ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘ၀နှင့် ပညာရေးအမြင်ကျွန်တော်၏ မိခင် ဖခင် နှစ်ဦးစလုံးမှာ ဥာဏ်ကောင်းသော အမျိုးဖြစ်လေသည်။ ကျွန်တော်၏ ဖခင်သည် ရှေ့နေ စာမေးပွဲတွင် မြန်မာတပြည်လုံးတွင် တတိယ စွဲခဲ့လေသည်။ ကျွန်တော်တို့ ညီအစ်ကို အားလုံး ဥာဏ်ကောင်းကြသည်။ သို့သော် ဒုတိယ အစ်ကိုကြီးကား စာသင် အထူးပျင်းလှ၍ အခြားညီအစ်ကိုများကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာမတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ၀မ်းကွဲညီအစ်ကိုများ၊ ဦးလေးများမှာ မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲတွင် ထိပ်တန်းကျကျ အောင်မြင်သူများချည်းဖြစ်လေသည်။ ကျွန်တော်တို့ မိဘများသည် ပညာကိုလည်း အထူးလိုလားသည်။ ကျွန်တော်၏ အစ်ကိုများကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ ကျွန်တော်တယောက်တည်းသာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ကာ ထားသဖြင့် အသက် ၈ နှစ်ရောက်မှသာလျှင် ကျောင်းစနေရပေသည်။
ကျွန်နော် ကျောင်းနေလာရင်း ပြောပြရဦးမည်။ ကျွန်တော်၏ အထက် အစ်ကို ကိုအောင်သန်းအား အသက် ၁၁ နှစ်ခန့်တွင် ရှင်ပြုလေသည်။ ထိုအခါ ကိုအောင်သန်းမှာ မြန်မာ ၆ တန်းတွင်ရှိသည်။ ကျွန်တော်မှာ အသက် ၈ နှစ်ထဲ ရောက်သော်လည်း ကျောင်းတွင် မနေရသေးချေ။ ရှင်ပြုအခမ်းအနားတွင် ကိုအောင်သန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော်လည်း ရှင်လောင်း ဖြစ်ချင်သဖြင့် မိခင်အား ပူဆာသည်။ ထိုအခါ မိခင်က ရှင်လောင်းလုပ်တဲ့သူသည် စာတတ်မှ ဖြစ်သည်ဟု ပြောပြသဖြင့် ကျောင်းနေပါတော့မည်ဟု ဂတိပေးကာ ထိုတွင်မှ ကျောင်းစနေဖြစ်လေသည်။ တန်းကျော် တက်ခဲ့ရပြန်သဖြင့် လေးနှစ်နှင့် ၁၀ တန်းအောင်မြင်သည်။ အင်္ဂလိပ်မြန်မာ သတ္တမတန်း စာမေးပွဲတွင် မြန်မာတပြည်လုံးတွင် န၀မ စွဲခဲ့၍ အထက်တန်း စကောလားရှစ် ရခဲ့သည်။ ဗုဒ္ဓဘာသာ ကျောင်းနှင့် အမျိုးသားကျောင်းများတွင် ပထမစွဲခဲ့၍ ဦးရွှေခိုဆုကို ရရှိခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ၆ နှစ်ခွဲမျှ နေခဲ့သည်။
နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့ကျင့်သဖြင့် ဘီအေ အထက်တန်းအထိ အောင်ရုံသာ အောင်ခဲ့သည်။ ဘီအေ အထက်တန်း သပိတ်နှစ်တွင် ကျောင်းသား သပိတ်မှောက် ခေါင်းဆောင်တဦဖြစ်၍ အလုပ်ရှုပ်သဖြင့် ဘီအေ စာမေးပွဲကို တနှစ်မဖြေဘဲ နေခဲ့ရသည်။ ဘီအယ် အတန်းကို တက်ခဲ့သည်။ အတန်းလည်း မှန်မှန်မတက်၊ စာအုပ်လည်း မရှိ၊ မှတ်စုလည်းမထား၊ စာလည်းမကြည့် မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် ဘီအယ် ပထမနှစ် စာမေးပွဲတွင် ကျရှုံးလေသည်။ ဤကား ကျွန်တော့တသက်တွင် စာမေးပွဲ ပထမဦးဆုံးနှင့် နောက်ဆုံး ကျရှုံးခြင်းပေတည်း။ ရခဲ့သည်။ ဒုတိယ ဘီအယ်လ် နှစ်တွင် နှစ်စေ့အောင် ကျွန်တော် မနေတော့ပေ။ ဥရောပတိုက် မြူးနစ်စာချုပ်မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် မြန်မာပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောက်ဆ၍ တိုင်းပြည်အတွက် ကိုယ်ထိလက်ရောက် လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင် ထွက်၍ သခင်ဘ၀သို့ ကူးပြောင်းခဲ့သည်။
မြန်မာစာသင် ဘုန်းကြီးကျောင်း နေရစဉ်က ကျွန်တော် အထူးမပျော်ပိုက်သည့် အချက်တချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုန်ကစားခြင်း၊ ကလေးဘ၀ သစ်ပင်တက် ရေကူးအလုပ်မျိုး ပိတ်ပင်ခြင်းပင် ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တသဘောတည်းလောက်ပင် ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင်တက်ခြင်း၊ ရေကူးခြင်း စသော ကိုယ်လက် ကျန်းမာရေး ကျင်လည်မှုကို လေ့လာခွင့်မရ။ သစ်ပင်တက်သည်ကို မြင်လျှင် အဆိုအမည် ခံရသည်။ ရေကူးသည်ကို မြင်ရလျှင် အရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိ ကျွန်တော့်မှာ ဥာဏ်ပညာဘက်က အခွင့်အလမ်းရခဲ့၍ ပေါက်မြောက်ခဲ့သလောက် ကိုယ်လက် ကျန်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်း မရခဲ့၍ များစွာ ချွတ်ယွင်းနေသည်။ ရေနံချောင်း အမျိုးသားကျောင်း နေစဉ်ကလည်း အခွင့်အလမ်းမရခဲ့။ မရခဲ့သည်မှာ အမျိုးသားကျောင်း ဖြစ်သည့်တိုင်း ဆင်းရဲသဖြင့် ကစားခုန် ကစားလေ့ကျင့်ရာ နေရာ၊ ကိရိယာ တန်ဆာပလာများ မထားနိုင်၍ပင် ဖြစ်သည်။ မြန်မာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီးများ၏ အချို့အယူအဆများကို ခေတ်နှင့်လျှော်အောင် ပြုပြင်သင့်နေသည်။ သို့မဟုတ်လျှင် မြန်မာပြည်နှင့် ဗမာလူမျိုးတို့ အခြေအနေသည် တိုးတက်သင့်သလောက် တိုးတက်မည် မဟုတ်ချေ။
ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟု မဆိုပေ။ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်။ လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။ ထို့ကြောင့် ပညာသင်သားတို့သည် အမှန်စင်စစ်အားဖြင့် သူ၏တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကိုလည်းကောင်း၊ မိမိဥာဏ်အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓါတ်တို့ကိုလည်းကောင်း (Emotion of the Education) ပြုပြင် ပြုစု စီမံထားခဲ့သူသာလျှင် ဖြစ်လေသည်။ ဘီအေပင် အောင်စေကာမူ၊ ပါရဂူဘွဲကြီးပင် ရစေကာမူ ပထမကျော်ကြီးပင် ဖြစ်စေကာမူ အသက်အရွယ် မည်မျှပင် ကြီးရင့်စေကာမူ ပညာဟူသော သဘာဝအဓိပ္ပါယ်ကို ကောင်းစွာ သုံးသပ်နားလည်ခြင်း မရှိခဲ့သော် တကယ်အရာမရောက် အသုံးမ၀င်ပေ။ ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်ကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။
ပညာဟူသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ယုံသာမဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူထု၏ဆန္ဒအား၊ လုပ်အားကို နူးညွတ်စေရမည်။ ရာဇ၀င်သိရုံမဟုတ်၊ ရာဇ၀င်ကို ဖန်တီးစေရမည်။ လောကဓါတ်ပညာကို သိရုံမဟုတ် လောကဓါတ်ပညာကို တိုးချဲ့နိုင်ရမည်။ ပထ၀ီ ပညာကို သိရုံသာမဟုတ် မြေသစ်၊ ရေသစ် တောတောင်တို့ကို ရှာဖွေစုံစမ်း နိုင်စွမ်းစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ် သည်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏သရုပ် အကျဉ်းမျှပင်တည်း။
ပညာသည် ကာလ၊ ဒေသ၊ ပယောဂနှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့အသုံးလည်း ကျရမည်။ ပညာတွင် ညာလည်းပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်။ ဥာဏ်ချည်းသာ တိုးတက်၍ သညာမရှိပါမူလည်း ဤမျှ ပိုမိုဆန်းကျယ် အပြောကျယ်လှသော ခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေ။ လောကဓာတ်ပညာကို မတတ်မသိဘဲ လောကဓာတ် ပညာဥာဏ်ကိုသာ ရလျှင် လောကဓာတ်ပညာ၏ တန်ဖိုးကို တင်းပြည့်မသုံးနိုင်ပေ။ တိုင်းပြည် အခြေအနေ ပြဿနာ၊ ခေတ်၏အခြေအနေ ပြဿနာ ခေတ်၏အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊ ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။ လူတယောက်၏ သက်တမ်းတွင် အစပထမက သိမြင်လာသော စိတ်နေ စိတ်ထားဝါဒတို့သည် အမှန်ချည်းမဟုတ်။ ပြုပြင်ပြောင်းလဲရမည် သာတည်း
ယနေ့အယူအဆနှင့် မနက်ဖြန်အယူအဆတို့မှာ တူချင်မှ တူပေမည်။ အမှန်ကား လူတဦး၏ တဘ၀တွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့ရသောအခါ ထိုလူသည် သမာဓိ မတည် ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖေါက်လွဲဖေါက်ပြန် ဖြစ်ခြင်းပေတည်း။ ၀ါဒ ပြောင်းမှုမှာ သမာဓိ မတည်ခြင်းမဟုတ်ပေ။ ဥာဏ်အမြင်၏ ပြောင်းလဲမှု ဖြစ်သောကြောင့် တနည်း တိုးတက်ခြင်းပေတည်း။
ဗိုလ်ချုပ်အောင်ဆန်း
ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပြီ ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းသော ပညာရေးကို အကောင်အထည်ဖေါ်နိုင်ပါစေ။
2/11/10 7:29 PM တင်တဲ့ပို့စ်ကို ဗိုလ်ချုပ်မွေးနေ့အတွက် အပေါ်ခဏ ပြန်တင်ထားပါတယ်။
