၂၄ ပစ္စည်း ပဌာန်းကို အဓိပ္ပာယ် တိတိကျကျ မသိဘဲ ကျွန်မ ရွတ်လာတာ အနှစ်သုံးဆယ်နီးပါး ရှိနေပါပြီ။
ကျွန်မဘ၀မှာ အဓိပ္ပာယ်မသိဘဲနဲ့ ဒီလောက်အကြာကြီး ရွတ်လာတဲ့
ဘုရားစာဆိုလို့လည်း ပဌာန်းတခုပဲ ရှိပါတယ်။ အဓိပ္ပာယ်ကို နားလည်ချင်လို့
ဘုရားစာအုပ်တွေ ပဌာန်းအကြောင်း ရေးထားတဲ့စာအုပ်တွေ တွေ့တိုင်းလည်း
အဓိပ္ပာယ်ကို ရှာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတွေ့ရတဲ့ ဟောပြောချက်ရော
ရေးသားချက်တွေ အားလုံးမှာ ၂၄ ပစ္စည်းရဲ့ ကျေးဇူးပြုပုံတွေနဲ့
သဘောသဘာဝတွေကိုပဲ အကျယ်အနေနဲ့ ရေးသား/ဟောပြောထားတာကိုသာ တွေ့ရပြီး
ကျွန်မတို့ ရွတ်ဆိုနေတဲ့ ပါဠိအတိုင်း တပိုဒ်စီရဲ့ အဓိပ္ပာယ်ကိုတော့ ဟောထား
ရေးထားတာ ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ဘူး။
အခုတော့
ဆရာကြီးဒေါက်တာမင်းတင်မွန်ရဲ့ ကျေးဇူးကြောင့် ၂၄ ပစ္စည်းပဌာန်း
အဓိပ္ပာယ်အပြင် အဘိဓမ္မာတရားတွေကိုပါ လေ့လာခွင့်ရလိုက်လို့ ဆရာကြီးကို
လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ၁၉၈၉ ခုနှစ်က ဆယ်ကျော်သက်ကာလမှာ
ဘာသာတရားဆိုတာကို စမ်းတ၀ါးဝါးဘ၀ကနေ ဆရာကြီးရေးတဲ့ ရှေးဘ၀နောက်ဘဝ
သိပ္ပံနည်းကျ အထောက်အထားများ စာအုပ်ကို ဖတ်မိပြီး ကံကံ၏အကျိုးနှင့်
ဘ၀သံသရာကို စတင်ယုံကြည်လာပြီး ဘုရားတရားကို လေးလေးနက်နက်
ယုံကြည်လာခဲ့တာလည်း ဆရာကြီးကျေးဇူးကြောင့် ဖြစ်သလို အနှစ်နှစ်အလလ
ရှာဖွေနေတဲ့ ပဌာန်းအဓိပ္ပာယ်နဲ့ အဘိဓမ္မာအကြောင်းကိုလည်း ဆရာကြီးဆီကပဲ
ရလိုက်တဲ့အတွက် ဆရာကြီးရဲ့ ကျေးဇူးတွေက ကျွန်မဆီမှာ သံသရာတလျှောက်လုံး
ဆပ်မယ်ဆိုရင်တောင် ဆပ်ကုန်မယ်မထင်ဘူး။ ဤလောကမှာ လူ့ဥစ္စာ သဒ္ဒါအမြတ်ဆုံးပါ
ဆိုတဲ့ ဆရာကြီးရဲ့ လက်သုံးစကားအတိုင်းပဲ သဒ္ဒါတရားအကြောင့် ရတဲ့ပီတိဟာ
ဘာပီတိနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်တာအမှန်ပဲ။ အောက်က ကောက်နှုတ်ချက်က ၂၀၀၇
ခုနှစ် ဇူလိုင်လက ရန်ကုန်မြို့ ရွှေတိဂုံဘုရား စည်ပင်သာယာ ဓမ္မာရုံမှာ
ကျင်းပတဲ့ ဆယ်ရက် အဘိဓမ္မာသင်တန်းမှာ ဆရာကြီး ဟောပြောထားတဲ့ ပစ္စည်းပိုင်းမှာ
ဆရာကြီးရှင်းပြထားတဲ့ ပဌာန်း အဓိပ္ပာယ်ကို မြန်မာစကားပြေ အရေးအသားနဲ့
အနီးစပ်ဆုံး ဖြစ်အောင် ပြန်လည်ကောက်နှုတ်ထားပါတယ်။ ပဌာန်းပါဠိကို
နေရာတိုင်းမှာ ရှာလို့ရနိုင်တာမို့ မထည့်တော့ဘဲ အဓိပ္ပာယ်ကိုပဲ
ဖေါ်ပြထားပါတယ်။ ကျွန်မ fb မိတ်ဆွေထဲမှာ သံဃာတော်တွေနဲ့ ဘာသာရေးနားလည်သူတွေ
အများကြီးရှိတဲ့အတွက် မှားယွင်းချွတ်ချော်နေတာတွေ တွေ့ရင် ဘယ်သူမဆို
မှတ်ချက်မှာဖြစ်စေ Message Box ကဖြစ်စေ ပြင်ဆင်ပေးဖို့ မေတ္တာရပ်ခံရင်း
ပဌာန်းအဓိပ္ပာယ်ကို ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် ပြန်လည်မျှဝေလိုက်ပါတယ်။
သံလျင်ဖားအောက်တောရမှာ တရားဘ၀နာ ပွားများရှုမှတ်နေတယ်လို့ သိရတဲ့
ကျေးဇူးရှင် ဆရာကြီး ဒေါက်တာမင်းတင်မွန် သက်တော်ရာကျော်တိုင်အောင်
ကျန်းမာချမ်းသာ သက်တောင့်သက်သာ ရှိစွာနဲ့ သာသနာပြုနိုင်ပြီး
မဂ်ဖိုနိဗ္ဗာန်ရောက်သည်အထိ တရားရှုမှတ် ပွားများပြီး သာသနာပြုနိုင်ပါစေ..
ပဌာန်းအဓိပ္ပာယ် အပိုင် (၁) (ဟေတုပစ္စည်းမှ ပူရေဇာတပစ္စည်းအထိ)
၁။ ဟေတုပစ္စယောတိ - ဟေတုပစ္စယသတ္တိ ကျေးဇူးပြုပုံ
ဟေတုသူသော အဟိတ်ခြောက်ပါးသည် ၄င်းနှင့်တပေါင်းတည်းယှဉ်ဖြစ်သော
တရားများဖြစ်သည့် စိတ်စေတသိတ်တို့ကိုလည်းကောင်း၊ထိုစိတ်စေတသိတ်တို့ကြောင့်
ဖြစ်ပေါ်လာသောတရား- စိတ္တဇရုပ် တို့ကိုလည်းကောင်း ဟေတုပစ္စယသတ္တိဖြင့်
(ရေသောက်မျှစ်သည် သစ်ပင်အား မြဲမြံခိုင်ခန့်သန်စွမ်းစွာ တည်နေအောင်
ကျေးဇူးပြုသကဲ့သို့ ) ကျေးဇူးပြုပါသည်။
၂။ အရမ္မဏပစ္စယောတိ - အရမ္မဏပစ္စယသတ္တိ ကျေးဇူးပြုပုံ
ရူပါရုံ- အမြင်အာရုံသည် (အဆင်း၊ မြင်ကွင်းနှင့် ထိတွေ့သောအခါ)
မြင်သိစိတ်နှင့် ၄င်းနှင့်တပေါင်းတည်းယှဉ်ဖြစ်သာ တရား- စိတ်စေတသိတ်တို့ကို
(ဖြစ်လာစေရန်) အရမ္မဏပစ္စယသတ္တိဖြင့် (ကြိုးတန်းနှင့် တောင်ဝှေးတို့သည်
မစွမ်းမသန်သူတို့အား ဆွဲတွယ်ထောက်တည်ရာအဖြစ် ကျေးဇူးပြုသကဲ့သို့)
ကျေးဇူးပြုပါသည်။
သဒ္ဒါယတနံ- အကြားအာရုံသည် (အသံနှင့်ထိတွေ့သောအခါ)
ကြားသိစိတ်နှင့် ယင်းနှင့်တပေါင်းတည်းယှဉ်ဖြစ်သော တရားတရား-
စိတ်စေတသိတ်တို့ကို (ဖြစ်လာစေရန်) အရမ္မဏပစ္စယသတ္တိဖြင့် (ကြိုးတန်းနှင့်
တောင်ဝှေးတို့သည် မစွမ်းမသန်သူတို့အား ဆွဲတွယ်ထောက်တည်ရာအဖြစ်
ကျေးဇူးပြုသကဲ့သို့) ကျေးဇူးပြုပါသည်။
ဂန္ဓာယတနံ- အနံ့ခံအာရုံသည်
(ရနံ့နှင့်ထိတွေ့သောအခါ) နံသိစိတ်နှင့် ယင်းနှင့်တပေါင်းတည်းယှဉ်ဖြစ်သာ
တရား- စိတ်စေတသိတ်တို့ကို (ဖြစ်လာစေရန်) အရမ္မဏပစ္စယသတ္တိဖြင့်
(ကြိုးတန်းနှင့် တောင်ဝှေးတို့သည် မစွမ်းမသန်သူတို့အား
ဆွဲတွယ်ထောက်တည်ရာအဖြစ် ကျေးဇူးပြုသကဲ့သို့) ကျေးဇူးပြုပါသည်။
ရသာယတနံ အရသာအာရုံသည် (အရသာနှင့် ထိတွေ့သောအခါ) စားသိစိတ်နှင့်
ယင်းနှင့်တပေါင်းတည်းယှဉ်ဖြစ်သာ တရား- စိတ်စေတသိတ်တို့ကို (ဖြစ်လာစေရန်)
အရမ္မဏပစ္စယသတ္တိဖြင့် (ကြိုးတန်းနှင့် တောင်ဝှေးတို့သည် မစွမ်းမသန်သူတို့အား
ဆွဲတွယ်ထောက်တည်ရာအဖြစ် ကျေးဇူးပြုသကဲ့သို့) ကျေးဇူးပြုပါသည်။
ဖောဋ္ဌဗ္ဗာယတနံ အထိအတွေ့အာရုံသည် (အထိအတွေ့နှင့် ကြုံသောအခါ) ထိသိစိတ်နှင့်
ယင်းနှင့်တပေါင်းတည်းယှဉ်ဖြစ်သာ တရား- စိတ်စေတသိတ်တို့ကို (ဖြစ်လာစေရန်)
အရမ္မဏပစ္စယသတ္တိဖြင့် (ကြိုးတန်းနှင့် တောင်ဝှေးတို့သည် မစွမ်းမသန်သူတို့အား
ဆွဲတွယ်ထောက်တည်ရာအဖြစ် ကျေးဇူးပြုသကဲ့သို့) ကျေးဇူးပြုပါသည်။
အဆင်း၊ အသံ၊ အနံ့၊ အရသာ နှင့် အထိအတွေ့အာရုံ ငါးပါးတို့သည် မနောဓာတ်သုံးပါး
(ပဉ္စဒွာရ၀စ္စန်း၊ သံပဋိစ္ဆိုင်း၊ ဒွေး) နှင့်
၎င်းတို့နှင့်တပေါင်းတည်းယှဉ်ဖြစ်သာ စိတ်စေတသိတ်တို့ ကို (ဖြစ်လာစေရန်)
အရမ္မဏပစ္စယသတ္တိဖြင့် (ကြိုးတန်းနှင့် တောင်ဝှေးတို့သည် မစွမ်းမသန်သူတို့အား
ဆွဲတွယ်ထောက်တည်ရာအဖြစ် ကျေးဇူးပြုသကဲ့သို့) ကျေးဇူးပြုပါသည်။
အလုံးစုံသောတရား (အာရုံခြောက်ပါးတရား) တို့သည် မနောဝိညာဏဓာတ် (မနောဝိညာစိတ်
၇၆ ပါး) နှင့် ယင်းတို့နှင့် တပေါင်းတည်းယှဉ်ဖြစ်သော စေတသိတ်တို့ကို
(ဖြစ်လာစေရန်) အရမ္မဏသတ္တိ ဖြင့် (ကြိုးတန်းနှင့် တောင်ဝှေးတို့သည်
မစွမ်းမသန်သူတို့အား ဆွဲတွယ်ထောက်တည်ရာအဖြစ် ကျေးဇူးပြုသကဲ့သို့)
ကျေးဇူးပြုပါသည်။
အကြင်ကြင်တရားတို့ (ယံယံဓမ္မံ) ကို အာရုံပြု၍
အကြင်ကြင်တရား စိတ်စေသိတ်တို့ ဖြစ်လာကြသည်။ ထိုထိုအာရုံတို့သည် ယင်းတို့ကို
အာရုံယူပြီး ဖြစ်လာသည့် စိတ်စေတသိတ်တို့အား အရမ္မဏ ပစ္စယသတိဖြင့်
(ကြိုးတန်းနှင့် တောင်ဝှေးတို့သည် မစွမ်းမသန်သူတို့အာ
ဆွဲတွယ်ထောက်တည်ရာအဖြစ် ကျေးဇူးပြုသကဲ့သို့) ကျေးဇူးပြုပါသည်။
၃။ အဓိပတိပစ္စယောတိ- အဓိပဓိ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံ - ပြိုင်ဘက်မရှိအကြီးအကဲအဖြစ် ကျေးဇူးပြုခြင်း
-ဆန္ဒဟူသောအဓိပတိရားသည် ထိုဆန္ဒနှင့် တပါင်းတည်းယှဉ်ဖြစ်သော
စိတ်စေတသိတ်တို့အားလည်းကောင်း၊ ထိုစိတ်စေသိတ်များကြောင့် ဖြစ်ပေါ်လာသော
စိတ္တဇရုပ်များအားလည်းကောင်း အဓိပဓိပစ္စယ သတ္တိဖြင့် (ရှေ့ဆောင်အကြီးအကဲအဖြစ်)
ကျေးဇူးပြုပါသည်။
-၀ိရိယဟူသော အဓိပတိတရားသည်
ထိုဝိရိယနှင့်တပေါင်းတည်း ယှဉ်ဖြစ်သော စိတ်စေတသိတ်တို့အားလည်းကောင်း၊
ထိုစိတ်စေသိတ်များကြောင့် ဖြစ်ပေါ်လာသော စိတ္တဇရုပ်များအားလည်းကောင်း
အဓိပတိပစ္စယ သတ္တိဖြင့် (ပြိုင်ဘက်မရှိ အကြီးအကဲအဖြစ်) ကျေးဇူးပြုပါသည်။
-စိတ်ဟူသော အဓိပတိတရားသည် ထိုစိတ်ဆန္ဒနှင့်တပေါင်းတည်း ယှဉ်ဖြစ်သော
စိတ်စေတသိတ် တို့အားလည်းကောင်း၊ ထိုစိတ်စေသိတ်များကြောင့် ဖြစ်ပေါ်လာသော
ရုပ်တရား-စိတ္တဇရုပ်များအားလည်းကောင်း အဓိပတိပစ္စယ သတ္တိဖြင့် (ပြိုင်ဘက်မရှိ
အကြီးအကဲအဖြစ်) ကျေးဇူးပြုပါသည်။
-၀ိမံသ - ပညာ ဟူသော အဓိပတိတရားသည်
ထိုပညာနှင့် တပေါင်းတည်းယှဉ်ဖြစ်သော စိတ်စေတသိတ် တို့အားလည်းကောင်း၊
ထိုစိတ်စေသိတ်များကြောင့် ဖြစ်ပေါ်လာသော စိတ္တဇရုပ်များအားလည်းကောင်း
အဓိပဓိပစ္စယ သတ္တိဖြင့် (ပြိုင်ဘက်မရှိ အကြီးအကဲအဖြစ်) ကျေးဇူးပြုပါသည်။
-အကြင်ကြင်တရားတို့ (ယံယံဓမ္မံ) ကို အလေးအမြတ်ပြု၍(ကတုံကတွာ) အကြင်ကြင်တရား
စိတ်စေတသိတ်တို့ ဖြစ်လာကြသည်။ ထိုထိုအာရုံတို့သည် ယင်းတို့ကို
အလေးအမြတ်ပြုပြီး ဖြစ်လာသည့် စိတ်စေတသိတ်တို့အား အဓိပတိ ပစ္စယသတိဖြင့်
(ပြိုင်ဘက်မရှိ အကြီးအကဲအဖြစ်) ကျေးဇူးပြုပါသည်။
၎။ အနန္တရပစ္စယပစ္စယောတိ- အနန္တရသတ္တိဖြင့် ကျေးဇူးပြုပုံ - အခြားမရှိဘဲ ကျေးဇူးပြုခြင်း
စက္ခုဝိညာဏဓာတ်- မြင်သိစိတ်နှင့် ယှဉ်ဖက်စေတသိတ်တို့ချုပ်သွားသောအခါ
မနောဓာတ်သုံးပါးအနက် သမ္ပဋီစ္ဆိုင်း (အာရုံလက်ခံစိတ်)နှင့်
၎င်း၏ယှဉ်ဘက်စေတသိတ်တို့ အခြားမရှိဘဲ ဖြစ်လာစေရန် အနန္တရသတ္တိဖြင့်
(ဘုရင်နတ်ရွာစံပါက သားကြီးအိမ်ရှေ့မင်းသား အလိုလျောက်ဘုရင်ဖြစ်လာသကဲ့သို့)
အခြားမရှိဘဲ ကျေးဇူးပြုပါသည်။ မနောဓာတု- မနောဓာတ် သံပဋိ စ္ဆိုင်း
(အာရုံလက်ခံစိတ်) နှင့် ၄င်း၏ယှဉ်ဘက်စေသိတ်တို့ ချူပ်သွားသောအခါတွင်လည်း
မနောဝိညာဏ်ဓာတ် အမည်ရသော သန္တိရဏစိတ် (အာရုံစူးစမ်းစိတ်) နှင့်
၎င်း၏ယှဉ်ဘက်စေသိတ်တို့ကို အနန္တရသတ္တိဖြင့် အခြားမရှိဘဲ ကျေးဇူးပြုပါသည်။
- သောတ၀ိညာဏဓာတ်- ကြားသိစိတ် (အထက်ပါ အဓိပ္ပာယ်အတိုင်း ပြန်ကောက်ပြီး သောတဖြင့် အစားထိုးရန်)
ဃာဏ၀ိညာနဓာတ် - နံသိစိတ် (အထက်ပါ အဓိပ္ပာယ်အတိုင်း ပြန်ကောက်၍ ဃာနဖြင့် အစားထိုးရန်)
ဇိဝှာါဝိညာဓာတ်- စားသိစိတ် (အထက်ပါ အဓိပ္ပာယ်အတိုင်း ပြန်ကောက်၍ ဇိဝှာဖြင့် အစားထိုးရန်)
ကာယ၀ိညာဏဓတ်- ထိသိစိတ် (အထက်ပါ အဓိပ္ပာယ်အတိုင်း ကောက်၍ ကာယဖြင့် အစားထိုးရန်)
- ရှေးရှေးဖြစ်ကြသော ကုသိုလ်တရားတို့သည် နောက်နောက်ဖြစ်ကြသော
ကုသိုလ်တရားတို့ကို အခြားမလှပ်ဘဲ ဖြစ်လာစေရန် အနန္တရသတ္တိဖြင့်
ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော ကုသိုလ်တရားတို့သည်
နောက်နောက်ဖြစ်ကြသော အဗျာကတတရားတို့ကို အခြားမလှပ်ဘဲ ဖြစ်လာရန် အနန္တရ
ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော
အကုသိုလ်တရားတို့သည် နောက်နောက်ဖြစ်ကြသော အကုသိုလ်တရားတို့ကို အခြားမလှပ်ဘဲ
ဖြစ်လာစေရန် အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော အကုသိုလ်တရားတို့သည် နောက်နောက် ဖြစ်ကြသော
အဗျာကတတရားတို့ကို အခြားမလှပ်ဘဲ ဖြစ်လာစေရန် အနန္တရပစ္စယသတ္တိဖြင့်
ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော အဗျာကတရားတို့သည်
နောက်နောက်ဖြစ်ကြသော အဗျာကတတရားတို့ကို အခြားမလှပ်ဘဲ ဖြစ်လာစေရန် အနန္တရပစ္စယ
သတ္တိဖြင့် ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော အဗျာကတရားတို့သည်
နောက်နောက်ဖြစ်ကြသော ကုသိုလ်တရားတို့ကို အခြားမလှပ်ဘဲ ဖြစ်လာစေရန်
အနန္တရသတ္တိဖြင့် ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော
အဗျာကတရားတို့သည် နောက်နောက်ဖြစ်ကြသော အကုသိုလ်တရားတို့ကို အခြားမလှပ်ဘဲ
ဖြစ်လာစေရန် အနန္တရသတ္တိဖြင့် ကျေးဇူးပြုပါသည်။
(ယေသံယေသံ ဓမ္မာနံ)
အကြင်ကြင်တရားတို့ ချူပ်သွားသည်နှင့် အခြားမလပ်ဘဲ နောက်စိတ်စေတသိတ်တွေ
ဖြစ်လာရန် ယင်းရှေ့မှာခူပ်သွားသော စိတ်စေတသိတ်တို့သည် နောက်နောက်ဖြစ်လာသည့်
စေတသိတ်တို့ကို ဆက်ကဲဆက်ကဲ အခြားမလပ်ဘဲ အနန္တရပစ္စယ သတ္တိဖြင့်
ကျေးဇူးပြုပါသည်။
(စာကြွင်း- စိတ်၊ စေတသိတ်၊ ၀ီထိ၊ ဇော စသည်တို့ကိုနားလည်ရန်အတွက် အဘိဓမ္မာကို လေ့လာရမည်ဖြစ်သည်။)
၅။ သမနန္တရပစ္စယောတိ- သမနန္တပစ္စယ သတ္တိဖြင့်ကျေးဇူးပြုခြင်း၊
အနန္တရက အခြားမရှိ ကျေးဇူးပြုခြင်းဖြစ်ပြီး သမနန္တရက
ကောင်းစွာအခြားမရှိကျေးဇူးပြုခြင်းဟု အဓိပ္ပာယ်ရသည်။ ကျေးဇူးပြုပုံအားလုံး
အတူတူပင်ဖြစ်၍ အဓိပ္ပာယ်ထွက်ဆိုရာမှာ အနန္တရနေရာတွင် သမနန္တရဟူ၍
အစားထိုးသွားရန်သာလိုသည်။
၆။ သဟဇာတပစ္စယောတိ- သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံ၊ အတူတကွ ကျေးဇူးပြုခြင်း
-နာမ်ခန္ဓာလေးပါး (စိတ်၊ စေတသိတ်) တို့သည် အချင်းချင်း အပြန်အလှန် အတူတကွ
ဖြစ်စေရန် သဟဇာတပစ္စယသတ္တိဖြင့် (ဆီမီးထွန်းညှိလိုက်သည်နှင့်
အလင်းတပြိုင်နက်ပေါ်လာသကဲ့သို့ အကြောင်းတရား ဖြစ်သည်နှင့်
အကျိုးတရားတပြိုင်နက်ဖြစ်လာစေရန် ကျေးဇူးပြုခြင်း) ကျေးဇူးပြုပါသည်။
-မဟာဘုတ်လေးပါး (ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော) တို့သည် အချင်းချင်း
အပြန်အလှန် အတူတကွ ဖြစ်ရန် သဟဇာတပစ္စယသတ္တိဖြင့် (ဆီမီးထွန်းသည်နှင့်
အလင်းတပြိုင်နက်ရသကဲ့သို့) ကျေးဇူးပြုပါသည်။
-ပဋိသန္ဓေတည်စဉ် ခဏတွင်
နာမ်နှင့်ရုပ်တို့သည် တခုနှင့်တခု အချင်းချင်း အပြန်အလှန် အတူတကွ ဖြစ်ရန်
သဟဇာတပစ္စယသတ္တိဖြင့် ( ဆီမီးထွန်းသည်နှင့် အလင်းတပြိုင်နက်ရသကဲ့သို့)
ကျေးဇူးပြုပါသည်။
စိတ်၊ စေတသိတ်တို့သည် စိတ်ကြောင့်ဖြစ်လာသောရုပ်- စိတ္တဇရုပ်တို့ကို အတူတကွ ဖြစ်လာစေရန် သဟဇာတပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပါသည်။
-မဟာဘုတ်လေးပါး (ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော) တို့သည်
၎င်းတို့၏အမှီရုပ်တို့ကို အတူတကွ ဖြစ်လာစေရန် သဟဇာတပစ္စယ သတ္တိဖြင့်
ကျေးဇူးပြုပါသည်။
ရုပ်တရားတို့သည် နာမ်တရားတို့ကို တချို့သောအခါမှာ
အတူတကွဖြစ်အောင် သဟဇာတသတ္တိဖြင့် ကျေးဇူးပြုသော်လည်း တချို့သောအခါတွင်မူ
အတူတကွဖြစ်အောင် သဟဇာတသတ္တိဖြင့် ကျေးဇူးမပြုပါ။
၇။ အညမညပစ္စယောတိ- အညမညပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း။ (အပြန်အလှန် ကျေးဇူးပြုခြင်း)
-နာမ်ခန္ဓာလေးပါး ဖြစ်သည့် စိတ်စေတသိတ်တို့သည် တခုကိုတခု အချင်းချင်း အပြန်အလှန် ကျေးဇူးပြုကြသည်။
-မဟာဘုတ်လေးပါး- ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော တို့သည် တခုကိုတခု အချင်းအချင်း အပြန်အလှန် ကျေးဇူးပြုကြသည်။
-ပဋိသန္ဓေအခါ နာမ်နှင့်ရုပ်တို့သည် တခုကိုတခု အချင်းချင်း အပြန်အလှန် ကျေးဇူးပြုကြသည်။
၈။ နဿိ ယပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း။ မှီရာအဖြစ်ကျေးဇူးပြုသည်။
-နာမ်ခန္ဓာလေးပါး (စိတ်၊ စေတသိတ်) တို့သည် အချင်းချင်း အပြန်အလှန် မှီရာအဖြစ် ကျေးဇူးပြုကြပါသည်။
-မဟာဘုတ်လေးပါး ဖြစ်သည့် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော တို့သည် အချင်းချင်း အပြန်အလှန် မှီရာအဖြစ် ကျေးဇူးပြုပါသည်။
-ပဋိသန္ဓေတည်စဉ်အခါတွင် နာမ်နှင့်ရုပ်တို့သည် အချင်းချင်း အပြန်အလှန် မှီရာအဖြစ် ကျေးဇူးပြုပါသည်။
-စိတ်၊ စေတသိတ်တို့သည် စိတ်ကြောင့်ဖြစ်လာသောရုပ်၊ စိတ္တဇရုပ်တို့ကို မှီရာအဖြစ် ကျေးဇူးပြုပါသည်။
-မဟာဘုတ်လေးပါးဖြစ်သည့် ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော တို့သည်
၎င်းတို့၏အမှီရုပ် ဖြစ်သည့် စိတ္တဇရုပ်တို့ကို (ဖြစ်လာစေရန်) မှီရာအဖြစ်
ကျေးဇူးပြုပါသည်။
-စက္ခု ၀တ္တုခေါ် စက္ခုပသာဒသည် (အဆင်း၊
မြင်ကွင်းနှင့်ထိတွေ့သောအခါ) မြင်သိစိတ်နှင့် ၄င်းနှင့် တပေါင်းတည်း
ယှဉ်ဖြစ်သော စေတသိတ်တို့ကို (ဖြစ်လာစေရန်) မှီရာအဖြစ် ကျေးဇူးပြုပါသည်။
-သောတ၀တ္တုခေါ် သောတပသာဒသည် (အသံနှင့်ထိတွေ့သောအခါ) ကြားသိစိတ်နှင့်
၎င်းနှင့် တပေါင်းတည်း ယှဉ်ဖြစ်သော စေတသိတ်တို့ကို (ဖြစ်လာစေရန်)
မှီရာအဖြစ် ကျေးဇူးပြုပါသည်။
-ဃာန၀တ္တခေါ် ဃာနပသာဒသည် (ရနံ့နှင့်
ထိတွေ့သောအခါ) နံသိစိတ်နှင့် ၄င်းနှင့် တပေါင်းတည်း ယှဉ်ဖြစ်သော
စေတသိတ်တို့ကို (ဖြစ်လာစေရန်) မှီရာအဖြစ် ကျေးဇူးပြုပါသည်။
-ဇိဝှါဝတ္တုခေါ် ဇိဝှါပသာဒသည် (အစာအရသာနှင့် ထိတွေ့သောအခါ) စားသိစိတ်နှင့်
၎င်းနှင့် တပေါင်းတည်း ယှဉ်ဖြစ်သော စေတသိတ်တို့ကို (ဖြစ်လာစေရန်)
မှီရာအဖြစ် ကျေးဇူးပြုပါသည်။
-ကာယ၀တ္ထုခေါ် ကာယပသာဒသည်
(အထိအတွေ့နှင့်ကြုံတွေ့သောအခါ) ထိသိစိတ်နှင့် ၄င်းနှင့် တပေါင်းတည်း
ယှဉ်ဖြစ်သော စေတသိတ်တို့ကို (ဖြစ်လာစေရန်) မှီရာအဖြစ် ကျေးဇူးပြုပါသည်။
အကြင်(ဟာဒရ၀တ္တု) ရုပ်ကို အမှီပြု၍ မနောဓာတ်သုံးပါးနှင့် မနောဝိညာဏဓာတ် ၇၆
ပါးတို့ ဖြစ်ကြသည်။ ထို (ဟဒရ၀တ္တု) ရုပ်သည် မနောဓာတ်သုံးပါး၊ မနောဝိညာဏဓာတ်
(၇၆) ပါးနှင့် ၄င်းတို့နှင့် တပေါင်းတည်းယှဉ်ဖြစ်သော စေတသိတ်တွေကိုပါ
(ဖြစ်လာစေရန်) မှီရာအဖြစ် ကျေးဇူးပြုပါသည်။
၉။ ဥပနဿ ယပစ္စယောတိ - အားကြီးသောမှီရာအဖြစ် ကျေးဇူးပြုခြင်း
-ရှေးရှေးဖြစ်ကြသော ကုသိုလ်တရားတို့သည် နောက်နောက်ဖြစ်ကြသော ကုသိုလ်တရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော ကုသိုလ်တရားတို့သည် နောက်နောက်ဖြစ်ကြသော အကုသိုလ်တရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော ကုသိုလ်တရားတို့သည် နောက်နောက်ဖြစ်ကြသော အဗျာကတတရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော အကုသိုလ်တရားတို့သည် နောက်နောက်ဖြစ်ကြသော အကုသိုလ်တရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော အကုသိုလ်တရားတို့သည် နောက်နောက်ဖြစ်ကြသော ကုသိုလ်တရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော အကုသိုလ်တရားတို့သည် နောက်နောက် ဖြစ်ကြသော အဗျာကတတရားတို့ကို အားကြီးသောမှီရာအဖြစ် ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော အဗျာကတရားတို့သည် နောက်နောက်ဖြစ်ကြသော အဗျာကတတရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော အဗျာကတရားတို့သည် နောက်နောက်ဖြစ်ကြသော ကုသိုလ်တရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုပါသည်။
-ရှေးရှေးဖြစ်ကြသော အဗျာကတရားတို့သည် နောက်နောက်ဖြစ်ကြသော အကုသိုလ်တရားတို့ကို အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုပါသည်။
ရာသီဥတုနှင့် ဗောဇဉ်အာဟာရတို့သည် အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုပါသည်။
ပုဂ္ဂိုလ်သတ္တ၀ါတို့သည် အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုပါသည်။
နေရာထိုင်ခင်းသည် အားကြီးသော မှီရာအဖြစ် ကျေးဇူးပြုပါသည်။
အပိုင်း (၂) ပစ္ဆာဇာတပစ္စည်းမှ အ၀ိဂတပစ္စည်းအထိ ကိုဆက်လက်ဖေါ်ပြပါမည်။
မှတ်ချက်။ ပုံကို Google က ကူးယူဖေါ်ပြထားပြီး ဆရာကြီး ဒေါက်တာမင်းတင်မွန်ရဲ့ ဗုဒ္ဓအဘိဓမ္မာ အနှစ်ချုပ်က ဒီနေရာမှာ <
http://dhammadownload.com/…/DrMehmTinMon-BuddhaAbbhidimaAhN…> ရှိပြီး ဆရာကြီး စည်ပင်ဓမ္မာရုံမှာ ဟောထားတဲ့ ပဌာန်း ရုပ်သံဖိုင်က ဒီနေရာ <
https://www.youtube.com/watch?v=L4PQecMDRRs> မှာ ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ