မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

မြိတ်ကျွန်းစုကို မဲပေးပါ

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခု ဖြစ်ပြီး ဖတ်ကြည့်လိုက်တော့ လူ့အခွင့်အရေး ချိုးဖေါက်လို့ ကမ္ဘာမှာနာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ကျွန်မတို့နိုင်ငံမှာ ကမ္ဘာက လိုက်မမီနိုင်အောင် ထူးခြားလှတဲ့ သဘာဝပတ်ဝန်းကျင် ရေမြေတောတောင်၊ သတ္တ၀ါများနဲ့ ရှေးဟောင်း သမိုင်းယဉ်ကျေးမှု အမွေအနစ်တွေဟာ National Heritances အနေနဲ့ သာမက World Heritances အနေနဲ့တောင် သတ်မှတ်နိုင်လောက်အောင် ကောင်းတာတွေ ရှိနေသေးတာကို ဂုဏ်ယူမိပြီး ပေးပို့သူအဆင့်ဆင့်ရဲ့ တိုင်းပြည်အပေါ် ထားတဲ့ စေတနာနဲ့ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုကာ ပူးပေါင်းပါဝင်သည့်အနေဖြင့် ပို့စ်မှာတင်ပြီး ပြန်လည်ဖြန့်ဝေလိုက်ပါတယ်။ ဖတ်မိသူ အားလုံးအတွက်လည်း စိတ်ဝင်စားစရာ အင်မတန်ကောင်းပြီး ကျွန်မနဲ့ ထပ်တူ ခံစားပြီး မူရင်းပေးပို့သူတွေနဲ့ ထပ်ဆင့်ပေးပို့သူတွေရဲ့ ဆန္ဒအတိုင်း ပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ Forward e-mail ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အလင်းစေတမန် မှ ဖြစ်ပါသည်။

သင်ယခု စာကိုသင်ရရှိနေခြင်းမှာ သင်သည် အလင်းစေတမန် ၏ အဖွဲ့ဝင် တစ်ယောက်ဖြစ်နေ၍ ဖြစ်သည်။ သို့မဟုတ်ပါက တဆင့်ပေးပို့သူထံမှ ရရှိခြင်းဖြစ်နိုင်ပါသည်။

အဖွဲ့ဝင် တစ်ယောက်အနေဖြင့် အလင်းစေတမန်သို့ စာများ ပို့လိုပါက a_lin_say_ta_mum@googlegroups.com သို့ ပေးပို့ နိုင်ပါသည်။ အဖွဲ့ ၀င် အားလုံးဆီသို့ ရောက်ရှိပါမည်။

ပေးပို့သော post များကို အလင်းစေတမန်မှ Admin များက ဖတ်ရှုပြီး သင့်တော်ပါက post ခွင့်ပြုပေးလျက်ရှိပါသည်။

သင် အလင်းစေတမန် အဖွဲ့ မှ စာများကို ရရှိရန် ဆန္ဒမရှိပါက a_lin_say_ta_mum+unsubscribe@googlegroups.com
သို့ mail ပို့နိုင်ပါသည်။ သင့်အား အဖွဲ့မှ စွန့်ခွာခွင့်ပေးပါမည်။

အခြား အကြောင်းအရာများကို သိချင်ပါက အဖွဲ့၏ Home Page မှကြိုဆိုပါတယ် ။
အောက်ပါ လိပ်စာသို့ ကလစ်နှိပ်၍ ၀င်ရောက်လေ့လာနိုင်ပါသည်။
http://groups.google.com/group/a_lin_say_ta_mum?hl=en?hl=en

ကျေးဇူးတင်ပါတယ်ဗျ။
Admin
အလင်းစေတမန်


အမျိုးသားရေးတာဝန် တရပ်အနေနဲ့ ကမ္ဘာ့အံ့ဖွယ် ခုနှစ်သွယ်မှာ မြိတ်ကျွန်းစုကို မဲပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။


San Francisco Bay Area ရှိ လူငယ် ဗုဒ္ဓဘာသာ သင်တန်း တစ်ခုတွင် ဖြစ်ပါသည်။ လူငယ်သင်တန်း ဆိုပေမယ့် အမေရိကန်ပြည်တွင် ကြီး၍အင်္ဂလိပ် စကားသာ အဓိကပြောသော အသက် (၁၀) နှစ်မှ (၁၇) နှစ်ခန့် အထိ အရွယ်စုံ ပါဝင်သော မျိုးဆက်သစ် မြန်မာ လူငယ်လေးများ အတွက် ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မြန်မာ့ ယဉ်ကျေးမှု ရေးရာများကို အဓိက မိတ်ဆက် သင်ကြားပေးသည့်လစဉ်သင်တန်း တစ်ခု ဖြစ်ပါသည်။ ထို တစ်လက မြန်မာ့ ယဉ်ကျေးမှု မိတ်ဆက်ကဏ္ဍ အတွက် ကျွန်တော့် တာဝန်ကျရာ ယဉ်ကျေးမှုများအား အမိ မြန်မာပြည် အကြောင်းကို အရင် မိတ်ဆက်ပြောပြရန် ပြင်ဆင်ထားမိသည်။

သင်တန်းမစမီတွင် သင်တန်းသူ၊ သင်တန်းသားလေးများအား “Burma (သို့) Myanmar ဟုခေါ်သည့် အမိမြေ အကြောင်း မည်မျှ သိသနည်း၊ ဘာတွေသိထား သနည်း” ဟု အရင် မေးကြည့်ရာ ကျွန်တော်ဘာဆက်ပြော ရမှန်း မသိ ဖြစ်သွား၏။ သူတို့၏ ဖြေပုံလေးတွေကို ကြည့်၊ ကြည့်ပါ။ ‘Very Hot’ တဲ့၊ ‘Dirty’ တဲ့၊ ‘Bad Government’ တဲ့၊ ‘Mosquito’ တဲ့၊ ‘Poor People’ တဲ့၊ ကုန်ရော။ “မင်းတို့ ပြောတာတွေလည်း ဟုတ်ပါတယ်၊ ဒါတွေက နောင် အခြေအနေ အရ ကြိုးစားပြီး ပြုပြင်ယူလို့ရပါတယ်။ နောက် ကောင်းတာတွေလည်း ပြောပြပါဦး” ဟု တိုက်တွန်းတော့မှ ‘A Lot of Pagodas’ ၊‘Friendly People’ ၊ ‘Good Food’ တဲ့။ ကျွန်တော်လည်း အဲဒီတော့မှ “တခြား ကောင်းတာတွေလည်း ရှိပါသေးတယ်” ဟု ဆိုပြီး မြန်မာပြည်၌ သယံဇာတ နှင့် သဘာဝ အရင်းအမြစ်များ ကြွယ်ဝပုံ၊ ဇီဝမျိုးကွဲများ စုံလင်ပုံ၊ ကိုယ်ပိုင် ယဉ်ကျေးမှု နှင့် တိုင်းရင်းသား ပေါင်းစုံ ယှဉ်တွဲ နေထိုင်ကြပြီး ကမ္ဘာ့ အဆင့်မီ Civilization များ ထွန်းကားခဲ့ပုံ၊ ဦးသန့် အစရှိသည့် ကမ္ဘာသိ ထူးချွန်ကျော်ကြားသော မြန်မာများ နှင့် ထူးခြား လှပသော နေရာဒေသများ အကြောင်း စသည်ဖြင့် သူတို့ သိနိုင်အောင်ရှင်းပြမိပါသည်။

ဟုတ်ပါသည်။ ကျွန်တော်တို့၏ အမိတိုင်းပြည်တွင် ကမ္ဘာ့ အံ့ဖွယ် ထူးခြားသော ယဉ်ကျေးမှု အမွေအနှစ် နှင့် သဘာဝ နေရာဒေသ များစွာ ရှိပါသည်။ ကျွန်တော်တို့ ကိုယ်တိုင် မသိကြ၍ နှင့် သူများသိအောင် ပြန်မပြောတတ်၍သာ တိမ်မြုပ် သလို ဖြစ်နေခြင်း ဖြစ်ပါသည်။ တစ်ချို့တော့ကြားမိလိုက်ကြမည် ထင်ပါသည်။ 2007 July တုန်းက New 7 Wonders အဖွဲ့  ကြီးမှ ကြီးမှူး၍ ကမ္ဘာ့  အံ့ဖွယ် (၇) သွယ်စာရင်းသစ်ကို ကမ္ဘာ့ လူသား သန်းပေါင်း ရာကျော်၏ Internet ဆန္ဒမဲများဖြင့် ရွေးချယ် သတ်မှတ်ခဲ့ကြရာတွင် မြန်မာပြည်မှ ပုဂံ နှင့် ရွှေတိဂုံ စေတီတော် တို့မှာ Nominate လုပ်မည့်လူပင် မရှိ၍ ဆန်ခါတင် စာရင်း မပြော နှင့် Nominee စာရင်းတွင်ပင် မပါခဲ့ရပါ။

ကျွန်တော်လည်း Yahoo News ထဲတွင် ကမ္ဘာ့ အံ့ဖွယ် နောက်ဆုံး ဆန်ခါတင် (၂၁) နေရာစာရင်း ကိုရွေးချယ်ပြီးကြောင်း သတင်းပါလာတော့မှသာ နောက်ကျစွာ သိခဲ့ရခြင်း ဖြစ်ပါသည်။ တကယ်တော့ မြန်မာတို့၏ အံ့ဖွယ် ဖြစ်သော ပုဂံမြေသည် World’s Man-made Travel Wonders များ စာရင်းတွင် နံပါတ် (၆) နေရာ၌ ရှိနေရာ၊ အခွင့်အရေးသာ ရခဲ့ပါက ကမ္ဘာ့ အံ့ဖွယ် (၇) သွယ် စာရင်း၌ ထိုက်ထိုက်တန်တန် တစ်နေရာ ရခဲ့လိမ့်မည် ဟု ကျွန်တော် ယုံကြည်မိပါသည်။ မြန်မာတို့၏ ဦးစွန်း ရွှေတိဂုံ စေတီတော်ကြီး သည်လည်း Seven Forgotten Wonders စာရင်းတွင် ပါဝင်နေကြောင်း Internet Search လုပ်ကြည့်လျှင် ဂုဏ်ယူဖွယ်ရာ တွေ့ရပါလိမ့်မည်။ ဒါတွေထားပါတော့၊ အသိ နောက်ကျသည့် ကျွန်တော်တို့ ဘာသာပင် အပြစ်တင်ရပါမည်။ ဒါ့အပြင် ယခုအခါတွင် ကျွန်တော်တို့ မြန်မာများ အတွက် နောက်ထပ် အခွင့်အရေး တစ်ခု ရလာပါပြီ။

ဒါကတော့ New 7 Wonders အဖွဲ့ သည် နောက်ထပ် ကမ္ဘာ့ အံ့ဖွယ် (၇) သွယ်စာရင်းကို ထပ်မံ ရွေးချယ် သတ်မှတ်ဖို့ Internet မှ ဆန္ဒမဲများ တောင်းခံနေရာ မြန်မာပြည်မှ သဘာဝ ရတနာဖြစ်သော “မြိတ်ကျွန်းစု - Mergui Archipelago” သည် Final Nominees (၂၆၁) နေရာ စာရင်းတွင်ပါဝင်လာခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ လူသားများသည် ထို (၂၆၁) ခု စာရင်းဝင် နေရာများကို ၂၀၀၉ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ အထိ မဲပေးခွင့် ရမည်ဖြစ်ပြီး မဲ အများဆုံးရသော ထိပ်ဆုံး (၇၇) နေရာ သည်သာ နောက်ဆုံး အံ့ဖွယ် (၇) သွယ်နေရာ အတွက် ထပ်မံ ရွေးချယ်ခံခွင့် ရရှိမည် ဖြစ်ပါသည်။

မန်မာပြည်၌ စိတ်ဝင်စားဖွယ် သဘာဝနေရာ များစွာရှိသည့် အနက်မြိတ်ကျွန်းစု ကိုမှ သူတို့ ဘာကြောင့် ရွေးချယ်ထား သနည်း ဟု Internetများထဲတွင် လေ့လာကြည့်မိသည်။ အဲဒီတော့မှ လား…၊ လား…၊ အဲဒီတော့မှကျွန်တော် မသိခဲ့ဖူးသော မြိတ်ကျွန်းစု၏ အလှနှင့် ထူးခြားချက်များကို အခြားလူမျိုးတို့ ရေးထားတော့မှ သွားသိရသည်။ မြိတ်ကျွန်းစုသည် လူသားတို့ မနှောင့်ယှက်သေးဘဲ သဘာဝအရင်း မူလအတိုင်း ကျန်နေသည့် ကမ္ဘာ့ နောက်ဆုံး ကျွန်းစု (World’s Last Archipelago) တဲ့၊ မြိတ်ကျွန်းစု၌ အခြားနေရာတွေမှာ မတွေ့နိုင်တဲ့ ရေသတ္တဝါ မျိုးစိတ်တွေကို စုံလင်အောင် တွေ့ နိုင်တယ်တဲ့၊ ယခင်က ယိုးဒယား နိုင်ငံမှ Similar ကျွန်းများကို ကမ္ဘာ့ ရေငုပ်ရန် အကောင်းဆုံး အဖြစ် သတ်မှတ်ထားရာမှ ယခုအခါ မြိတ်ကျွန်းစုသည် ကမ္ဘာ့ အကောင်းဆုံး Diving Site ဖြစ်သွားပြီတဲ့၊ မြိတ်ကျွန်းစု ငါးမန်း မျိုးစုံ တို့သည် ယဉ်ကျေးပျူငှာစွာဖြင့် လူကိုမကိုက်တတ်သောကြောင့် ကမ္ဘာ့ ရေငုပ်သမား တို့၏ အမြင့်ဆုံး အိပ်မက်ဖြစ်သော ငါးမန်းများ နှင့် မျက်နှာချင်းဆိုင် တွေ့ ဆုံ ဓာတ်ပုံ ရိုက်ယူခြင်း (Shark Encounter) ကို မြိတ်ကျွန်းစုမှာ ပြုလုပ်နိုင်ပြီတဲ့၊ ယခုအခါ ကမ္ဘာလှည့် ခရီးသွားများသည် ထိုင်းနိုင်ငံမှ တဆင့် မြိတ်ကျွန်းစုသို့ဝင်ရောက်နိုင်ရန် အတွက် မျက်စောင်း တခဲခဲ နှင့် စိုင်းပြင်းနေကြရာ Sea Gypsies ခေါ် ဆလုံ - 3 -တိုင်းရင်းသား တို့၏ သဘာဝနေအိမ် ဖြစ်သော မြိတ်ကျွန်းစု၏ သဘာဝ ပတ်ဝန်းကျင်များကို မူရင်းအတိုင်း ထိန်းသိမ်းထားနိုင်ရန် အရေးကြီးပြီ စသည်ဖြင့် သိရပါသည်။

အံ့ဖွယ် မြိတ်ကျွန်းစု အတွက်၊ အမိမြေ၏ သဘာဝ အလှအပများ အတွက် ကျွန်တော် ဂုဏ်ယူမိပါသည်။ အကယ်၍မြိတ်ကျွန်းစုသာ ထိပ်ဆုံး ဆန်ခါတင် (၇၇) နေရာ စာရင်းတွင်သာ အရွေးချယ်ခံရပါက မည်မျှ အားရဖွယ် ကောင်းလိမ့်မည်နည်း ဟုလည်း တွေးတော အိပ်မက် မက်မိပါသည်။ သိပ်တော့ မလွယ်လှပါ။ New 7 Wonders of Nature ရွေးချယ်ပွဲအား လေ့လာကြည့်မိရာ မိမိတို့ နိုင်ငံမှ နေရာများကို အဓိက Vote ကြသည့် ကမ္ဘာ့ နိုင်ငံစုံ မျိုးချစ်စိတ်ဓာတ် ပြိုင်ပွဲသဖွယ်ဖြစ်နေသည်ကို တွေ့ ရပါသည်။ ကျွန်တော်တို့ မြန်မာတွေရော မျိုးချစ်စိတ် မည်မျှ ရှိကြမည် မသိပါ။ လူဦးရေ များပြားလှသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများတွင်ပင် သူတို့၏ နိုင်ငံ ကိုယ်စားပြုသဘာဝ အံ့ဖွယ်များကို မဲပေးကြရန် အတွက် အမျိုးသားရေး လှုပ်ရှားမှု တစ်ရပ် အဖြစ် နိုင်ငံပိုင် Media များမှပင် လှုံ့ဆော်နေကြပါပြီ။ ကျွန်တော်တို့၏ နိုင်ငံပိုင် Media များကတော့ တခြားအရေးကြီးသည့် ကိစ္စများနှင့် အလုပ်ရှုပ်နေကြတုန်း ရှိပါဦးမည်။ မကြာသေးမီက တောင်အမေရိကမှ အလည်ပြန်လာခဲ့သော မြန်မာ မိတ်ဆွေ တစ်ဦးကလည်း ပြောပါသည်။ ဘရာဇီး နှင့် အာဂျင်တီးနားမှ လူများသည်လည်း သူတို့၏ နာမည်ကျော် Iguazu ရေတံခွန်ကြီး အား ကမ္ဘာ့ အံ့ဖွယ် အဖြစ် မဲပေးကြရန် ခရီးသွား eည့်သည်များကို တိုက်တွန်းသည့် Campaign များလုပ် နေကြပြီတဲ့။


ဒီလိုဆို ကျွန်တော်တို့ နိုင်ငံကရော။ ချစ်လှစွာသော အမိမြေ၏ လူဦးရေ (၉၀) ရာခိုင်နှုန်းကျော်မှာEmail နှင့် Internet သုံးရန် မဆိုထားဘိ၊ Computer ပင် ကောင်းကောင်း မကိုင်ဖူးကြရာ မြိတ်ကျွန်းစု အတွက် လိုအပ်သော မဲများရရန် အားလျော့မိပါသည်။ သို့သော် မြန်မာပြည် ပြင်ပ၌ ရောက်နေကြသော မြန်မာ လူမျိုးများ သန်းပေါင်းများစွာ ရှိပါသည်။ အမေရိကား၊ ကနေဒါ၊ သြစတြေးလျ၊ အင်္ဂလန်၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ အိန္ဒိယ၊ ဂျမေကာ၊ အာရပ် နှင့် အာဖရိက စသည့် နိုင်ငံများ အားလုံးတို့မှ မြန်မာများ တက်ညီလက်ညီဖြင့် ဝိုင်းဝန်း မဲပေးကြမည် ဆိုလျှင် ကျွန်တော်တို့၏ အမျိုးသား ရတနာ မြိတ်ကျွန်းစု အတွက် အခွင့်အရေး တစ်ခု ရှိနိုင်ပါသေးသည်။ မိမိတို့၏ အချိန် ၁ မိနစ်ဆို၊ ၁ မိနစ် ကလေးခန့်သာ ကြာပါသည်။ www.new7wonders.com သို့ သွား၍ Asia ၊ Mergui Archipelago (Myanmar) ကို ရွေးလိုက် ရုံသာ ဖြစ်ပါသည်။ ယခုအခါလို မြန်မာလူမျိုးတို့၏ နိုင်ငံ နှင့် အခြေအနေ အဘက်ဘက်မှ နိမ့်ကျနေချိန်တွင် မိမိတို့၏ အမျိုးသား ဂုဏ်ကို မည်သည့်နည်းနှင့်ပဲ ဖြစ်ဖြစ် မြှင့်တင်ဖို့ ကျွန်တော်တို့ အားလုံး အားထုတ်သင့်ပါသည်။ မျက်မှောက်ကာလတွင် မြိတ်ကျွန်းစုအား ထိန်းသိမ်း စောင့်ရှောက်ရေးထက် သူဌေးကျွန်း စသည့် နေရာများတွင် ကြယ်ငါးပွင့် ကာဆီနို ရုံကြီးများ ဖွင့်၍ နိုင်ငံခြားငွေ ရရှိရေးကိုသာ အလေးပေးနေရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ကမ္ဘာ၏ အာရုံစိုက် ပံ့ပိုးမှုကိုသာ စောစောစီးစီး မရခဲ့လျှင် မြိတ်ကျွန်းစု၏ အနာဂတ် အတွက် ရင်လေးစရာသာ ဖြစ်တော့သည်။

ပြည်တွင်း၊ ပြည်ပ ဘယ်မှာပဲ ရောက်နေနေ မြန်မာတို့ စုစည်း အင်အားပြကြဖို့ အချိန်ကျပါပြီ။ Email Account (၁) ခု ရှိလျှင် (၁) မဲ ပေး၍ ရပါမည်။ ပြည်ပရောက် မြန်မာတိုင်း၌ မရှိဘူးဆိုလျှင်တောင် Email (၂) ခု၊ (၃) ခု ရှိကြပါသည်။ မြန်မာပြည်၌ Internet မသုံးနိုင်သူပေါင်း သန်း (၅၀) ကျော်ရှိပါသည်။ သူတို့ အားလုံး၏ ကိုယ်စား မိမိတို့၌ ရှိသမျှ Email များဖြင့် Vote ပေးကြပါ။ လူလည်ကျသည် မဟုတ်ပါ။ တခြား လူမျိုးများလည်း ဒီအတိုင်း လုပ်မည် ဖြစ်ပါသည်။ မြိတ်ကျွန်းစုသည် ယခုအခါ (၂၆၁) နေရာ ရှိသည့် အနက် အဆင့် (၁၉၆)၊ ကျွန်းစု အမျိုးအစား အနေနှင့် ဆိုလျှင် အဆင့် (၂၈) ၌သာ ရှိနေပါသည်။ အားလုံး ဝိုင်း Vote ကြလျှင် အဆင့် (၇၇) အတွင်းသို့ အလွယ်တကူ ဝင်နိုင်ပါလိမ့်မည်။ အချိန် (၃) လခန့်သာ ရှိပါတော့သည်။ အချိန်မဆိုင်းဘဲ ချက်ချင်းသွား၍ Vote ကြစေလိုပါသည်။ ကိုယ်တိုင်လည်း Vote ပါ။ မိသားစု နှင့်သူငယ်ချင်းများကိုလည်း တိုက်တွန်းပါ။ ရှိသမျှ နိုင်ငံစုံမှ မိတ်ဆွေများအားလည်း Email Forwardလုပ်ပါ။ ကျွန်တော်တို့ မြန်မာပြည်၏ တိုင်းရင်းသား ပြည်သူများ အတွက်၊ အမိမြေ၏ သဘာဝအံ့ဖွယ် အလှအပ အတွက်၊ ညှိုးနွမ်းနေခဲ့ရသော ကျွန်တော်တို့၏ အမျိုးသား ဂုဏ်သိက္ခာများ အတွက်၊တောက်ပဆဲ မြန်မာတို့၏ အနာဂတ် အိပ်မက်များ အတွက် သဘာဝ အတိုင်း လှနေသည့် မြန်မာ့ မြိတ်ကျွန်းစု - Mergui Archipelago - ကို ပိုမို ထွန်းပအောင် Vote ပေးကြပါလို့သာ မေတ္တာရပ်ခံ တိုက်တွန်း ရေးသား လိုက်ရပါသည်။ အခုပဲ မြိတ်ကျွန်းစုလေးတွေကို Vote ပေးကြမလား ခင်ဗျာ။

With Regards
Pyae Pyae

--~--~---------~--~----~------
------~-------~--~----~



SYDNEY, AUSTRALIA


ဆစ်ဒနီမြို့ ထိုင်းဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စေတီ

ကလေးတွေ အားလုံးရဲ့ အသည်းစွဲ ဆစ်ဒနီ ကလေးကစားကွင်း (Luna Park)

ဆစ်ဒနီဆိပ်ကမ်း တနေရာ

ကလေးကစားကွင်း အပါအ၀င် ဆစ်ဒနီဆိပ်ကမ်းတ၀ိုက်ကို သွားသည့် ကူးတို့လှေတစီး

ကလေးကစားကွင်းအတွင်း တနေရာ
ကလေးကစားကွင်း အတွင်း တနေရာ

ဆစ်ဒနီ Operahouse ကို ကုန်းပေါ်မှ ရိုက်ထားပုံ

ဆစ်ဒနီ ဆိပ်ကမ်းတနေရာ
Operahouse ကို လှေပေါ်က ရိုက်ထားပါတယ်



Oprahouse နှင့် တံတားကို ကလေးကစားကွင်းမှ ရိုက်ထားပုံ
ဆစ်ဒနီတံတားကို Government house ၀င်းအတွင်းက ရိုက်ထားပုံ


Add Image
ဆစ်ဒနီ Operahouse ကို ကလေးကစားကွင်း (Luna Park) က ရိုက်ထားပုံ

Sydney ကလေးကစားကွင်းရှိ ကူတို့ဆိပ်
ဆစ်ဒနီ အိုလံပစ် အားကစားကွင်း တနေရာ
Koala (ကိုအားလာ) လို့ခေါ်တဲ့ သြစတြေးလျား တိရိစ္ဆာန် တမျိုး
ဓါတ်ပုံများကို အောက်သို့ဆွဲကြည့်နိုင်ပါတယ်။

စာရေးဖို့ အချိန်မရသေးလို့ ပို့စ်မတင်ဖြစ်သေးတာနဲ့ ပုံဘယ်လို တင်ရတယ်ဆိုတာ စပ်းသပ်ရင်း သားသားမွေးနေ့နဲ့ သူ့သူငယ်ချင်း မွေးနေ့တုန်းက သွားလည်ပေးခဲ့ တဲ့နေရာက ပုံတွေကို လာလည်သူတွေ ကြည့်သွားလို့ရအောင် စမ်းပြီး တင်ကြည့်လိုက်တာ ရသွားတယ်။ နောက်ပိုင်း ပို့စ်တင်ရင် ပုံနဲ့ တွဲတင်လို့ ရပြီ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

မေတ္တာဆိုတာ


ကျွန်မဘ၀မှာ ကျွန်မကို ပထမနေရာမှာ ထားမည့်သူ ဒီဘ၀မှာ မရှိနိုင်၊ မရနိုင်တော့ပဲ အချစ်၊ မေတ္တာတွေ သံယောဇဉ်တွေကို ကျွန်မနဲ့ ပတ်သက်သူ အားလုံးအတွက် ကျွန်မကသာ ပေးဆပ်သူသက်သက်အဖြစ်နဲ့ ဒီဘ၀ကို အဆုံးသတ်ရလိမ့်မယ် ထင်နေခဲ့ရာကနေ ကျွန်မကို ပထမ နေရာမှာ အမြဲထားတဲ့ သူတယောက် ကျွန်မဘ၀ထဲကို မမျှော်လင့်ပဲ ရောက်လာပါတယ်။ မျှော်လင့်ထားခြင်း ကြိုတင်ပြင်ဆင်ထားခြင်းမရှိပဲ သူရောက်လာပေမယ့် ကျွန်မဘ၀ထဲ သူရောက်လာပြီဆိုတာ သိတဲ့နေ့ကစပြီး စကားလုံးနဲ့ ဖေါ်ပြမတတ်လောက်အောင် ကြည်နူးခြင်းနဲ့အတူ ဘာခံစားမှုနဲ့မှ မတူတဲ့ တသက်တာမှာ တခါမှ မခံစားဖူးတဲ့ ပီတိမျိုးကို ပထမဦးဆုံး ခံစားလိုက်ရပါတယ်။ သူ့ကို မတွေ့ဖူးခင်ကပင် သူ့ကို ကြိုဆိုဖို့အတွက် ကျွန်မရဲ့ ဘ၀တက်လမ်းတွေ၊ အနာဂတ်အစီစဉ်တွေ အားလုံးကို လစ်လျူရှုခဲ့ပါတယ်။ သူ့ကို ပထမဦးဆုံး စတင်တွေ့ဖူးတဲ့ နေ့မှာတော့ ကျွန်မရဲ့ စိတ်နှလုံးမှာ ဘယ်တုန်းကမှ မဖြစ်ပေါ်ဖူးခဲ့တဲ့ အချစ်တွေ၊ မေတ္တာတရားတွေနဲ့အတူ ကျွန်မဘ၀ဟာ တကယ်ပဲ အရာရာ ပြီးပြည့်စုံသွားပြီလို့ ခံစားလိုက်ရပြီး မေတ္တာစစ် မေတ္တာမှန် ဆိုတာကို ကျွန်မကောင်းကောင်းကြီး နားလည်ခံစားလို့ တတ်သွားပါတယ်။ အဲဒီ မေတ္တာနဲ့အတူ ကျွန်မရဲ့ အတွေး၊ ခံယူချက်၊ မျှော်လင့်ချက်၊ ဘ၀ရည်မှန်းချက်တွေနဲ့ အနာဂတ်အစီစဉ် အားလုံးဟာ သူ့အတွက်ပဲ ဖြစ်သွားပါတော့တယ်။

ကျွန်မဘ၀ထဲ သူရောက်လာပြီး သူ့ကို စတွေ့ဖူးတဲ့ နေ့ကစပြီး ကျွန်မဘ၀ ဆိုတာ လုံးဝပျောက်သွားပြီး ကျွန်မဘ၀ဟာ သူ့အတွက် အစိတ်အပိုင်းတခုသာ ဖြစ်သွားတော့တယ်။ ကျွန်မရဲ့ အချိန်တွေဟာလည်း သူ့အတွက်ပဲ အများဆုံး အသုံးပြု ဖြစ်သွားပါတယ်။ မိန်းမတိုင်းဟာ အလှကြိုက်တယ် အဆိုရှိပေမယ့် ကျွန်မဟာ တခြားမိန်းမတွေနဲ့ မတူပဲ ဘယ်တုန်းကမှ နှုတ်ခမ်းနီတွေ မိတ်ကပ်တွေ မသုံးဖူးပဲ သနပ်ခါး ရေကျဲပဲ လိမ်းကာ မိမိကိုယ်မိမိ မပြင်မဆင်နဲ့ ကပိုကရိုနေတတ်တဲ့ ကျွန်မဟာ အလှဆိုတာကို သူကြည့်တတ်လာတဲ့ အချိန်ကစပြီး ပတ်ဝန်းကျင်မှာ သူများနဲ့ မတူပဲ ဖြစ်နေရင် သူငယ်ချင်းတွေကြားမှာ သူ့အတွက် သိမ်ငယ်စရာ  ဖြစ်မှာစိုးလို့ အလှတွေ ပြင်တတ်လာတယ်။ သနပ်ခါးရေကျဲပဲ အမြဲ လိမ်းလာခဲ့တဲ့ မျက်နှာမှာ မိတ်ကပ်တွေ ဖို့တတ်လာတယ်၊ အရင်က တခါမှ မဆိုးဖူးတဲ့ နှုတ်ခမ်းနီတွေ ဆိုးတတ်လာတယ်။ ဒါတွေအားလုံးဟာ သူ့အပေါ်ထားတဲ့ မေတ္တာကြောင့်လို့ ပြောရင် ယုတ္တိမရှိဘူးဆိုတာ သိပေမယ့် ကျွန်မကတော့ တကယ်ပဲ သူ့ကြောင့် ပြောင်းလဲခဲ့တာ အမှန်ပဲ။

မေတ္တာဆိုတာ သူ့အကျိုးကို လိုလားခြင်းလို့ ဘုရားဟောတရားမှာ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ မေတ္တမှာ ကိုယ့်အကျိုးဆိုတဲ့ မျှော်လင့်ချက် ဘာတခုမှ မရှိရဘူး။ ဒါကြောင့်မို့ ကိုယ့်အကျိုးအတွက် မျှော်လင့်ချက် တစုံတရာနဲ့ ပြုအပ်တဲ့ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးနဲ့ ပြုအပ်သမျှဟာ သူ့အတွက် ကောင်းကျိုး ဖြစ်နေစေကာမူ မေတ္တာလို့ သတ်မှတ်လို့ မရနိုင်ပဲ ကောင်းမှုတခု ပြုတယ်လို့သာ သတ်မှတ်လို့ ရနိုင်ပါတယ်။ ဒီတော့ မေတ္တာဆိုတာ အစုံသက်သက်ပါပဲ။ ဒါပေမယ့် ကပ်ညှိတွယ်တာတဲ့ သမုဒယတွေနဲ့ အခုတမျိုး တော်ကြာတမျိုး ဖေါက်ပြန်၊ ပြောင်းလဲတတ်တဲ့ သံသရာထဲမှာ ကျင်လည်ကျက်စားနေတဲ့ ကိလေသာ သားကောင် ကျွန်မတို့ ပုထုစဉ်တွေမှာ ကိုယ့်အတွက်ဆိုတဲ့ အတ္တမကင်းနိုင်လို့ အကြွင်းမဲ့ မေတ္တာစစ် မေတ္တာမှန်ဆိုတာ ဘယ်လိုမှ မရှိနိုင်ပါဘူး။ ဒီလို ပြောလိုက်လို့ ပုထုစဉ်တွေမှာ မေတ္တာဆိုတာ မရှိနိုင်ဘူးလို့ ဆိုလိုခြင်းမဟုတ်ပါ။ မြတ်စွာဘုရားက ကျွန်မတို့ ပုထုစဉ်တွေအတွက် ပေးတဲ့ ဥပမာမှာ မေတ္တာနဲ့ပတ်သက်ပြီး မိခင်က တဦးတည်းသော သားအပေါ် ထားတဲ့ မေတ္တာအတိုင်း ဝေနေယျ သတ္တ၀ါတွေအပေါ် ထားရမယ်ဆိုပြီး "မာတာ ယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ" လို့  မေတ္တာသုတ်မှာ ဟောထားတာ တွေ့ရပါတယ်။ ဒါကြောင့် ပုထုစဉ်တွေမှာ ရှိတဲ့ အစစ်မှန်ဆုံး မေတ္တာဆိုတာ မိခင်က တဦးတည်းသောသားအပေါ် ထားတဲ့ မေတ္တာထက် ပိုပြီး ကြီးမြတ်တာ မရှိနိုင်တော့ဘူးလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ 


ဒါကြောင့်မို့ ဘယ်လောက်ပဲ ဆိုးယုတ်တဲ့သူ ဖြစ်နေပါစေ ဒီလောက်ဆိုးနေတဲ့ ဒီလူ့နေရာမှာ သားလေးများ ဖြစ်နေရင် ဘယ်လိုခံစားရမလဲဆိုတာနဲ့ တိုင်းတာပြီး အကုသိုလ်ကို နားမလည်တဲ့ ဘ၀သံသရာရဲ့ သားကောင်တွေအဖြစ် ဂရုဏာသက်ပြီး အတိုင်းအတာ တခုထိတော့ မေတ္တာပွားလို့ ရသွားတယ်။ ကမ္ဘာပေါ်မှာ ဘယ်တဦးတည်းသောသားရဲ့ မိခင်ကမှ တခြားပုဂ္ဂိုလ်တဦးဦးရဲ့ အကျိုးကို မိမိရင်သွေးရဲ့ အကျိုးထက်ပိုပြီး မလိုလားနိုင်ပါဘူး ဆိုတာ သားသမီးမရှိသူတွေ အနေနဲ့လည်း ယုတ္တိကျကျ တွေးပြီးနားလည်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် ဒီမေတ္တာကြောင့် ရတဲ့တကယ့်ပီတိကိုတော့ စိတ်ကူးနဲ့ ခံစားနားလည်လို့ ဘယ်လိုမှ မရနိုင်ပဲ သားသမီးရှိဖူးတဲ့သူမှသာ ခံစားနားလည်နိုင်မှာ သေချာပါတယ်။ သားသမီး ရှိသူတွေမှာတောင်မှ ဘယ်သားသမီးကိုမှ မျှဝေပေးစရာမလိုတဲ့ သားတယောက်တည်းကိုသာ မွေးထားတဲ့ မိခင်တွေကသာ ဘုရားပေးတဲ့ မေတ္တာဥပမာကို ပိုပြီး ခံစားနားလည်လို့ တတ်မှာ သေချာပါတယ်။  ဘုရားပေးတဲ့ မေတ္တာဥပမာဟာ ကျွန်မအတွက်တော့  လက်တွေ့ပါပဲ။

မိဘတိုင်း သားသမီးပေးတဲ့ ပီတိကို ခံစားနိုင်ကြပါစေ။

(လွန်ခဲ့တဲ့ ၁၀ နှစ် ၂၄. ၀၇. ၉၉ မှာ မွေးပြီး အခု ဒီပို့စ်ကို စရေးတဲ့ ၂၄.၀၇.၀၉ မှာ ၁၀ နှစ်တိတိ ပြည့်ပြီး အမေကိုသိပ်ချစ်ပြီး ဦးစားပေးတဲ့ သားသား အတွက် အမှတ်တရ ပို့စ်ဖြစ်ပါတယ်။ သားသားကို 24/07/99 ည ၇ နာရီ ၁၃ မိနှစ်မှာ မွေးပေမယ့် ကျွန်မသူ့ကို နောက်နေ့ မနက် ၂၅ ရက်နေ့မှာမှ စတွေ့ဖူးပါတယ်)

တော်လှန်ရေးနှင့် အိမ်ထောင်ရေး (၂)

လူတိုင်းလူတိုင်းက ဘယ်သူမဆို ကိုယ်ထင်တာ မှန်တယ် ထင်ကြတာချည်းပါပဲ။ အထူးသဖြင့် ကျွန်မတို့ မြန်မာလူမျိုး အများစုဟာ (Self awareness) လို့ခေါ်တဲ့ မိမိကိုယ်ကိုယ် မိမိပြန်လည်ဆန်းစစ်တဲ့ အလေ့အထကို မိရိုးဖလာအရ မရှိသလို ပညာသင်ကြားတဲ့အချိန် ကျောင်းတွေ၊ တက္ကသိုလ်တွေမှာလည်း အကြောင်းအရာ တခုကို အဘက်ဘက်က အပြန်အလှန် ဆွေးနွေးတဲ့ လေ့အကျင့် မရှိတော့ ကိုယ်နဲ့ မတူတာကို မှားတယ်လို့ ယူဆပြီး အငြိုးထားတဲ့ နေရာမှာ တခြားလူမျိုးတွေထက် ပိုဆိုးသွားတယ် ထင်တယ်။

 မရင်မြတ်နဲ့ ကျွန်မတို့ စကားဝိုင်းက အစည်းအဝေးလို့သာ ပြောတယ် အစည်းအဝေးနဲ့ မတူပဲ စကားနာထိုးသလိုမျိုး ဖြစ်လာခဲ့ပြီး ကျွန်မတို့ ပြောလိုက်တဲ့ စကားတခွန်းစီက သူ့အတွက် ပုဆိန်နဲ့ အပေါက်ခံရသလို မခံမရပ်နိုင် ဖြစ်စေခဲ့တယ်။ နောက်ဆုံးတော့ သူကလည်း အရွဲ့တိုက်ပြီး ပြောတာတွေ ပါလာပြီး သူ့ဆုံးဖြတ်ချက်ကို မပြင်ဘူးလို့ ပြောတော့ အဆောင်မှာ ငိုတဲ့သူက ငိုခဲ့တယ်။ သူကတော့ “ငါ့ကိုပြောထားတဲ့သူတွေကို ငါတသက်မမေ့ဘူး နင်တို့ခလှည့်ကျမှ ငါကောင်းကောင်းကို စောင့်ကြည့်ဦးမယ်” လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့ ဖြစ်စေချင်တာ တခုမှ မဖြစ်လာခဲ့ပဲ နောက်ဆုံးတော့ မရင်မြတ်နဲ့ သူ့ချစ်သူ မင်္ဂလာဆောင်ဖြစ်သွားတယ်။

မရင်မြတ် အမျိုးသားက ကျွန်မတို့ တပ်ရင်းကို ဟိုဘက်တပ်ရင်း ၂၀၃ ကနေ တပ်ရင်း ပြောင်းလာသူဖြစ်တော့ သူမင်္ဂလာဆောင်ပြီး နောက်ပိုင်း ၂၀၃ အဖွဲ့တွေက “၂၀၁ က ရဲမေတွေ ကြီးကျယ်လွန်းလို့ တို့တပ်ရင်းက သွားပြီး ခေါင်ကို စဖြိုပေးလိုက်ပြီ” ဆိုပြီး မကြားတကြား လိုက်စတာတွေ ရှိလာတယ်။ ဒါကို ကျွန်မတို့ တော်တော်လေး ခံရခက်ခဲ့တယ်။ အိမ်ထောင်ပြုတာတောင်မှ ကိုယ့်တပ်ရင်းမှာ နဂိုကတည်းက ရှိနေတဲ့ ရဲဘော်ထဲက တယောက်ယောက်နဲ့ ဆိုရင် တော်သေးတယ် အခုတော့ သူများတပ်ရင်းက ပြောင်းလာတဲ့သူကိုမှ သွားယူတော့ သူ့ကြောင့် သူများတပ်ရင်းက လှောင်ပြောင်တာခံရတာ တပ်ရင်းလည်း သိက္ခာကျတယ်ဆိုပြီး သူ့ကို မကျေနပ်တဲ့စိတ်က ကျွန်မတို့မှာ အရင်ကထက်တောင် ပိုများလာခဲ့တယ်။

 ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားနဲ့ ယူလို့ နအဖ မကြိုက်တာက ကျွန်မတို့က မရင်မြတ် တခြားတပ်ရင်းက လာတဲ့သူနဲ့ ယူလို့ မကြိုက်တာနဲ့ စာရင် နည်းတောင်နည်းသေးတယ် ထင်ရတယ်။ သူကလည်း အိမ်ထောင်ကျပြီး အေးအေးဆေးဆေး မနေပဲ ရည်းစားရှိတဲ့ အဆောင်က မိန်းကလေးတွေကို နင်တို့ကော ဘယ်တော့ စားရမလဲနဲ့ လိုက်လိုက်စတတ်တော့ ဒီမိန်းမဟာ သူဖါသာသူ ယောက်ျားယူပြီး အေးအေးမနေပဲ အငယ်တွေကို သူ့လိုဇာတ်ခင်းအောင် လိုက်မြူဆွယ်နေပြန်ပြီ ဆိုပြီး ကျွန်မတို့ သူ့ကို အတော် အမြင်ကပ်ခဲ့တယ်။

သူမင်္ဂလာဆောင်ပြီး မိန်းကလေးတွေအတွက် ထောက်ပံ့ရေးက ပေးတဲ့ အမျိုးသမီး အသုံးဆောင်ပစ္စည်းတွေ ပထမဦးအကြိမ် ရတဲ့အခါမှာ ကျွန်မတို့ သူ့ကို မပေးခဲ့ပဲ မရင်မြတ်က အဆောင်နဲ့ မဆိုင်တော့လို့ သူနဲ့အဆောင်အတွက်ပေးတဲ့ ပစ္စည်းဘာမှ မဆိုင်တော့ဘူးလို့ ကျွန်မတို့ အားလုံးက ယူဆတယ်။ ပြီးတော့ သူက အိမ်ထောင်သည် ဖြစ်သွားပြီဆိုတော့ ဒါတွေ သူ့အတွက် မလိုအပ်တော့ဘူးလို့ ယူဆတယ်။ ဒါကြောင့် အားလုံးသဘောနဲ့ အဆောင်မှာ ရှိတဲ့ လူဦးရေအတိုင်းပဲ ခွဲဝေယူလိုက်တာ ဖြစ်ပြီး ပိုနေတာကိုလည်း မဲလိပ်ကျတဲ့သူယူ ဆိုပြီးမဲလိပ်ဆွဲပြီး ခွဲဝေလိုက်ပါတယ်။


 ပစ္စည်းဝေပြီး နှစ်ရက်ကြာတော့ ကျွန်မတို့ မိန်းကလေးတွေ အများစု ရှိရာ ဆေးရုံကို မရင်မြတ် တယောက် ရောက်လာပြီး “တနေ့ကနဲ့ ဒီနေ့ တာဝန်မှူးဘယ်သူ့ အလှည့်ကျလဲ” လို့ လာမေးနေတော့တာနဲ့ ကျွန်မတို့က ပစ္စည်းဝေတဲ့ကိစ္စ ခွဲတမ်းလာတောင်းတယ် ဆိုတာ သိလိုက်တယ်။ ဒါနဲ့ “ကျွန်မက တနေ့က တာဝန်မှူးကတော့ ကျွန်မပဲ ဒီနေ့ တာဝန်မှူးက ဆေးတပ်ဆွယ်ကတော့ တယောက်မှ မဟုတ်ဘူး ဆက်သွယ်ရေး တပ်ဆွယ်က မီးခိုင် ဒါမှမဟုတ် မီးချာ ဖြစ်မယ်ထင်တယ် ဘာဖြစ်လို့လဲ မရင်မြတ်” လို့ သူဘာဖြစ်လို့ မေးတယ် ဆိုတာ မသိချင်ယောင်ဆောင်ပြီး မေးလိုက်တယ်။ 

 သူက “ငါ့ခွဲတမ်း လာယူတာ နင်တို့ တနေ့က ပစ္စည်း ဝေတာ ငါ့ကိုလည်း အကြောင်းမကြားဘူး နင်တာဝန်မှူးဆိုရင် နင့်မှာ အကြောင်းကြားဖို့ တာဝန်ရှိတာပေါ့” လို့ ပြောတယ်။ ကျွန်မကလည်း ”ဘာဆိုင်လို့လဲ မရင်မြတ်က အဆောင်ကမှ မဟုတ်တော့တာ မရင်မြတ်ခွဲတမ်းက အဆောင်မှာ ဘယ်လိုလုပ် ရှိနိုင်မလဲ” လို့ ဘယ်သူ့ကိုပဲ မေးမေး ဒီလိုပဲ ဖြေဖို့ အဆောင်မှာ ညှိထားတဲ့အတိုင်း ပြန်ပြောလိုက်တယ်။ ဒါနဲ့ သူက ချက်ချင်းပဲ “ငါအခုပဲ ထောက်ပံ့ရေးက ပြန်လာတာ မိန်းကလေးတွေ အကုန်လုံးအတွက် ပစ္စည်း အဆောင်ကို ပေးလိုက်တယ်လို့ ထောက်ပံ့ရေးက ငါ့ကို ပြောလိုက်တယ်” လို့ သူက ပြန်ပြောတယ်။ 

ဒါနဲ့ ကျွန်မက “အဲဒါတော့ ကျွန်မ မသိဘူး အားလုံးက အဆောင်အတွက် ပေးတဲ့ပစ္စည်း အဆောင်မှာရှိတဲ့သူတွေ အတွက်ပဲလို့ နားလည်ထားတယ် ပစ္စည်းတွေ ပေးလိုက်တုန်းကလည်း မရင်မြတ်အတွက် ပါတယ်လို့ မပြောလိုက်ဘူး၊ အခုမှ ပါတယ်လို့ သိရရင်လည်း ခွဲဝေလိုက်ပြီမို့ ဘာမှလုပ်လို့ မရတော့ဘူး၊ နောက်တခါမှ မရင်မြတ်အတွက်ပေးတဲ့ ပစ္စည်း အဆောင်ကို မပေးလိုက်ပါနဲ့လို့ ထောက်ပံ့ရေးကို အခုကတည်းက ကြိုပြောထားလိုက်ပါ၊ မရင်မြတ်က အဆောင်ကမှ မဟုတ်တော့ပဲ” လို့ ပြောပြီး သူ့ခွဲတမ်းကို ကျွန်မတို့ မပေးပဲ ထားခဲ့တယ်။ သူလည်း သူ့အခွင့်အရေးကို ကျွန်မတို့ ချိုးဖေါက်တယ်ဆိုပြီး မကျေမနပ်နဲ့ သူ့ခွဲတမ်းကို မရလိုက်ပဲ လက်လျှော့လိုက်ရတယ်။

နောက်ပိုင်းတော့ ကျွန်မက တပ်ရင်းမှာ နေတဲ့အချိန်ထက် ရှေ့တန်းဆင်းနေတဲ့အချိန်က ပိုများလာတယ်။ ရှေ့တန်းနဲ့ တပ်ရင်းကြား သွားရေးလာရေး အခြေမအနေက နွေဘက်မှာ လွယ်လွယ်ကူကူ ဖြတ်သန်းသွားလာလို့ရတဲ့ စမ်းချောင်းတွေမှာ မိုးရာသီဆို တောင်ကျရေတွေပြည့်ပြီး ရေစီးသန်လို့ ရှေ့တန်းနဲ့ တပ်ရင်းအကြား ခရီးသွားလာဖို့ အင်မတန် အခက်အခဲ ရှိပါတယ်။ ဒါကြောင့်မို့ တိုက်ပွဲမှာ ဒါဏ်ရာ အပြင်းအထန် ရပြီး မဖြစ်မနေ ဆေးရုံတင် ပို့ဖို့လိုအပ်မှသာ ဆင်ငှားပြီး လူနာတယောက်နဲ့ ဆေးမှူးတယောက်ကို တပ်ရင်းပို့တာကလွဲပြီး ကျွန်မတို့တပ်တွေ မိုးရာသီမှာ ရှေ့တန်းနဲ့ တပ်ရင်းကြား ခရီးသွားလာမှု သိပ်နည်းပါတယ်။


 ဒီလို လမ်းခရီး အခက်အခဲတွေကြောင့် ကျွန်မက ရှေတန်းကို ရောက်ပြီးတိုင်း တပ်ရင်းကို တော်တော်နဲ့ ပြန်မရောက်ဖြစ်ပဲ ရှေ့တန်းမှာပဲ အချိန်ပိုကုန်တာ ဖြစ်တယ်။ မရင်မြတ်အကြောင်းကို ပြန်ဆက်ရရင် ကျွန်မက ရှေ့တန်းကနေပြီး တပ်ရင်းမှာ ကျန်နေတဲ့ တခြားရဲမေတွေနဲ့ စာရေးအဆက်အသွယ် ရှိခဲ့ပေမယ့် မရင်မြတ်နဲ့ကျတော့ ဘာအဆက်အသွယ်မှ မရှိပဲ တကယ်ကို တစိမ်းတွေလို ဖြစ်သွားတယ်။ ဒါပေမယ့် ကျန်နေခဲ့တဲ့ ရဲမေတွေနဲ့ မရင်မြတ်ကြား ဘာပြဿနာမှ မရှိတော့ပဲ ရဲမေတွေထဲကလည်း တဖြည်းဖြည်းနဲ့ အိမ်ထောင်ပြုကြတာ ကျွန်မ ရှေ့တန်းကနေ ကြားသိရပါတယ်။

တော်လှန်ရေးဟာ နှစ်ကြာလာတော့တာနှင့်အမျှ အိမ်ထောင်ပြုတာနဲ့ ပတ်သက်ပြီး မကောင်းမြင်တဲ့ အစွဲအလမ်းကလည်း ကျွန်မတို့မှာ တဖြည်းဖြည်းနဲ့ လျှော့ပါးလာပြီး လူကြုံရှိရင် မင်္ဂလာဆောင်တဲ့ ရဲမေတွေအတွက် လက်ဖွဲ့ပစ္စည်းတွေတောင် ရှေ့တန်းကနေ ကျွန်မတို့ ၀ယ်ပို့ပေးခဲ့ပါတယ်။ အိမ်ထောင်ပြုသူတွေ ရှိသလို အသစ်ဝင်လာသူတွေလည်း ရှိကြတော့ အဆောင်ဖွဲ့စည်းပုံ ပျက်မသွားခဲ့ပေမယ့် အိမ်ထောင်သည်နဲ့ အပျိုတွေကြားမှာတော့ အရင်ကလို တင်းတင်းမာမာ မရှိတော့ပဲ နားလည်မှုတွေ ရှိလာခဲ့ပါတယ်။ 


ကျွန်မ ရှေ့တန်းက ပြန်ရောက်လာပြီး မကြာခင်မှာပဲ ၉၃ ခုနှစ်ကုန်ခါနီးမှာ ဗဟိုကို လာလိုက်ရတော့ မရင်မြတ်နဲ့ ကျွန်မကြားမှာတော့ နားလည်မှု ပြန်တည်ဆောက်ဖို့ အချိန်လုံးဝ မရလိုက်ပါဘူး။ ဗဟိုရောက်တော့လည်း ဗဟိုက အမျိုးသမီးအဆောင်မှာ ကျွန်မတို့ တပ်ရင်းလောက် လူဦးရေမများပေမယ့် သင်တန်းလာတက်သူတွေ၊ ဗဟိုဌာနဆိုင်ရာ အသီးသီးမှာ တာဝန်ကျသူတွေနဲ့ တပ်ရင်းအသီးသီးက ရဲမေတွေ စုပေါင်းနေကြတာ ပျော်စရာတော့ အကောင်းသား။ ကျွန်မတို့ တပ်ရင်းမှာလို တနေ့ တယောက် အလှည့်ကျတာဝန်မှူးဆိုပြီး ယူတာမျိုးမဟုတ်ပဲ အမျိုးသမီးထဲက တဦးတည်းသော ဗဟိုကော်မတီဝင်လည်းဖြစ်၊ အမျိုးသမီးတွေ အထဲမှာလည်း ပညာအတတ်ဆုံးနဲ့ အသက်အကြီးဆုံး ဖြစ်တဲ့ တပ်ရင်း (၆၀၁) က မသက်သက်လွင် (ခေါ်) မသက် (ကွယ်လွန်) က အဆောင်မှူးအဖြစ်နှင့်၊ ပြန်ကြားရေးမှာ ဒေါင်းအိုးဝေ အယ်ဒီတာအဖြစ် တာဝန်ယူနေတဲ့ တပ်ရင်း (၃၀၃) က မဆူးပွင့် (မိဆူးပွင့်) က ဒုအဆောင်မှူး အဖြစ် တာဝန်ယူပါတယ်။ သူတို့နှစ်ယောက်က တာဝန်တွေနဲ့ ခရီးမကြာခဏ ထွက်ရပေမယ့် သူတို့နှစ်ယောက်မှာ တယောက်တော့ ဗဟိုမှာ အမြဲရှိနေပြီး အဆောင်က လိုအပ်ချက်တွေကို ဗဟိုမှာ တင်ပြပေးပြီး ဖြည့်ဆည်းပေးတာတွေ လုပ်ပါတယ်။

သဘာဝတရားကို လွန်ဆန်လို့ မဖြစ်နိုင်တဲ့ သဘောကြောင့်ဖြစ်မယ် ထင်တယ် ကျွန်မတို့ ဗဟိုမှာ မဆူးပွင့် အပါအ၀င် ရဲမေအတော် များများကလည်း ၉၄ ခုနှစ်အတွင်း အတွဲတွေ ရှိလာကြတယ်။ အဲဒီအချိန်မှာ စစ်ရုံးနဲ့ ဗဟိုက ရဲဘော်တွေကြားမှာ မာလာဆောင်မှာတော့ မယ်တော်ကြီးတယေက် ရှိနေလို့ ကျန်တဲ့သူတွေ ဘာမှလုပ်လို့မရ ဖြစ်နေတယ်လို့ ပြောနေကြသလို အငယ်တွေကလည်း မသက်ကို အရှေ့ကနေ ကားယားကားယားနဲ့ ပိတ်နေတော့ အနောက်ကလူတွေ အရှေ့တက် ချင်ပေမယ့် တက်လို့မရ ဖြစ်နေပြီလို့ မကြားတကြား လိုက်စတာတွေ ရှိလာတယ်။ အဲဒီလို မဆူးပွင့်ကိုယ်တိုင်က စတဲ့တနေ့မှာ “လေးလုံ ညည်းငါ့ကို အထင်သေးတယ်ပေါ့ ဟုတ်လား.. ငါက အိမ်ထောင်ပြုဖို့ စဉ်းစားနေတာ ကြာပြီ.. ညည်းတို့ကို ငှဲ့နေလို့ အကောင်အထည်မဖေါ်တာ.. အခု ငါအိမ်ထောင်ပြုဖို့ ဆုံးဖြတ်ပြီ သက်သက်လွင် ယောက်ျားယူတော့မယ်” လို့ စကြေညာလိုက်တယ်။ 


မသက်က ယောကျားလို နေတတ်တော့ ကျွန်မတို့က အစတော့ သူ့လို ယောက်ျားရှာကို ဘယ်ယောက်ျားက ယူဖို့ စိတ်ဝင်စားမလဲ ဆိုပြီးတော့ အစပိုင်းမှာ မယုံခဲ့ပေမယ့် သူအတည်ပြောနေမှန်းသိမှ ယုံသွားတယ်။ ဒါပေမယ့် ဘယ်သူနဲ့ဆိုတာကိုတော့ သူကလည်း ကျွန်မတို့ကို မပြောပြပဲ မေးတော့ “ငါမင်္ဂလာဆောင်ရင် ညည်းတို့သိရမှာပေါ့” လို့ပဲ ပြောတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့လည်း ငါတို့အစ်မကြီးတော့ ယောက်ျားရှာ လိုနေတဲ့ဘ၀က လွတ်ပြီဆိုပြီး အားလုံးက ပျော်ကြတယ်။ မသက်ကို ကျွတ်အောင် ချွတ်နိုင်သူဟာ ဘယ်သူဖြစ်မလဲဆိုတာကို အားလုံးက ၀ိုင်းပြီး စိတ်ဝင်စားကြတယ်။ 

 ဥက္ကဌ ဒေါက်တာနိုင်အောင် ကိုယ်တိုင်နဲ့ ဗဟိုနဲ့ စစ်ရုံးမှာ ရှိတဲ့တပ်ဖွဲ့ဝင်တွေကလည်း မသက် မင်္ဂလာဆောင်တော့မယ်လို့ ကြေညာလိုက်တော့ ကျားသွားမိုးကြိုး ပါပဲလား မယ်တော်ကြီးတော့ လူစိတ်ဝင်စားအောင် ဘာတွေ ထွင်ပြန်ပြီလဲမသိဘူး လို့ပြောကြတယ် (ဗဟိုမှာ မသက်ထက် အငယ်တဲ့သူ တချို့ မသက်ကို မယ်တော်ကြီးလို့ခေါ်တယ်)။ တပ်ရင်းမှာ မရင်မြတ် မင်္ဂလာဆောင်တုန်းကနဲ့ ကွာတာကတော့ မသက် မင်္ဂလာဆောင်တော့မယ်ဆိုတာ ကြားရတော့ ကျွန်မတို့ ဗဟိုနဲ့ စစ်ရုံးမှာ ရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ကျွန်မတို့ အဆောင်ကတွေ အားလုံး ပျော်ကြတယ်။ သူတို့နှစ်ယောက်စလုံး မင်္ဂလာဆောင်တဲ့အချိန်မှာ ကျွန်မ ကိုယ်တိုင်ကတော့ အိမ်ထောင်ပြုဖို့ အစီစဉ်ကို လုံးဝခေါင်းထဲမှာ မရှိသေးပေမယ့် မသက်နဲ့ မရင်မြတ်နှစ်ယောက်ကို တုန့်ပြန်တာ မတူခဲ့တာကိုတော့ ဘာကြောင့်ဆိုတာ ကျွန်မ တခါမှ အဖြေမရှာခဲ့ဖူးပါဘူး။

အပိုင်း (၁)
(အပိုင်း - ၃)
(အပိုင်း - ၄)

ကြိုက်ရာကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။


၁၉ ဇူလိုင် မမေ့နိုင်

မြန်မာဆိုရိုးစကားအရ ပျောက်သွားသူ ရှာရင်တွေ့ သေသွားသူ ကြာရင်မေ့ ဟူသည့် ဆိုရိုးစကား ရှိသော်ငြားလည်း မြန်မာ့သမိုင်းတွင် ကျွန်မတို့ မြန်မာပြည်သူတွေ အားလုံးအတွက် ဘယ်တော့မှ မေ့မရနိုင်သော နာကျည်းကြေကွဲဖွယ်ရာနှင့် လွမ်းဆွတ်တသစရာ ရုပ်ဆိုးလှသည့် နေ့တနေ့ ရှိပါသည်။ ဤနေ့သို့ နီးကပ်လာတိုင်း အနာဟောင်းကို အပ်နှင့်ဆွသည့်အလား ကျွန်မ၏နှလုံးသား၌ စူးရှနာကျင်စွာ ခံစားရပါသည်။ ဤနေ့သည်ကား ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့် ဇူလိုင်လ ၁၉ ရက်နေ့၊ ကမ္ဘာကြေသော်လည်း ဥဒါန်းကြေနိုင်မည် မဟုတ်သည့် အာဇာနည်နေ့ပင် ဖြစ်ပါသည်။ အဇာနည်နေ့ဆိုသည်မှာ အာဇာနည်များ ကျဆုံးသွားသောနေ့ကို သတ်မှတ်ခေါ်ဝေါပြီး အာဇာနည်ဆိုသည်မှာ မိမိအသက်ကို ပဓာဏမထားပဲ အများအတွက် ပေးဆပ်သူများကို ခေါ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော ခေါင်းဆောင်ကြီးများသည် အမိမြေအား သူ့ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြရင်း အသက်စတေး ကြရသောကြောင့် ၄င်းတို့သည် ကြီးမြတ်သော အာဇာနည်ကြီးများပင် ဖြစ်ပါသည်။

အထက်ပါ စာတပိုဒ်က ကျွန်မ ၁၀ တန်းတက်တဲ့နှစ် လွန်ခဲ့တဲ့ ၂၁ နှစ် ၁၉၈၈ ခု၊ ဇူလိုင်လက ကျွန်မတို့ကျောင်းရဲ့ စာစီစာကုံးပြိုင်ပွဲမှာ ကျွန်မရေးခဲ့တဲ့ ပထမဦးဆုံး နိဒါန်းစာပိုဒ် ဖြစ်ပါတယ်။ ဒီတပိုဒ်ကိုပဲ ၏၊ သည်၊ ၌၊ ၍ အကုန်လုံး မှတ်မိပြီး ဒီတပိုဒ်ပဲ တင်ပြဖို့ သင့်တော်လို့ ဒီတပိုဒ်ကိုပဲ တင်ပြလိုက်ပါတယ်။ ကျန်တဲ့အပိုင်းတွေကိုတော့ ၏၊ သည်၊ ၌၊ ၍ အကုန်လုံး မတူသည့်တိုင် မှတ်မိသလောက်ကို ပို့စ်အနေနဲ့ ရေးပြီးတင်လိုက်မယ် ဆိုရင်တော့ ရပါတယ်။ ဒါပေမယ့် ၈.၈.၈၈ မတိုင်ခင် ကျွန်မရဲ့ အတွေးအခေါ်တွေအပေါ် ယခုလက်ရှိ ၈.၈.၈၈ နောက်ပိုင်း ကျွန်မကိုယ်တိုင်နှင့် တခြား ဘယ်ဘယ်ဘလော့ဂ် မိတ်ဆွေကမှ လက်ခံနိုင်လိမ့်မှာ မဟုတ်တဲ့အတွက် ကျွန်မ မတင်တော့ပါဘူး။ စာစီစာကုံးမှာ အဓိကကတော့ အာဇာနည်နေ့ ဘယ်လိုပေါ်ပေါက်လာပြီး ဗိုလ်ချုပ်နဲ့တကွ အာဇာနည်တွေ အတွင်းဝန်ရုံးထဲမှာ လွတ်လပ်ရေးအတွက် အစည်းအဝေးလုပ်နေတဲ့အချိန်မှာ ဂဋ္ဌုံဦးစော စေလွှတ်လိုက်တဲ့ ရန်ကြီးအောင်၊ သက်နက်၊ စိန်ကြီးအပါအ၀င် လူသတ်သမား လေးဦးက လက်နက်ကိုယ်စီနဲ့ ၀င်ပြီး ပစ်ခတ်တာကို ဗိုလ်ချုပ်က ထတားပေမယ့် တားမရပဲ ပစ်ခတ်သွားလို့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်တွေ ဘယ်လိုပုံစံ ကျဆုံးသွားခဲ့တယ် ဆိုတဲ့အကြောင်း၊ ကျန်ရှိနေတဲ့ မြန်မပြည်သူတွေ အပါအပါအ၀င် အနာဂတ်မှာ ခေါင်းဆောင် ဖြစ်လာမည့် ကျွန်မတို့ ကျောင်းသားလူငယ်တွေက ဗိုလ်ချုပ်နဲ့ အာဇာနည်တွေရဲ့ ကျေးဇူးကို ဆပ်ဖို့အတွက် ဘယ်လိုတာဝန်သိသိနဲ့ တိုင်းပြည်အကျိုးကို သယ်ပိုးရမယ်ဆိုတဲ့အကြောင်း၊ ဒီလိုသယ်ပိုးတဲ့နေရာမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှုအောက်မှာ မားမားမတ်မတ် ရပ်တည်ပြီး အဖျက်သမား သောင်းကျန်းသူတွေ၊ ပုဆိန်ရိုးတွေကို ဘုံရန်သူလို့ သတ်မှတ်ပြီး ချေမှုန်းကာ မြန်မာနိုင်ငံ တည်တံ့ခိုင်မြဲရေးအတွက်၊ သူ့ကျွန်ဘ၀ကို ပြန်မရောက်ရေးအတွက် ဘယ်လိုကြိုးစားသွားရမယ် ဆိုတာတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ဖြစ်အောင် ရေးရတာပဲ ဖြစ်တယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀- ၂၅ နှစ်ကြာ ကာလ၊ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ အာဇာနည်နေ့တွေဟာ ကျွန်မအတွက်တော့ မနေ့တနေ့ကလိုပဲ ပြန်လည် မှတ်မိနေပါတယ်။ ကျွန်မတို့ ငယ်ငယ်က အာဇာနည်နေ့ဆိုတာကို သူငယ်တန်းအရွယ် ကျောင်းသားလေးတွေကစပြီး အကုန်လုံးသိကြပါတယ်။ အာဇာနည်နေ့ နီးကပ်လာတိုင်း ကျောင်းတိုင်း၊ မြို့၊ ရွာ၊ ရပ်ကွက်တိုင်းမှာ တနိုင်ငံလုံး အတိုင်းအတာနှင့် ၀မ်းနည်းတဲ့အထိမ်းအမှတ်တွေကို ကျရောက်လာမည့် အာဇာနည်နေ့မှာ ကျင်းပဖို့ ပြင်ဆင်ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ကျိုးစွန့် အနှစ်နာခံမှုကို ဆရာ၊ ဆရာမတွေက ဟောပြောကြတယ်။ မူလတန်းကျောင်းတွေမှာ အောင်ဆန်းဇာနည် ကဗျာရွတ်ပွဲနှင့် တေးသရုပ်ဖေါ်ပွဲတွေ လုပ်ပြီး ကျေးရွာအုပ်စု၊ ဒါမှမဟုတ် ရပ်ကွက်အလိုက် ပြိုင်ပွဲဝင်ကြတယ်။ အလယ်တန်းနဲ့ အထက်တန်းအဆင့်တွေမှာ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင် ပြပွဲတွေ ကျင်းပကြပါတယ်။ ဒါကြောင့်မို့ ကျောင်းတွေမှာ ဆရာဆရာမတွေနဲ့ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား ဗန္ဓုလ စတဲ့ ကျောင်းကောင်စီ အသင်းလေးသင်းမှာ ခေါင်းဆောင်လုပ်ကြတဲ့ ကျောင်းသားတွေ၊ အာဇာနည်နေ့ ဖြစ်မြောက်ရေးမှာ ပါဝင်တဲ့ တခြား ကဏ္ဍအသီးသီးက ကျောင်းသူ၊ ကျောင်းသားတွေ အားလုံးဟာ ဇူလိုင်လထဲဝင်တဲ့နေ့ကစပြီး ဖွံ့ဖြိုးရေးအချိန်လို့ သတ်မှတ်ထားတဲ့ ကစားချိန်တွေမှာ မကစားပဲ အာဇာနည်နေ့အတွက် အလုပ်များကြပါတယ်။ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ခုနက ကျွန်မကိုယ်တိုင် ၈၈ မှာ ဖြတ်သန်းခဲ့တဲ့ အာဇာနည်နေ့ကိုပဲ မှတ်မိနေတာ မဟုတ်ပဲ မူလတန်းအဆင့် အောင်ဆန်းဇာနည် ကဗျာသရုပ်ဖေါ်မှာ မိခင်ဒေါ်စု၊ ရှေ့နေဦးဖါ၊ အဖြစ် သရုပ်ဆောင်ကြတဲ့ ကလေးတွေရဲ့ပုံ၊ တိုင်းရင်းသား စုံတွဲလေးတွေအဖြစ် သရုပ်ဆောင်တဲ့ ကလေးတွေရဲ့ပုံကို အခုထိ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း အမှတ်ရ မြင်ယောင်နေပြီး ကျွန်မတို့ရွာက မူလတန်းကျောင်းမှာ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် နှစ်နှစ် ဆက်တိုက် သရုပ်ဆောင်ခဲ့တဲ့ ကလေးကိုတော့ လူပုံကိုသာမက သူပြောခဲ့တဲ့ မိန့်ခွန်းကိုပါ အခုထိ မှတ်မိနေပါတယ်။

အောင်ဆန်းဇာနည် ကဗျာမှာ “ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် တို့ဖခင် ကောင်းစေချင်တဲ့ အမှာစကား ငါတို့မမေ့အား” ဆိုတဲ့ အပိုဒ်ကို ဆိုပြီးတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်တဲ့ ကလေးက အလယ်တည့်တည့်ကို ထွက်လာပြီး အောက်ကအတိုင်း မိန့်ခွန်းကို ပြောတဲ့ပုံနဲ့ အသံကို ကျွန်မ အခုထိ ကြားယောင် မြင်ယောင်နေပါသေးတယ်။

“တမြေပေါ်ဖွား ပြည်ထောင်စုသား တိုင်းရင်းသားတို့ခင်ဗျား.. ပြည်ထောင်စု မြန်မာနိုင်ငံရယ်လို့ သတ်မှတ်ထားတဲ့ ပထ၀ီ မြေပြင်ပေါ်မှာ ပေါက်ဖွားကြတဲ့ ပြည်ထောင်သားတို့ ခင်ဗျား..
လွတ်လပ်ရေး ရဖို့အတွက် ညီညွတ်မှုဟာ ကျွန်တော်တို့ရဲ့ တကယ့်လိုအပ်တဲ့အချက် မရှောင်သာတဲ့အချက် ဆိုတာ စွဲစွဲမြဲမြဲ နားလည်ဖို့လိုပါတယ်”

“ညီညွတ်မှုမရှိရင် လွတ်လပ်ရေးဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ပြည်ထောင်စုသားအားလုံး ဥမကွဲ၊ သိုက်မပျက်နဲ့ တညီတညတ်တည်း လက်တွဲဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်”

လွန်ခဲ့တဲ့ ၂၅ နှစ်ခန့် ကျွန်မ ၇ တန်းနှစ်က ကျွန်မတက်ခဲ့တဲ့ မူလတန်းကျောင်း ကဗျာသရုပ်ဖေါ်အဖွဲ့က သုံးတဲ့ မိန့်ခွန်း ဖြစ်တယ်။ မိန့်ခွန်းကတော့ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံမှာ ပြောတဲ့ မိန့်ခွန်းကောက်နှုတ်ချက် ဖြစ်ပုံရတယ်။

ဒီအဖြစ်အပျက်တွေ အားလုံးကို ကျွန်မ မနေ့တနေ့ကလိုပဲ ပြန်သတိရနေပါတယ်။ ယခုခေတ်လူငယ်တွေက ဗိုလ်ချုပ်အောင်ဆန်းမွေးတဲ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့၊ မြန်မာနိုင်ငံ ကလေးများနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်တွေ ကျဆုံးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ဆိုတဲ့ ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး မွေးတဲ့နေ့နှင့် ကျဆုံးတဲ့နေ့ နှစ်ခုစလုံးကို ကျွန်မတို့ ဖြတ်သန်းခဲ့သလို မဟုတ်ပဲ အမှတ်တမဲ့ပဲ ဖြတ်သန်းခဲ့ရတယ်ဆိုတာ သိရလို့ ကျွန်မသိပ်ကို ၀မ်းနည်းမိပါတယ်။ အိန္ဒိယနိုင်ငံမှာ မဟတ္တမဂန္ဒီဆိုတာ စကားသံနားလည်တဲ့ ကလေးကစပြီး အကုန်လုံးသိပါတယ်။ မြို့တိုင်းမှာ မဟတ္တမဂန္ဒီလမ်းဆိုတာ ရှိပြီး မြို့ကြီးတိုင်းမှာ မဟတ္တဂန္ဒီ ကျောက်တိုင် ဒါမှမဟုတ် ရုပ်တုရှိတယ်၊ မဟတ္တမဂန္ဒီရဲ့ ကြိုးပမ်းမှုကို ကျောင်းစတက်တဲ့အရွယ်ကနေ အကုန်လုံးသိတယ်လို့ အဲဒီက မိတ်ဆွေတွေ ပြောပြလို့ သိရတယ်။ မြန်မာနိုင်ငံမှာတော့ အာဇာနည်နေ့ သမိုင်းကို မေ့ပျောက်အောင် လုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်၊ ဒါမှမဟုတ် မကျန်အောင် လုပ်နေတာ သိပ်ကို ရုပ်ဆိုးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကို ဖျောက်ပစ်တာဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကို ဖျောက်ပစ်တာနဲ့ တူတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍနှင့် အာဇာနည်နေ့ကို အာဏာရှင်တွေ ဘယ်လိုပဲ မေ့အောင်လုပ်ပါစေ တိုင်းပြည်ကို ချစ်တဲ့သူတိုင်း ဘယ်တော့မှ မမေ့သင့်ပါဘူး။


 

အာဇာနည်များ ကောင်းရာသုဂတိလားပါစေ။









တော်လှန်ရေးနှင့် အိမ်ထောင်ရေး (၁)

သို့
မငယ်ရေ
နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့် ခင်မင်ကြောင်း သတိရကြောင်း ပြောပေးပါ။
နင်တို့နှစ်ယောက် အိုအောင် မင်းအောင် ပေါင်းနိုင်ကြပါစေ။
တော်လှန်ရေးသစ္စုာဖြင့်
ရင်ရင်မြတ် (၂၀၁)

၁၉၉၆ ခုနှစ်တုန်းက ကျွန်မ ဗဟိုမှာ တာဝန်ကျနေစဉ် ကျွန်မဆီ ကျွန်မတို့တပ်ရင်းက တော်လှန်ရေး စကတည်းက တပ်ရင်းမှာ အတူရှိခဲ့တဲ့ ရဲမေတယောက် ပို့လာတဲ့ လက်ဆောင်နဲ့အတူ ပါလာတဲ့ စာဖြစ်တယ်။ လက်ဆောင်ထုပ်ကို ဖြေကြည့်တော့ ချုပ်ပြီးသား တိုင်းရင်းသားရိုးရာ အကောင်းစား ထမိန်တထည်ကို တွေ့ရတယ်။ တကယ်တော့ ဒီစာက ကျွန်မတို့ မင်္ဂလာမဆောင်ခင် တလခန့်က ရေးထားတဲ့ စာဖြစ်ပေမယ့် တပ်ရင်းက လူကြုံက KNU တပ်မဟာ ၄ နယ်မြေမှာ ရှိတဲ့ ကျွန်မတို့ တပ်ရင်းကနေ ဗဟိုကိုရောက်ဖို့ ထိုင်းထဲမှာရှိတဲ့ ABSDF ရုံးတွေမှာ လူကြုံ စောင့်ရင်း အတော်ကြာမှ ရောက်လို့ ဒီစာကို လက်ခံရရှိတဲ့အချိန်မှာ မင်္ဂလာဆောင်ပြီးနေပါပြီ။ စာပါ အကြောင်းအရာများက နားမလည်နိုင်စရာ အကြောင်းဘာမှ မပါ။ မိမိတပ်ရင်းမှ ဗဟိုမှာ တာဝန်ကျနေတဲ့ ရဲမေတဦး မင်္ဂလာဆောင်လို့ တပ်ရင်းမှာ ရှိနေတဲ့ ရဲမေတဦးအနေနဲ့ မင်္ဂလာလက်ဆောင်နဲ့ မင်္ဂလာဆုတောင်း ပို့ပေးတာ ဘာမှလည်း မထူးဆန်းလောက်ပါဘူး။

ဒါပေမယ့် တပ်ရင်းကထွက်လာကတည်းက ကျွန်မက နောက်မှ ရောက်လာတဲ့ တခြား ရဲမေတွေဆီ စာအကြိမ်ကြိမ် ရေးခဲ့ပေမယ့် ၈၈ တတည်းက အတူရှိခဲ့တဲ့ မရင်မြတ်ဆီကို စာတခါမှ မရေးခဲ့ဖူးဘူး။ အမှန်က တပ်ရင်းမှာ ရှိနေတဲ့ ရဲမေတွေထဲမှာ ၈၈ ကတည်း ရောက်ခဲ့သူဆိုလို့ ကျွန်မတို့လို ဗဟိုမှာ တာဝန်ကျနေသူတွေကလွဲရင် အဖွဲ့အစည်းထဲမှာ ကျန်နေသူဆိုလို့ အဲဒီအချိန်က တပ်ရင်းထဲမှာ သူတယောက်တည်းပဲ ကျန်တော့တာ။ သူရေးတဲ့ စာက သာမန်အားဖြင့်တော့ ဘာမှ မထူးဆန်းပေမယ့် ကျွန်မအတွက်တော့ ဒါနဲ့ ပတ်သက်ပြီး “ရိုးရိုးသားသား ဟုတ်ပါ့မလား၊ ဘာသဘောနဲ့များ သူငါ့ဆီ ပို့လာပါလိမ့်” ဆိုတဲ့ မလုံမလဲနဲ့ သံသယ ဖြစ်နေမိပြီး သူအိမ်ထောင်ပြုခဲ့တဲ့ လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကာလ၊ တော်လှန်ရေး စခါစ နှစ်တွေက အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ကျွန်မတို့ အဖြစ်သည်းခဲ့တာတွေကို ပြန်တွေးနေမိတယ်။

တော်လှန်ရေး စခဲ့တဲ့ နှစ်တွေက ကျွန်မတို့ တပ်ရင်းမှာ မိန်းကလေးအယောက် ၂၀ နီးပါး ရှိခဲ့ပါတယ်။ ဆေးတပ်ဆွယ်၊ ဆက်သွယ်ရေးတပ်ဆွယ်၊ ရုံးအဖွဲ့နဲ့ စည်းရုံး/ပြန်ကြားရေး ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်ကြပါတယ်။ အဲဒီတုန်းက ABSDF က ချမှတ်ခဲ့တဲ့ ဥပဒေအတိုင်း တော်လှန်ရေးကာလ နှစ်နှစ်ကြာတဲ့အထိ တယောက်မှ အိမ်ထောင်မကျခဲ့ဘူး။ တခြားတပ်ရင်းတွေမှာတော့ ဥပဒေက သတ်မှတ်ပေးထားတဲ့ နှစ်မတိုင်ခင် အိမ်ထောင်ပြုကြတာ ရှိခဲ့လို့ ဒုတိယအကြိမ် ညီလာခံလုပ်တဲ့အချိန်ဆို တော်တော်များများကို အိမ်ထောင်ကျကုန်ပြီလို့ သိရတယ်။ 

ကျွန်မတို့ တပ်ရင်းမှာတော့ စခန်းကော်မတီက ချမှတ်ခဲ့တဲ့ ”ည ၆ နာရီ နောက်ပိုင်း တာဝန်မှအပ မိန်းကလေးများ အဆောင်ပြင် မထွက်ရ၊ တာဝန်မှအပ အမျိုးသမီး အဆောင်အတွင်း မည်သည့် အမျိုးသားမှ မ၀င်ရ၊ ဆိတ်ကွယ်သောနေရာနှင့် မှောင်သောနေရာများတွင် အမျိုးသမီး တဦးနဲ့ အမျိုးသားတဦး နှစ်ယောက်တည်း မရှိရ” ဆိုတဲ့ စည်းကမ်းကြောင့်လား၊ ကျွန်မတို့ မိန်းကလေးတွေကပဲ တော်လှန်ရေးစိတ်ဓါတ် ပြင်းထန်လွန်းလို့လားတော့ မသိ၊ ရည်းစားထားသူတွေ ရှိကြပေမယ့် တခြားတပ်ရင်းတချို့မှာ ဖြစ်ခဲ့ဖူးတဲ့ ချိန်းတွေ့လို့ အပြစ်ပေးအရေးယူပြီး အတင်းပေးစားခံရတဲ့ အဖြစ်မျိုးတော့ တယေက်မှ မရှိခဲ့ဖူးဘူး။ ဒီအတွက် ကျွန်မတို့ တော်တော်လေး ဂုဏ်ယူခဲ့ပါတယ်။ 

အိမ်ထောင်ပြုတာဟာ တော်လှန်ရေးအတွက် မိမိဘ၀ကို ပေးဆပ်သင့်သလောက် မပေးဆပ်နိုင်တော့ဘဲ ကလေးတွေနဲ့ ဖြစ်လာရင် တော်လှန်ရေးအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်မှာပဲလို့ အတော်များများက သတ်မှတ်ခဲ့ပါတယ်။ ဒီအထဲမှာ ကျွန်မက အဆိုးဆုံးလို့ ဆိုရလိမ့်မယ်။ “တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အချိန်မှာ လူမှုရေးနဲ့ တခြား ကိစ္စများကို ရှေ့တန်းမတင်လိုပါ၊ ကိုယ့်သမိုင်းကိုယ်ရေးတဲ့ အချိန်မှာ အမဲစက်မထင်မိအောင် ကြိုးစားရန်ကား ကျွန်မ၏တာဝန်တည်း” ဆိုတဲ့ ဘယ်ကရတယ် ဆိုတာ မမှတ်မိတဲ့ စာပိုဒ်တပိုဒ်ကို ကျွန်မစာအုပ်တိုင်းရဲ့ ပထမစာမျက်နှာတိုင်းမှာ ရေးထားတယ်။ ကျွန်မလို သဘောထားရှိတဲ့သူတွေ ရှိသလို ဒီလောက် အဖြစ်မသည်းပေမယ့် အိမ်ထောင်ပြုတယ်ဆိုတာ တော်လှန်ရေးကို ထိခိုက်စေတယ်ဆိုတဲ့ အတွေးအခေါ်ကတော့ အတော်များများမှာ ရှိပြီး အချစ်ဆိုတာကို မရှောင်နိုင်လို့ ရည်းစားထားကြပေမယ့် အိမ်ထောင်ပြုဖို့ကိုတော့ တော်လှန်ရေးဆိုတဲ့ တံတိုင်းကြီးကြောင့် သိပ်မတွေးဝံ့ခဲ့ကြဘူး။

တော်လှန်ရေးက တပ်ဖွဲ့ဝင်တွေအထဲမှာ အိမ်ထောင်သည်ဆိုတာကို ကျွန်မတို့ စတွေ့ဖူးတာကတော့ ၁၉၉၀ ခုနှစ် KNU တပ်မဟာ ၄ က တခြားတပ်ရင်းနယ်မြေ တခုမှာ ရှိတဲ့ မို့တောင်စခန်းကျတော့ အဲဒီမှာ ရှိခဲ့တဲ့ ABSDF တပ်ရင်း ၂၀၃ က ကျွန်မတို့ မင်းသမီးကို ရောက်လာခဲ့တဲ့အချိန် ဖြစ်တယ်။ မို့တောင်ကျတော့ ၂၀၃ တပ်ရင်းကို KNU က မင်းသမီးမှာ ကျွန်မတို့ ၂၀၁ တပ်ရင်းနဲ့ ကပ်လျက်မှာပဲ စခန်းချရာ မြေနေရာ ပေးပါတယ်။ သူတို့ စရောက်ချိန်မှ စခန်းဆောက်လို့ မပြီးခင် အထိ ကျွန်မတို့ စခန်းထဲမှာပဲ ယာယီတည်းခိုရပါတယ်။ ရှေ့တန်းထွက်လို့ လိုက်လာတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါလာတော့ ကလေးကြီးကြီးတွေနဲ့ တပ်ဖွဲ့ဝင်မဟုတ်တဲ့ မှီခိုအမျိုးသမီး အသက် ခပ်ကြီးကြီးတွေ ပါတဲ့ မိသားစုတွေ တပြုံလိုက်၊ ကလေးသေးသေး ကွေးကွေးကနေ ကြီး၊ ငယ်၊ လယ်၊ လတ် အရွယ်စုံကို တွေ့ရတယ်။ ကိုယ့်တပ်ရင်းမှာလည်း ဒီလိုမရှိခဲ့တော့ ကျွန်မတို့ အမြင်မှာ ၂၀၃ တပ်ရင်းက တပ်နဲ့မတူပဲ ပြည်တွင်းမှာတုန်းကလို အရပ်နဲ့ တူနေတယ်။



 ၂၀၃ အဖွဲ့တွေကိုကြည့်ပြီး "ဘုရားရေ ဘယ်လိုလုပ်ပြီး တော်လှန်ရေး သွားလုပ်တော့မလဲ” လို့ တွေးပြီး ကျွန်မတို့ တော်တော်လေးကို စိတ်ပျက်ခဲဖူးတယ်။ နှစ်နှစ်တာကာလမှာ အသက်ကြီးကြီး အမျိုးသမီးတွေနဲ့ ကလေးတွေဆိုလို့ ကရင်တွေကိုပဲ တွေ့ဖူးပြီး ဗမာနဲ့ မတွေ့ရတာကြာလို့ သူတို့နဲ့ ပြောဆိုဆက်ဆံတဲ့အခါ အစပိုင်းမှာ ၂၀၃ က မျိုးသမီးတွေကို အစ်မတွေ၊ အဒေါ်တွေ ခေါ်ရမည့်အစား အနော၊ အမိုး လို့ ခေါ်ပြီး ကလေးတွေကိုကျတော့ ဖိုးမူ (သမီး)၊ ဖိုးခွား (သား)၊ တန်ပေါ်မူ (ကောင်မလေး)၊ တန်ပေါ်ခွား(ကောင်ကလေး) လို့ပဲ ခေါ်တာ အကျင့်ရနေလို့ မြန်မာလိုအခေါ်အဝေါ်ကို ပြန်ပြီး အကျင့်ရအောင် ကျွန်မတို့ မနည်းပြန်ပြင်ခဲ့ရတယ်။

ဒီလိုနေလာခဲ့ရကနေ ကျွန်မတို့ တပ်ရင်းမှာ အိမ်ထောင်ပြုဖို့ ဆိုပြီး ပထမဦးဆုံး စဖေါက်ခဲ့တာက ကျွန်မတို့ မိန်းကလေးတွေအထဲမှာ ဒုတိယ အသက် အကြီးဆုံးလည်းဖြစ် ပညာအတတ်ဆုံးလည်း ဖြစ်တဲ့ မရင်မြတ်ပါပဲ။ မရင်မြတ် ရုံးမှာ လက်ထပ်စာ တင်လိုက်ပြီဆိုတာ ရုံးအဖွဲ့မှာ လုပ်နေတဲ့ ရဲမေတဦး ဆီကတဆင့် သိတာနဲ့ ဒါငါတို့ တပ်ရင်းရဲ့ အစဉ်အလာကို ဖျက်ဆီးတာပဲ ဆိုပြီး အဆောင် တဆောင်လုံး မိုးမီးလောင်တော့တယ်။ ချက်ချင်းပဲ အဲဒီနေ့မှာ အလှည့်ကျတဲ့ အမျိုးသမီးအဆောင် တာဝန်မှူးကို အဆောင်အစည်းအဝေး ခေါ်ပေးဖို့ တောင်းဆိုပြီး အစည်းအဝေးလုပ်ကာ မရင်မြတ်တင်ထားတဲ့ လက်ထပ်ခွင့်စာကို ပြန်ရုပ်သိမ်းဖို့ ၀ိုင်းတိုက်တွန်းခဲ့တယ်။ သူက “တော်လှန်ရေး စည်းမျဉ်းစည်းကမ်း၊ တပ်ရင်းက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ အဆောင်စည်းကမ်းတွေကိုလည်း ငါဘာတခုမှ မချိုးဖေါက်ခဲ့ဘူး၊ အခု အချိန်တန်လို့ လက်ထပ်ခွင့်တောင်းပြီး အိမ်ထောင်ပြုတဲ့ကိစ္စမှာ တော်လှန်ရေးအတွက် ဒါမှမဟုတ် နင်တို့အတွက် ဘာမှထိခိုက်သွားတာ မရှိဘူး၊ နင်တို့ အခုပြောနေတာတွေဟာ ဘာမှအဓိပ္ပါယ် မရှိလို့ ငါလုပ်စရာ ရှိတာ ဆက်လုပ်မှာပဲ” လို့ ပြောတဲ့အခါမှာတော့ ကျွန်မတို့ကို အကြီးအကျယ် ဒေါသ ဖြစ်စေပြီး ”တော်လှန်ရေးထဲကို လာတာ ယောက်ျားယူဖို့ လာတာလား” လို့ အမေးခံရရာကနေ သူတယောက်တည်းနဲ့ ကျွန်မတို့အကြား အကြီးအကျယ် အချေအတင် ဖြစ်ခဲ့ပါတယ်။

(ဆက်လက်ဖေါ်ပြပါမည်။)
(အပိုင်း - ၂)
(အပိုင်း - ၃)
(အပိုင်း - ၄)

အနိုင်မခံ


ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်အတွင်းမှနေ၍ အနိုင်မခံ၊ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏။

လောကဓံတရား၏ လက်ဆုပ်တွင်းသို့ ဘယ်လိုပင်ကျရောက်နေရသော်လည်း ငါမူကား မတုန်မလှုပ်၊ မငိုကြွေး (ကံ) တရား၏၊ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ၏ဦးခေါင်းသည် သွေးသံတို့ ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်။

ဤလောဘ ဒေါသတို့၏ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား၊ သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်လျှက်ရှိ၏။ သို့ပင်မူ ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသွားရာ တံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးပရပိုက်၌ ငါ၏အပြစ်တို့ကို မည်မျှပင် မှတ်သားထားသည်ဖြစ်စေ၊ ငါကား ဂရုမပြု။ ငါသာလျှင် ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါစိတ်၏ အကြီးအကဲ ဖြစ်တော့၏။

(1936 ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်ပြီး အိုးဝေမဂ္ဂဇင်းအတွဲ (၆)၊ အမှတ် (၁) အယ်ဒီတာ့ အာဘော်တွင် ဖေါ်ပြခဲ့ပါသည်။)


ဒီကဗျာကို ကျွန်မ ဖတ်ခဲ့သည်မှာ အနှစ် ၂၀ ခန့်ရှိခဲ့ပါပြီ။ ဖတ်ပြီး နှုတ်တိုက် အာဂုံဆောင် ကျက်မှတ်ထားခြင်း
မဟုတ်ပဲ ဖတ်ပြီးသည်မှ အခုချိန်ထိ ကျွန်မရင်ထဲမှာ အလိုလို စွဲကပ်ကျန်ရှိနေတဲ့ စာသားတွေသာ ဖြစ်တယ်။ အာဏာရှင်ကို တော်လှန်ဖို့ တိုက်ပွဲအတွက် လေ့ကျင့်ရာမှာ ကျွန်မကို စိတ်ဓါတ်ကြံ့ခိုင်မှု လုံးဝ ပေးစွမ်းနိုင်ခဲ့တဲ့ ကဗျာဖြစ်လို့ ကျက်မှတ်ထားစရာမလိုပဲ ကျွန်မ အလွတ်ရနေခဲ့တာ ဖြစ်တယ်။ ထိုနည်းအတူ တခြားတိုက်ပွဲဝင်နေသူတွေ အတွက်လည်း စိတ်ဓါတ်အင်အား တစုံတရာ ဖြည့်ပေးနိုင်မယ် ယူဆလို့ ပို့စ်တခုအဖြစ် အသုံးပြုပြီး မျှဝေလိုက်ပါတယ်။

ဒီကဗျာကို ကျွန်မပါဝင် တိုက်ပွဲဝင်ခဲ့ဖူးတဲ့ ABSDF အမှတ် ၂၀၁ တပ်ရင်းမှ ၁၉၈၉ ခုနှစ်အစောပိုင်း လတွေမှာ ထုတ်ဝေခဲ့ဖူးတဲ့ ပထမဦးဆုံး “ခွပ်ဒေါင်း” စာစောင်ရဲ့ အယ်ဒီတာ့ အာဘော်မှာ ဗိုလ်ချုပ်အောင်ဆန်း ပုံနှင့်တွဲလျက် ဖေါ်ပြထားရာက စတွေ့ခဲ့ပါတယ်။ သူ့ရဲ့ မူရင်းကိုတော့ ဗြိတိသျှ လက်ထက်က ကိုလိုနီ စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့တဲ့ အဲဒီအချိန်တုန်းက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးလည်းဖြစ် ဗြိတိသျှ ကိုလိုနီစနစ်ကို ဆန့်ကျင်တော်လှန်ရာမှာ ကျောင်းသားတွေရဲ့ ကလောင် လက်နက်တခု ဖြစ်တဲ့ အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်ခဲ့သူ၊ နောင်တချိန်မှာ မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့သည့် သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာသူ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းက ပြိတိသျှစာရေးဆရာ တဦးရဲ့ ကဗျာကို ဘာသာပြန်ခဲ့ပြီးတော့ တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာ ဖေါ်ပြခဲ့တယ်လို့ သိရပါတယ်။

ABSDF ဗဟိုမှာ ဒေါင်းအိုးဝေ စာစောင်မပေါ်ပေါက်မီ အချိန်ထိ ခွပ်ဒေါင်းစာစောင်ကို တပ်ရင်း ၂၀၁ က အခုအမေရိက ရောက်နေပြီး အခု မိုင် ၉၀၀ ခရီးချီတက်နေသူ တဦးဖြစ်တဲ့ ကာတွန်း စောငိုရဲ့ ပန်းချီနှင့် လက်ရေးမူကို အသုံးပြုပြီး ဆေးရောင် အဖြူအမဲနှင့် ထုတ်ဝေခဲ့ပါတယ်။ ခွပ်ဒေါင်းစာစောင်ကို ABSDF ပထမအကြိမ် ညီလာခံ သက်တမ်းကာလမှာ အဖွဲ့ဝင်များအကြား ဖတ်ဖို့နှင့် ရှေ့တန်းဆင်းတဲ့ ရဲဘော်တွေ လူထုအတွင်း ဖြန့်ဝေရာမှာ အသုံးပြုခဲ့ပြီး ဗဟိုမှာ ဒေါင်းအိုးဝေ စာစောင် ပေါ်လာတဲ့အခါမှ ဗဟိုက ထုတ်ဝေတဲ့ စာစောင်ကိုသာ အသုံးပြုပြီး ခွပ်ဒေါင်းစာစောင် ထုတ်ဝေခြင်းကို တပ်ရင်းမှာ ရပ်လိုက်ပါတယ်။

ဒီကဗျာကို အမှတ်ရနေတဲ့ အကြောင်းရင်းကတော့ ကဗျာပါ ၀ါကျတကြောင်း ဖြစ်တဲ့ “ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏ သို့သော် ညွတ်ကားမညွတ်” ကို ကျွန်မတို့ တပ်ရင်းက ထုတ်လုပ်တဲ့ T-shirt ကျောဘက်မှာ အင်္ဂလိပ်လို မူရင်းအတိုင်းကို အများကိန်းနဲ့ သုံးပြီး ” Our heads are bloody but unbowed” ကို ရေးထိုး ၀တ်ဆင်ခဲ့ပါတယ်။ ဒီဝါကျ တကြောင်းတည်းကပဲ ငှက်ဖျားနှင့် နပမ်းလုံးပြီး တက်ခဲ့ရတဲ့ စစ်သင်တန်း ကာလမှာ ကျွန်မတို့ရဲ့ စိတ်ဓါတ်အင်အားကို လုံးဝ အထောက်အကူ ပြုခဲ့ပါတယ်။ 1989 ခု နှစ်စပိုင်းမှာ ပထမဦးဆုံးဖွင့်တဲ့ အခြေခံစစ်ပညာသင်တန်းမှာ အမျိုးသား တပ်ဖွဲ့ဝင် အများစုကြားမှာ ကျွန်မတို့ အမျိုးသမီး တပ်ဖွဲ့ဝင်တချို့ ပထမဦးဆုံး အနေနဲ့ ပါဝင်တက်ခွင့်ရခဲ့ပါတယ်။ ဒီမတိုင်ခင် စစ်သင်တန်းတွေကတော့ ကျွန်မတို့ အမျိုးသမီးတွေက ဆေးသင်တန်း ဒါမှမဟုတ် ဆက်သွယ်ရေးသင်တန်းတွေ တက်နေချိန်မှာ မျိုးသားတွေသာ သွားတက်တဲ့ မဟာမိတ် KNU (Karen National Union) က ပေးတဲ့ စစ်သင်တန်းတွေသာ ရှိခဲ့ပါတယ်။ ကျောင်းသား တပ်ရင်းက ပထမဦးဆုံး ဖွင့်တဲ့ ဒီသင်တန်းမှာ စစ်ရေးပြ၊ လက်နက်ငယ်၊ စစ်မြေပြင်တိုက်ပွဲနှင့် အလံအလေးပြုချိန် တွေမှာသာ ယူနီဖေါင်းကို အပြည့်အစုံ ၀တ်ရပြီး အလံအလေးမပြုမီ မနက်အစောစော အာရုဏ်တက် PT ထပြေးချိန်၊ ကာယလေ့ကျင့်ခန်း လုပ်ချိန်နှင့် နေ့လယ်ပိုင်း နိုင်ငံရေး၊ စည်းရုံးရေးနှင့် ဥပေဒေရေးရာ အချိန်တွေမှာ ယူနီဖေါင်း အပေါ်ပိုင်းကို အပြင်အင်္ကျီ ၀တ်စရာမလိုပဲ ဒီစာကြောင်းပါတဲ့ ခွပ်ဒေါင်း T-shirt ကိုသာ ၀တ်ရပါတယ်။

ဒီအကျီင်္ ၀တ်ပြီး သင်တန်းတက်ရတာ ဒီဝါကျ တကြောင်းက ကျွန်မရဲ့ စိတ်ဓါတ်ကို သင်တန်းမှာ တကယ်ပဲ ကြံ့ကြံ့ခိုင်နိုင်စေခဲ့ပါတယ်။ ၁၉၈၈ နှင့် ၈၉ ကာလ ကျွန်မတို့ရဲ့ တောတွင်းဘ၀တွေကတော့ တိုက်ပွဲကို ရန်သူနှင့် မစခင် ငှက်ဖျား၊ အနေဆင်းရဲ အစားဆင်းရဲခြင်းတွေနှင့် အရင် စခဲ့ကြရပါတယ်။ ငှက်ဖျားဖျားလို့ ငှက်ဖျားဆေး Quinine Sulfate သောက်ပြီး မနက်အစောကြီး ဘာအစာမှ မစားခင် အများနှင့်အတူ PT ပြေးရတဲ့ နေ့တွေမှာ ကျွန်မဟာ အာခေါင်တွေခြောက်၊ အသက်ရှူမ၀ဖြစ်ကာ အမောဆို့ပြီး ရုပ်ပိုင်းဆိုင်ရာအရ ဘယ်လိုမှ ခံနိုင်ရည်မရှိ ဖြစ်လာလို့ တပ်မှူးဆီမှာ နားခွင့်တောင်းရဖို့ အခြေအနေ မကြာဏ ကြုံခဲ့ပါတယ်။ ဒါပေမယ့် ခွင့်တောင်းဖို့ စဉ်းစားလိုက်တိုင်း ကျွန်မရှေ့မှာ ပြေးနေတဲ့ တခြားသင်တန်းသား ရဲဘော်တွေရဲ့ ကျောကုန်းမှာ မြင်နေရတဲ့ Our heads are bloody but unbowed က ကျွန်မကို မနားပဲ ဆက်ပြေးနိုင်တဲ့ စိတ်ဓါတ်ခွန်အားတွေ ပေးခဲ့ပါတယ်။ ရုပ်ကို စိတ်က ဦးဆောင်တယ်ဆိုတဲ့ ဘုရားဟော
တရားကတော့ ဒီနေရာမှာ ကျွန်မကို လက်တွေ့ ပြခဲ့ပါတယ်။ ဒီလိုပဲ တခြား သင်တန်းသားတွေ အားလုံးကလည်း ဒီစိတ်ဓါတ်နှင့်ပဲ ပစ်၊ ထောက်၊ မှောက်၊ လိမ့်၊ လက်ထောက် ဒူးထောက်၊ လက်လဲ ဒူးထောက်၊ မိချောင်းတွားနှင့် အခက်အခဲ ကျော်လွှားခြင်း၊ ခြုံခိုတိုက်ပွဲ ဆင်နွှဲခြင်း စတဲ့ စစ်ရေး လှုပ်ရှားမှုတွေအတွက် ဘယ်လောက်ပဲ သင်တန်းကြမ်းကြမ်း ဒီကဗျာပါ စာသားတွေက ကျွန်မတို့ရဲ့ စိတ်ဓါတ် အင်အားတွေကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ငှက်ဖျားဒဏ်နှင့် ပင်ပန်းဆင်းရဲမှုအပေါင်းကို သင်တန်းပြီးဆုံးသည်အထိ မပျက်မကွက် တယောက်မကျန် ကြံကြံ့ခံနိုင်ခဲ့ပါတယ်။

ဗိုလ်ချုပ်တို့ခေတ် တိုင်းတပါးသား ဗြိတိသျှကိုလိုနီကို တော်လှန်စဉ်က သုဂတိသို့သွားရာ တံခါးဝက ဒီကဗျာထဲကအတိုင်း အဓိပ္ပါယ်ဖွင့်ရင် ကျဉ်းမြောင်းရုံသာ ကျဉ်းမြောင်းပြီး ကျွန်မတို့ အခုခေတ် အာဏာရှင်ကို တော်လှန်ရာမှာ သုဂတိသို့ သွားရာ တံခါးဝကတော့ လုံးဝသော့ခတ်ထားခြင်းကို ခံနေရပါတယ်။ အသားထဲကလောက်ထွက် ဆိုသလို မိမိလူမျိုးကို မိမိပြန်ဖိနှိပ်ပြီး တိုင်းတပါးသားထက် အဆတရာမက ရက်စက်ကြမ်းကြုတ်သော အာဏာရှင်ကို တော်လှန်တဲ့ ကျွန်မတို့ခေတ် တော်လှန်ရေးကား ဗိုလ်ချုပ်တို့ခေတ် တော်လှန်ရေးထက် အဆပေါင်းများစွာ ပိုပြီး ခက်ခဲ ကြမ်းထမ်းမှာ သေချာပါတယ်။ စစ်အာဏာရှင်တွေဟာ အဂတိကို သုဂတိအဖြစ် ထင်ယောင်ထင်မှား ဖြစ်အောင် ပြည်သူကို ဒီမိုကရေစီ အတုအယောင်နှင့် ကောက်ကျစ်စဉ်းလဲစွာ လိမ်ညာလှည့်ဖြားပြီး လူထုဆန္ဒခံယူပွဲကို အတင်းအဓမ္မ အတည်ပြုထားပါတယ်။ ၆၂ နောက်ပိုင်းတုန်းကလည်း ၇၄ ဥပဒေကို ဒီလိုပဲ အတည်ပြုခဲ့ပါတယ်။ ခေတ်အဆက်ဆက်မှာ ကျောင်းသားတွေကသာ ပြည်သူလူထုကို မျက်စိပွင့် နားပွင့်အောင် လုပ်ပေးပြီး တော်လှန်ရေးကို ဆင်နွဲခဲ့သည့်နည်းတူ ဒီနေ့ခေတ် ကျောင်းသား၊ လူငယ်တွေကလည်း မိမိတို့ခေတ်မှာ ရှိနေတဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ ပြည်သူကို သုဂတိနဲ့ အဂတိကို ကွဲကွဲပြားပြားသိအောင် မျက်စိဖွင့်ပေးဖို့ လိုနေပါပြီ။ ဗြိတိသျှကို တော်လှန်ခဲ့တဲ့ ကျောင်းသားလူငယ်တွေကို “အရှ့ဒေသကထွက်တဲ့ နေမ၀င်ခင် အနောက်ဒေသက နေပြန်ထွက်နေတဲ့ နေမ၀င်ဗြိတိသျှ အင်ပါယာကြီးကို မင်းတို့ တော်လှန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ခွေးလှေးငယ်ခုန် ဖုန်မထပါဘူး လုပ်မနေကြပါနဲ့” လို့ ပြောပြီး ကျောင်းသားလူငယ်တွေရဲ့ တော်လှန်ရေးခရီးကို ပျက်စီးအောင် နှောင့်နှေးကြန့်ကြာအောင် လုပ်ခဲ့ကြတဲ့ ယနေ့ခေတ် ကြံ့ဖွတ်လို ကိုယ်ကျိုးရှာ အလိုတော်ရိတွေ ယခင်ကလည်း အများကြီး ရှိခဲ့ပါတယ်။ သို့သော်လည်း ဒီလို အနှောင့်အယှက်တွေကြားက သွေး၊ ချွေး အသက်တွေ ရင်းပြီး နောက်ဆုံးတနေ့ လွတ်လပ်ရေး အောင်ပွဲကို အရယူနိုင်ခဲ့ပါတယ်။

ခေတ်တွေ ဘယ်လိုပဲ ပြောင်းလာပေမယ့် ကျောင်းသားလူငယ်တွေမှာ ရှိတဲ့ ဖိနှိပ်သူကို တော်လှန်တဲ့ စိတ်ဓါတ်နှင့် အနှစ်သာရကတော့ အတူတူပဲ ဖြစ်ပါတယ်။ အိုးဝေမဂ္ဂဇင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန် ဖေါ်ပြခဲ့တဲ့ ဒီကဗျာပရဲ့ အနှစ်သာရတွေဟာ ခေတ်အဆက်ဆက်မှာ အာဏာရှင်တွေကို တိုက်ပွဲဝင်လာခဲ့တဲ့ အနိုင်မခံ အရှုံးမပေးပဲ တွန်းလှန်သူ အဖိနှိပ်ခံတွေအတွက်ကား အမြဲတမ်း မှန်ကန်နေမည့် စိတ်စွမ်းအားဖြည့် စာသားတွေ ဖြစ်နေပါလိမ့်မယ်။ အကြောက်တရားကို ရင်ဆိုင်အံတုဖို့ ဒီကဗျာပါ အနှစ်သာရတွေနှင့် ဗိုလ်ချုပ်တို့ခေတ် ကျောင်းသားတွေက ဗြိတိသျှ ကိုလိုနီစနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သည့်နည်းတူ ၆၂၊ ၇၄၊ ၇၆၊ ၈၈၊ ၉၆၊ ၂၀၀၇ မျိုးဆက်တွေကလည်း တပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင် စနစ်ကို ဒီစိတ်ဓါတ်တွေနဲ့ပဲ ဆက်လက် တိုက်ပွဲဝင်ခဲ့ပါတယ်။ အမိမြန်မာပြည် မငြိမ်းချမ်းသရွေ့တော့ လက်ရှိ ကျောင်းသားလူငယ်တွေနှင့် နောင်အနာဂတ် ကျောင်းသားတွေကလည်း အမိမြန်မာပြည်ကို ကယ်တင်ဖို့ အာဏာရှင်ကို နိုင်စေတဲ့ ဒီကဗျာထဲကအတိုင်း အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓါတ်ကို ဆက်လက်မွေး မြူပြီး တိုက်ပွဲတွေ ဆင်နွှဲနေရဦးမှာ ဖြစ်တယ်။



(ကိုနစ်နေမန်းဘလော့ဂ် http://www.niknayman-niknayman.co.cc/ မှာ မူရင်းကဗျာကို တွေ့ရလို့ ခေါင်းစဉ်နဲ့တကွ စတင်စဉ်က လိုနေတဲ့ တပိုဒ်နဲ့ ကွာဟနေတဲ့ စကားလုံးတချို့ကို (၁၄။၀၇။၀၉) မှာ ပြန်လည် ပြင်ဆင် ဖြည့်စွက်ခဲ့ပါတယ်။)

Australian Animals (1) Cookatoo



Cockatoo ဆိုတာက ကြက်တူရွေးအုပ်စုထဲက တမျိုးဖြစ်ပြီး ကြက်တူရွေးလိုပဲ လူစကားသင်လို့ ရတဲ့ သြစတြေးလျားနိုင်ငံရဲ့ အဓိက တိရိစ္ဆာန်တွေအထဲက ငှက်အမျိုးအစား အုပ်စုတမျိုး ဖြစ်ပါတယ်။ ကျွန်မတို့မိသားစု ခေတ္တခိုလှုံရာ မွေးစားတိုင်းပြည် သြစတြေးလျားနိုင်ငံကို ရောက်တဲ့ ရှစ်နှစ်မြောက်နေ့မှာ ဒီဘလော့ဂ်လေးကို စဖွင့်ပြီး ကျွန်မသားလေး ကြီးပြင်းရာ နိုင်ငံရဲ့ ဒေသန္တာရ၊ သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိတွေရဲ့ အလေ့အထကို အသိအမှတ်ပြုတဲ့ အနေနဲ့ သြစတြေးလျား တိရိစ္ဆာန်တမျိုးဖြစ်တဲ့ Cockatoo ငှက်တွေရဲ့ Adaptation (ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု) အကြောင်းကို ပထမဦးဆုံး ပို့စ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

လူ၊ တိရိစ္ဆာန်နှင့် အပင် စတဲ့ သက်ရှိအားလုံးဟာ မိမိတို့ ကျင်လည် ကျက်စားတဲ့ နေရာမှာ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် Adaptation ဆိုတာ ရှိရပါတယ်။ အသက်ရှင်ဖို့အတွက် ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ လုပ်ငန်း၊ အပြုအမူ ဓလေ့စရိုက်တွေဟာ မိမိပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု (Adaptation) မရှိရင် ဒီသက်ရှိ သတ္တ၀ါဟာ ဒီအရပ်မှာ ဆက်လက်ရှင်သန်နိုင်ဖွယ် မရှိဘူးလို့ ဇိဝသိပ္ပံပညာရှင် ချားလ်ဒါဝင်က ဆိုထားပါတယ်။ ဒီပို့စ်မှာ Cockatoo ငှက်အကြောင်းကို Adaptation နဲ့တွဲဖေါ်ပြရတာက နောက်ပိုင်း အခါအားလျော်စွာ တင်ဖို့ရှိတဲ့ ဇိဝသိပ္ပံ နဲ့ ပတ်သက်တဲ့ ပို့စ်တွေအတွက် ကြိုတင် မိတ်ဆက်ဝင်ထားလိုက်တာ ဖြစ်တယ်။
ကမ္ဘာပေါ်မှာ Cockatoo အမျိုးအစား ၁၈ မျိုးရှိပြီး သြစတြေးလျားနိုင်ငံမှာ ၁၁ မျိုးရှိတယ်လို့ သိရတယ်။ Cockatoo ကို သိပ္ပံ (သို့) ဇီဝဗေဒ အခေါ် Cacutuidae လို့ ခေါ်ပြီး အမျိုးစားအလိုက်လည်း အခေါ်အဝေါ်တွေ သီးသန့်ထပ်ခွဲထားပါတယ်။ Cockatoo တွေဟာ သစ်တောတွေထဲနှင့် မြစ်ကမ်းပါးတွေမှာ အသိုက်ဆောက်ပြီး နေကြပါတယ်။ ဒါကြောင့်မို့ ၎င်းတို့ ခန္ဓာဗေဒ၊ ဇိဝကမ္မဗေဒနဲ့ အပြုအမူတွေနဲ့ လိုက်လျော ညီထွေမှုရှိအောင် Cockatoo တွေရဲ့ နေထိုင်ရာ ဒေသကတော့ သြစတြေးလျတိုက်တ၀ိုက် သဘာဝပေါက်ပင် တမျိုးဖြစ်တဲ့ Gum tree ခေါ် ယူကလက်တောတွေနဲ့ မြစ် (သို့) ပင်လယ်ကပ်းပါး နံရံ (Cliff) တွေမှာ မိသားစုအလိုက် အသိုက်ဆောက်ပြီး အုပ်စုနဲ့ နေထိုင်ကြပါတယ်။

ခန္ဓာဗေဒခေါ် ဖွဲ့စည်းပုံအရ လိုက်လျောညီထွေမှု (Structural Adaptation)

Cockatoo ဟာငှက်ဖြစ်တဲ့အတွက် တခြားငှက်တွေနည်းတူ သူတို့ရဲ့ အရိုးငြမ်းအဖွဲ့တခုလုံးထက် တောင်ပံနဲ့ အမွေးတွေက အလေးချိန်ပိုများခြင်းကြောင့် ပျံသန်းနိုင်ပါတယ်။ အလွန်သန်မာ စူးရှပြီး အတွင်းဘက်ကို ကောက်ဝင်နေတဲ့ နှုတ်သီးနဲ့ သန်မာတဲ့ ခြေတောက် ရှိပြီး ခြေချောင်းတွေမှာ ထက်ပြီးအင်မတန် စူးရှတဲ့ ခြေသည်းတွေ ရှိပါတယ်။ ဒီထူးခြားတဲ့ လက္ခဏာတွေကက သူတို့ဘ၀ ရှင်သန်ရေးအတွက် အသက်မွေးဝမ်းကျောင်းတဲ့ နေရာမှာ အရေးပါလှတဲ့ Adaptation တွေပဲ ဖြစ်ပါတယ်။

ဇိဝကမ္မဗေဒခေါ် လုပ်ငန်းဆောင်တာအရ လိုက်လျောညီထွေမှု (Physiological or functional Adaptation)

Cockatoo တွေဟာ အခွံမာသီး၊ အစေ့၊ ကောက်ပဲသီးနှံနှင့် အသီးအရွက်တွေကို စားသုံးကြပြီး အမျိုးအစား အနည်းငယ်ကတော့ အင်းဆက်တွေနဲ့ ပိုးကောင်တွေကို စားပါတယ်။ သူတို့မှာရှိတဲ့ ချွန်ထက်စူးရှတဲ့ နှုတ်သီးနဲ့ အခွံမာသီးတွေ၊ အစေ့တွေကို ကောင်းစွာခွဲနိုင်သလို သန်မာတဲ့ ခြေတောက်တွေနဲ့ မြေပြင်က အမှိုက်တွေကို ယက်ရှင်းပြီး ကြွေကျနေတဲ့ သစ်သီးတွေ၊ အစေ့တွေ၊ ပိုးကောင်တွေကို ကောင်းကောင်း ရှာစားပြီး အသက်ရှင်ရပ်တည်နိုင်ပါတယ်။

အပြုအမူပိုင်းဆိုင်ရာ လိုက်လျောညီထွေမှု (Behabioural Adaptation)

လူစကားနဲ့ ပြောရလျင် Cookatoo တွေဟာ လူတွေနဲ့ ယဉ်ကျေးမှု အဆင့်အတန်း အတော်ကို နီးစပ်ပြီး အင်မတန်မှ လူ (ငှက်)မှုရေးမှာ ယဉ်ကျေးမှု တိုးတက် မြင့်မားတဲ့ ငှက်အမျိုးအစား ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ဟာ တလင်တမယားစနစ်ကို ကျင့်သုံးပြီး မိသားစုတခုစီ အသိုက်ဆောက်လုပ် နေထိုင်သလို ပြင်ပ အစုအဖွဲ့၊ အသိုင်းအ၀ိုင်းနှင့်လည်း ရင်းနှီးစွာ ပေါင်းသင်းဆက် ဆံနေထိုင်ကြတဲ့ တကယ်ကို ယဉ်ကျေးမှု အဆင့်အတန်းမြင့်တဲ့ ငှက်တွေ ဖြစ်တယ်။ အစာရှာထွက်တဲ့ အချိန်တင်မက တခြားအချိန်တွေမှာလည်း ရာသီဥတု သာယာရင် အသိုက်တွေထဲက ထွက်ပြီး လူတွေလိုပဲ စုဖွဲ့ပျော်ပါးကြပါတယ်။ မိသားစုတာဝန်ကို ယူတဲ့နေရာမှာတော့ တချို့လူတွေထက်တောင် ပိုအဆင့်မြင့်တယ်လို့ ပြောမယ်ဆို ပြောလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မိသားစု တာဝန်ကို ယူတဲ့နေရာမှာ မောင်တထမ်းမယ်တရွက် စနစ်နဲ့ ကလေးတွေကို အပျံသင်ပေးတဲ့ ကိစ္စ၊ အသိုက်ပြင်ဆင်တဲ့ ကိစ္စ မောင်နှံနှစ်ဖေါ် တာဝန်ကို ခွဲဝေယူကြလို့ပါပဲ။ အစာရှာထွက်တဲ့ နေရာတော့ မိသားစုတခုစီမှာ အသိုက်နဲ့ ကလေး စောင့်နိုင်ဖို့အတွက် အစာကို တလှည့်စီ ထွက်ရှာကြပါတယ်။ အစာရှာထွက်ရှာတိုင်း တသီးပုဂ္ဂလ ထွက်တာမရှိပဲ အုပ်စုအလိုက် ထွက်ပြီး အစာရှိတဲ့နေရာ ရောက်လို့ အုပ်စုအစာစားနေတဲ့ အချိန်မှာ အကောင်ရေ အနည်းငယ်က အုပ်စုတ၀ိုက် ၀ိုင်းပတ်ပျံသန်းနေပြီး ကင်းစောင့်တဲ့ တာဝန်ကိုယူပြီး ရန်သူလာတာနဲ့ ချက်ချင်း အသံပြိုင် ဟစ်ကြွေးကာ အချက်ပြသတိပေးကြပါတယ်။

Cockatoo တွေရဲ့ အမူအကျင့်နဲ့ ပတ်သက်ပြီး ကျင့်ဝတ်သိက္ခာထိန်းတဲ့ နေရာမှာလည်း အံ့သြလောက်အောင်ကို ထူးခြားလှပါတယ်။ ဇနီးမောင်နှံနှစ်ဖေါ်မှာ တဦးဦးက တခြားသူနဲ့ လိင်ပိုင်းဆိုင်ရာ ဖေါက်ပြားမှုမျိုး ရှိခဲ့လျင် ဖေါက်ပြန်တဲ့ နှစ်ကောင်ကို အုပ်စုက ၀ိုင်းပယ်တဲ့ အဆင့်ကနေ ၀ိုင်းပြီး ထိုးဆိတ်သတ်တဲ့အထိ အပြစ်ပေးအရေးယူလေ့ရှိပါတယ်။ ထိုးဆိတ်သတ်ဖြတ်တာကို မခံရရင်တောင်မှ ၀ိုင်းပယ်တဲ့ အဆင့်မှာတင် သူတို့ရဲ့ အပြစ်ပေးမှုက တော်တော်လေး ထိရောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Cockatoo တွေဟာ အဖွဲ့နဲ့ နှောင်ဖွဲ့ ကူးလူးဆက်ဆံပြီး Social ကျကျ ပျော်တတ်တဲ့ ငှက်မျိုးဖြစ်လို့ အုပ်စုက ၀ိုင်းပယ်ခံလိုက်ရတဲ့ ငှက်ဟာ ၀ိုင်းပယ်ခံရတဲ့ အထီးကျန်ဘ၀အပေါ် ခံနိုင်ရည်မရှိပဲ မိမိကိုယ်မိမိ သိမ်ငယ်ကာ စိတ်ထောင်းကိုယ်ကျေလို့ ဖြစ်စေ၊ သတ်သေတဲ့နည်းနဲ့ ဖြစ်စေ တာရှည်မခံပဲ သေပွဲဝင်လေ့ရှိတယ်လို့ သိရတယ်။ ဒါကြောင့်မို့ Cockatoo တွေဟာ များသောအားဖြင့် သူတို့ ငှက်အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ကျင့်ဝတ်သိက္ခာအတိုင်း မဖေါက်မပြန် ထိန်းသိမ်းလေ့ရှိကြတဲ့ စံနမူနာ ယူစရာကောင်းတဲ့ သတ္တ၀ါတမျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။