ နှစ်ဦးထဲက တဦးဦး ဆီက အမွေရတာ ဖြစ်နိုင်ပါတယ်။ ဒါကတော့ မေးထားတဲ့ မေးခွန်းနဲ့တော့ မဆိုင်ပေမဲ့ ဗီဇနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းလို့ ပြောပြတာဖြစ်တယ်။

ဗီဇကို ဖျောက်၍ရမရ ဆိုတဲ့မေးခွန်းကျတော့ ဖျောက်လို့တော့ မရနိုင်ဘူး မကောင်းတဲ့ အကျင့်စရိုက်ဖြစ်ရင် ပတ်ဝန်းကျင်ရဲ့ ပြုပြင်မွမ်းမံထိန်းကျောင်းမှုနဲ့ မဖြစ်အောင်တော့ လမ်းကြောင်းလွဲကာ ထိန်းသိမ်းလို့တော့ ရနိုင်ပါတယ်။ အရက်ကြိုက်သူရဲ့ Gene, ဆန့်ကျင်ဘက်လိင်ကို ပုံမှန်ထက် ပိုစိတ်ဝင်စားသူရဲ့ Gene ထဲမှာ အဲဒီစိတ်တွေကို စေ့ဆော်ပေးတဲ့ ဟော်မုန်းအားက တခြားသူတွေထက် ပိုများနေလို့ ဖြစ်ပါတယ်။ ခိုးတတ်၊ အကြမ်းဖက်တတ်သူတွေမှာလည်း ဒီအတိုင်းပါပဲ။ ဥပမာ ခိုးတတ်တဲ့ ၊ အကြမ်းဖက်တတ်တဲ့ အကျင့်ရှိသူကို ခိုးစရာ အကြမ်းဖက်စရာ မလိုတဲ့ ခိုးဖို့ အကြမ်းဖက်ဖို့ အခွင့်အလမ်းမပေးတဲ့ အခြေအနေနဲ့ ပတ်ဝန်းကျင်မှာ ထားရင် ခိုးစရာ အကြမ်းဖက်စရာ ဖန်လာဖို့ မရှိဘူး။ ထိုနည်းအတူ အရက်သေစာ၊ မူးယစ်ဆေးဝါး သုံးစွဲသူ ဆန့်ကျင်ဘက် လိင်ကိုသာမန်ထက် စိတ်ဝင်စားမှုပိုများလို့ ရည်းစားများသူတွေ၊ မိန်းမ ယောက်ျား လိုက်စားသူတွေကိုလည်း ဒီအတိုင်းပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။ မျိုးရိုးဗီဇမှာ မရှိဘဲ ပတ်ဝန်းကျင်နဲ့ အခြေအနေ အချိန်အခါက စေ့ဆော်လို့ အခြေအနေ ဖန်လာရင် ကျူးလွန်ဖြစ်သွားတတ်တာကလည်း ဗီဇကြောင့် ဖြစ်တာထက် ပိုများတာ ရှိသလို ဗီဇကြောင့် ဖြစ်တာကိုလည်း ရာခိုင်နှုန်းအတော်များများကို အခြေအနေ အချိန်အခါမဖန်အောင် လမ်းလွဲပြီး ပြုပြင်ထိန်းကျောင်းလို့ ရနိုင်ပါတယ်။ သွေးထဲမှာ ရှီနေတဲ့ ဗီဇကိုတော့ ထုတ်ပစ်လို့ လုံးဝမရပါဘူး။ ဒီလောက်ဆိုရင်တော့ ညီမလေး ၀က်ဝံလေးအနေနဲ့ အတော်လေး သဘောပေါက်လောက်ပြီ ထင်ပါတယ်။

သက်ဆိုင်သည့်ပို့စ်များ
မျိုးရိုးဗီဇ အမွေဆက်ခံခြင်း မိတ်ဆက် ဤနေရာမှာ
မျိုးရိုးဗီဇ ရောဂါများနှင့် အမွေဆက်ခံပုံ (၁) ဤနေရာမှာ
မျိုးရိုးဗီဇ ရောဂါများ (၂) ဤနေရာမှာ
မျိုးရိုးဗီဇ ရောဂါများ (၃) ဤနေရာမှာ




33 comments:

ဗီဇစိတ်ကိုဖတ်ပြီး ကော်မန့်ပေးမလို့ အောက်မှာကြည့်လိုက်တော့ စိတ်ဝင်စားစရာဖြစ်လာမယ့် ပို့စ်တစ်ပုဒ်ကို မြင်ယောင်မိတယ်။

စိတ်ဝင်စားစရာ ကောင်းတဲ့ အပြင် ၊ အရင်က ထင်မြင်ထား တာတွေ လွဲမှား နေကြောင်း သိလိုက်ရလို့  အကျိုးဖြစ်စေတဲ့ ပို့ စ် တခုပါပဲ မငယ်နိုင်ရေ ။

အပေါ်ဆုံး ကော်မန့် က မေးခွန်းက ပို စိတ်ဝင်စားစရာ ကောင်းသွားသလိုပဲ။
ဒါကိုလည်း ဗီဇ ကြောင့်လား ။ ပတ်ဝန်းကျင်ကြောင့်လား လို့  ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လို လိမ့်မယ် ထင်တယ် ။..
ပတ်ဝန်းကျင်လွှမ်းမိုးမှုကြောင့် ဖြစ်တာပိုများတယ် ဆိုတာ လက်ခံမိပါတယ် ။ ဒီတော့ မကောင်းတဲ့ ဗီဇလေးတွေကို ပြောင်းလဲအောင် လုပ်ပေးနိုင်တဲ့ အနေအထားတွေ ပံ့ပိုးပေးသင့်တယ် နော်။

ချမ်းမြေ့ ပါစေ ..
ခင်မင်စွာဖြင့်
ကိကိ။

ူkiki ရေုkiki ပြောတဲ့ အပေါ်ဆုံး Comment က ပို့စ်နဲ့လည်းမဆိုင် ပြီးတော့ အဲဒီအတွက် သက်ဆိုင်တဲ့ ပို့စ်မှာ ဖြေထားပေးပြီးဖြစ်လို့ ကပ်ဖဲ့လုပ်ပြီး ဒီမှာ ပြန်လာမေးထားလို့ ဖျက်လိုက်ပါပြီ။ ကျွန်မထင်တာကတော့ ဒီတယောက်ဟာ ဗီဇတခုတည်း ပတ်ဝန်းကျင် တခုတည်းကြောင့် မဖြစ်နိုင်ဘူး Gene and Environmental Factors နှစ်ခုစလုံး မကောင်းလို့သာ ဒီလို ဖြစ်နေတယ်ထင်တယ်။

မောင်မိုးက ဘာကိုဆိုလိုတာလဲ။

ဗီဇ အကြောင်း ပြည့်ပြည့်စုံစုံလေး ဖတ်လိုက်ရတယ် ...
တန်ဖိုးရှိတဲ့ post လေးပါပဲ မငယ်ရေ...
ရွှင်လန်းချမ်းမြေ့ပါစေရှင်...

မငယ်ရေ...မျိုးရိုးဗီဇ ဖျောက်မရ လို့တော့ ကြားဖူး ပြောဖူးနေတာပဲ...ဇီဝ သိပ္ပံဆေးပညာနဲ့ ရှင်းပြမှ ဗီဇဆိုတာကို သေချာ နားလည်သွားတယ်...ကျေးဇူးပါ မငယ်...:)

အရမ်းကောင်းပါတယ်ဗျာ။ စီဘောက်စ်က စာနဲ့ ကွန်းမန့်တွေကို ဖျက်တဲ့ အကျင့်နဲ့ အမှန်ပြောရင်လက်မခံနိုင်တဲ့ဗီဇပါလာပုံလေး ဆက်ရှင်းပေးပါအုံး။

မငယ်နိုင်ကျေးဇူးပါ
သမီးက လင့်ခ် ချိတ်ထားပါတယ် အမ ကို အခုလို တင်ပေးတာ ကျေးဇူးတင်ပါတယ် သူငယ်ချင်းတွေကိုလဲ ပေးဖတ်လိုက်မယ်နော် သူတို့နဲ့ငြင်းနေလို့

သမီးလဲ အခုမှ ပြန်ရောက်လို့ ဒါကြောင့် အမ ဘလော့ဂ်ကို ဝင်ကြည့်ဖြစ်ပါတယ် အမ ရဲ့ ဟီးးးးး

တော်တော်လေးတော့ ရှင်းသွားပြီ နောက်မသိမှ ထပ်မေးဦးမယ် ဘိုင် တာ့တာနော်
ကျေးဇူးးအကြီးကြီးတင်တယ်နော်

woooo..... Bravo! (ကိုAATO၏ လက်သုံးစကားအရ)

တင်ပြသွားပုံအရမ်းရှင်းလင်းပါတယ်။
နားလည်ရလွယ်ပါတယ်။
အဲ့လိုရေးသားရှင်းလင်းသွားနိုင်တဲ့ အန်တီငယ်နိုင့်ကိုလည်း ချီးကျူးလေးစားပါတယ်။
အများကြီးသိလိုက်ရတယ်။ ကျေးဇူးဗျို့။

23 Apr 10, 03:38
JK: The last post about gene is informative. I appreciate your effort!
(ပို့စ်နဲ့ ဆိုင်နေလို့ C-Box က ကူးလာပါတယ်။)။

ဝက်ဝံလေးမေးထားလို့ ဖြေထားတာကို တခြားသူတွေအတွက်လည်း ဗဟုသုတရကြတယ်ဆိုလို့ ၀မ်းသာပါတယ်။ ဘုရားဟော ဥပမာတွေကလွဲရင် ကျန်တဲ့ အချက်မလက်တွေက Genetics အကြောင်း တင်ပြီးသားပို့စ်တွေထဲက ပြန်ကောက်နှုတ်ထားတာ ဖြစ်လို့ မရှိလင်းတာရှိရင် ကျန်မာရေး/ဇီဝသိပ္ပံ ခေါင်းစဉ်အောက်က Genetics ပို့စ်တွေမှာ အသေးစိတ်ကို ပြန်သွားဖတ်ကြည့်နိုင်သလို ဒီမှာလည်း မေးခွန်းပြန်မေးလို့ရပါတယ်။

ဒေါ်လာရေ- အယူမှားသူအတွက် အမှန်တရားဆိုတာ အမှားကို ဆိုလိုပါတယ်။ ရှင်ပြောတဲ့ အမှန်တရားက ကျွန်မအတွက် အမှားတရားတွေ ဖြစ်နေလို့ ဒီအချက်ကိုတော့ ကျွန်မ ဆက်မပြောလိုဘူး။ Genetics နဲ့ ဆိုင်တာကို မေးထားတာကိုပဲ ဖြေမယ်။

ကျွန်မဘလော့ဂ်မှာ လူမိုက်တွေက ညစ်ညမ်းအောင်လာလုပ်နေလို့ လူမိုက်ကို ရှောင်ချင်လို့ ဖျက်ရတာ ဖြစ်တယ်။ ဒါကြောင့် C-Box က စာတွေနဲ့ ကွန်မက်တွေကို ဖျက်တာ ဗီဇနဲ့မဆိုင်ဘူး Environmental Factors ခေါ် ပတ်ဝန်းကျင်နဲ့သာ ဆိုင်ပါတယ်။ ရှင်က ကျွန်မကို အမှန်တရားလက်မခံသူအဖြစ် ရေးချင်ဇောနဲ့ ပို့စ်ကို သေချာမဖတ်ဘဲ ရေးလိုက်ရတော့ လူတွေမှာ ရှိတဲ့ အကျင့်စရိုက်တွေမှာ ၂၀% သာ ဗီဇနဲ့ ဆိုင်ပြီး ၈၀% က ပတ်ဝန်းကျင်ကြောင့် ဖြစ်တယ်လို့ ပို့စ်ထဲမှာ ရေးထားတာကိုလည်း တွေ့လိုက်ပုံမရဘူး။ သေသေချာချာ ပြန်ဖတ်ကြည့်ဖို့ အကြံပြုပါတယ်။

ဗဟုသုတရစေပါတယ်ဗျာ.. ဖတ်ရှု့သွားပါတယ်.. အကျိုးရှိပို့စ်များ တင်နိုင်ပါစေ....အစ်မရေ..

မကြီးငယ်နိုင်ရေ...........

ရှင်းရှင်းလင်းလင်းအခုမှပဲသိတော့တယ်။
ဗဟုသုတလည်းအများကြီးရစေပါတယ်။
ကျေးဇူးတင်ပါတယ်နော်။
ပျော်ရွှင်ပါစေ။

Anonymous - ရှင်လူ့ကျင့်ဝတ်ကို နားလည်ရင် သူများအိမ် သွားလည်ရင် သူများအိမ် စည်းကမ်း လိုက်နာရမယ်ဆိုတာကို နားလည်လိမ့်မယ်။ အိမ်ထဲဖိနပ်စီးခွင့်ပေးတဲ့ အိမ်ကိုပဲ ရှင်ဖိနပ်စီး ၀င်လို့ရနိုင်ပြီး ဖိနပ်စီးပြီးဝင်ခွင့်မပေးတဲ့အိမ်ကို စီးဝင်လို့ မရဘူး။ အခုကျွန်မက ကျွန်မပို့စ်က မှတ်ချက်မှာ မဆိုင်တာကို ရေးခွင့်မပြုဘူးလို့ စည်းကမ်းထုတ်ထားတယ် ရှင့်မှာ ဒီအတိုင်း လိုက်နာဖို့ တာဝန်ရှိပါတယ်။ သူများအထင်ကြီးခံရဖို့ ကျွန်မဘလော့ဂ်ရေးနေတာ မဟုတ်ဘူး။ ရှင်အထင်သေးလည်း ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မဘလော့ဂ်ဟာ မဆီမဆိုင် ရှင်တို့ရေးချင်တာ လာရေးဖို့ ဖွင့်ထားတာမဟုတ်ဘူးဆိုတာ ကျွန်မ အကြိမ်ကြိမ် ရှင်းပြပြီးပါပြီ။ ကျွန်မ ရှင်းပြတာကို နားလည်သည်ဖြစ်စေ၊ လည်သည်ဖြစ်စေ ကျွန်မထပ်ရှင်းပြဖို့ မရှိတော့ဘူး။ ကျွန်မဘလော့ဂ်မှာ ၀င်ရေးချင်ရင် ကျွန်မ ချမှတ်ထားတဲ့စည်းကမ်းကို လိုက်မနာပဲနဲ့တော့ ရှင်ရေးလို့မရဘူး။
ဒီပို့စ်ထဲမှာ ထပ်ရေးချင်ရင် Genetics နဲ့ ဆိုင်တာကိုပဲ ထပ်ရေးပါ မဟုတ်ရငတော့ ဖျက်မယ်လို့ ထပ်သတိပေးပါတယ်။

kokosan ကျွန်တော်ဆွေးနွေးခဲ့တုန်းက ရိုင်းပြခဲ့ရင်တောင်းပန်ပါတယ်.. ဘာလို့လဲဆိုတော့ kokosan က ကျွန်တော့်ထက်အသက်ကြီးလို့ပါ... အားရင်တော့ဝင်ဖတ်ပြီးဆွေးနွေးပါဦးမယ်.. အခုလောလောဆယ်တော့ စာတွေနဲ့လုံးချာလိုက်နေလို့ပါ..

အဖေ နဲ့ အမေ ကနေ မွေးဖွားလာတဲ့ သားသမီးတိုင်းမှာ သားသမီး ဗီဇတွေက အဖေ နဲ့ အမေ ရဲ့ ဘယ်သူ့ဟာ ဘယ်လောက် ဘာလို့ပါတာလဲ...အဲလိုပါတဲ့သူက အများစုက အဖေ လား အမေလား...အဖေ သွေးက ပါတာများရင် ဘာလို့လဲ အမေ့သွေးက ပါတာများရင် ဘာလို့လဲ..ဒါမှမဟုတ် နှစ်ယောက်လုံးရဲ့ သွေးကို မျှမျှတတ ပါတတ်လား ဘာကြောင့်လဲ...သိချင်ပါတယ်...

Anonymous - သွေးအုပ်စုကလွဲရင် အဖေ (သို့) အမေ တယောက်ရဲ့ လက်ခဏ္ခာပဲ ပေါ်တာများတယ်။ သက်ရှိ တွေရဲ့ ဗီဇ(gene) တစ်ခုစီ ကို မိခင်နှင့် ဖခင် တဦးစီက ရရှိတဲ့ alleles (ဗီဇ၀က်) တခုစီနဲ့ ပေါင်းစပ်ဖွဲ့စည်း ထားပါတယ်။ ဖိုနှင့်မ ပေါင်းစပ်ပြီးတဲ့အခါမှာ လူသားမှာ ဖခင်၏ သုတ်ရည် (sperm) က ရရှိတဲ့ allele (ဗီဇ၀က်) နှင့် မိခင်၏ မျိုးဥမှ ရရှိတဲ့ ဗီဇ၀က်နှစ်ခု ညီမျှစွာ ပေါင်းစပ်ပြီး ဗီဇ (Gene ) တခုကို ဖြစ်စေပါတယ်။ အဲဒီက တဆင့် (gamete) လို့ခေါ်တဲ့ ဆဲလ်အသစ် ပထမဦးဆုံး သက်ရှိ ဆဲလ်တခုကို ဖြစ်လာစေပါတယ်။ ဒါကို လိင်ရှိ ဆဲလ်ပွားခြင်း (Meiosis) နည်းနဲ့ ရရှိပါတယ်။ အဲဒီ ဆဲလ် တခုတည်းကနေ လုံးဝ ထပ်တူကျတဲ့ ပုံစံတူ ဆဲလ်တွေကို လိင်မဲ့ ဆဲလ်ပွားခြင်း (Mitosis) နဲ့ ဆက်လက်ပွားပြီး လူသား (သို့) သတ္တ၀ါ လောင်းလျာလေးကို ဖြစ်လာစေပါတယ်။ အဲဒီကတဆင့် နောက်ဆုံးမှာ ပြီးပြည့်စုံသည့် သတ္တ၀ါ သန္ဓေသား တခုကို ဖြစ်လာစေပါသည်။ အဲဒီ သစ်ဖြစ်လာတဲ့ သတ္တ၀ါမှာ မွေးဖွားကြီးပြင်းလာတဲ့အခါမှာ မိခင်နဲ့ ဖခင် နှစ်ဦးစလုံးဆီက အရိုက်အရာတွေ သွေးထဲမှာ ညီတူညီမျှ ရှိပေမဲ့ သွေးအုပ်စု အမျိုးအစားက လွဲရင် အားကောင်းသူရဲ့ အသွင်လက္ခဏာကိုပဲ မြင်တွေ့ရပါတယ်။ အမွေဆက်ခံတဲ့ပုံစံ အသေးစိတ်ကို သိလိုရင် အဲဒီ ကျန်းမာရေး၊ ဇီဝသိပ္ပံအောက်က မျိုးရိုးဗီဇ ပို့စ်တွေထဲမှာ ဆက်ဖတ်နိုင်ပါတယ်။

kokosan- ကျွန်မ မြန်မာပြည်မှာ High School အောင်တဲ့အထိ ကျောင်းမနေဖူးပါဘူး။ ၈၈ ဆယ်တန်း တက်တဲ့နှစ်အထိပဲ နေခဲ့ဖူးတယ်။ မြန်မာပြည်မှာ အထက်တန်းအဆင့် Biology ထဲမှာ Genetics အကြောင်းမရှိဘူး။ ကျွန်မ ဒါတွေကို သြစကြေးလျားက အထက်အတန်းအဆင့် ကျောင်းပြန်တက်မှ Biology မှာ စသင်ရတယ်။ တက္ကသိုလ်မှာလည်း Genetic Engineering တို့ Modern Biotechnology တို့ကို ယူတဲ့သူတွေပဲ အသေးစိတ်သင်ရလိမ့်မယ်ထင်တယ်။ တခြား ကျန်းမာရေးနဲ့ ဆိုင်တဲ့ကျောင်းသားတွေ ဖြစ်တဲ့ Health Science, Nursing, Medicine, Medical Science, Biomedical Science ကျောင်းသားတွေအတွက်တော့ အခြေခံပဲ သင်ပါတယ်။ စိတ်ဝင်စားလို့ သိပ်ကောင်းလို့ မှတ်မိနေတယ်။ စိတ်ဝင်စားရင် ဆွေးနွေးပါ ကျွန်မလည်း သိသလောက် ပြန်ဆွေးနွေးလို့ရပါတယ်။

ဗီဇက သူ့နဂိုတတည်းက သွေးထဲမှာ ရှိနေပြီးသား၊ ကံကလည်း အတိတ်ကပါလာလို့ အကျိုးပေးဖို့ ရှိနေပြီးသားဖြစ်သလို ဘုရားဟောတဲ့ ပစ္စုပ္ပန်က ပိုအရေးကြီးပါတယ် ဆိုတာကလည်း သိပ္ပံမှာ ပတ်ဝန်းကျင်နဲ့ ဘ၀နေထိုင်မှု ပုံစံက ပိုအရေးကြီးတယ်ဆိုတာနဲ့ တူနေပါတယ်။ မကောင်းတဲ့ ဗီဇတွေကို ပတ်ဝန်းကျင်နဲ့ ဘ၀နေထိုင်မှုပုံစံပြောင်းပြီး လက္ခဏာ မပေါ်အောင် ကာကွယ်လို့ ရတယ်လို့ ဇီဝသိပ္ပံမှာ ပြောထားတာ ရှိသလို ဘုရားကလည်း အတိတ်ကံဘယ်လိုပဲ ပါလာပါစေ ၀ိပဿနာ ပွားခြင်းလို ပစ္စုပ္ပန်ကံအားကောင်းရင် အတိတ်ကံကို အဟောသိ ဖြစ်စေနိုင်တယ်လို့ ဟောထားတာ ရှိနေပါတယ်။ ဒါကြောင့် သိပ္ပံနဲ့ ဘုရားအဟော သဘောသဘာဝချင်းက သိပ်မကွာတာကို တွေ့ရပါတယ်။ တခုရှိတာက သာမန်လူတွေအတွက် ပတ်ဝန်းကျင်နဲ့ ဘ၀နေထိုင်မှု ပုံစံက ပိုအရေးကြီးပေမဲ့ ဘုရားလောင်းတို့ ရဟန္တာလောင်းတွေအတွက်တော့ ဗီဇ (သို့) ရှေးကပါလာတဲ့ အထံပါရမီက ပိုအရေးကြီးတယ်လို့ ထင်တယ်။ သို့ပေမဲ့ အဲဒီ ဗီဇ (သို့) ရှေးကပါလာတဲ့ အထုံပါရမီကိုလည်း ဥာဏ်နဲ့ ၀ိရိယ ပေါင်းစပ်မှ အောင်မြင်တယ်ဆိုတော့ လူတယောက်ရဲ့ ဘ၀အတွက် (သိပ္ပံအပြောအရ ဗီဇနဲ့ ပတ်ဝန်းကျင်၊ ဘုရားဟောအရ ကံနဲ့ ပတ်ဝန်းကျင်) နှစ်စုစလုံး ပေါင်းစပ်နိုင်ဖို့ အရေးကြီးဆုံး ဖြစ်တယ်လို့ပဲ လက်ခံရမှာဖြစ်တယ်။ Kokoson's ဆွေးနွေးမှုအတွက် ကျေးဇူးတင်ပါတယ်။

မငယ်နိုင် ခင်ဗျာ.. မငယ်နိုင် ရေးထားတဲ့ ပို.စ်က ဗဟုသုတရစေပါတယ်၊ မငယ်နိုင် ဆွေးနွေးသလို လူဘ၀စဖြစ်လာတာ အခြေခံအကြောင်းအရင်း က မိခင် ရဲ. egg နှင့် sperm တို.ရဲ. ပေါင်းစုံရာမှာ ဖြစ်လာတာပါ၊ ဒါပေမဲ. သန္ဓေသားဖြစ်လာမဲ. ခလေးရဲ. ကံကလည်းပါလာပါတယ်၊ သန္ဓေဖြစ်လာပေမဲ.အကြောင်းအမျိုးကြောင့် ကိုယ်ဝန်ဆောင်မိခင်ဟာ miscarriage ဖြစ်တာရယ်၊ မိခင်ဖြစ်သူ က စီးပွားရေး၊ လူမူရေးကြောင့် abortion လုပ်ရ တာမျိုးကြောင့် လည်း သန္ဓေသား ဟာ လူဘ၀ကို မရောက်လာခဲ့ပါဘူး၊ တစ်ချို. အိမ်ထောင်သည်များ ဟာ နှစ်ဘက်စလုံး ဘာမျှ ချို.ယွင်းချက်မရှိဘဲ ခလေးမရရှိလို. IVF (in vitro Fertilization) လုပ်ပြီး ခလေး ရယူတာလည်းရှိပါတယ်၊ တစ်ချို. အိမ်ထောင်သည်များ ကို အကြိမ်ပေါင်းများစွာ ငွေကြေး အကုန်အကျခံပြီး treatment ယူရပါတယ်၊ ဘာသာရေးအရ ဆိုရင်တော့ မိဘနှစ်ပါးရဲ. လိုအပ်တဲ့ အခြေခံ အကျိုး၊ အကြောင်းတရား (egg ၊ sperm) နှင့် ခလေးက လူ.ဘ၀ကို ရောက်ကို ရောက်ရမယ် ဆိုတဲ့ သူ.ရဲ.ကံ ကလည်း ပါလာပါတယ်၊ မငယ်နိုင် နဲ. မိသားစု ကျန်းမာရွှင်လန်းပါစေ.....

လက်လျှော့လိုက်တော့ ဒေါ်လာ။ Genetic နဲ့ ဆိုင်တာကို လာရေးပြီးမေးထားတာကို ကျွန်မ ကောင်းကောင်း ပြန်ဖြေထားပေးထားပါတယ်။ ဆိုင်လည်းမဆိုင် ခနဲ့တဲ့တဲ့ တိုက်ခိုက်ထားတာတွေ နောက်ထပ်အကြိမ် တရာလာရေးရင်လည်း အကြိမ်တရာ ထပ်ဖျက်မယ်။ ရှင်ဘယ်လောက်ရေးနိုင်မလဲ ရေးစမ်းပါ။ အခု ငါးခုရှိပြီ ကျွန်မ ရေထားပါတယ်။

အစ်မရေ မင်္ဂံလာပါ

life science မှာ ဘယ်အရာမှ 100 percent (all or none) law ဆိုတာ မရှိဘူးထင်ပါတယ်။ တစ်ချို့က တစ်ခုခုဖြစ်တာနဲ့ ဗီဇကို အပြစ်တင်ချင်တယ်။ အချို့ကလည်း ပတ်ဝန်းကျင်ကြောင့်တဲ့။ ကိုယ်ရဲ့လုပ်ရပ်တိုင်း စဉ်းစားပုံတိုင်းဟာ ဒီနှစ်ခုရဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဖြစ်တာပါ။

" ဘယ်လောက်ပဲ ပြုပြင်လေ့ကျင့်ပါစေ သွေးထဲမှာ ဗီဇ မရှိရင် လိုက်လုပ်လို့ မဖြစ်နိုင်တဲ့ အမူအကျင့်တွေလည်း ရှိပါတယ်။ " လူမှန်ရင် genetic code က အတူတူပဲ ဖြစ်တဲ့အတွက် ဗီဇမပါဘူးဆိုတာ မရှိဘူးထင်ပါတယ်။ သိသာပေါ်လွင်တာနဲ့ ငုတ်လျိုးနေတာပဲ ကွာမှာပါ။ လုံလောက်တဲ့ လှုံ့ဆော်မှုတစ်ခုခုရှိလာရင် အဲဒီလို ဗီဇတွေက ပေါ်လာတတ်ပါတယ်။

(((((" လူမှန်ရင် genetic code က အတူတူပဲ ဖြစ်တဲ့အတွက် ဗီဇမပါဘူးဆိုတာ မရှိဘူးထင်ပါတယ်။ သိသာပေါ်လွင်တာနဲ့ ငုတ်လျိုးနေတာပဲ ကွာမှာပါ။ လုံလောက်တဲ့ လှုံ့ဆော်မှုတစ်ခုခုရှိလာရင် အဲဒီလို ဗီဇတွေက ပေါ်လာတတ်ပါတယ်")))))

ဇီဝကက ပြောထားတာ Recessive gene နဲ့ ရောနေမလားမသိဘူး။ ခိုးတတ်တဲ့ ဗီဇ ရှိတဲ့သူဟာ ခိုးလို့မရနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ ပြုပြင်ထိန်းကျောင်းပြီး ခိုးဖို့ စိတ်မ၀င်စားအောင် လုပ်လို့ ရနိုင်ပေမဲ့ ခိုးဖို့အခွင့်အလန်း ကြုံကြိုက်လာတာနဲ့ ဗီဇကို ဖျောက်လို့မရဘဲ ပြန်ခိုးနိုင်တယ်လို့ ဥပမာပေးရင်တော့ ဇိဝက ပြောတာ ဟုတ်ပါတယ်။

ဒါပေမဲ့ Genetics ပို့စ်တွေမှာ Recessive gene ကို အစ်မက ငုပ်ဗီဇလို့ နားလည်သလို မြန်မာလို ပြန်ထားတာ ရှိတော့ ဇီဝက ဆိုလိုတဲ့ ငုပ်လျိုးနေတဲ့ ဗီဇဆိုတာ Recessive gene ကို ပြောတယ်ဆိုရင်တော့ အဲဒါမဟုတ်ဘူး။ အဖေဆီက ဗီဇ၀က်တခုနဲ့ အမေဆီက ဗီဇ၀က်တခု ပေါင်းစပ်ပြီး ဗီဇတခုကို ရရှိတဲ့ပုဂ္ဂိုလ်မှာ Dominate gene (စိုးမိုးဗီဇ) ဖြစ်တဲ့ ဗီဇ၀က်ပဲ လက္ခဏာ ပေါ်ပါတယ်။ Recessive gene (ငုပ်ဗီဇ - Nge Naing's translation) ဖြစ်တဲ့ ဇီဇ၀က်က သွေးထဲမှာပဲ ရှိနေပြီး ဒီလူမှာ လက္ခဏာ လုံးဝမပေါ်ပါဘူး။ ဒါပေမဲ့ နောက်မျိုးဆက်ကို အမွေပေးနိုင်ပါတယ်။ ဥပမာ အသားဖြူပြီး ဆံပင်ကောက်တဲ့ အဖေနဲ့ အသားညိုပြီး ဆံပင်ဖြောင့်တဲ့ မိခင်က မွေးလာတဲ့ ကလေးဟာ မိခင်ဘက်ကပါတဲ့ ဗီဇ၀က်က စိုးမိုးဗီဇ ဖြစ်နေလို့ အသားညိုပြီး ဆံပင်ဖြောင့်နေမှာ ဖြစ်ပြီး အဖေဆီက ရတဲ့ ငုပ်ဗီဇဖြစ်တဲ့ အသားဖြူပြီး ဆံပင်ကောက်ခြင်း လက္ခဏာက သူ့သွေးထဲမှာပဲ ငုပ်ဗီဇအဖြစ် တိမ်မြုပ်နေတယ် သူမှာ လုံးဝပေါ်ဖို့မရှိဘဲ သူ့သားသမီးတွေကိုသာ လက်ဆက်ကမ်းနိုင်ပါတယ်။ ကျန်းမာရေး/ဇီဝသိပ္ပံခေါင်းစဉ်အောက်က မျိုးရိုးဗီဇ အမွေဆက်ခံခြင်း မိတ်ဆက်နဲ့ မျိုးရိုးဗီဇ ရောဂါများနှင့် အမွေဆက်ခံပုံ (၁) မှာ ဖတ်ကြည့်နိုင်ပါတယ်။ ငုပ်လျှိုးနေတဲ့ ဗီဇလို့ ပြောထားတာကို Recessive gene နဲ့ ရောမှာစိုးလို့ မတူဘူးဆိုတာ အသိပေးတာပါ။

အစ်မဟာ single gene theory နဲ့ ပြောတာပါ။ ဟုတ်ပါတယ်။ တစ်ချို့ရောဂါတွေနဲ့ character တွေက dominant နဲ့ recessive ၂ ခု (alleles) နဲ့ပြောလို့ရပါတယ်။ ကျွန်တော်က multi gene theory နဲ့ပြောတာပါ။ သူ့ကိုပြောရင် alleles တွေ ထည့်မပြောတော့ဘူး ထင်ပါတယ်။ protein တစ်ခုအတွက် dominant or recessive ဖြစ်တာထက် gene interaction က ပိုအရေးကြီးပါလိမ့်မယ်။

ဟုတ်တယ် ဇီဝက အခုပြောတာက အမူအကျင့် အရိုက်အရာတွေကိုပဲ ပြောတာဖြစ်ပြီး ရောဂါတွေနဲ့ မပတ်သက်ဘူးဆိုတော့ စာဖတ်သူတွေကလည်း Genetic Diseases တွေအကြောင်းကို သိမှာမဟုတ်လို့ Single Gene မျိုးရိုးဆက်ခံတာကိုပဲ အသားပေး ဖေါ်ပြတာဖြစ်တယ်။ Single Gene Disorder မှာပဲ ပုံမှန်မဟုတ်တဲ့ လက္ခဏာ (သို့) ရောဂါကို % နဲ့ သားသမီး ဘယ်နှစ်ယောက်မွေးရင် ဘယ်နှစ်ယောက် လက္ခဏာ ရနိုင်တယ်ဆိုတာ တွက်လို့ရပြီး ဗီဇနဲ့ တိုက်ရိုက်ပတ်သက်တာလည်း Single gene မှာပဲ ရှိတယ် မဟုတ်လား။ ။ ကျန်တဲ့ Cromosomal Disorders နဲ့ Multiple or Complex Disorders တွေမှာကျတော့ တိကျတဲ့ ပုံစံမရှိသလို ၈၀% ကို ကာကွယ်လို့လည်း ရနိုင်ပါတယ်။ အစ်မတင်ထားတဲ့ Genetic diseases အကြောင်းတွေမှာ အကုန်လုံးပါပါတယ်။

Turner Syndrome ကို ဘယ်လိုကာကွယ်မလဲ ကျနော်မသိတာ နာတာပဲ...။

ပို့စ်နဲ့မဆိုင်ပေမယ့် တစ်ခုဝင်ပြောချင်ပါတယ်။ ၀ါသနာအကြောင်းပြောတိုင်း အရှင်မောဂ္ဂလာန် ပါတတ်ပါတယ်။ အခုလည်း comment မှာ အဲဒါကို ထည့်ပြောတာတွေ့လို့ပါ။ အဲဒါ ဘယ်ဗုဒ္ဓကျမ်းမှာမှမပါတဲ့ ပါးစပ်ပြောဆိုတာကို ပြောချင်ပါတယ်။ အမှတ်မှားတာကြာပြီး အမှန်ထင်နေမှာစိုးလို့ပါ။ ဘယ်ကျမ်းမှာမှ အဲဒီလို ၀ါသနာမပယ်နိုင်လို့ ခုန်တာ မပါပါဘူး။

Xanthos.

Anonymous... သို. ကျွန်တော် comment ရေးတာပါ၊ ကျမ်းတစ်စောင်ပြုစုတာ မဟုတ်လို. ဘယ်စာအုပ်ထဲ ကပါလို. Reference ကို မထဲ့မိ တာကို တောင်းပန်ပါတယ်၊ ခင်ဗျား သိချင်ရင် ကျွန်တော် ဘယ်စာအုပ်က ဖော်ပြတယ် ဆိုတာကို ရှာပြီး ပြန်ပြောပါမယ်၊ အားလုံးကျန်းမာ၊ ချမ်းသာကြပါစေ၊

အလှတရား- Turner Syndrome အပါအ၀င် ခရိုမိုဆုမ်း ပုံမှန်မဟုတ်ဘဲ မွေးဖွားလာတဲ့ ရောဂါတွေက ဘာကြောင့်ဆိုတဲ့ အတိအကျ အထောက်အထား ရှာမရသေးပေမဲ့ များသောအားဖြင့် အဖေအမေ အသက်ကြီးသူ၊ ကိုယ်ဝန်ဆောင်ချန်မှာ မိခင်တခုခု အနေအထိုင် အစားအသောက် မှားယွင်းသူတို့မှာ ပိုအဖြစ်များတယ်လို့ သိရပါတယ်။

Anonymous ကျွန်မလည်း အဲဒါကို ဘယ်ကျမ်းမှာ ဆိုတာ မသိပေမဲ့ ဘုရားဟောထဲက တခုခုမှာ ပါတယ်လို့ပဲ ထင်နေတယ်။ တကယ်မရှိမရှိဆိုတာကို လေ့လာဖို့ လိုနေပြီဆိုတာတော့ အမှန်ပဲ။

kokosan ရှာတွေ့ရင်လည်း ချန်မထားနဲ့ အချက်အလက်လေးကို လာပြီးသတင်းပေးပါနော့်။ စာလာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

ရဟန်းတစ်ပါးက အဲဒီ အရှင်မောဂ္ဂလာန်ခုန်တဲ့အကြောင်းကို စာထဲထည့်ရေးလို့ သာသနာရေးက ပယ်ပါတယ်။ အထောက်အထားမရှိလို့ ပြန်ဖြုတ်ခိုင်းပါတယ်။ အထောက်အထားမရှိလို့ ပြန်ဖြုတ်ခိုင်းတာကို အဲဒီရဟန်းကလက်ခံလိုက်ရပါတယ်။ ဆိုလိုတာကခိုင်လုံတဲ့ကျမ်းရှာမတွေ့လို့ပါ။ အဲဒါကို ရှာလာပေးမယ်ဆိုလို့ .... တွေ့အောင်ရှာလာခဲ့ပါလို့အားပေးပါတယ်။ ဒီကိစ္စကို ဆရာတော် ရဝေနွယ်အင်းမရဲ့ စာအုပ် အမှာစာမှာလည်းဖတ်ဖူးပါတယ်။ လောလောဆယ် စာအုပ်တွေနဲ့ဝေးတဲ့အရပ်ရောက်နေတဲ့အတွက် ဆရာတော် ရဝေထွန်းလား ဓမ္မဘေရီ ဆရာတော်လား သေချာမမှတ်မိပေမယ့် အမှာစာမှာထည့်ရေးပေးလိုက်တာတော့ သေချာမှတ်မိပါတယ်။

အခုလည်း ကွန်မင့်ရေးသူကို အပြစ်တင်ချင်တဲ့စိတ်နဲ့ဝင်ပြီးပြောနေတာမဟုတ်ပါဘူး။ အမှတ်မှားနေတာကို ပြောချင်တာပါ။

ကျနော်က "Cromosomal Disorders နဲ့ Multiple or Complex Disorders တွေမှာကျတော့ တိကျတဲ့ ပုံစံမရှိသလို ၈၀% ကို ကာကွယ်လို့လည်း ရနိုင်ပါတယ်။ "ဆိုတဲ့ အချက်ကို သဘောမကျလို့ ထောက်လိုက်တာ။ ပြန်ရှင်းမှ နောက်တစ်ချက် ထပ်ထွက်လာပြန်တယ်။ Turner က အသက်ကြီးတဲ့ အမေတွေနဲ့ ဘာမှ မပတ်သက်ပါဘူး။ ဆိုလိုရင်းက chromosomal abn ကို ဘယ်လိုကာကွယ်မယ်လို့ ဖတ်ဖူးလို့တုန်း မေးလိုက်တာပါ...ဥပမာ Turner ဆိုပါစို့...

Anonymous နှင့် မငယ်နိုင်ခင်ဗျား၊ ကျွန်တော်ဖတ်ဖူးတာ အမှန်ပါ၊ စာအုပ်တစ်အုပ်ဖြစ်ပါတယ်၊ သာသနာရေးက ထုတ်တဲ့ ကျမ်းစာအုပ်တော့ မဟုတ်ပါ ၊ ကျွန်တော့် ကို အချိန်နည်းနည်းပေးပါ၊ ကျွန်တော်တွေ.ပါက ပြောပြပါ့မယ်၊ ကျွန်တော် excuse လုပ်တာ ၊ ငြင်းတာမဟုတ်ပါ၊ ကျွန်တော့် comment ကိုလည်း ထောက်ပြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်၊ အကယ်၍ စာဖတ်သူများ အထက်ပါ comment နှင့် ပတ်သက်၍ စိတ်အနှောက့်အယှက် ဖြစ်ခဲ့ပါက အားလုံးကို တောင်းပန်ပါတယ်၊ ကျွန်တော် ဗုဒ္ဓစာအုပ်များ ဖတ်တာ ၀ါသနာပါ လို. စာအုပ် ကောင်းကောင်းများ တွေ.ရင်လည်း ကျွန်တော်ကို ပြောပြပါ၊ အားလုံး ကျန်းမာ ရွင်လန်းပါစေ၊

အလှတရား နောက်ထပ်လာပေးတဲ့ မှတ်ချက်မှာ ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမှန်အတိုင်းပြောရရင် အရင်မှတ်ချက်မှာ ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး။ ကျွန်မ ဘာသာစကား သိပ်အားနည်းပါတယ် အတည့်ပြောမှ တ၀က်လောက်ရိပ်မိသူ ဆိုတော့ သွယ်ဝိုက်ပြောရင် လုံးဝနားမလည်တဲ့သူ ဖြစ်တယ်။ ကျွန်မ ပို့စ်ထဲက အကြောင်းအရာဖြစ်စေ၊ မှတ်ချက်ထဲမှာ ဆွေးနွေးထားချက်ကိုဖြစ်စေ သိထားတာနဲ့ ကွဲလွဲနေရင် ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင် မဟုတ်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ထောက်ပြနိုင်ပါတယ်။ ဒီအကြောင်းအရာတွေကို ကျွန်မ အထူးသီးသန့် သင်ကြားနေတဲ့ Subjects တွေ မဟုတ်ပါဘူး။ အခြေခံလေးတွေ သင်ရတာကို စိတ်ဝင်စားလို့ ပြန်လည်မျှဝေထားတာသာ ဖြစ်လို့ ဘယ်သူမဆို ဖြည့်စွက်ပေးနိုင်ပါတယ်။

ကျွန်မ ပြောခဲ့တဲ့ အထဲမှာ Single gene လို တိကျတဲ့ အမွေဆက်ဆံမှု ပုံစံမရှိဘူးဆိုတဲ့ အချက်ကတော့ နှစ်ခုစလုံးအတွက် ဟုတ်ပါတယ်။ ၈၀% ကာကွယ်လို့ ရတယ်ဆိုတာကတော့ Complex disorders ကိုအဓိက ပြောတာပါ။ Cromosomal Disorders မှာတော့ အတိုင်းအတာ တခုအထိပဲ ရနိုင်လိမ့်မယ်။ Cromosome တွေ ပုံမှန် မဟုတ်ဘဲ ချွတ်ယွင်းနေတာ မျိုးပွားတဲ့ ကာလမှာ အဖေနဲ့ အမေဆီက ခွဲထွက်လာတဲ့ ဆဲလ်နှစ်ခုအနက် တစ်ခုခုမှာ အပို၊ အလို ပါလာလို့ (သို့) ပေါင်းစပ်ရာမှာ သူ့နေရာနဲ့သူ မတွဲဖက်လို့ နောက်တခုက ခရိုမိုဆုမ်း အစိတ်အပိုင်း တစ်ခု ကျိုးပြတ်ပြီး တစ်နေရာမှာ တွယ်ကပ်နေတာတို့ တခုခု ကြောင့် ဖြစ်ရတယ်ဆိုတော့ တကယ်လို့ အဖေနဲ့အမေ ပေါင်းစပ်ချိန်မှာ နှစ်ယောက်စလုံး ပုံမှန် အသက်အရွယ်နဲ့ ခန္ဓာကိုယ်မှာ ရှိသင့်ရှိထိုက်တဲ့ ဟော်မုန်းတွေ၊ အစာအာဟာရတွေနဲ့ ကျန်းမာနေရင် ဒီလိုဖြစ်ပါ့မလား ဆိုတာ တွေးမိသလို ဖိုနဲ့မ ပေါင်းစပ်ပြီးလို့ မိခင်ရဲ့ ခန္ဓာကိုယ်ထဲမှာ အဲဒီသန္ဓေသား ဖြစ်လာဖို့ Cell Devision အတွက် လုံလောက်တဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနဲ့ အာဟာရ ရှိနေရင် ဒီလိုဖြစ်ပါ့မလားဆိုတာ တွေးမိပါတယ်။ Turner Syndrome ဟာ သိပ်ကို အဖြစ်နည်းလို့ ပိုမိုပြည့်စုံတဲ့ ရှာဖွေတွေ့ရှိမှုကို မတွေ့သေးပေမဲ့ Down Syndrome နဲ့ တချို့ syndrome တွေကျတော့ အဖြစ်များစေနိုင်သူတွေကို သိရှိထားတော့ အတိုင်းအတာတခုထိ ကာကွယ်လို့ရနိုင်တယ်လို့ ကျွန်မဆိုလိုချင်တာ ဖြစ်တယ်။ ကျွန်မ ကိုးကားတဲ့ စာအုပ် နှစ်အုပ်နက် တအုပ်က ၂၀၀၅ နဲ့ တအုပ်က ၂၀၀၈ မှာ ထုတ်တာဖြစ်တော့ နောက်ထပ် နှစ်နှစ်အတွင်းမှာလည်း ဒီရောဂါတွေနဲ့ ပတ်သက်ပြီး တစုံတရာ ထပ်တွေ့ရှိထားလည်း ရှိရင်ရှိနိုင်ပါတယ်။ ၈၀% ကတော့ Complex Disorder အတွက်ပါ ဆောရီးနော် ရောသွားတာ။

ကျွန်တော်ကတော့ ကျွန်တော်ကြိုးစား ရှာဖွေပြီး ရေးထားတဲ့ ဘလော့ထဲမှာ ဘလော့နဲ့ မဆိုင်တဲ့ စကားကို လာပြောရင် အဲဒီတိုင်း ပစ်ထားလိုက်တယ်။ ဟုတ်တယ်။ တချို့က အပြစ်အနာအဆာတွေ လိုက်ရှာ။ ကဲ့ရဲ့ချင်စရာတွေ သက်သက်လိုက်ရှာ အဲလိုလည်း ရှိတယ်။ မငယ်နိုင် အားပေးလျှက်ပါ။ ဒီလိုမျိုးတွေ မငယ်နိုင်ရေးပြမှပဲ သိခဲ့တာတွေ အများကြီး ရှိပါတယ်

ဂျေဂျူပိုင်တို့ဆီမှာ လာရေးတာက နည်းနည်းလေးပဲဆိုတော့ ပစ်ထားလို့ သိပ်ပြဿနာမရှိပေမဲ့ အစ်မဆီမှာက အများကြီးလာရေးတော့ ပစ်ထားရင် မဆိုင်တာတွေနဲ့ပဲ အမှိုက်ပုံ ဖြစ်နေလို့ စာလာဖတ်တဲ့သူတွေကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ပြီးတော့ ဒီမိုကရေစီအခွင့်အရေးဆိုတာ ဒီလို ပုဂ္ဂိုလ်ရေး တိုက်ခိုက်စော်ကားတဲ့အခွင့်အရေး အဖြစ် နားလည်နေကြတာကို မဟုတ်ဘူးဆိုတာ ပညာပေးချင်လို့ ဖျက်တဲ့အချိန်မှာ အကြောင်းပြချက်ကို ပြောပြီးဖျက်ပါတယ်။