မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Stand for the ABSDF ထုတ်ပြန်ချက်


မကဒတ (မြောက်ပိုင်း) ဖြစ်ရပ်နှင့်ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသောရိုက်ခတ်မှုများအပေါ် နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများ၏ သဘောထားထုတ်ပြန်ကြေငြာချက်

နေ့စွဲ။ ။ ၂၀ ၊ ၀၂၊ ၂၀၁၂

စာအမှတ်- ၀၀၁။၂၀၁၂

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ - ကျောင်းသားတပ်မတော်)-ABSDF သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့ပြီး တိုင်းရင်းသားပေါင်းစုံ၊ လူတန်းစားပေါင်းစုံဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် ကျောင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည်။

မကဒတ(ABSDF)သည် ခေတ်အဆက်ဆက် ဗမာပြည်ကျောင်းသားထု ကိုင်ဆွဲခဲ့သည့် “အမျိုးသားနိုင်ငံရေးလမ်းစဉ်” ကိုချမှတ်ပြီး ဗကသ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လျက် ရပ်တည်လာခဲ့သည့် ကျောင်းသားတပ်ဦး အဖွဲ့အစည်းလည်းဖြစ်ပေသည်။


မကဒတ(ABSDF)သည် အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စံနစ်အောက်မှလွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် ၁၉၈၈ ခုနှစ် နိုဝင် ဘာလ (၁) ရက်နေ့မှစ၍ ယနေ့တိုင်အသက်၊ သွေး၊ ချွေးနှင့် ဘဝပေါင်းများစွာ ပေးဆပ်စွန့်လွှတ်၍ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် လက်တွဲကာ ဖေါ်ဆောင်လျှက်ရှိသည့် ကျောင်းသားတပ်ဦး အဖွဲ့အစည်းလည်းဖြစ်သည်။

ယခုအခါ မကဒတ(ABSDF) စတင်ဖွဲ့စည်းစ အတွေ့အကြုံနုနယ်စဉ်ကာလတွင် ဖြစ်ပွားခဲ့သည့် အင်မတန်တုန်လှုပ်ဖွယ် ကောင်းလှသည့် မြောက်ပိုင်းဖြစ်ရပ်ကို ဗဟိုပြုပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား ဗကသ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မကဒတ၏ဂုဏ်သိက္ခာနှင့် သမိုင်းအစဉ်အလာကိုတိုက်ခိုက် စော်ကားနေသည်များကိုလည်းကောင်း၊ ဗကသ၊ မကဒတအပါအ၀င် ကျောင်းသားထုညီညွတ်ရေးကိုထိုးနှက် ဖြိုခွဲနေသည်များကိုလည်းကောင်း တွေ့မြင်နေရသည်။ မိမိတို့သည် တုန်လှုပ်ဖွယ် မြောက်ပိုင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ကာယကံရှင်များ၏နစ်နာမှုများအတွက် စာနာကာ အဖြစ်မှန် ပေါ်ပေါက်ရေးကိုအထူး လိုလားသည်။

မိမိတို့ နိုင်ငံတကာရောက် မကဒတ(ABSDF) အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများအနေဖြင့် အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့သူများပီပီ အမှန်တရားပေါ်ပေါက်ရေးကို လိုလားသည်။ နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများအနေဖြင့် ထိုတုန်လှုပ်ဖွယ်ရာ မြောက်ပိုင်း ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဆုံးရှူံးနှစ်နာခဲ့မှုများအတွက် အပြည့်အဝကိုယ်ချင်းစာသည့်အပြင် ဖြစ်ပျက်ခဲ့သည့်အမှုနှင့်ပတ်သက်ပြီး အမှန်တရားကို တာဝန်ရှိသူများ အနေဖြင့် ဖော်ထုတ်ရန် အလေးအနက် တောင်းဆိုသည်။

သို့သော် အဆိုပါဖြစ်ရပ်ကိုအကြောင်းပြုပြီး ဗမာပြည်ကျောင်းသားထုကိုယ်စား (၂၃) နှစ်တိုင် တိုက်ပွဲဝင် ခွပ်ဒေါင်း အလံတော်အား အမြင့်မားဆုံးလွှင့်ခဲ့တင်သည့် မကဒတ(ABSDF)၏နိုင်ငံရေးနှင့် ဂုဏ်သိက္ခာအား နည်းမျိုးစုံဖြင့် ထိုးနှက် တိုက်ခိုက်နေမှု့၊ ကျောင်းသားထုညီညွတ်ရေးအား ထိုးနှက်ဖြိုခွဲနေမှုနှင့် ဗမာပြည်သူလူထုအတွင်း မကဒတ(ABSDF) အဖွဲ့အစည်း တခုလုံးအပေါ် အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်နေမှုများ အားလုံးကို ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့သည့် ကျောင်းသားများ၏ ခွပ်ဒေါင်းစိတ်ဓာတ်အပေါ်အခြေခံ၍၊ မကဒတနှင့်အတူ အသက်သွေးချွေးပေး တိုက်ပွဲဝင်ခဲ့သော၊ မိမိတို့ နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၊ ရဲဘော်ဟောင်းများမှပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေငြာအပ်ပါသည်။

- ကျောင်းသားထု ညီညွတ်ရေးကို ကာကွယ်ကြ

- တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်နှင့် ကျဆုံးလေပြီးသော ကျောင်းသားအာဇာနည်အပေါင်းအား အလေးပြုလျှက်

နိုင်ငံတကာရောက် မကဒတ (ABSDF) အဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်ဟောင်းများ (Stand for the ABSDF)

ဒီနေရာမှ လည်း PDF ဖိုင်ထဲမှာ တိုက်ရိုက်ဖတ်နိုင်ပါတယ်။

ဒီစတိတ်မင့်နဲ့ ပတ်သက်ပြီး Stand for the ABSDF သြစကြေလျှရောက် ကိုယ်စားလှယ် ကိုသန်းထွဋ်ဆွေနှင့် ABC မြန်မာပိုင်းအစီစဉ် ဆက်သွယ်မေးမြန်းချက်။

Sound clip 05 by Zaw Lin 1

ABSDF မြောက်ပိုင်း ညှင်းဆဲသတ်ဖြတ်မှု မေးမြန်းခန်း (အသံဖိုင်)

ABSDF north interview(RFA) by Htay Naing


မိုးသီးဇွန်

ကျနော်တို့ ၁၉၉၁ လောက်မှာ ABSDF ညီလာခံလုပ်တယ်။ ညီလာခံနှစ်လလောက်ကြာတယ်၊ ညီလာခံထဲမှာပြဿနာတွေ တက်တယ်၊နောက်တော့ကွဲသွားတယ်။ ကွဲသွားပြီးတဲ့နောက်ပိုင်းမှာ ABSDF မိုးသီးဇွန် နဲ့ ABSDF ကိုနိုင်အောင် ဆိုပြီးတော့ တပ်ပေါင်းစုမှာခေါ်ကြပါတယ်။ သို့သော်ငြားလည်း မြောက်ပိုင်းက ကိုနိုင်အောင်ဗဟိုရဲ့ဦးဆောင်မှုအောက်မှာရောက်သွားတယ်။ အဲဒီတော့ ဖြစ်သွားတဲ့ဖြစ်ရပ်တွေအကုန်လုံးက ABSDF နိုင် ဆိုတော့ ကိုနိုင်အောင်တို့အဖွဲ့ကဖြစ်သွားတာ။ ကျနော်တို့အနေနဲ့တိုက်ရိုက်စွက်ဖက်လို့ မရတော့ဘူး။ ဒီ စပိုင်ဆိုပြီး စွပ်စွဲပြီးဖမ်းခဲ့တော့ အဲဒါ ကျနော်တို့လည်းမသိဘူး၊ ဘယ်ဟာ အမှန်အမှားဆိုတာ။ ဒါပေမယ့် ထောက်လှမ်းရေးတွေဖြစ်နေတယ်ဆိုတာတောင်မှ မသတ်ပါနဲ့၊ သူတို့ကို လွှတ်လိုက်ပါဆိုပြီးတော့ ကျနော်တို့က KIO ပေါ့ အဲဒီတုန်းက၊ KIO ရဲ့ ဆက်သွယ်ရေးစက်ကတဆင့် တောထဲကနေ ကျနော်က လှမ်းပြီးပို့လိုက်ပါတယ်။
ဒါပေမယ့် သတ်ဖြတ်မှုတွေ အဲလို ဖမ်းဆီးမှုတွေ နှိပ်စက်မှုတွေ ဖြစ်နေတယ်လို့ ကျနော်တို့ကြားလာတယ်။ ကြားလာတဲ့အတွက် ကျနော်တို့က စာထုတ်ပြီးတော့ ကန့်ကွက်တယ်၊ ၁၉၉၂ ခုနှစ် မတ် လပိုင်းလောက်ဖြစ်မယ်။ ကျနော်တို့မှာ စာတွေရှိတယ်၊ အဲဒီတော့ ဒီလုပ်ရပ်ကို တားဆီးပေးဖို့ ဆိုတဲ့ဟာတွေ ပါပါတယ်။ ခုဟာကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ABSDF ဗဟို မိုးသီးဇွန်က ဥက္ကဌလုပ်တဲ့အချိန် သူကပဲ အမိန့်ပေးလိုက်သလိုလို တချို့ အင်တာနက် facebook တွေမှာလည်း ရေးတာတွေ ကျနော်တို့တွေ့ရတယ်၊ ဒါကတော့ နိုင်ငံရေးအရ သက်သက်လုပ်ကြံတာလို့ ကျနော် ပြောချင်တယ်။ ဥပမာပေါ့ ကိုထွန်းအောင်ကျော်နဲ့ပတ်သက်လို့ ကိုမောင်မောင်ကြွယ်တို့ နောက်တခါ ကိုထိန်လင်းတို့ပေါ့ဗျာ နောက် ကျနော်တို့သိတဲ့လူတွေပါ ပါသွားတာကိုး။ အဲတော့ အဲဒီကာလက ကျနော်တို့ ဒီဖက်က ယူဆတာကတော့ မိုးသီးဇွန်ကိုထောက်ခံတဲ့အဖွဲ့ကို နိုင်အောင်ကို ထောက်ခံတဲ့အဖွဲ့က သတ်လိုက်တယ်လို့ပဲ ကျနော်တို့ သုံးသပ်ထားတာ။ တချိန်တုန်းက ဗကပ မှာ ဖြုတ်ထုတ်သတ်တွေ ဖြစ်ခဲ့ဖူးတယ်။ အဓိကကတော့ ရန်သူက၀င်ပြီး သွေးထိုးလှုံ့ဆော်တယ်လို့ပဲ သုံးသပ်ပါတယ်။ လူတွေဟာအတွေ့အကြုံနည်းတာရယ်၊ သမိုင်းကို မလေ့လာတာပေါ့လေ၊ အဲဒီပေါ်မှာ သူတို့က မှန်မှန်ကန်ကန် သိမ်သိမ်မွေ့မွေ့မဆုံးဖြတ်နိုင်တာတွေ ဖြစ်သွားတယ်ပေါ့ဗျာ။
-------------

ဒေါက်တာနိုင်အောင်
... ကျနော့်တယောက်တည်းအနေနဲ့ ဟို ရှင်းလင်းချက်ပေါ့ နော် အဲလိုမျိုးလေး ထွက်ဖို့ရှိတယ်။ အလုပ်ရှုပ်နေတော့ အဲဒီဟာလေးကို ရေးဖို့ကိစ္စက လက်စမသတ်နိုင်ဘူးဖြစ်နေတယ်။ ဟိုဟာ လူတွေက အချက်အလက်တွေ မှားပြောနေတာတွေ ထင်ရာမြင်ရာပြောနေတာတွေလေ၊ တချို့ဆိုပြောတာရှိတယ် ကျနော် ရောက်သွားပြီးတော့ အမိန့်ပေးလိုက်ပြီး သတ်လိုက်တာတို့ ဘာတို့ညာတို့လေ၊ အဲလိုမျိုး လွဲတာတွေအများကြီးရှိတယ်ဗျာ။ တခုလုံးအနေနဲ့ပြောရရင် ဗဟိုမှာ တာဝန်ရှိတာတော့ရှိတာပေါ့ ဒါပေမယ့် ကျနော်တို့က ဖြစ်ပြီးတော့မှ ကျနော်တို့က သိရတာ အဲဒီအချိန်တုန်းကလည်း ကိုယ့်မှာက ကွဲနေတဲ့အချိန်၊ မာနယ်ပလောထိုးစစ်နဲ့ အဲ နောက် စားဝတ်နေရေးနဲ့ ပြီးတဲ့အခါကျတော့ ကျနော်တို့ ကိုယ်စားလှယ်တယောက်ပို့လိုက်တယ်၊ အဲဒီကိုယ်စားလှယ်က ပြန်မလာသေးဘူး။ သူတို့ အဲဒီဥစ္စာတွေ nation သတင်းစာထဲ ရင်ဒီက ရေးလို့ပါလာတော့မှ ကျနော်က သိပြီးတော့ ကမန်းကတန်းနဲ့လိုက်သွားရတာ ဆိုတော့ အဲလိုမျိုးဟာမျိုးတွေလေ။ ဗဟိုအနေနဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့အခါကျတော့ ကျနော် တာဝန်ယူရတယ်ဆိုပေမယ့် မြောက်ပိုင်းကိုလည်း ကျနော်တို့က ပိုင်တာမဟုတ်ဘူး။ အမိန့်ပေးလို့ရတာလည်းမဟုတ်ဘူးဗျာ။ ဆိုတော့ အဲဒီအချိန်ကမှစပြီး ABSDF ကို တည်ဆောက်နေရတဲ့အချိန်ကိုး၊ ရိုးရိုးလေးပဲပေါ့ဗျာ ဒီလောက်များတဲ့လူတွေ စပိုင်ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာပဲကိုး ဆိုတော့ ကျနော်တို့ရဲ့ ဦးတည်ချက်က တခုပဲရှိတယ် အဲလို ဖမ်းထားတဲ့လူတွေအကုန် ထပ်မသတ်ဖို့၊ နောက် လွှတ်ပေးဖို့ပေါ့ အဲဒါ မြောက်ပိုင်းနဲ့ညှိတဲ့အခါကျတော့ သူတို့က မိဘတွေကို တနှစ်နေပြီး ပြန်အပ်ပြီးတော့ လွှတ်ပေးမယ်ဆိုတဲ့ဟာမျိုးပြောတော့ ကျနော်တို့ဒါပဲ လုပ်ပေးနိုင်တယ်ဗျ၊ ဟို တနေ့နေ့ကျရင်တော့ ဒီကိစ္စတွေ ရှင်းရမှာပဲဆိုတာမျိုးအားလုံးက ဗဟိုက ခံယူထားတယ်။ သူတို့ကိုလည်းကျနော်တို့ပြောပြတယ် မြောက်ပိုင်းက တာဝန်ရှိတဲ့လူတွေ။


ပြည်ထောင်စုသီချင်း (မာမာအေးနှင့် ဆစ်ဒနီမှ အဆိုဝါသနာရှင်များ)

ဒီနှစ် ပြည်ထောင်စုနေ့ အမှတ်တရပို့စ်အဖြစ် သီးသန့်ပို့စ်ရေးချိန်မရလို့ ပြီးခဲ့တဲ့ နှစ်က ဆစ်ဒနီ မြန်မာ့ယဉ်ကျေးမှုပြပွဲမှာ ဒေါ်မာမာအေး ဦးဆောင်ပြီး သီဆိုထားတဲ့ ပြည်ထောင်စု သီချင်းကိုပဲ တင်ပေးလိုက်ပါတယ်။ အဆိုတော် ဒေါ်မာမာအေးက အဲဒီတုန်းက ယဉ်ကျေးမှု ပွဲတော်အတွက် အမေရိကနေ ရောက်လာတာဖြစ်ပြီး ဒီသီချင်းက သူငယ်ငယ်က တခြားအထင်ကရ အဆိုတော်ကြီးတွေနဲ့ သီဆိုလာခဲ့တဲ့ သီချင်းပါ။ စန္ဒရားလှထွဋ်က ရေးစပ်ခဲ့တယ်လို့ သိရပြီး လွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်က အဲဒီတုန်းက အထင်ရှားဆုံး တက်သစ်စ နိုင်ငံကျော် အဆိုတော်တွေဖြစ်ကြတဲ့ အမျိုးသမီး အဆိုတော် မာမာအေး၊ အေ၀မ်းတင်တင်လှ နဲ့ အမျိုးသားအဆိုတော် မောင်မောင်ကြီးနဲ့ သန်းဖေလေးတို့ လေးယောက် သီဆိုခဲ့ပါတယ်။ ကျွန်မငယ်ငယ်က မြန်မာ့အသံက ရေဒီယိုမှာ အမြဲကြားဖူးပါတယ်။ ဒီပွဲတော်မှာတော့ ဒေါ်မာမာအေးကလွဲရင် ကျန်တဲ့သုံးယောက်နေရာမှာတော့ ဆစ်ဒနီရောက် အဆိုဝါသနာရှင်တွေနဲ့ အစားထိုးထားပါတယ်။ မောင်မောင်ကြီးနေရာမှာ ဆိုထားတဲ့ ညာဘက်အစွန်က တယောက်ကိုတော့ ဘလော့ဂ်မိတ်ဆွေတွေ ဒါမှမဟုတ် ဘလော့ဂါမဟုတ်ပေမဲ့ ကျွန်မဘလော့ဂ်ကို လာလည်နေကျ စာဖတ်သူတွေဆိုရင်တော့ ဘယ်သူလဲဆိုတာ သိမှာ သေချာပါတယ်။




ပြည်ထောင်စုစိတ်ဓာတ်နဲ့အတူ တိုင်းရင်းသားအားလုံး တန်းတူညီမျှပြီး ထာဝရငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပါစေလို့ ဒီနေ့ပြည်ထောင်စုနေ့မှာ ဆန္ဒပြုဆုတောင်းလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀နှင့် ပညာရေးအမြင်

ဗွီဒီယို ကို ဒီနေရာမှ ကူးယူ ဖေါ်ပြပါတယ်

ဒီအချိန်မှာ တိုင်းပြည်ကို ချစ်မြတ်နိုးသူ အတော်များများက ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်မလိုပဲ လွမ်းဆွတ် နေကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ ကိုးတန်း ပင်ရင်းမြန်မာစကားပြေ လက်ရွေးစင် ဖတ်စာအုပ်ထဲက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းသားဘ၀နဲ့ ပညာရေး အမြင်ကို အမှတ်တရအဖြစ် ကျွန်မဘလော့ဂ်မှာ သိမ်းထားချင်လို့ မူရင်းအတိုင်း ပြန်ရိုက်ပြီး တင်လိုက်ပါတယ်။ ဒီပို့စ်က မနက်ဖြန် ကျရောက်မည့် ပြည်ထောင်စုနေ့ (၁၂-၂-၁၀) နှင့် သဘက်ခါ ကျရောက်မည့် ဗိုလ်ချုပ်မွေးနေ့ (သို့) မြန်မာနိုင်ငံ ကလေးများနေ့ (၁၃-၂-၁၀) အတွက် အမှတ်တရ အကြိုတင်တဲ့ပို့စ် ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့အတွက် သီးသန့်ပို့စ်ကို ရောက်တဲ့နေ့တွေမှာမှ ထပ်တင်ဖို့ရှိပါတယ်။ ဗွီဒီယိုက ပညာရေးနှင့်မဆိုင်ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်ပြီး မေ့လျှော့နေတဲ့သူတွေအတွက် ပြန်လည်သတိရစေရန် ရည်ရွယ်ပြီး DVB မှ တင်ထားတာကို ပြန်လည် ကူးယူ ဖေါ်ပြလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀နှင့် ပညာရေးအမြင်

ကျွန်တော်၏ မိခင် ဖခင် နှစ်ဦးစလုံးမှာ ဥာဏ်ကောင်းသော အမျိုးဖြစ်လေသည်။ ကျွန်တော်၏ ဖခင်သည် ရှေ့နေ စာမေးပွဲတွင် မြန်မာတပြည်လုံးတွင် တတိယ စွဲခဲ့လေသည်။ ကျွန်တော်တို့ ညီအစ်ကို အားလုံး ဥာဏ်ကောင်းကြသည်။ သို့သော် ဒုတိယ အစ်ကိုကြီးကား စာသင် အထူးပျင်းလှ၍ အခြားညီအစ်ကိုများကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာမတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ၀မ်းကွဲညီအစ်ကိုများ၊ ဦးလေးများမှာ မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲတွင် ထိပ်တန်းကျကျ အောင်မြင်သူများချည်းဖြစ်လေသည်။ ကျွန်တော်တို့ မိဘများသည် ပညာကိုလည်း အထူးလိုလားသည်။ ကျွန်တော်၏ အစ်ကိုများကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ ကျွန်တော်တယောက်တည်းသာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ကာ ထားသဖြင့် အသက် ၈ နှစ်ရောက်မှသာလျှင် ကျောင်းစနေရပေသည်။

ကျွန်နော် ကျောင်းနေလာရင်း ပြောပြရဦးမည်။ ကျွန်တော်၏ အထက် အစ်ကို ကိုအောင်သန်းအား အသက် ၁၁ နှစ်ခန့်တွင် ရှင်ပြုလေသည်။ ထိုအခါ ကိုအောင်သန်းမှာ မြန်မာ ၆ တန်းတွင်ရှိသည်။ ကျွန်တော်မှာ အသက် ၈ နှစ်ထဲ ရောက်သော်လည်း ကျောင်းတွင် မနေရသေးချေ။ ရှင်ပြုအခမ်းအနားတွင် ကိုအောင်သန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော်လည်း ရှင်လောင်း ဖြစ်ချင်သဖြင့် မိခင်အား ပူဆာသည်။ ထိုအခါ မိခင်က ရှင်လောင်းလုပ်တဲ့သူသည် စာတတ်မှ ဖြစ်သည်ဟု ပြောပြသဖြင့် ကျောင်းနေပါတော့မည်ဟု ဂတိပေးကာ ထိုတွင်မှ ကျောင်းစနေဖြစ်လေသည်။ တန်းကျော် တက်ခဲ့ရပြန်သဖြင့် လေးနှစ်နှင့် ၁၀ တန်းအောင်မြင်သည်။ အင်္ဂလိပ်မြန်မာ သတ္တမတန်း စာမေးပွဲတွင် မြန်မာတပြည်လုံးတွင် န၀မ စွဲခဲ့၍ အထက်တန်း စကောလားရှစ် ရခဲ့သည်။ ဗုဒ္ဓဘာသာ ကျောင်းနှင့် အမျိုးသားကျောင်းများတွင် ပထမစွဲခဲ့၍ ဦးရွှေခိုဆုကို ရရှိခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ၆ နှစ်ခွဲမျှ နေခဲ့သည်။

နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့ကျင့်သဖြင့် ဘီအေ အထက်တန်းအထိ အောင်ရုံသာ အောင်ခဲ့သည်။ ဘီအေ အထက်တန်း သပိတ်နှစ်တွင် ကျောင်းသား သပိတ်မှောက် ခေါင်းဆောင်တဦဖြစ်၍ အလုပ်ရှုပ်သဖြင့် ဘီအေ စာမေးပွဲကို တနှစ်မဖြေဘဲ နေခဲ့ရသည်။ ဘီအယ် အတန်းကို တက်ခဲ့သည်။ အတန်းလည်း မှန်မှန်မတက်၊ စာအုပ်လည်း မရှိ၊ မှတ်စုလည်းမထား၊ စာလည်းမကြည့် မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် ဘီအယ် ပထမနှစ် စာမေးပွဲတွင် ကျရှုံးလေသည်။ ဤကား ကျွန်တော့တသက်တွင် စာမေးပွဲ ပထမဦးဆုံးနှင့် နောက်ဆုံး ကျရှုံးခြင်းပေတည်း။ ရခဲ့သည်။ ဒုတိယ ဘီအယ်လ် နှစ်တွင် နှစ်စေ့အောင် ကျွန်တော် မနေတော့ပေ။ ဥရောပတိုက် မြူးနစ်စာချုပ်မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် မြန်မာပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောက်ဆ၍ တိုင်းပြည်အတွက် ကိုယ်ထိလက်ရောက် လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင် ထွက်၍ သခင်ဘ၀သို့ ကူးပြောင်းခဲ့သည်။

မြန်မာစာသင် ဘုန်းကြီးကျောင်း နေရစဉ်က ကျွန်တော် အထူးမပျော်ပိုက်သည့် အချက်တချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုန်ကစားခြင်း၊ ကလေးဘ၀ သစ်ပင်တက် ရေကူးအလုပ်မျိုး ပိတ်ပင်ခြင်းပင် ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တသဘောတည်းလောက်ပင် ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင်တက်ခြင်း၊ ရေကူးခြင်း စသော ကိုယ်လက် ကျန်းမာရေး ကျင်လည်မှုကို လေ့လာခွင့်မရ။ သစ်ပင်တက်သည်ကို မြင်လျှင် အဆိုအမည် ခံရသည်။ ရေကူးသည်ကို မြင်ရလျှင် အရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိ ကျွန်တော့်မှာ ဥာဏ်ပညာဘက်က အခွင့်အလမ်းရခဲ့၍ ပေါက်မြောက်ခဲ့သလောက် ကိုယ်လက် ကျန်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်း မရခဲ့၍ များစွာ ချွတ်ယွင်းနေသည်။ ရေနံချောင်း အမျိုးသားကျောင်း နေစဉ်ကလည်း အခွင့်အလမ်းမရခဲ့။ မရခဲ့သည်မှာ အမျိုးသားကျောင်း ဖြစ်သည့်တိုင်း ဆင်းရဲသဖြင့် ကစားခုန် ကစားလေ့ကျင့်ရာ နေရာ၊ ကိရိယာ တန်ဆာပလာများ မထားနိုင်၍ပင် ဖြစ်သည်။ မြန်မာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီးများ၏ အချို့အယူအဆများကို ခေတ်နှင့်လျှော်အောင် ပြုပြင်သင့်နေသည်။ သို့မဟုတ်လျှင် မြန်မာပြည်နှင့် ဗမာလူမျိုးတို့ အခြေအနေသည် တိုးတက်သင့်သလောက် တိုးတက်မည် မဟုတ်ချေ။

ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟု မဆိုပေ။ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်။ လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။ ထို့ကြောင့် ပညာသင်သားတို့သည် အမှန်စင်စစ်အားဖြင့် သူ၏တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကိုလည်းကောင်း၊ မိမိဥာဏ်အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓါတ်တို့ကိုလည်းကောင်း (Emotion of the Education) ပြုပြင် ပြုစု စီမံထားခဲ့သူသာလျှင် ဖြစ်လေသည်။ ဘီအေပင် အောင်စေကာမူ၊ ပါရဂူဘွဲကြီးပင် ရစေကာမူ ပထမကျော်ကြီးပင် ဖြစ်စေကာမူ အသက်အရွယ် မည်မျှပင် ကြီးရင့်စေကာမူ ပညာဟူသော သဘာဝအဓိပ္ပါယ်ကို ကောင်းစွာ သုံးသပ်နားလည်ခြင်း မရှိခဲ့သော် တကယ်အရာမရောက် အသုံးမ၀င်ပေ။ ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်ကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။

ပညာဟူသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ယုံသာမဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူထု၏ဆန္ဒအား၊ လုပ်အားကို နူးညွတ်စေရမည်။ ရာဇ၀င်သိရုံမဟုတ်၊ ရာဇ၀င်ကို ဖန်တီးစေရမည်။ လောကဓါတ်ပညာကို သိရုံမဟုတ် လောကဓါတ်ပညာကို တိုးချဲ့နိုင်ရမည်။ ပထ၀ီ ပညာကို သိရုံသာမဟုတ် မြေသစ်၊ ရေသစ် တောတောင်တို့ကို ရှာဖွေစုံစမ်း နိုင်စွမ်းစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ် သည်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏သရုပ် အကျဉ်းမျှပင်တည်း။

ပညာသည် ကာလ၊ ဒေသ၊ ပယောဂနှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့အသုံးလည်း ကျရမည်။ ပညာတွင် ညာလည်းပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်။ ဥာဏ်ချည်းသာ တိုးတက်၍ သညာမရှိပါမူလည်း ဤမျှ ပိုမိုဆန်းကျယ် အပြောကျယ်လှသော ခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေ။ လောကဓာတ်ပညာကို မတတ်မသိဘဲ လောကဓာတ် ပညာဥာဏ်ကိုသာ ရလျှင် လောကဓာတ်ပညာ၏ တန်ဖိုးကို တင်းပြည့်မသုံးနိုင်ပေ။ တိုင်းပြည် အခြေအနေ ပြဿနာ၊ ခေတ်၏အခြေအနေ ပြဿနာ ခေတ်၏အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊ ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။ လူတယောက်၏ သက်တမ်းတွင် အစပထမက သိမြင်လာသော စိတ်နေ စိတ်ထားဝါဒတို့သည် အမှန်ချည်းမဟုတ်။ ပြုပြင်ပြောင်းလဲရမည် သာတည်း
ယနေ့အယူအဆနှင့် မနက်ဖြန်အယူအဆတို့မှာ တူချင်မှ တူပေမည်။ အမှန်ကား လူတဦး၏ တဘ၀တွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့ရသောအခါ ထိုလူသည် သမာဓိ မတည် ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖေါက်လွဲဖေါက်ပြန် ဖြစ်ခြင်းပေတည်း။ ၀ါဒ ပြောင်းမှုမှာ သမာဓိ မတည်ခြင်းမဟုတ်ပေ။ ဥာဏ်အမြင်၏ ပြောင်းလဲမှု ဖြစ်သောကြောင့် တနည်း တိုးတက်ခြင်းပေတည်း။

ဗိုလ်ချုပ်အောင်ဆန်း


ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပြီ ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းသော ပညာရေးကို အကောင်အထည်ဖေါ်နိုင်ပါစေ။

2/11/10 7:29 PM တင်တဲ့ပို့စ်ကို ဗိုလ်ချုပ်မွေးနေ့အတွက် အပေါ်ခဏ ပြန်တင်ထားပါတယ်။

"ဓားဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်" (ရုပ်သံနှင့် သရုပ်ဖေါ် သတင်းဆောင်းပါး)




"ဓားဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်" (အောင်သက်ဝိုင်း)


ထားဝယ်လေဆိပ်အ၀င်ဝ မြေကွက်လပ်ရှေ့မှာ တနင်္ဂနွေနေ့ မနက်ပိုင်း ၇ နာရီအချိန်သာ ရှိသေးပေမယ့် ထောင်ချီရှိတဲ့ လူတွေ စုဝေးနေကြတယ်။ ဒီ လူအုပ်ကြီးထဲမှာ အသက် ၅ နှစ် အရွယ်ကစလို့ အသက် ၇၀ ကျော် အမယ်အို၊ အဘိုးအိုတွေလည်း ပါဝင်နေ ပါတယ်။

ထားဝယ် လူထုကို နှုတ်ဆက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)

ပင်နီရင်ဖုံးအင်္ကျီနဲ့ ယောထဘီ ၀တ်ဆင်ထားတဲ့ ချောမောလှပတဲ့ မိန်းမပျိုလေးတွေကလည်း စံပယ်ပန်းတွေ၊ သပြေပန်းတွေ၊ ဂန္ဓမာ ပန်းတွေ အပါအ၀င် ပန်းအမျိုးအစား ပေါင်းစုံ ကိုင်ဆောင်ထားကြပြီး သူတို့မျက်နှာတွေအားလုံး တက်ကြွရွှင်လန်းနေကြတယ်။

အမယ်အိုတချို့ကလည်း သူတို့လက်မှာ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူတလုံးပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အလံငယ်လေးတွေကို ကိုင်ရင်း ထားဝယ်လေဆိပ် အဆောက်အအုံဘက်ကို လှမ်းမျှော်ကြည့်နေကြတယ်။

လုံခြုံရေးလက်ပတ်နဲ့ လူငယ်တွေက လူဝင်လူထွက်လုပ်နိုင်မယ့် လမ်းကြောင်းကို ရှင်းလင်းပုံဖော်နေကြချိန် NLD တံဆိပ်ပါ တီရှပ် တွေ၊ ဦးထုပ်တွေ ၀တ်ဆင်ထားတဲ့ လူငယ်တွေကတော့ အသင့်အနေအထား လမ်းဘေး ၀ဲယာတလျှောက် ညီညီ ညာညာ မတ် တတ် ရပ်နေကြတယ်။ သူတို့အားလုံးရဲ့လက်တွေက တဦးကိုတဦး ခိုင်မြဲစွာ ချိတ်ဆက် ထားကြတယ်။

ထားဝယ်မြို့ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ တော်ဝင်ဦး ဘေဘီ စတိုးကနေ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

မနက် ၇ နာရီ ခွဲ လောက်မှာ ကင်မရာတွေကိုင်ထားတဲ့ ပြည်တွင်းပြည်ပ သတင်းထောက်တွေ တဖွဲဖွဲ ရောက်လာကြတယ်။ ထားဝယ်လေဆိပ်ရှေ့မြေကွက်လပ်မှာ ခြေချစရာမရှိလောက်အောင် လူတွေ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။ အများစု က ဆိုင်ကယ်တွေနဲ့ လာရောက်ကြတာဖြစ်ပြီး ဆိုင်ကယ်တွေအားလုံးမှာလည်း NLD အလံငယ်တွေကို စိုက်ထူထားကြတယ်။ အနီရင့်ရောင် NLD အလံကြီးတွေကလည်း လေဆိပ်ဝန်းကျင် တခုလုံးကို ဖုံးလွှမ်း သွားတယ်။

မနက် ၇ နာရီ ၅၅ မိနစ်လောက်မှာ လူစုလူဝေးကြီး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အားလုံးမျက်ဝန်းတွေက တောက်ပသွားကြတယ်။
မြန်မာ ဆန်ဆန် အစိမ်းရင့်ရောင် ရင်ဖုံးအင်္ကျီနဲ့ထဘီ ၀တ်ဆင်ထားတဲ့ အမျိုးသမီးတဦး ထားဝယ် လေဆိပ်ဆိုက်ရောက်ဆောင်က ထွက်လာတယ်ဆိုရင်ပဲ ပတ်ဝန်းကျင်တခုလုံး လက်ခုပ်သံတွေ ဆူညံသွားတယ်။

လူတွေက အမျိုးသမီးကို မြင်တယ်ဆိုရင်ပဲ ပြုံးတဲ့သူတွေက အားရပါးရပြုံးကြတယ်။ အော်တဲ့သူတွေက အားရပါးရ အော်ကြတယ်။ တချို့ကလည်း ရှိုက်ကြီးတငင် ငိုကြတယ်။ တချို့ကလည်း ခုန်ပေါက်နေကြတယ်။ တချို့ကလည်း အလံတွေကို ဝှေ့ယမ်းကြတယ်။

အဲဒီအမျိုးသမီးကတော့ တနင်္သာရီတိုင်း ထားဝယ်ဒေသကို ပထမဆုံးသော နိုင်ငံရေးစည်းရုံးမှုခရီးစဉ်အဖြစ် လာရောက်တဲ့ လူထု ခေါင်းဆောင်၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါပဲ။

ပန်းကုံးစွပ်တဲ့သူတွေ များလွန်းလှတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့လည်ပင်းမှာ စံပယ်ပန်းကုံးတွေ ဖွေးဖွေးလှုပ်နေတယ်။ လက်ထဲမှာလည်း သပြေပန်းတွေ၊ နှင်းဆီပန်းတွေ၊ ဂန္ဓမာပန်းတွေ မနိုင်မနင်းဖြစ်နေပုံပါပဲ။

၁ ဂ / ၉၈၁၈ နံပါတ်တပ်ထားတဲ့ ပါဂျဲရိုး ကားပေါ်ကနေ လူထုကို လက်ပြ နှုတ်ဆက်လိုက်တယ်ဆိုရင်ပဲ“အမေစု ကျန်းမာပါစေ” “NLD အောင်ရမည်” “ရွေးကောက်ပွဲ နိုင်ရမည်” ဆိုတဲ့ ကြွေးကြော်သံတွေက ထားဝယ် လေဆိပ် တခုလုံးကို ဖုံးလွှမ်းသွားတယ်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါတဲ့ယာဉ်တန်းက လူစုလူဝေးကြားထဲကနေ ခက်ခက်ခဲခဲထွက်ခွာလျက်ရှိနေချိန်မှာ ရာပေါင်းများစွာသော ဆိုင်ကယ်တွေကလည်း ထားဝယ်မြို့ကားလမ်းမတွေကို ဖုံးလွှမ်းသွားတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းနောက်မှာ သတင်းထောက်တွေ၊ ပြည်သူတွေ လိုက်ပါ စီးနင်းလာတဲ့ ယာဉ်စီးရေ တရာနီးပါး
လောက် ရှိတာကြောင့် ယာဉ်တန်းကြီးက တမျှော်တခေါ်နဲ့ ရှည်လျား လွန်းလှ ပါတယ်။

ထားဝယ် ပြည်သူတွေကလည်း သင်္ကြန်ရေပက်ခံ ကားတွေလိုပဲ ကားအမိုးဖွင့် မတ်တတ်ရပ် အနေအထားနဲ့ ပူပြင်းတဲ့ နေရောင်ကို ဂရုမစိုက်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းနဲ့အတူ လိုက်ပါကြတယ်။

ထားဝယ်မြို့အ၀င် လမ်းဘေး ၀ဲယာတလျှောက် မြောက်မြားစွာသောပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် ကို နှုတ်ဆက်နေကြ တယ်။

“အမေစုကို ရှစ်ဟယ် (အမေစုကို ချစ်တယ်)” ဆိုတဲ့ ထားဝယ်သံ ၀ဲဝဲနဲ့ စုပေါင်း အော်ဟစ်သံတွေကလည်း လမ်းတလျှောက် ထွက် ပေါ်နေတယ်။

ထားဝယ်လူထုရဲ့ မျက်ဝန်းတွေက မျှော်လင့်ချက်တွေ၊ ရဲရင့်မှုတွေနဲ့ တောက်ပလွန်းလှတယ်။ ထားဝယ်မြို့သူမြို့သားတွေ အားလုံး ပျော်နေကြတယ်။

မနက် ၈ နာရီ မိနစ် ၄၀ ကျော်လောက် ဆေးရုံလမ်းရှိ တနင်္သာရီတိုင်း NLD ရုံးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတဲ့အခါ မှာလည်း ရုံးရှေ့မှာ ကားလမ်းမအပြည့် ထောင်ချီတဲ့ လူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်နေကြတယ်။

“ဒီနေ့ ထားဝယ်တမြို့လုံးနီးပါး အလုပ်တွေ နားထားကြတယ်။ ဆိုင်ရှိတဲ့သူတွေကလည်း ဆိုင်ပိတ်ထားတယ်။ အမေစုကို ကြိုဖို့၊ အမေစုကို ဘယ်လောက် ထောက်ခံတယ် ဆိုတာ ပြဖို့”လို့ ထားဝယ်မြို့ခံတဦးက ပြောဆိုပါတယ်။

မနက် ၈ နာရီ ၄၅ မိနစ်မှာ NLD ရုံးထဲကနေပြီး ဒေါ်အောင်ဆန်းစုကြည် လူထုကို မိန့်ခွန်း စပြောတယ်။

တရား ဥပဒေ စိုးမိုးဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ နဲ့ ပြည်သူအတွက် တကယ်အလုပ်လုပ်ဖို့ ကြားဖြတ် ရွေးကောက်ပွဲဝင်တဲ့အကြောင်း မိနစ်၂၀ နီးပါးကြာ စကားပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြတ်သားခိုင်မာတဲ့ ပြောဆိုချက်တွေကြောင့် သဘောကျတဲ့ ပြည်သူတွေရဲ့ လက်ခုပ်သံတွေက မပြတ် ထွက်ပေါ်နေတယ်။

မနက် ၉ နာရီ ၁၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း လောင်းလုံမြို့နယ် NLD ရုံးကို စတင်ထွက်ခွာ ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို လာရောက် နားထောင်ကြတဲ့ ထားဝယ် လူထု (ဓာတ်ပုံ - ဧရာဝတီ)

ယာဉ်တန်းနောက် ခြေလျင် လမ်းလျှောက်လိုက်တဲ့သူတွေ မနည်းလှသလို ဆိုင်ကယ်တွေကလည်း မရေမတွက်နိုင်အောင် များလွန်း လှတယ်။

ထားဝယ်မြို့ကနေ ကမျောကင်း လမ်းအတိုင်း လောင်းလုံမြို့ကို ထွက်ခွာရာ လမ်းတလျှောက် ဖြတ်သန်းကျေးရွာ တွေက ဗိုလ်ချုပ် အောင်ဆန်း သီချင်းတွေ၊ လွတ်လပ်ရေး သီချင်းတွေ၊ အာဇာနည် သီချင်းတွေဖွင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံပါ ဗီနိုင်းကြီးတွေထောင်ပြီး သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်။

အခြေခံပညာကျောင်းက ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမတွေကလည်း ရွာသူရွာသားတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုနှုတ်ဆက်ကြတယ်။

တချို့ကျေးရွာတွေက “ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါ၏” ၊ “လွှတ်တော်တွင် ရာနှုန်းပြည့် NLD နိုင်ရမည်” ဆိုတဲ့ စာသားတွေပါတဲ့ ဗီနိုင်းကြီးတွေကို ကားလမ်းမပေါ်ကို ကန့်လန့်ဖြတ် ချိတ်ဆွဲထားကြတယ်။

မနက် ၁၁ နာရီကျော်မှာ လောင်းလုံ NLD ရုံးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီး လူထုကို ၁၅ မိနစ် မိန့်ခွန်းပြောပါတယ်။

နေ့လယ်အချိန် များပြားလှတဲ့ ပြည်သူတွေက ထီးမပါ၊ ဦးထုပ်မဆောင်း၊ အရိပ်မခိုဘဲ ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နေပူခံနားထောင်ကြတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က အောက် ရေဖြူရွာ၊ သောကြာပြင်ရွာ တို့ကို ဆက်လက်ခရီးထွက်ခွာခဲ့ပြီး မွန်းလွဲ ၃ နာရီ ၀န်းကျင်မှာ မောင်းမကန် ကမ်းခြေကို ရောက်ရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ခွန်းဆက်ဖို့ လာကြတဲ့ လူတွေ များလွန်းလှတာကြောင့် သဲဖွေးဖွေးကို မမြင်ရတဲ့အထိ မောင်း မကန်ကမ်းခြေမှာ လူတွေ စုပြုံတိုးနေကြတယ်။ ရေး ၊ ကော့သောင်း အစရှိတဲ့ တနင်္သာရီတိုင်း နေရာဒေသ နယ်ပယ်စုံ က ပြည်သူ တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် နှုတ်ဆက်ကြတယ်။

တချို့ပြည်သူတွေက ထမင်းချိုင့်တွေကို ခြင်းထဲ ထည့်လို့ မိသားစု၊ ဆွေမျိုးတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို လာနှုတ်ဆက်ကြ တယ်။ တချို့လူငယ်တွေက ပါးပြင်တွေပေါ်မှာ NLD အလံပုံ စတစ်ကာတွေကိုကပ်ထားပြီး တချို့မိန်းမပျိုလေးတွေကနဖူးပြင်မှာ ကပ်ထားကြတယ်။

ကမ်းခြေဖြစ်လို့ အေးမြတဲ့ ပင်လယ်လေတိုက်ခိုက်ရမှာဖြစ်ပေမယ့် လူတွေများလွန်းလှတာကြောင့်အတော်ကို မွန်းကျပ် လွန်းနေ တယ်။

လူထုထဲမှာ NLD အလံတွေကို ဝှေ့ယမ်းပြီး “အမေစု” ဆိုတဲ့အသံက လူတိုင်းနှုတ်ခမ်းကလို ထွက်ပေါ်နေတယ်။ မောင်းမကန် ကမ်းခြေမှာ လူထုကို နာရီဝက် နီးပါးကြာ မိန့်ခွန်းပြောပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာပါတယ်။

ညနေ ၃ နာရီ ၄၅ မိနစ်ကျော်မှာ ထားဝယ်မြို့ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ တော်ဝင်ဦး ဘေဘီ စတိုးကနေပြီး ဒေါ်အောင်ဆန်းစုကြည် က လူထု ကို မိန့်ခွန်းပြောပြန်ပါတယ်။

မိန့်ခွန်းလာနားထောင်တဲ့ လူတွေက များပြားလွန်းလှပြီး ဗိုလ်ချုပ်လမ်းတလျှောက် မျက်စိတဆုံး လူတွေ အုံးအုံးကျွက်ကျွက်
တိုးဝှေ့ နေကြတယ်။

အန္တရာယ်ကို ဂရု မမူဘဲ တိုက်ခေါင်မိုးတွေ၊ ၀ရန်တာတွေပေါ်မှာလည်း လူတွေ မနည်းမနောရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်း ကို နားထောင်နေကြတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်မှာ လက်ခုပ်သံတွေက ထားဝယ်မြို့တခုလုံး မြည်ဟီး နေ တယ်။

အဲဒီနောက် ညနေ ၄ နာရီကျော်ကျော်မှာ ဒေါ်အောင်ဆန်းစုကြည်က တော်ဝင်ဦး ဘေဘီစတိုးကနေ ထားဝယ်လေဆိပ်ကို ပြန် လည် ထွက်ခွာပါတော့တယ်။

ရန်ကုန်ပြန်လည်ထွက်ခွာတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို မြို့လုံးကျွတ်ပြည်သူတွေက အုတ်အော်သောင်းတင်း နှုတ်ဆက်ကြ တယ်။ မနက်ပိုင်းက ထက်တောင် လမ်းမတွေပေါ်မှာ လူတွေပြည့်နှက်နေတယ်။
ယာဉ်ထိန်းရဲတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာနိုင်အောင် လမ်းတွေရှင်းပေးနေကြပါတယ်။ အနီရောင် ထဘီ ၀တ် သူနာပြုတွေကလည်း ဆေးရုံ အ၀င်ပေါက်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လက်ပြနှုတ်ဆက်ကြတယ်။

ဒေါ်အောင်ဆန်းစုကြည်ကားဘေးမှာ ၀ိုင်းနေတဲ့လူတွေက များလွန်းတာကြောင့် လုံခြုံရေး လူငယ်တွေလည်း ကားထွက်နိုင်အောင် မနည်း ဖယ်ရှားနေရပါတယ်။

“ဓယ်ဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်”(ထားဝယ်သား အားလုံး အမေစုကို ချစ်တယ်)ဆိုတဲ့ ထားဝယ်ဘာသာ စကားနဲ့ စာသားပါ ဆိုင်းဘုတ်တွေ ကိုင်ထားတဲ့ လူငယ်တွေကလည်း လေဆိပ် အ၀င် လမ်းမဘေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက် နေကြတယ်။

တချို့လူတွေက ထားဝယ်က ပြန်လည်ထွက်ခွာတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို လက်ပြနှုတ်ဆက်ရင်း မျက်ရည်တွေကျနေ
ကြတယ်။

ညနေ ၄ နာရီ ၁၅ မိနစ်လောက်မှာ ဒေါ်အောင်ဆန်းစုကြည် လေဆိပ်ရောက်ရှိပြီး မြန်မာ့လေ ကြောင်း လေယာဉ်ပေါ်ကို တက်သွား ပါတယ်။

လေယာဉ်က ကောင်းကင်ပေါ်ကို ပျံသန်းဖို့ အရှိန်ယူနေပါပြီ။ လေဆိပ်ဝန်းကျင်တခုလုံးမှာတော့ ထားဝယ်ဒေသခံတွေ ဖွေးဖွေးလှုပ် ရှိနေပြီး လေယာဉ်ကို လက်ပြနှုတ်ဆက်နေကြတယ်။ လေယာဉ် ပေါ်မှာ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့မမြင်နိုင်ပေမယ့်
လက်ပြ နှုတ်ဆက် နေကြတယ်။

“သွားတော့ အမေရေ”လို့ အသက် ၃၀ ကျော်အရွယ် လူငယ်တဦးက ထားဝယ်သံ ၀ဲဝဲနဲ့ အော်ဟစ်နှုတ်ဆက်တယ်။ သူ့ပါးပြင်မှာ
မျက်ရည်စတချို့ ရှိနေတယ်။

လေယာဉ် ကောင်းကင်ပေါ် တက်သွားပြီဖြစ်ပေမယ့် လေဆိပ်ဝန်းကျင်မှာ လူတွေရှိနေဆဲ…။ မြောက်မြားစွာသော ထားဝယ်ဒေသခံ တွေ က ကောင်းကင်မှာ ပျံသန်းနေပြီဖြစ်တဲ့ လေယာဉ်ကို မျက်စိတဆုံးကြည့်နေကြဆဲ…၊ လက်ပြနေကြဆဲ…..။ ။


ဧရာဝတီမှ ကူးယူပြီး ပြန်လည်ဖေါ်ပြထားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ အရင်ပို့စ်မှာ ပေးထားတဲ့ နာမည်နဲ့ တူလို့ ဖတ်ကြည့်တော့ တကယ်ကို အနှစ်သာရရှိတဲ့ သရုပ်ဖေါ် သတင်းဆောင်းပါးနဲ့ ရုပ်သံကို တွေ့ရလိုက်ရတယ်။ ဒီရုပ်သံ စာသားတွေကို ဖတ်မိပြီး မူရင်းတင်ထားတဲ့ ဧရာဝတီက ဆောင်းပါးအောက်က မှတ်ချက်ပေးသူတချို့ စိုးရိမ်ကြသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ကျွန်မလည်း စိုးရိမ်မိတာ အမှန်ပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စိုးရိမ်သူ သာမန် ဗုဒ္ဓဘာသာဝင်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ဖို့ လွယ်ကူရိုးရှင်းပြီး အချိန်လည်း ယူစရာမလိုတဲ့ ဆုတောင်းတခုကို အကြံပြုချင်ပါတယ်။ ဒါကတော့ သာသရဏာဂုံ သုံးပါးနဲ့ ငါးပါးသီလကို ဆောက်တည်ပြီး ဓာရဏပရိတ်မှာ ပထမဦးဆုံး ရွတ်ရတဲ့ အောက်က ဘုရားရှိခိုးအတိုလေး တကြောင်းကို ရွတ်ပြီး ဆုတောင်းပေးရုံပါပဲ။ ဆုတောင်းခံရသူရဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်ကို ထည့်ပြီး ဆုတောင်းပေးကြရင် ဒေါ်အောင်ဆန်းစုကြည်ကို ဘေးကင်းစေလိုတဲ့ လိုရာဆန္ဒအမှန်တကယ် ပြည့်ဝလိမ့်မယ်လို့ ယုံကြည်ပါတယ်။

"ဗုဒ္ဓါနံ ဇိဝိတဿ နသက္ကာ ကေနစိ အန္တရာရော ကာတုံ တထာ မေ (ကျွန်ုပ်အား) တထာတေ (သင့်အား) တထာ ဒေါ်အောင်ဆန်းစုကြည် ( ဒေါ်အောင်ဆန်းစုကြည်အား) ဟောန္တု"

အဓိပ္ပာယ်ကတော့ "ဗုဒ္ဓမြတ်စွာဘုရားတို့၏ အသက်ကို တစုံတယောက်သောသူသည် အန္တရယ်ပြုခြင်းငှာ မတတ်နိုင် ထို့အတူ ဒေါ်အောင်ဆန်းစုကြည်အားလည်း ဤသို့ဖြစ်ပါစေသတည်း" လို့ အဓိပ္ပာယ်ရပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားတို့၏ အသက်ကို ဘယ်သူမှ အန္တရယ်ပြုလို့ မရနိုင်ဘူးဆိုတဲ့စကားဟာ အမှန်တရားဖြစ်လို့ သစ္စာဆိုခြင်းတမျိုး ဖြစ်ပါတယ်။ ဘုရားတရားသံဃာကို ယုံကြည်ပြီး ငါးပါးသီလ လုံခြုံထားတဲ့သူတယောက် ဆိုလိုက်တဲ့ ဒီသစ္စာစကားက တရားတန်ခိုးရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကို အန္တရယ်ကင်းစေနိုင်မှာ ဖြစ်တယ်။ တခြားဘာသာဝင်တွေလည်း မိမိတို့ သန်ရာနဲ့ ဆုတောင်းပေးနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည် ငြိမ်းချမ်းရေး ကြိုးပမ်းမှု အန္တရယ်ကင်းစွာနဲ့ အောင်မြင်ပါစေ။

"ဗုဒ္ဓါနံ ဇိဝိတဿ နသက္ကာ ကေနစိ အန္တရာရော ကာတုံ တထာ ဒေါ်အောင်ဆန်းစုကြည် ဟောန္တု"