မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

ဆိုရေးရှိက ဆိုရလိမ့်မယ်

ကျန်းမာရေးရှုဒေါင့်ကနေ Physical, Psycho-social ဘယ်ဘက်ကိုပဲ ကြည့်ကြည့် လုံးဝ Safety နဲ့ မညီညွတ်တဲ့ အပြုအမူတွေကို မြင်တွေ့ခဲ့ရတာကို ကျောင်းတွေမှာ (Sexual Education) မရှိတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေ အတုခိုးမှားပြီး လိုက်လုပ်သူတွေ ရှိနေမှာကို လွန်စွာ စိုးရိမ်ပူပန်မိလို့ ဖတ်သင့်တဲ့ ပို့စ်တခုကို ညွှန်းရင်း ဒီပို့စ်ကို တင်ပေးရခြင်း ဖြစ်ပါတယ်။ ကျွန်မက ဘလော့ဂ်အစုံဖတ်သူ ဖြစ်လို့ ကျွန်မဘလော့ဂ်ကိုလည်း ဘလော့ဂါမျိုးစုံ ရောက်တယ်ဆိုတာ သိပေမဲ့ သံဃာတော် စာဖတ်သူတွေနဲ့ သံဃာတော် ဘလော့ဂါတွေအတွက်ကျတော့ ဒီပို့စ်က သိစရာလည်းမလို ဖတ်ဖို့လည်း မသင့်လျော်ဘူးလို့ ယူဆတဲ့အတွက် ပို့စ်အသစ် တင်ထားတာ တွေ့လို့ ၀င်လာမိတဲ့ သံဃာတော်တွေရှိရင် ဒီပို့စ်ကို လုံးဝမဖတ်ဘဲ လှည့်ပြန်ဖို့ ပထမဦးစွာ လျှောက်ထားပါရစေ ဘုရား။ တခြား လူစာဖတ်သူများကိုတော့ ကျွန်မ ညွန်းပေးလိုတဲ့ မူလ ပို့စ်မှာ အသက် ၁၈ နှစ်ပြည့်ပြီးမှ ဖတ်ပါလို့ ပြောထားပေမဲ့ ကျွန်မအနေနဲ့ ကတော့ အသက်အရွယ်ကို မသတ်မှတ်လိုပါဘူး။ အင်တာနက်သုံးနေသူ Secondary School က (အသက် ၁၅/၁၆ နှစ်နှင့် အထက်) အဆင့် ကျောင်းသားအရွယ်ကနေ လူကြီးတွေအထိ အသက်အရွယ်မရွေး မည်သူမဆို ဖတ်နိုင်တယ်လို့ ယူဆပါတယ်။ တချိန်တည်းမှာပဲ ဆရာဝန်၊ သူနာပြု၊ Physiotherapist, Occupational therapist, Health Care Social Worker (or) Consultants စတဲ့ ကျန်းမာရေးပညာရှင်တွေထဲက ရောက်လာရင်လည်း ကျွန်မဆွေးနွေးချက်တွေကို ဖတ်ဖြစ်အောင် ဖတ်ပြီး ပြန်လည်ဆွေးနွေးသင့်တာကို ဆွေးနွေးပြီးမှ ပြန်ကြဖို့ မေတ္တာ ရပ်ခံပါတယ်။

ပထမဦးစွာ ညွှန်းပေးလိုတဲ့ ပို့စ်ကို မပြောခင် ဒီပို့စ်ကို ကျွန်မ ဘာကြောင့် ညွှန်းရတယ်ဆိုတဲ့ ညွန်းစရာအကြောင်း ပေါ်လာရတဲ့ နောက်ခံသမိုင်းကို အရင်ရှင်းပြချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီး နောက်ဆုံးလတွေမှာ လူကြိုက်များတဲ့ ဘလော့ဂါ အစ်မတယောက်ရဲ့ C-Box မှာ မကောင်းတဲ့သူတွေက ဆဲဆိုထားတာ ရှိသလို မဖွယ်မရာပုံတွေ ပါတဲ့ Link တခုတည်းကို C-Box တခုလုံးနီးပါး ပြည့်အောင် ထပ်ခါထပ်ခါ ရိုက်ထည့်ပြီး တင်ထားတာကို တွေ့ခဲ့ရပါတယ်။ ကျွန်မကလည်း စာမရွေးဖတ်တတ်တဲ့သူဆိုတော့ အစမှာ မသိဘဲနဲ့ ဘလော့ဂ်ကြော်ညာတွေ ထင်ပြီး Click ကြည့်မိတဲ့အခါမှာ မဖွယ်မရာ ပုံတွေ ဖြစ်နေလို့ ချက်ချင်းပဲ ပြန်ထွက်လိုက်တယ်။ နောက်တော့ အဲဒီဘလော့ဂ်က C-Box မှာ ကျွန်မက လာလည်ကြောင်း နှုတ်ဆက်ထားခဲ့ပြီး ဆဲထားတာတွေ မကောင်းတာ လာတင်ထားတာတွေကို ဖျက်သင့်ကြောင်း C-Box အထဲမှာပဲ အကြံပြုပြီး ပြန်လာခဲ့ပါတယ်။ အတော်ကြာတော့ G-talk မှာတွေ့တဲ့ ဘလော့ဂါ မောင်လေးတယောက်နဲ့ ချတ်မှာ စကားပြောနေချိန်မှာ အတုလား အစစ်လားတော့မသိဘူး အစ်မနာမယ်နဲ့ အဲဒီမှာ လာရေးထားတယ်လို့ ပြောလို့ ကျွန်မ သွားကြည့်တော့ ငယ်နိုင်ဆိုပြီးတော့ အရေမရ အဖတ်မရတွေ ပြောနေရေးနေတာကို တွေ့ရပါတယ်။ ကျွန်မလည်း အဲဒါကျွန်မ မဟုတ်ဘူးဆိုတာ မှတ်ချက်အထဲထိ ၀င်ပြောပြီး ပြန်လာလိုက်လို့ ဘလော့ဂ်ပိုင်ရှင်ကတော့ ခုနက ပြောနေ ရေးနေတာ ကျွန်မ မဟုတ်ဘူးဆိုတာ သိသွားပါတယ်။ ဒါကတော့ ဘလော့ဂ်တွေမှာ အလုပ်မရှိအကိုင်မရှိ သူများနာမည် သုံးပြီး ပေါက်ကရတွေ လျှောက်လုပ်နေတဲ့ သူတွေရှိတယ်ဆိုတာ ပြောချင်တာပါ။ ကျွန်မ ပြောချင်တဲ့ အဓိကအကြောင်းတော့ မဟုတ်ပါဘူး။

ဆက်ပြောရရင် အဲဒီဘလော့ဂ်မှာ တွေ့ခဲ့တဲ့ မဖွယ်မရာ Link တွေက နောက်နေ့ကျတော့ ကျွန်မ C-Box ကို ရောက်လာပါတယ်။ ကျွန်မလည်း C-Box ထဲမှာ ဖျက်လိုက်ပြီး နောက်တခါ လာတင်ရင် IP ကို block လုပ်မယ်လို့ သတိပေးလိုက်တော့ နောက်တော့ လာမတင်တော့ပါဘူး။ ဒီတခါတော့ ကျွန်မက သူတို့လာတင်တဲ့ link ကို တနေရာမှာ သိမ်းပြီး ၀င်ကြည့်မိတယ်။ ကျွန်မဘ၀မှာ မယုံကြည်နိုင်လောက်အောင် တခါမှမမြင်ဘူးတဲ့ အံ့ဖွယ်ထူးဆန်း နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ပြုမူနေတဲ့ ဖိုနဲ့မ မဖွယ်မရာ ပုံတွေကို တွေ့ရတော့ အပြင်မှာ တကယ်ပဲ ဒါမျိုးလုပ်နေတာ ရှိလား ဒါမှမဟုတ် လူတွေ ကိလေသာစိတ်ထအောင် တမင်ကြော်ငြာတာလား ဆိုတာကို ဝေခွဲလို့မရ ဖြစ်ခဲ့ပါတယ်။ ကျွန်မက အင်တာနက်ကို သုံးဖူးတာ ကြာပြီ ဖြစ်ပေမဲ့ ဒါမျိုးတွေ တခါမှ တွေ့လည်းမတွေ့ဖူး ကြည့်ဖို့လည်း စိတ်မ၀င်စားခဲ့တာ ဘုရားစူးပါပဲ။ ဒါပေမဲ့ အခုတော့ စိတ်မ၀င်စားလို့ မရတော့လောက်အောင် ကျွန်မစိတ်ထဲမှာ ဘ၀င်မကျတာတွေ စိုးရိမ်မှုတွေကို လွှမ်းမိုးနေစေခဲ့တယ်။
အခုတော့ C-Box မှာသာမက ဒီ Site တွေကို ကျွန်မ ဘလော့ဂ် အတုမှာလည်း တင်ထားတယ်။ ဘလော့ဂ် C-Box ကို ဘုရားခုနှစ်ဆူ သီချင်း အစိန္တေယျ ဘုရားရှိခိုးသီချင်းနဲ့ ဂုဏ်တော်ကိုးပါး ဘုရားရှိခိုးသီချင်း နှစ်ပုဒ်အကြား ညှပ်ထားပြီး အနောက်ပို့ထားတာတောင်မှ စစ်ခွေးတွေက C-Box ထဲမှာ တနေ့ကို အနည်းဆုံး နှစ်ကြိမ် ယုတ်ရိုင်းတာတွေဆဲတာနဲ့အတူ ဒီဆိုက်တွေကို လာတင်နေတော့ ဒီပို့စ်ကို ထပ်တင်ရတဲ့အကြောင်း ဖြစ်လာပါတယ်။ ပြည့်တန်ဆာလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွန်မလည်း မလေ့လာဖူးလို့ Occupational Health & Safety Policy ဘယ်လို ရှိပြီး ပြည့်တန်ဆာတွေကို ရေရှည် Side affect မဖြစ်အောင် ဘယ်လိုကာကွယ်ထားတယ် ဆိုတာ ကျွန်မ အတိအကျ မသိပေမဲ့ အနည်းဆုံးတော့ အတွင်းအပြင် အကုန်လုံးကို စိတ်ချရတဲ့ ဆေးရည်တွေနဲ့ စနစ်တကျ သန့်စင်ထားပြီး ဘယ်နှစ်မိနှစ်အတွင်း ဘက်တီးရီးယားနဲ့ ရောဂါ မပြန့်နိုင်တဲ့ ဆေးရည်တွေနဲ့ ကာကွယ်မှု လုပ်ထားမှာတော့ သေချာပါတယ်။ ဒါကြောင့်မို့ ပြည့်တန်ဆာတွေနဲ့ ဒီလိုနေထိုင်တာဟာ ကျန်းမာရေးအတွက် ကာကွယ်ပြီးသား ဖြစ်နိုင်ပေမဲ့ ပြည့်တန်ဆာ မဟုတ်တဲ့သူတွေနဲ့ အပြင်မှာ ဒီလိုနေထိုင်မယ်ဆိုရင်တော့ တကယ်ကို အန္တရယ်များလှကြောင်းကို မကောင်းတာကို အဟုတ် မထင်ဖို့ အသိပေးချင်ပါတယ်။ (27/3/11 ဖြည့်စွက်ချက် Nge Naing)


ပြည့်တန်ဆာဆိုတာ လက်ရှိကမ္ဘာမှာလည်း ခေတ်အဆက်ဆက်မှာ နိုင်ငံတွေအပေါ် မူတည်ပြီး တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ ရှိခဲ့သလို ဘုရားဟော ကျမ်းဂန်တွေထဲမှာလည်း အမ္ဗပါလီတို့ သီရိမာတို့ဆိုတာ ဘုရားလက်ထက်က ထင်ရှားတဲ့ ပြည့်တန်ဆာတွေ ဖြစ်ကြတယ်လို့ လေ့လာသိရှိရပါတယ်။ အရင်ကမ္ဘာတွေတုန်းကလည်း ပြည့်တန်ဆာ ဖြစ်ခဲ့သူတွေလို့ ဆိုထားတာ ရှိတော့ သံသရာ အဆက်ဆက် မှာလည်း ပြည့်တန်ဆာ ရှိခဲ့တယ်ဆိုတာနဲ့ လူ့အဖွဲ့အစည်းဟာ ပြည့်တာဆာနဲ့ မကင်းဘူး ဆိုတာ ကျွန်မတို့ ငြင်းလို့ ရမယ် မထင်ပါဘူး။ လက်ရှိကမ္ဘာာမှာလည်း နိုင်ငံအတော်များများမှာ တရားမ၀င်ဘဲ ခိုးလုပ်နေတာနဲ့ စာရင် တရားဝင်က ပိုပြီး Safety နဲ့ညီညွတ်ပြီး အန္တရယ်ပိုကင်း တိုင်းပြည် ဘဏ္ဍာလည်းတိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည့်တန်ဆာ အလုပ်၊ လောင်းကစားအလုပ်တွေကို တရားဝင် မှတ်ပုံတင်ထားပေးတာ ရှိပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုတောင် တားလို့မရတဲ့အဆုံး သုံးစွဲတာကို အန္တရယ်ကင်းကင်းနဲ့ သုံးစွဲနိုင်အောင် အကူအညီပေးတာက Safety ရှိရှိနဲ့ ရောဂါ ပြန့်နှံ့မှုကို ကာကွယ်နိုင်မယ်လို့ ဆုံးဖြတ်ပြီး ဖြန့်ဖြူးသူကိုပဲ အရေးယူ၊ သုံးစွဲသူကိုကျတော့ Safety ရှိအောင် အကူအညီပေးတဲ့ Social welfare ကို ဦးစားပေးတဲ့ နိုင်ငံတွေမှာ Drug and Alcohol Service တွေ ရှိလာကြတာ ကျွန်မ သဘောပေါက်ပါတယ်။

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံတွေမှာ အလုပ်ရှင်၊ အလုပ်သမား၊ ဖေါက်သည် သဘောတူလို့ အဲဒီလုပ်ငန်းကို လုပ်ကြတာ ကျွန်မဘာမှ စောတက မတက်လိုပါဘူး။ ဒါပေမဲ့ လုပ်ငန်းတိုင်း၊ လုပ်ငန်းတိုင်းမှာ Occupational Health and Safety Policy ဆိုတာ ရှိရပါတယ်။ အဲဒီပေါ်လစီအရ ပညာရှင်အဆင့် ဖြစ်တဲ့ ဆရာဝန်တွေ သူနာပြုတွေက သူတို့ကုသတဲ့ လူနာရဲ့ ရောဂါအခြေအနေနဲ့ သုံးစွဲတဲ့ ဆေးဝါးတွေ၊ ပစ္စည်းတန်ဆာပလာတွေရဲ့ အကျိုးအပြစ်ကို သိရမယ်။ အလုပ်ကြမ်း သမားတယောက်ဟာ အရာဝတ္တုတခုကို Handling လုပ်ရာမှာ ခါးနာခြင်း စတဲ့ ဒဏ်ဖြစ်စေတဲ့ ရောဂါမရအောင် ဒူးကိုဘယ်လိုအသုံးပြုပြီး ခါးနဲ့ ကျောကို ဘယ်လိုမတ်မတ် ထားကာ သယ်ရ၊ မရမယ်ဆိုတာ သိရမယ်။ သန့်ရှင်းရေးအလုပ်သမား တဦးဟာ Micro-organisms လို့ ခေါ်တဲ့ ပိုးမွှားတွေရဲ့ ပွားနှုန်းကို အကြမ်းဖျင်း သိရပြီး သူတို့ အသုံးပြုတဲ့ ပိုးသတ်ဆေးရည်နဲ့ သတ်နိုင်တဲ့ အချိန်ကာလ အတိုင်းအတာကို သိရမှာဖြစ်သလို ဒီပိုးသတ်ဆေးတွေရဲ့ ဆိုးကျိုးတွေကိုလည်း သိရပါတယ်။ အလုပ်သမားတိုင်းက မိမိလုပ်ငန်းခွင်မှာ မီးလောင်ရင် Evacuation က အစီစဉ်နဲ့ စုရပ်မှာ ဘယ်လိုဆုံမယ် စုရပ်က ဘယ်မှာဆိုတာသိရမယ်။ အဓိကက အလုပ်လုပ်တဲ့အချိန်မှာ ဒီအလုပ်နဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အဲဒီဆိုးကျိုးတွေ မဖြစ်အောင် ဘယ်လို စနစ်တကျ ကာကွယ်ရမယ်ဆိုတာ လုပ်ငန်းတိုင်းမှာ ပေါ်လစီ ရှိရပါတယ်။

ဒီပုံတွေကိုကြည့်ပြီး ပြည့်တန်ဆာ လုပ်ငန်းမှာ Occupational Health and Safety Policy ဆိုတာ ရှိကော ရှိရဲ့လားလို့ ကျွန်မ သံသယ ဖြစ်မိပါတယ်။ ဒီလုပ်ငန်းအကြောင်းကိုလည်း တခါမှ အခုလို စိတ်ဝင်တစား မရှိခဲ့ဖူးတာ အမှန်ပါ။ ကျွန်မက ဒီလိုပုံတွေကို အခုမှ တွေ့ဖူးတာ ဖြစ်ပေမဲ့ အင်တာနက် သုံးနေသူ အတော်များများက တွေ့ဖူးတာ ကြာပြီလို့ ကျွန်မ ယုံကြည်ပါတယ်။ လုပ်ငန်းတိုင်းမှာ ပေါ်လစီက မရှိလို့မရပါဘူး ရှိမှာ သေချာပါတယ်။ ရှိရင် အခု ကျွန်မ မြင်တွေ့ခဲ့ရတဲ့ ပုံတွေကို အဲဒီပေါ်လစီအရ ဘယ်အနည်းနဲ့မှ ခွင့်ပြုစရာ အကြောင်းမရှိနိုင်ပါဘူး။ ဒါကို ခွင့်ပြုထားတယ်ဆိုရင် Health Care Professional တွေက ဘာဖြစ်လို့ မျက်စိမှိတ်၊ နားပိတ်ပြီး နေရတာလဲဆိုတာ ကျွန်မ နားလည်လို့မရ ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးပညာရှင်ဆိုတာ လူသားတွေအတွက် အန္တရယ်ရှိတာကို သိလျက်နဲ့ မပြောဘဲ ရေငုံနှုတ်ပိတ်နေတာဟာ အများပြည်သူရဲ့ အန္တရယ်ကို လစ်လျူရှုရာ ရောက်ပါတယ်။ ဘယ်လိုအကြောင်းအရာမှာပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ဘာမျက်နှာမှ ထောက်စရာမလို ဘယ်သူ့ကိုမှ ကပ်ဖားယပ်ဖား လုပ်စရာမလိုတဲ့ အနောက်တိုင်း လူ့အဖွဲ့အစည်းမှာ ကျန်းမာရေး ပညာရှင်တွေနဲ့ မသင့်တော်ဘူး ထင်တဲ့သူတွေက ဘာဖြစ်လို့ ဒီကိစ္စကို ရေငုံနှုတ်ပိတ် နေရတာလဲဆိုတာ ကျွန်မ တကယ်ကို နားမလည်ဘဲ စိတ်ထဲမှ ဘ၀င်မကျ ဖြစ်ရပါတယ်။

တကယ်က ပြည့်တန်ဆာတွေ၊ ပြည့်တန်ဆာနဲ့ လာပျော်ပါးတဲ့ သူတွေဟာ သူတို့ရဲ့ Reproductive organ တွေကိုပဲ အသုံးပြပြုခွင့် ပေးဖို့ ဥပဒေပြုဖို့ လိုအပ်တယ်လို့ ကျွန်မ ယူဆတယ်။ တခြား Reproductive Organ နဲ့ မဆိုင်တာကို အသုံးပြုမယ်ဆိုရင် အဲဒီ Organ တွေပါဝင်တဲ့ System တခုစီရဲ့ အလုပ်လုပ်ပုံနဲ့ အကျိုးအပြစ်ကို အကြမ်းဖျင်း ပညာပေးဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ Safety နဲ့ မညီညွတ်တဲ့ အပြုအမူတွေက အများကြီး တွေ့ရပေမဲ့ အခု အဓိကပြောလိုတဲ့ အချက်က သူ့နေရာ မဟုတ်တဲ့ အင်္ဂလိပ်လို Anus မြန်မာလို စအိုဝကနေ လိင်ဆက်ဆံတဲ့ ကိစ္စကို ပြောလိုတာဖြစ်ပါတယ်။ ကျွန်မတွေ့ရတဲ့ တခြား Safety နဲ့ မညီတဲ့ အမူအယာတွေလည်း အများကြီး ရှိခဲ့ပေမဲ့ အဲဒါတွေ အတွက် ဘယ်လို Safety နဲ့ မညီဆိုတာကို ထောက်ပြဖို့ သိထားတဲ့ ဗဟုသုတ အလုံအလောက် မရှိတဲ့ အတွက် ဒီတခုတည်းကိုပဲ ညွှ့န်းလိုက်ပါတယ်။

ကျွန်မ နောက် Semester မှာ သင်ရမယ့် ကျန်းမာရေးဆိုင်ရာ ဆွေနွေးမှု Online Subject တခုမှာ ကျောင်းသား တယောက်စီက Forum တခုစီကို အဆိုတင်သွင်းရပြီး အလှည့်ကျ Coordinator အဖြစ် တာဝန်ယူရတာ ရှိပါတယ်။ ကျွန်မ Coordinator အလှည့်ကျပြီ Forum ကို ဦးဆောင် ဆွေးနွေးတဲ့ အလှည့်မှာ ပြည့်တန်ဆာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ Occupational Health and Safety ကို ကျွန်မရဲ့ စိုးရိမ်မှု (Concern) အဖြစ် အဆိုတင်သွင်းပြီး ဆွေးနွေးဖို့ စဉ်းစားထားပါတယ်။ အဲဒီမှာ မဆွေးနွေးခင် ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး Occupational Health and Safety Policy ကို ကြိုလေ့လာထားချင်လို့ ကျန်းမာရေး ပညာရှင် ဘလော့ဂ်မောင်နှမများနှင့် အဲဒါနဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိသူများကို မျှဝေ ဆွေးနွေးပေးဖို့ ကျွန်မ ဖိတ်ခေါ်ချင်ပါတယ်။

အမျိုးသမီး တယေက်အနေနဲ့ ဒီပို့စ်ကို ကျွန်မ မတင်ချင်တဲ့တာ အမှန်ပါ ဒါကြောင့်လည်း ပြီးခဲ့တဲ့ နှစ်ကအနေ ဒီနှစ်အထိ တအုံနွေးနွေးနဲ့ ချီတုံချတုံ ဖြစ်ကာ မတင်ဖြစ်ဘဲ ရှိနေရာကနေ နောက်ဆုံးတော့ ဆိုရေးရှိက ဆိုရလိမ့်မယ်လို့ ဆုံးဖြတ်ပြီး တင်လိုက်ပါတယ်။ ကျွန်မ ညွှန်းလိုတဲ့ ပို့စ်က ဆရာ ဒေါက်တာတင့်ဆွေ ရေးတဲ့ပို့စ် ဖြစ်ပြီး ဒီပို့စ်ထဲမှာ စအိုနဲ့ လိင်ဆက်ဆံခြင်းဖြင့် ရရှိတဲ့ အကျိုးအပြစ်အပြင် Reproductive Organ တွေနဲ့ စအိုရဲ့ ခန္ဓာကိုယ်အတွက် အလုပ်လုပ်ပုံတွေကိုပါ နှိုင်းယှဉ်ဖေါ်ပြထားပါတယ်။ Sexual Health နဲ့ ပတ်သက်ပြီး ဘာဗဟုသုတမှ မရှိတဲ့အတွက် ကျွန်မကိုယ်တိုင် မရေးနိုင်ဘဲ နားလည်တဲ့ သူရေးထားတာကို ပြန်ညွန်းရတာ ဖြစ်ပါတယ်။ ပို့စ်ကို ဒီနေရာမှာ သွားးဖတ်နိုင်ပါတယ်။

22/2/10 က တင်တဲ့ မူရင်းပို့စ်ကို လက်တွေ့နဲ့ ကိုက်ညီနေလို့ အပေါ်မှာ အပြာရောင်စာပိုဒ်တပိုဒ် ထပ်ဖြည့်ပြီး ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။



ပြောက်ကျားတိုက်ပွဲများ

ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တာ နှစ်ပေါင်း ၆၆ နှစ်တိတိ ရှိခဲ့ပါပြီ။ ဖက်ဆစ်စနစ်ဆိုတာ မကောင်းမှန်းသိလို့ ကမ္ဘာာမှာ ဖက်ဆစ်စနစ်ကို ဖက်ဆစ်တို့ရဲ့ ဆရာ့ဆရာကြီးတွေဖြစ်တဲ့ ဂျာမန်၊ အီတလီ၊ ဂျပန်တို့တောင်မှ သူတို့ကျင့်သုံးခဲ့တဲ့ စနစ်ဟာ သူတို့ပြည်သူတွေအတွက် မကောင်းမှန်းသိလို့ စွန့်ပစ်ပြီး ဒီမိုကရေစီ နိုင်ငံတွေ ဖြစ်ကုန်ကြတာ ကြာပါပြီ။ ဖက်ဆစ်စနစ် ဆိုတာ ကမ္ဘာ့ တခြားနေရာတွေမှာ ဘယ်နေရာမှာမှ မရှိတော့ပါဘူး။ သို့သော်လည်း ဂျပန်အမွေပေးခဲ့တဲ့ ဖက်ဆစ်စနစ်ကို မြန်မာ့တပ်မတော် ကိုယ်ကျိုးရှာ စစ်ခေါင်းဆောင်တွေက ယနေ့အထိ နှစ်ခြိုက်စွာ ကျင့်သုံးနေဆဲ၊ ဒါကိုအဟုတ်ကြီးမှတ်ပြီး စစ်ခေါင်းဆောင်တွေ ဘာပြောပြော အမှန်ပဲ ထင်နေတဲ့ နောက်လိုက်တွေကလည်း ယနေ့အထိ ရှိနေဆဲပဲ။ ဒီနေ့ မတ်လ (၂၇) ရက်နေ့ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့ ၆၆ ကြိမ်မြောက် တော်လှန်ရေးနေ့ မှာ ခင်မမမျိုး ရေးဖွဲ့ထားတဲ့ တော်လှန်ရေးတိုက်ပွဲဝင် ကာလတိုင်းမှာ အသုံးပြုလာခဲ့တဲ့ ပြောက်ကျားတိုက်ပွဲ ပုံစံများကို သဘောကျလို့ တော်လှန်ရေးနေ့ အမှတ်တရအဖြစ် ဘလော့ဂ်မှာ သိမ်းထားရင်း ပြန်လည်ဖေါ်ပြလိုက်ပါတယ်။


အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- မန္တလေးတိုင်း

"ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ။ ငါတို့ ဒီအတိုင်း ငြိမ်ခံနေလို့ မဖြစ်တော့ဘူး။ တခုခုတော့ လုပ်ရမယ်"
"ငါလဲ မင်းလိုပဲ စဉ်းစားမိတယ်။ ဘယ်နဲ့ကွာ။ စစ်မတိုက်ချင်လို့ စစ်တက္ကသိုလ်မတက်ပဲ ရိုးရိုးတက္ကသိုလ်တက်တာပေါ့။ ဘွဲ့ရပြီးကာမှ ငါတို့က စစ်သားဝင်လုပ်ရမှာလား"
"အေးကွာ။ တတိယကမ္ဘာစစ်ဖြစ်နေတာလဲ မဟုတ်ဘူး"
"တတိယကမ္ဘာစစ်ဖြစ်နေတာ မဟုတ်ဘူးဟေ့။ လူသတ်ပွဲဖြစ်နေတာ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးတွေ၊သီလရှင်တွေကို ပစ်သတ်တာ၊ ရိုက်သတ်တာ မတွေ့ဘူးလား။ ငါတို့ကို စစ်မိန့်နဲ့ အဲလို သတ်ခိုင်းဖို့ ကြံစည်နေတာ"
"မိုက်ရိုင်းတယ်ကွာ။ ငါကတော့ စစ်မိန့်တွေ၊ဘာတွေ ဂရုမစိုက်ဘူး။ ဦးနှောက်ရှိတဲ့ လူကွ။ ငါ့ကိုလာပြီး ဘုန်းကြီးသတ်ခိုင်းလို့ကတော့ ငါ့သေနတ်ပြောင်းဝမှာ ဘုန်းကြီးတွေ မရှိစေရဘူး။ သေနတ်ပြောင်းပြန်လှည့်မှာပဲ"



"သေနတ်ပြောင်းပြန်လှည့်တာက နောက်မှကွ။ ပြန်မလှည့်ခင် ငါတို့ကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တိုက်ခိုင်းမယ်၊ ရွာတွေ မီးရှို့ခိုင်းမယ်၊ မိုင်းကွင်းဖြတ်ခိုင်းမယ်၊ လူသတ်ခိုင်းမယ်။ ဒါတွေ လုပ်ဖို့ စစ်တပ်မှာ အင်အားအပြည့် မရှိတော့ဘူးကွ။ သူတို့တပ်တွေမှာ ဗိုလ်တွေပဲ ရှိပြီး၊ အရာခံ၊ အကြပ်၊ တပ်သားဖွဲ့စည်းပုံတွေ မပြည့်ဘူးလို့ ကြားတယ်။ အဲဒီပြဿနာကို ဖြေရှင်းတာ"
"ဒါတခုတည်းတင် မဟုတ်ဘူးကွ။ ငါတို့တိုင်းပြည်က နောင်တခေတ်ရဲ့ ခေါင်းဆောင် လူငယ်မျိုးဆက်သစ်တွေကို စစ်ဗိုလ်တွေရဲ့ အမိန့်အောက်မှာ ပြားပြားဝပ်နာခံရပြီး၊ ဦးကျိုးသွားအောင် လုပ်တာ။ ဒါမှလဲ သူတို့ရဲ့ စစ်သွေးကြွနိုင်ငံတော် တည်ဆောက်ရေး စီမံချက်ကြီး အောင်မြင်သွားမှာပေါ့"
"အေး၊ ဟုတ်တယ်ကွ။ ခုဆို ရွေးကောက်ပွဲမှာလဲ အရပ်ဝတ်ဗိုလ်တွေနဲ့ ကြံ့ဖွတ်တွေပဲ အနိုင်ရကြတယ်။ လွှတ်တော်ထဲမှာလဲ ရွေးကောက်ပွဲမ၀င်ပဲ အချောင်ပါလာတဲ့ ဖားတပိုင်း၊ ငါးတပိုင်းတွေကလဲ ရှိသေးတယ်ကွာ။ ဒီတော့ လွှတ်တော်နိုင်ငံရေးမှာ သူတို့ပဲ ကြီးစိုးထားတာ။ ဒါပေမယ့် လွှတ်တော်ပြင်ပ နိုင်ငံရေးကိုတော့ သူတို့ ကြောက်တယ်ကွ။ ဒါကြောင့် လူငယ်တွေ ဦးကျိုးသွားအောင် ချိုးဖို့ လုပ်တာ"
"အဲလိုဆိုရင် ငါတို့ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်တွေအားလုံး စစ်ကျွန်ဘ၀ရောက်ပြီပေါ့ကွ။ လွှတ်တော်တွင်းမှလဲ ဖားတပိုင်း၊ ငါးတပိုင်းတွေ၊ လွှတ်တော်ပြင်ပမှာလဲ စစ်မှုထမ်းဟောင်းတွေပဲ ဖြစ်ကုန်ပြီပေါ့။ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို ဘယ်လို တည်ဆောက်ကြမှာလဲ"
"တောက်၊ ခံပြင်းတယ်ကွာ"
"ခံပြင်းနေလို့ မပြီးဘူးကွ။ ဒါကို ငါတို့က ငြိမ်ခံနေကြမှာလား။ ငါတော့ကွာ။ စစ်မှုထမ်းပြီး ဦးချိုးခံရ၊ စစ်မြေပြင်မှာ ခွေးသေ၊ ၀က်သေ အသေခံရတာထက်စာရင် မတရားတဲ့ ဒီအမိန့်အာဏာတွေကို ဖီဆန်ပြီး သေရတာကမှ တော်သေးတယ်လို့ မြင်တယ်"
"ဟုတ်တယ်ကွ။ ငါတို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်ကြောင့် ဒီလိုဖြစ်နေရတာ။ ဒီစနစ်ကို မဖယ်ရှားမချင်း ငါတို့ ဘ၀အနာဂတ်တွေ မရေမရာဖြစ်နေဦးမှာပဲ"
"ငါတို့ ဘာလုပ်ကြမလဲ"
"အေး၊ ဟုတ်တယ်။ ငါတို့ တခုခုလုပ်ရမယ်။ ဒါပေမယ့် ငါတို့မှာ အဆက်အသွယ် မရှိဘူးကွ"
"မန္တလေးဘက်မှာတော့ ကျောင်းတုန်းက သူငယ်ချင်းတချို့ရှိတယ်။ သူတို့ကတော့ အင်တာနက်ပေါ်ကနေ ပိုစတာလေးတွေ ရတယ်။ အဲဒါလေးတွေ ပရင့်ထုတ်ပြီး၊ ပိုစတာကင်ပိန်း လုပ်တယ်ကွ"
"မင်းကလဲကွာ။ ပိုစတာကပ်ရုံနဲ့ ဒီအစိုးရက ပြုတ်ကျမှာတဲ့လား"
"အဲလိုတော့ မဟုတ်ဘူးလေကွာ။ တဘက်ရန်သူက အင်အားကြီးတယ်။ ငါတို့ အုပ်စုလေးမှာက လူ ၅ယောက်ပဲ ရှိတာ။ ဒီအတိုင်းပဲ ထွက်တိုက်လိုက်ရင် အင်အားချင်းမမျှဘူးလေ။ ဒီတော့ ပြောက်ကျားတိုက်ပွဲ လုပ်ရမယ်။ ဒီလို လုပ်တာမှာလဲ ငါတို့လိုမျိုး စစ်အာဏာရှင်စနစ်ကို တိုက်ချင်တဲ့ လူတွေအားလုံး ပါဝင်လာအောင် လှုံ့ဆော်ဖို့ ပိုစတာကင်ပိန်း လုပ်ဖို့လိုတယ်"
"ဒါပေမယ့် ငါတို့ဆီမှာ ပိုစတာမှ မရှိတာ"
"သားတို့ ဘာတွေ ပြောနေကြတာလဲ"

အဖေ ၀င်လာသဖြင့် လူငယ်တစု ပြောနေသော စကားဝိုင်း ရပ်သွားသည်။ သူတို့ လူငယ်များ အချင်းချင်းဆွေးနွေးနေသော စကားလုံးများကို အဖေများ ကြားသွားလေသလားဟူသော စူးစမ်းကြည့်ဖြင့် မိုးအေးက လှမ်းကြည့်သည်။ အဖေက ခပ်အေးအေးပင်။
"သားတို့တွေ၊ ပိုစတာလုပ်ချင်လို့လား။ လူငယ်ဆိုတာ မရှိတာကို အကြောင်းပြတာထက်၊ ရှိအောင် ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်းစားရတယ်။ လိုရင်ကြံဆ၊ နည်းလမ်းရပေါ့ကွာ။ သြော်-သား၊ မင်းအမေ သိမ်းထားတဲ့ ပြက္ခဒိန်ဟောင်းတွေ အများကြီးရှိတယ်လေ။ ပြက္ခဒိန် စာမျက်နှာ အလွတ်တဘက်မှာ မင်းတို့ဆွဲချင်တဲ့ ပုံဆွဲပြီး၊ ကြွေးကြော်သံတွေ ရေးလိုက်ရင် ပိုစတာဖြစ်ပြီပေါ့ကွ။ ကွန်ပျူတာတွေ၊ ဂရပ်ဖစ်တွေ မပေါ်တဲ့ ခေတ်တုန်းက အဖေတို့တွေ ဒီလိုပဲ လုပ်ခဲ့ကြတာပဲ"
"အဖေ"
မိုးအေးက ၀မ်းသာအားရဖြင့် လှမ်းခေါ်တော့ အဖေက သားပခုံးကို လှမ်းဖက်လိုက်သည်။
"ပိုစတာသွားကပ်ရင်တော့ သတိထားကြကွာ။ သတိရှိရှိနဲ့လုပ်။ တိုက်ပွဲဖော်တယ်ဆိုတာ သတိရှိရတယ်"

ထူးခြားသော အားအင်တခုက အဖေဆုပ်ကိုင်ထားသော လက်မောင်းများမှတဆင့် မိုးအေးကိုယ်ထဲသို့ စီးဝင်သွားသည်။ အခန်းထဲမှ မိုးအေးသူငယ်ချင်းများတွင်လဲ အပြုံးကိုယ်စီဖြင့်။

မည်သို့ဆိုစေ၊ သေချာသည်ကတော့ မကြာမီရက်ပိုင်းအတွင်းတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ပြက္ခဒိန် ပိုစတာများ မိုးအေးတို့ မြို့လေးတွင် ပျံ့နှံ့သွားပေတော့မည်။ အခြားမြို့များ၊ ရွာများသို့လည်း အဆိုပါ ပြောက်ကျားတိုက်ပွဲလေးများ ဆက်လက်ပျံ့နှံ့သွားပါက …...................................။

တိုက်ပွဲ (၂) – ဗလာစာရွက်၊ ဖြန့်ဝေစာ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ပဲခူးတိုင်း

"မမဆီမှာ ပိုက်ဆံ အပိုနည်းနည်းများ ရှိလားဟင်"
"ဟဲ့၊ မိသူ။ နင်ငါ့ကို ဒီလိုတခါမှ မမေးဖူးပါဘူး။ ဘာဖြစ်လို့လဲ။ အမေက မုန့်ဖိုးမပေးဘူးလား"
"မုန့်ဖိုးတော့ ပေးပါတယ်။ ဒါပေမယ့် ငွေနည်းနည်းလိုနေလို့ပါ"
"မဟုတ်သေးပါဘူးဟယ်။ မိသူ၊ နင်မှန်မှန်ပြောစမ်း။ ဘာလုပ်မလို့လဲ။ နင့်မှာ ရည်းစားရှိနေပြီလား။ ဆယ်တန်းကျောင်းသူ ရည်းစားထားကို မမခွင့်မပြုဘူးနော်"
"မဟုတ်ပါဘူး၊ မမရဲ့။ ရည်းစားမထားပါဘူး။ ညီမလေးက ဒီစာရွက်လေးတွေကို ကော်ပီကူးပြီး ဖြန့်ချင်လို့ပါ"
သူသူ့လက်ထဲမှ စာရွက်လေးတွေကို ကြည့်ပြီး၊ မမမျက်လုံးပြူးသွားသည်။
"ဟဲ့၊ ဒါက စစ်အစိုးရဆန့်ကျင်ရေးကြေငြာချက်တွေပဲ"
"ဟုတ်တယ်မမ။ ညီမလေး ဒါတွေကို ဖြန့်ချင်လို့။ အဲဒါ ကော်ပီဆွဲဖို့ ငွေလိုနေတာ"
"ဘာလို့ လုပ်ချင်ရတာလဲ မိသူရယ်။ နင်အဖမ်းခံရလိမ့်မယ်"
မမရယ်၊ အဖမ်းခံရမှာကို ညီမလေး မကြောက်ပါဘူး။ ညီမလေးတို့ ဘ၀တွေ ဘယ်လောက်ခက်ခဲနေတယ်ဆိုတာ မမအသိဆုံးနေမှာပါ။ မမဆိုရင် အဝေးသင်နဲ့ ဘွဲ့ရပြီးပြီ။ ဒီဘွဲ့လေးရအောင် စတိုးဆိုင်မှာ အလုပ်လုပ်ရင်း မမ ဘယ်လောက် ကြိုးစားခဲ့ရလဲ။ မုဆိုးမအမေလဲ ဘယ်လောက်ရုန်းကန်ခဲ့ရလဲ။ ဟော- ခုဘွဲ့ရတော့ကော မမဘ၀က တိုးတက်လာလား။ မမဘွဲ့ရရင် ရုံးတရုံးမှာ အရာရှိဖြစ်မှာပဲလို့ မျှော်လင့်ချက်လေးနဲ့ အမေ့မှာ ရုန်းကန်ခဲ့ရတာ။ ၀န်ထမ်းရွေးချယ်ရေးက အဝေးသင်ဘွဲ့ရတွေကို အရာရှိအလုပ် မလျှောက်ရဘူးဆိုတော့ ခုမမ ဘာလုပ်နေရလဲ။ မနက်မှာ စတိုးဆိုင်အရောင်းစာရေး၊ ညနေမှာ စားသောက်ဆိုင် အဆိုတော်။ ခုညီမလေး ဆယ်တန်းအောင်ပြီးရင်ကော၊ ဘာဖြစ်လာမှာလဲ။ ဘယ်မှာလဲ ညီမလေးတို့ ကျောမွဲကျောင်းသူတွေရဲ့ အနာဂတ်"

သူသူ့ အပြောကြောင့် မမ ငိုင်သွားသည်။ ဘွဲ့ရရင်တော့ ဘ၀ အပြောင်းအလဲလေး တစုံတရာဖြစ်မလားလို့ မမ မျှော်လင့်ခဲ့ဖူးသည်။ သို့ပေမယ့် ဘ၀ပြောင်းဖို့နေနေသာသာ၊ မယိုင်လဲအောင်တောင် မနည်းထိန်းနေရသည်။ အမေမျှော်လင့် ခဲ့သလို၊ ရုံးအရာရှိဖြစ်ဖို့ဝေးစွ။ ရုံးစာရေးအလုပ်ပင် အဆက်အသွယ်ကောင်းရှိမှ ရသည်တဲ့။ ဖခင်ကလဲ မရှိ၊ ဆွေမျိုး သားချင်းလဲ မရှိသော မုဆိုးမအမေနှင့် ညီအစ်မနှစ်ယောက်ဘ၀မှာ ဘယ်လိုအဆက်အသွယ် ရှိပါမည်တဲ့လဲ။ စားသောက်ဆိုင် အဆိုတော် အလုပ်လေး ရတာတောင် ကံကောင်းပေလွန်းလို့။

"မမရယ်။ ညီမလေးတို့ဘ၀တွေ ဒီလိုနဲ့ပဲ အဆုံးသတ်ရတော့မှာလားဟင်။ ညီမလေးတို့ မရေရာ၊ မသေချာ ဘ၀နဲ့ပဲ မဆုံးချင်ဘူး။ ကျောင်းမှာလဲ ကျူရှင် မတက်နိုင်တော့ သိပ်မျက်နှာငယ်တာပဲ။ ဒီကြားထဲ ရေအိုးဖိုး၊ တံမြက်စည်းဖိုး၊ အချိန်ပိုဖိုး၊ ဆရာကန်တော့ပွဲအလှူငွေဆိုပြီး တမျိုးပြီးတမျိုးတောင်းကြသေးတယ်။ ဟိုနေ့တုန်းကဆို အေတန်းက ဗိုလ်မှူးသမီး တယောက်က ညီမလေးတို့ကို မဆီမဆိုင်ချိုးချိုးဖဲ့ဖဲ့လာပြောလို့ ညီမလေးတို့ ဘီတန်းက ကျောင်းသူတွေနဲ့ စကားများကြတယ်။ ဆရာမတွေက ဘာလုပ်လဲသိလား မမ။ အကောင်သမီးနဲ့ ရန်ဖြစ်လို့တဲ့။ ညီမလေးတို့ကို ရိုက်ပြီး သူ့ကိုတောင်းပန်ခိုင်းတယ်။ ညီမလေးတို့ဘ၀တွေက ဘာဖြစ်နေပြီလဲဟင်။ ဘယ်မှာလဲ။ ကျောင်းသားတွေရဲ့ တန်းတူညီမျှ အခွင့်အရေး။ ဘယ်မှာလဲ။ ကျောင်းသားတွေရဲ့ အနာဂတ်ပန်းတိုင်"

သူသူက ပြောရင်း မျက်ရည်များကျလာသည်။ မမလဲ မျက်ရည်ကို မနည်းထိန်းထားရသည်။ ဆိုင်မှာ ပြောနေကြသော ဇိုင်းဂနိုင်း လူသတ်ပွဲကို သတိရလာသည်။ စားသောက်ဆိုင်ကအပြန် လူငယ်ချင်းရန်ဖြစ်တာကို တဘက်စစ်ဗိုလ်က စစ်တပ်ခေါ်လာပြီး လမ်းမပေါ်မှာတင် လူငယ်တွေကို ပစ်သတ်သတဲ့။ မမတို့ တိုင်းပြည်ကြီး ဘာဖြစ်နေပြီလဲ။ ရောမခေတ်ကလို ကျွန်ဇာတ်သွင်းခံနေရပြီလား။ ဒါဆို ဘယ်သူတွေက သခင်တွေလဲ။ ဘယ်သူတွေက ကျွန်တွေလဲ။ ပြည်သူလူထုက စစ်အာဏာရှင်တွေရဲ့ ကျွန်တွေ ဖြစ်နေပြီလား။

"ညီမလေးကို ပိုက်ဆံနည်းနည်းပေးပါ မမရယ်။ ကော်ပီဆွဲပြီး၊ ကြေငြာချက်လေးတွေ သွားဖြန့်ချင်လို့ပါ"

"မမဆီမှာလဲ ငွေပိုငွေလျှံ သိပ်မရှိဘူး သူသူ။ ပြီးတော့ ကော်ပီသွားဆွဲတုန်း ကော်ပီဆိုင်က အစိုးရလူတွေကို သတင်းပေးလိုက်ရင် ဘယ်လို လုပ်မလဲ။ ဒီလိုလုပ်ပါလား။ မမတို့ ရှိတဲ့ ပိုက်ဆံလေးတွေနဲ့ ဗလာစာအုပ်လေးတွေ ၀ယ်မယ်လေ။ ပြီးရင် အချိန်အားတွေမှာ ဗလာစာရွက်တွေပေါ်မှာ ကူးရေးမယ်။ မမသူငယ်ချင်းတွေကိုလဲ ကူရေးခိုင်းမယ်၊ သူသူ့သူငယ်ချင်းတွေကိုလဲ ကူရေးခိုင်း။ ပြီးရင် စုပြီး ဖြန့်မယ်လေ"

"ကောင်းတယ်မမ။ အဲဒါကောင်းတယ်။ ညီမလေးက ငွေမရှိလို့ စိတ်ဆင်းရဲနေတာ။ ခုလိုဆို ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ ကြေငြာချက်တွေ ဖြန့်လို့ ရပြီပေါ့နော် မမ"

သူသူက မျှော်လင့်ချက်မျက်ဝန်းလေးများဖြင့် ၀မ်းသာအားရ ပြောသည်။ မမလည်းပျော်ပါသည်။ အချိန်အားရတာနှင့် ကြေငြာချက်စာလေးများကို ဗလာစာအုပ်ထဲမှာ ကူးပြီး စာရွက်လေးတွေ လိုက်ဖြန့်မည်။ သူငယ်ချင်းများကိုလဲ ကူးပြီး ဖြန့်ခိုင်းမည်။ ငွေမရှိလို့ စစ်အာဏာရှင်စနစ်ကို မတိုက်နိုင်တာ မဖြစ်စေရ။ ဗလာစာရွက်၊ ဖြန့်ဝေစာများဖြင့် စစ်အစိုးရကို တိုက်မည်။ ဗလာစာရွက်၊ ဖြန့်ဝေစာလေးများ တပြည်လုံးအနှံ့၊ ပျံ့နှံ့သွားသော တနေ့မှာ …............................။

တိုက်ပွဲ (၃) - နှုတ်ခမ်းနီ လှုံ့ဆော်စာ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်

"ဟဲ့။ ကျော်အောင်။ သား ဒါဘာလုပ်နေတာလဲ"

ကျောင်းသို့ အစောကြီးလာပြီး၊ ပြတင်းပေါက်မှန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်စာများ လိုက်ကပ်နေသော ကျော်အောင်တယောက်၊ နောက်မှ အသံကြောင့် ရုတ်တရက်လန့်သွားရသည်။ လှည့်ကြည့်လိုက်တော့ ကျော်အောင်တို့ ဌာနမှ ကထိက ဆရာမ။
"ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာပါ ဆရာမ"
"ကဲလာလာ၊ ဆရာမတို့ ကင်တင်းဘက်သွားရအောင်၊ ဒီနားမှာ ရပ်နေလို့ သိပ်မကောင်းဘူး"

ပြောပြောဆိုဆိုဖြင့် ဆရာမက ကင်တင်းဘက်ထွက်သွားတာကြောင့် ကျော်အောင်လဲ ဆရာမနောက်သို့ လိုက်သွားရသည်။

"ဘာလို့ ဒီလို လုပ်ရတာလဲ သားရယ်။ သားက စာလဲတော်တယ်။ မိဘတွေ မရှိတော့ပေမယ့် ကိုယ့်ထူးကိုယ်ချွန်ကြိုးစားရင်း အလုပ်လုပ်နေရတာ။ ဆရာမနဲ့ တွေ့တာမဟုတ်ပဲ တခြားလူတွေနဲ့ တွေ့သွားရင် သားဘ၀ပျက်သွားမှာပေါ့"
"ကျွန်တော်တို့ လူငယ်တွေရဲ့ ဘ၀တွေက ပျက်ပြီးသားပါ ဆရာမရယ်။ ဒီလိုကျောင်းတက်နိုင်အောင် ကျွန်တော် ဘာလုပ်နေရတယ်လို့ ဆရာမထင်လဲ"
"သားပြောမှ ဆရာမသိမှာပေါ့"
"ကျွန်တော်ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ် မတက်ခင် အလုပ်ရှာတယ်ဆရာမ။ အလုပ်က လွယ်လွယ်ကူကူ မရဘူး။ နောက်တော့ အသိတယောက်အဆက်အသွယ်နဲ့ လိုင်စင်မဲ့ဆိုင်ကယ်သွင်းတဲ့ အလုပ်ရတယ်။"
"လိုင်စင်မဲ့ဆိုင်ကယ်။ ဒါဆို ဥပဒေနဲ့ ဘယ်ကင်းပါ့မလဲ"
ဆရာမက အံ့သြတကြီးနှင့် ကျော်အောင့်ကို ကြည့်သည်။

"ဟုတ်တယ်ဆရာမ။ ယိုးဒယားဘက်ကနေ ဆိုင်ကယ်ပစ္စည်းတွေသွင်း၊ ပြန်ဆင်ထားတဲ့ ၀စ်ဒေါက် တွေလေ။ ကျွန်တော်တို့က ဆင်ပြီးသားဆိုင်ကယ်တွေကို တောင်ကြီးအထိ သွားမောင်းယူပေးရတာ"
"အန္တရာယ်များလိုက်တာဟယ်"
"ဟုတ်တယ်ဆရာမ။ အန္တရာယ်များပါတယ်။ ဒါပေမယ့် ငွေလွယ်လွယ်ရတော့ ဒီအလုပ်တွေထဲမှာ လူငယ်တွေ အများကြီးပဲ။ ဆိုင်ကယ်တင်မဟုတ်ဘူး ဆရာမ။ ရာဘဆေးတွေ သွင်းတဲ့လိုင်းတွေ၊ ကားတွေသွင်းတဲ့လိုင်းတွေ အများကြီးရှိတယ်။ ဒါတွေကို ဘယ်သူတွေက လုပ်နေတယ်ထင်လဲဟင် ဆရာမ။ အကျင့်စာရိတ္တမြင့်မားရေးဆိုတာကို လူမှုရေးဦးတည်ချက်ထဲ ထည့်ထားတဲ့ စစ်အာဏာရှင်တွေ ကိုယ်တိုင် လုပ်နေကြတာ။ ကျွန်တော်တို့ကို အဲဒီပခုံးကြယ်ပွင့်ပါ ပုဂ္ဂိုလ်တွေနဲ့ ဆွေမျိုးသားချင်းတွေက ခိုင်းနေကြတာဗျ။ သူတို့အချင်းချင်း စားကျက်လုပြီး သူ့လူ၊ ကိုယ့်လူစားကြရင်လဲ ကျွန်တော်တို့ လူငယ်တွေက မဖြစ်စလောက်ငွေလေးတွေနဲ့ ကြားကနေ ထောင်ကျခံကြရတာပါ"

ဆရာမက ဂရုဏာမျက်လုံးဖြင့် လှမ်းကြည့်နေရုံမှတပါး ဘာမှ ဆက်မပြောနိုင်ဖြစ်သွားသည်။
"ဒီစစ်အာဏာရှင်တွေလက်အောက်မှာ ကျွန်တော်တို့ တိုင်းပြည်ကြီးရဲ့ စီးပွားရေးကဏ္ဍကြီးတခုလုံး ခြွတ်ခြုံကျ ပျက်စီးနေတာကို ပညာတတ်ကထိကကြီးဖြစ်တဲ့ ဆရာမက ပိုပြီး သိမှာပါဗျာ။ စီးပွားရေးလုပ်ငန်းတွေကို ဘယ်သူတွေက လုပ်နေကြတာလဲ။ တရားဝင်စီးပွားရေး လုပ်ငန်းတွေမှာလဲ စစ်အာဏာရှင်တွေနဲ့ ဆွေမျိုးသားချင်းတွေ၊ နီးစပ်ရာတွေက ချုပ်ကိုင်ထားကြတာပါ။ တရားမ၀င်စီးပွားရေး လုပ်ငန်းတွေမှာလဲ သူတို့နဲ့ ဝေစားမျှစား လုပ်နိုင်သူတွေကပဲ ချုပ်ကိုင်ထားကြတာပါ။ ပြည်သူတွေဆိုတာက လက်ဝေခံတွေပါ။ ကျွန်တော်တို့ တိုင်းပြည်ကြီးတခုလုံး နွံနစ်နေပြီ ဆရာမ။ အဲဒီနွံထဲမှာ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်တွေပါ မြှုပ်နေပြီ။ ကျွန်တော်တို့ ဘယ်လို ရုန်းထွက်ရမလဲ။ ဒီစစ်အာဏာရှင်တွေကို မဖြုတ်ချပဲ ကျွန်တော်တို့ တိုင်းပြည်ကြီးကို ဘယ်လိုတည်ဆောက်လို့ ရမှာတဲ့လဲ။ ကျွန်တော်တို့ရဲ့ ဘ၀တွေကို ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနဲ့ ဘယ်လို ရုန်းကန်လို့ ရမှာတဲ့လဲ။ တက္ကသိုလ်ပရ၀ုဏ်တွေအထဲထိ ရောက်နေတဲ့ နှစ်လုံးထီ၊ သုံးလုံးထီတွေ၊ ရာဘဆေးတွေ၊ စာကူးချပညာရေးစနစ်တွေ၊ အမှတ်ဝယ်စနစ်တွေကို ကျော်လွှားပြီး ဆရာမတို့ကကော ဘယ်လို ပညာရေးအဆင့်အတန်းကို မြှင့်တင်နိုင်မှာတဲ့လဲ"

တက္ကသိုလ်ကျောင်းတော်ကြီးမှ သင်ကြားထားပေးခြင်းမရှိသော ပကတိအရှိတရား ဘ၀ပညာများကို ရရှိထားသော တပည့်ငယ်ကို ကြည့်ရင်း ဆရာမ ငိုင်သွားမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် တပည့်လေးကို သတိကြီးကြီးနှင့် လုပ်စရာရှိတာများလုပ်ဖို့ သတိပေးရသည်။ တပည့်ငယ်နှင့် လမ်းခွဲပြီးချိန်အထိ ကျောင်းသူကျောင်းသားများ၊ ဆရာမများက ကျောင်းပရ၀ုဏ်တွင်းမှ သိပ်မရှိသေးကြ။

ပြတင်းပေါက်မှန်တခုပေါ်မှာ ကြွေးကြော်သံများပါသော စာရွက်လေးကို ကြည့်ရင်း သူမ ပြုံးမိသည်။ ပြီးတော့ သူမအိတ်ထဲမှ နှုတ်ခမ်းနီတောင့်လေးကို ထုတ်ပြီး စာရွက်မကပ်ထားသော ပြတင်းမှန်များပေါ်တွင် စစ်အစိုးရဖြုတ်ချရေး- ဒို့အရေး ဟု လိုက်ရေးလိုက်မိသည်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ဆေးရန်အဖြေလွှာတချို့ ရုံးခန်းထဲ ကျန်ခဲ့တာမို့ ကျောင်းစောစောလာခဲ့မိတာကို ကိုယ့်ဘာသာကိုယ် ကျေနပ်မိတာတော့အမှန်။ လှုံ့ဆော်စာ စာရွက်များ လက်ထဲမှာ မရှိပေမယ့် သူမတို့ မိန်းကလေးများရဲ့ ပိုက်ဆံအိတ်တွေထဲမှာ နှုတ်ခမ်းနီတောင့်များ ကိုယ်စီဆောင်ထားလေ့ရှိပါသည်။ အဆိုပါ နှုတ်ခမ်းနီလေးများဖြင့် လူအများမြင်နိုင်သော မှန်များပေါ်တွင် လှုံ့ဆော်စာများ လိုက်ရေးထားပါက နှုတ်ခမ်းနီ လှုံ့ဆော်စာများကလဲ တနည်းတဖုံဖြင့် လူထုလှုပ်ရှားမှုကို ထောက်ကူပြုမည် မလွဲ............။

တိုက်ပွဲ (၄)- ကြက်ခြေခတ်၊ ဆန္ဒဖော်ထုတ်ပွဲ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ဧရာဝတီတိုင်း

"မမ၊ ကော်ဖီသောက်ပါဦးရှင့်"
သူနာပြုဆရာမ ဖျော်ပေးသော ကော်ဖီကို ဟန်ပင်မဆောင်နိုင်တော့ပဲ အားရပါးရ မော့ချလိုက်မိသည်။
"သြ၀ါဒခံယူပွဲ အဆင်ပြေရဲ့လား မမ"
"နော်ဆေးရယ်။ မသိတာလဲ မဟုတ်ပဲနဲ့၊ မေးနေသေးတယ်။ တို့လဲ လူနာတွေ ဆေးကုချင်လို့ ဆရာဝန်လုပ်တာပါဟယ်။ သူတို့နဲ့ကျမှပဲ ကိုယ့်ဘာသာကိုယ် ဆရာဝန်လား၊ မူလတန်းကျောင်းသူလားဆိုတာ မသိတော့ဘူး။"
"တိုးတိုးပြောမမ။ တော်ကြာ ဟိုကြံ့ဖွတ်သူနာပြုမ ကြားသွားလို့ တိုင်နေဦးမယ်"
"အမယ်လေး။ တိုင်စမ်းပါစေဟယ်။ နယ်ပြောင်းခံရရုံမကလို့ အလုပ်ထုတ်ခံရရင်တောင် တို့မှာ နားအေးပါးအေး နေရဦးမယ်။ ခုတော့ တခါလာ ၀န်ကြီး၊ တခါလာ ဒုဝန်ကြီး၊ တခါလာ တိုင်းမှူးနဲ့ တယောက်ပြီးတယောက်လာပြီး သြ၀ါဒပေးနေကြတာ။ တို့မှာ အလုပ်ပျက်၊ အကိုင်ပျက်နဲ့။ ဒီကြားထဲ သူတို့အလာမှာ လက်အုပ်လေးတွေ ချီပြီ ကြိုရသေးတယ်။ ဘယ်နဲ့ဟယ်။ လူ့အသက်ကယ်တဲ့ လက်ဆိုပြီး ကိုယ့်ဘာသာကိုယ်ကျေနပ်နေတာ။ ခုမှပဲ လူသိရှင်ကြား လူသတ်သမားတွေကို လက်အုပ်ချီနေရတယ်။ ကိုယ့်လက်ကိုတောင် ကိုယ် မသတီတော့ဘူး"
"မမ။ ဒီနေ့ တခုခုဖြစ်လာတယ်ထင်တယ်။ ဒီလိုပြောတာ တခါမှ မကြားဖူးဘူး"
"ဘာမှမဖြစ်လာပါဘူးနော်ဆေးရယ်။ တို့စိတ်ကုန်နေတာကြာပြီ။ ပြောမထွက်ပေမယ့် ရင်ထဲမှာ မခံချင်စိတ်တွေ အပြည့်ပဲ။ ရှစ်လေးလုံးတုန်းက ဆေးရုံထဲ ၀င်ပစ်တာတွေ သိပြီးကတည်းက သူတို့ မျက်နှာတွေကို မြင်ရရင် မျက်စိထဲ ဆံပင်မွှေးစူးသလို ခံစားနေရတာ"
"မမတောင် ဒီလိုခံစားရရင် နော်ဆေးတို့ဆို ပိုဆိုးတာပေါ့ မမရယ်။ ရွာမှာတုန်းကဆိုရင်လေ သူတို့ဝင်လာပြီဆိုရင် ဘယ်သူအသတ်ခံရမလဲ၊ ဘယ်သူ မုဒိမ်းကျင့်ခံရမလဲဆိုပြီး တထိတ်ထိတ်နဲ့ နေကြရတာ။ ကလေးတောင် သူတို့လာပြီပြောရင် အငိုတိတ်တယ်။ အဲလောက်ထိ ရမ်းကားကြတာ။ အပြစ်မဲ့ လူတွေကို အပြစ်ရှာပြီး သတ်ဖြတ်တာ၊ ရွာမီးရှို့တာတွေ မြင်ရ၊ ကြားရဖူးတော့ သိပ်မုန်းတာပဲ မမရယ်။ အမှန်ပြောရရင် မြို့ပေါ်မှာ ဗမာဆို မုန်းနေတာ"
"မမလဲ ဗမာပါပဲ နော်ဆေးရယ်။ မမတို့ ဗမာတွေက နော်ဆေးတို့တွေကို ဒီလိုလုပ်နေတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက လူမျိုးပေါင်းစုံ ပါဝင်နေတဲ့ စစ်တပ်ကို ထိန်းချုပ်ပြီး လုပ်နေကြတာပါ။ တကယ်တမ်းကျတော့ ဗမာလူမျိုးတွေအပါအ၀င် တိုင်းရင်းသား ပြည်သူတွေအားလုံးက စစ်အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်ခံနေကြရတာပါ"
"ဟုတ်ပါမယ် မမ။ မမတို့နဲ့ နာဂစ်ကယ်ဆယ်ရေး လိုက်မိတော့မှ နော်ဆေး သဘောပေါက်သွားတာပါ။ နော်ဆေးတို့ တိုင်းရင်းသားတွေကိုတင် သတ်ဖြတ်နှိပ်စက်နေတာမှ မဟုတ်ပဲ။ ဗမာလူမျိုးတွေကိုလဲ ဖိနှိပ်လိုက်ကြတာနော်။ ကူညီကယ်တင်မယ့် လူတွေကိုလဲ တိုင်းပြည်ထဲ အ၀င်မခံဘူး။ ဒုက္ခဆင်းရဲ ရောက်နေကြသူတွေကိုလဲ မစောင့်ရှောက်ဘူး။ ဒီကြားထဲ မနေနိုင်လို့ အလောင်းတွေစုပြီး သဂြိုလ်ပေးသူတွေကိုလဲ ဖမ်းလားဆီးလားနဲ့"
"ကျန်းမာရေးစောင့်ရှောက်သူတယောက်အနေနဲ့ ဒီအကြောင်းတွေကို ပြန်ကြားရတိုင်း၊ ပြန်တွေးမိတိုင်း အော့နှလုံးနာမိတယ် နော်ဆေးရယ်။ အရေးထဲ သေစာရင်းလူနာမည်တွေကို သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံမဲထည့်တဲ့ စာရင်းထဲ လိုက်ထည့်နေတာက တမျိုး"
"ဟုတ်တယ်မမရယ်။ ဒါလား လူထုဆန္ဒ။ မုန်တိုင်းရောက် တမလွန်ရောက်သွားသူတွေရဲ့ အလောင်းတွေကိုကျတော့ ပုပ်ပွနေမှ သဂြိုလ်ကြပြီး၊ ဒီလူတွေရဲ့ နာမည်တွေကိုကျတော့ ထောက်ခံမဲထည့်တဲ့ စာရင်းထဲ ထည့်ထားတာကို လူထုဆန္ဒ အပြည့်အ၀ ရထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ ပြောနေတာများ၊ သူတို့မို့ မရှက်မကြောက်"
"ဟိုတလောက ရွေးကောက်ပွဲကကော ဘာထူးလို့လဲ နော်ဆေးရယ်။ ကြိုတင်မဲတွေ လိုက်ကောက်ကြတာပဲလေ။ တို့တွေအားလုံး ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်ခွင့်မှ မရခဲ့ကြတာ"
"အဲဒီတုန်းက ဖော်ထုတ်ခွင့် မရပေမယ့် အချိန်တော့ မနှောင်းသေးဘူး မမ။ နော်ဆေးတို့တွေ သူတို့လုပ်ရပ်တွေကို လက်မခံဘူးဆိုတဲ့ ဆန္ဒအစစ်အမှန်ကိုတော့ တနည်းနည်းနဲ့ ဖော်ထုတ်ကြရမယ်"
"ပြောပါဦးနော်ဆေး။ နော်ဆေးက ဘယ်လိုနည်းတွေ တွေ့ထားလို့လဲ"
"အထွေထွေ သပိတ်မပေါ်သေးပေမယ့် ပြောက်ကျားတိုက်ပွဲလှုပ်ရှားမှုတော့ လုပ်လို့ရမယ်ထင်တယ် မမ"
"ပြောက်ကျားနည်းဆိုလို့ လူတိုင်းအလွယ်တကူ ပါဝင်နိုင်တဲ့ နည်းတွေနဲ့ စသင့်တယ်ထင်တယ်"
"ဟုတ်တယ် မမ။ ဥပမာ- သတင်းစာတွေ၊ ဂျာနယ်တွေထဲက အစိုးရဦးတည်ချက်ဆိုတာတွေ၊ ကြွေးကြော်သံတွေကို ကြက်ခြေခတ်ပြီး ဆန္ဒဖော်ထုတ်တာကတော့ လူတိုင်းအလွယ်တကူ လုပ်လို့ရတယ်။ အဲဒီကြက်ခြေခတ်ထားတဲ့ သတင်းစာဖြတ်ပိုင်းတွေကို သစ်ပင်တွေ၊ အုတ်နံရံတွေမှာ လိုက်ကပ်ထားလို့လဲ ရတယ်။ ရုံးတွေ၊ ဆိုင်တွေမှာလဲ ဖတ်ပြီးရင် မသိမသာ ကြက်ခြေခတ်ထားလိုက်ရင် နောက်လူက မြင်သွားမှာပဲ"
"ဟုတ်တယ်။ ဒါလဲ လှုပ်ရှားမှုတခုပဲ။ အခြေအနေ၊ အချိန်အခါကြည့်ပြီး လူတိုင်းပါလို့ရတယ်။ ဆန္ဒအစစ်အမှန်ကို ကြက်ခြေခတ်သင်္ကေတနဲ့ ဖော်ထုတ်ပြလို့ရတယ်"
ဒေါက်တာကြူကြူက ပြောရင်းဆိုရင်း၊ သူမရှေ့မှာရှိသော ကျန်းမာရေးစာစောင်၊ မဂ္ဂဇင်းများမှ ဦးတည်ချက်စာမျက်နှာများကို ကြက်ခြေခတ် စလုပ်ချိန်တွင် နော်ဆေးကလဲ ဆေးရုံထဲမှ သတင်းစာများကို သွားယူလေတော့သည်။ ကြက်ခြေခတ် သင်္ကေတများပါသော သတင်းစာများ၊ စာစောင်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများဖြင့် စစ်မှန်သော ဆန္ဒကို ဖော်ထုတ်ကြသည့် တိုက်ပွဲများ လူထုကြားသို့ ပျံ့နှံ့လာခြင်းဖြင့်................................။

တိုက်ပွဲ (၅)- အမှောင်တိုက်ပွဲ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ရန်ကုန်တိုင်း

"တောက်။ မီးကပျက်ပြန်ပြီကွာ"
ဦးစိတ်တို၏ တောက်ခေါက်သံက အမှောင်နှင့် အတူ ထွက်ပေါ်လာသည်။ အကြောင်းသိသော သားနှင့် သမီးကလဲ အခန်းထဲက ထွက်လာကြသည်။ မီးပျက်လျှင် ဖယောင်းတိုင်ခြွေတာသည့်အနေဖြင့် မိသားစုအားလုံး အခန်းတခန်းထဲမှာပဲ စုနေကြသည်။ စာကျက်သူကလဲ ၀ါကျင့်ကျင့် ဖယောင်းတိုင်မီးရောင်လေးဖြင့် စာကျက်ကြရသည်။ ဖခင်၏ လုပ်စာလေးတခုတည်းနှင့် တအိမ်လုံးစားနေကြရသော မိသားစုလေးအတွက် သူများတွေလို အက်ဗာတာ အိပ်မက်တွေလဲ မမက်နိုင်ပါ။
"အမယ်လေး၊ လာကြပါဦးတော်"
အိမ်နောက်ဖေးဘက်မှ အသံကြားတော့ သားသမီးနှစ်ယောက်က ပြုံးကြသည်။ ဦးစိတ်တိုက ပုဆိုးကို ခပ်တိုတိုပြင်ဝတ်ရင်း ပါးစပ်က တတွတ်တွတ် ရေရွတ်သည်။
"ဒီမိန်းမကွာ။ ကလေးပဲ နှစ်ယောက်ရနေပြီ။ ခုထိ သရဲကြောက်တုန်း"
မကျေမနပ်ဖြင့် ရေရွတ်မိပေမယ့် ထုံးစံအတိုင်း နောက်ဖေးအိမ်သာမှ ပြန်ထွက်လာသော မိန်းမဖြစ်သူကို ဖယောင်းတိုင်လေးဖြင့် သွားကြိုရပြန်သည်။
"ရှင်ကလဲတော်။ မှောင်မှောင်မည်းမည်းကြီးကို။ ကျုပ်ကြောက်တာပေါ့"
အိမ်ထဲပြန်ရောက်လာတော့ ဒေါ်ပိစိကလဲ ထုံးစံအတိုင်း အရှက်ပြေပြောသည်။ ကြားနေကြ စကားမို့ ဘယ်သူမှ ဘာမှ ပြန်မပြောကြ။

"ငါတို့ဘ၀တွေလဲ ဘယ်တော့များကျမှ အမှောင်ထဲက လွတ်မလဲ မသိပါဘူးကွာ"
"ရှင်က ဘယ်အမှောင်ကို ပြောနေတာတုန်း"
"သြော်- ဒီမိန်းမ။ မီးမှောင်တာကို ပြောတာပေါ့။ ငါ့မှာ တနေ့လုံး အလုပ်က ပင်ပန်းလာပြီး အပျင်းပြေစာအုပ်လေး ဖတ်ချင်တာတောင် မဖတ်ရဘူး။ မီးက ပျက်ပြီ"
"သိပါဘူးတော်။ ဈေးမှာ ဟိုကောင်မတွေ ပြောသံကြားတာတော့ အမှောင်က နှစ်မျိုး ရှိတယ်တဲ့။ မီးမလာတဲ့ အမှောင်က တမျိုး။ နောက်တမျိုးက စစ်အစိုးရရဲ့ လက်အောက်မှာ တိုင်းပြည်တခုလုံးကျနေတာကလဲ အမှောင်ထဲ ရောက်နေတာပဲတဲ့"
"ဟ။ မင်းတို့က နိုင်ငံရေးပြောနေကြတာလား"
"နိုင်ငံရေးဆိုတာလဲ ကျုပ်တို့အရေးပါပဲ တော်ရယ်။ ကျုပ်တို့နိုင်ငံကြီးတိုးတက်မှ ကျုပ်တို့ရဲ့ ဘ၀တွေလဲ တိုးတက်မှာပေါ့တော်။ ခုတော့ ကျုပ်မှာလေ၊ ဈေးရောင်းတာတောင် အေးအေးဆေးဆေး မရောင်းရဘူး။ ဈေးခေါင်းတွေ ကြောက်ရ၊ စည်ပင်တွေ ကြောက်ရနဲ့။ ဒီကြားထဲ ဈေးတွေက တက်တော့ အမြတ်မရပဲ အရင်းထဲက မပါသွားအောင်တောင် မနည်းပြောရောင်းနေရတာ။ ခုဆို ကျုပ်ဘုရားရှိခိုးရတာတောင် စိတ်မဖြောင့်ဘူးတော်။ ငါးပါးသီလခံပြီး အလေးခိုးနေရတာ မကောင်းပါဘူးရှင်"
"ငါတို့လဲ မထူးပါဘူးကွာ။ ဒီခေတ်ကြီးမှာ ရုံးကားမောင်းတယ်ဆိုတာနဲ့ ဆီခိုးတာနဲ့က ဒွန်တွဲနေတာပဲ။ ဒီလိုမှ မလုပ်ရင်လဲ လခက လောက်မှ မလောက်တာ"
"တခါတလေ၊ ကျုပ်စဉ်းစားမိတယ်။ ကလေးတွေကြီးလာရင် စာရိတ္တကောင်းဖို့ သင်ပေးရမှာလား၊ အနေအစားချောင်အောင် ဘာမဆိုလုပ်ဖို့ သင်ပေးရမှာလားလို့"
"ဟေ"
ဦးစိတ်တို ငိုင်သွားသည်။ အလင်းရောင်ဖျော့ဖျော့ကြားမှ သူ့မိန်းမမျက်နှာကို ပြန်ကြည့်မိသည်။
"ကျုပ်တကယ်ပြောနေတာ။ ကျုပ်လေ၊ စိတ်မကောင်းဘူး သိလား။ ဈေးထဲမှာ ပြောနေကြတာတော့ ဒါတွေဟာ စစ်အစိုးရကြောင့်တဲ့။ အုပ်ချုပ်သူတွေကိုယ်တိုင်က စာရိတ္တတွေ ချို့ယွင်းပြီး တိုင်းပြည်ဘဏ္ဍာခိုးစားနေကြမှတော့ တတိုင်းပြည်လုံးမှာလဲ သူခိုးကြီး၊ သူခိုးလေးတွေ ပြည့်နေတော့မှာပေါ့တဲ့"

စကားဝိုင်းက အတန်ကြာတိတ်ဆိတ်သွားသည်။ ကလေးများလဲ စာဖတ်ရင်း စားပွဲပေါ်မှာ မှောက်အိပ်နေကြသည်။ ဦးစိတ်တိုက ငုတ်တုတ်ထိုင်နေသည်။ ဒေါ်ပိစိကလဲ နံရံမှီပြီး ငိုက်နေသည်။
"ဟော- မီးလာပြီတော့"
မီးပြန်လာသဖြင့် ဒေါ်ပိစိက ၀မ်းသာအားရ ဖြစ်သွားသည်။
"မီးခလုတ်တွေ သွားပိတ်လိုက်စမ်း"
"ရှင်ဘာပြောတယ်"
"ဟုတ်တယ်။ မီးခလုတ်တွေကို ပိတ်ပစ်လိုက်။ ဒီနည်းနဲ့ ငါတို့တိုင်းပြည်ကို ကယ်တင်ရမယ်"
ဒေါ်ပိစိက အလန့်တကြားဖြင့် ဦးစိတ်တိုကို ကြည့်သည်။
"ငါတို့တွေက သူတို့မီးဖြတ်ရင် မီးမလာဘူးဆိုပြီး စိတ်ညစ်၊ သူတို့မီးပေးရင် မီးလာပြီဆိုပြီး ပျော်နဲ့ သူတို့ခြယ်လှယ်သမျှ ငုံ့ခံနေမှတော့ တတိုင်းပြည်လုံး သူတို့လက်ထဲ ရောက်နေတာ ဆန်းသလားကွ။ ဒီတော့ အာဏာဖီဆန်ရမယ်။ သူတို့မီးပေးတဲ့ နေ့တွေမှာလဲ တတ်နိုင်သမျှ အမှောင်ချပြီး အာဏာဖီဆန်ရမယ်။ မီးမပေးတဲ့ နေ့တွေမှာလဲ မီးပေးဖို့ လျှပ်စစ်ရုံးတွေကို သွားဝိုင်းပြီး တောင်းဆိုရမယ်။ မင်းလဲဒါကို ဈေးထဲမှာပြော။ ငါလဲ လူတွေကို ပြောမယ်။ ဒီလိုအာဏာဖီဆန်တဲ့ တိုက်ပွဲတွေနဲ့မှ ငါတို့ တိုင်းပြည်တခုလုံး အမှောင်ကျနေတာကို ကယ်နိုင်မှာပေါ့ကွ"

ဦးစိတ်တိုစကားဆုံးတော့ ဒေါ်ပိစိက မီးခလုတ်ကို အမြန်သွားပိတ်လိုက်သည်။ အာဏာဖီဆန်သည့် အမှောင်တိုက်ပွဲစလေပြီ။ မတရားသည့် အမိန့်အာဏာဟူသမျှကို တတ်နိုင်သည့်နည်းလမ်းဖြင့် ဖီဆန်သည့် တိုက်ပွဲများ တနိုင်ငံလုံးကို ပျံ့နှံ့သွားခြင်းဖြင့်...........။

ပြောက်ကျားတိုက်ပွဲများမှသည်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆီသို့



ခင်မမမျိုး (၂၆၊ ၃၊ ၂၀၁၁)


ပို့ပေးလာသော ခင်မမမျိုးကို ကျေးဇူးတင်ပါတယ်။

ဘောင်မပါတဲ့ မျက်မှန်တလက် သူငယ်ချင်းအတွက် လက်ဆောင်


သူငယ်ချင်း
မင်းဟာစက်ရုပ်
ခလုတ်ကို သူတို့ကိုင်ထားတယ်။

သူငယ်ချင်း
မင်းဟာစာခြောက်ရုပ်
ကောက်ရိုးမျှင်အစုတ်တွေ
မင်းအသွေးအသားလေလား။

သူငယ်ချင်း
မင်းဟာကြေးစား
တန်ဖိုးများစွာထိုက်တဲ့
မင်းရဲ့ ဦးနှောက်ကို
အပြောချိုချိုနဲ့
သူတို့ဖေါက်ထုတ်နိုင်ခဲ့တယ်။

ဒါမှမဟုတ်
အချပ်နှောင်မှုကင်း
မင်းဦးနှောက်အတွင်းမှာ
မှားယွင်းခိုင်မာသော သစ္စာရှိမှု
ပြုစုထုဆစ်
သူတို့ ထည့်ပစ်နိုင်ခဲ့တယ်။




မင်းခန္ဓာကိုယ် စက်ရုပ်ကို
ရသ (၆) ပါးဆိုတဲ့ အထဲက
တပါးမှ မပါရှာတဲ့
စောင်းရွဲ့ဘက်တံဆိပ်တွေ တပ်ပြီး
စစ်ယူနီဖေါင်းကြီးတွေ
ဝတ်ဆင်ပေးလိုက်တော့
မင်းခေါင်းမော့နေတာ
အံ့သြစရာပါပဲ…..။

မင်းခန္ဓာကိုယ် ကောက်ရိုးမျှင်ထဲ
ကျဉ်ဆံတခဲဝင်သွားတော့
သူတို့ မျက်ရည်မစို့ပါဘူး
အတ္တရူးတို့ သွားမယ့်လမ်း
အသက်လမ်းတွေ ခင်းပေးနေလိုက်တာ
မင်းရဲ့သစ္စာဟာ
ရင်နာစရာ ဖြစ်နေပြီ။

စားဝတ်နေရေးဟာ
ဘယ်လောက် အရေးပါကြောင်း
လူတိုင်း ကောင်းကောင်းသိပါတယ်
ရော့……. ဆိုပြီး ပေးတဲ့
လစာထုတ်မယ့်ရက်မှာ
များစွာသော ငွေစက္ကူတွေထက်
တန်ဖိုးတက်နေတဲ့ အရာ
မြင်အောင်ရှာပါ သူငယ်ချင်း……။

မင်္ဂလာဒုံ စစ်ဆေးရုံက
ဘုမသိဘမသိ ဆရာဝန်
မင်းမျက်ခွံကိုဖြဲ
အမည်းရောင်မျက်စဉ်း ခတ်လိုက်တော့
မင်းအမြင်လည်း အမှောင်အတိပေါ့လေ။

သူငယ်ချင်း
မြူနှင်းတွေ မကျတဲ့ရက်
တစ်မနက်မှာ
နေထွက်ရာ ဘက်သို့
မျက်နှာမူလို့ ကြည့်လိုက်ပါ
အရှေ့ ဆိုတာ
ဘယ်ဘက်မှာ ရှိပါသလဲ
မင်းပုခုံးထက်
ရွှေရောင်လက်နေတဲ့ ကြယ်ပွင့်တွေဟာ
ကောင်းကင်ပေါ်မှာ ရှိရဲ့လား။
စဉ်းစား………. သူငယ်ချင်း။ ။


အစ်ကိုဖြစ်သူ ဗိုလ်မှူးကြီး ခင်မောင်ဦး (လေ)၊ ကြည်းတပ်မှ ဗိုလ်ကြီး သန့်ဇင်၊ ဗိုလ်ကျော်စိုးဝေနှင့် ဗိုလ်ဇောမျိုး အပါအ၀င် ပြည်သူ့တပ်မတော်ဟု ခံယူထားသော နေ၀င်း၊ စောမောင်တပ်မှ သူငယ်ချင်းများ ရဲဘော်များ အားလုံးသို့


မိဆူးပွင့် (သရီး အို သရီး)


နေ့သစ်မှာ ဖေါ်ပြထားတဲ့ ၁၉၉၀ခု၊ ဇွန်လထုတ် ဒေါင်းအိုးဝေ အတွဲ (၂)၊ အမှတ် (၁) ပြန်လည်ကူးယူဖေါ်ပြပါတယ်။ မဆူးပွင့်ရဲ့ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ကဗျာလေးက အခုထိ အကျုံးဝင်နေဆဲမို့ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မှာ ရှိတဲ့ တပ်မှူးတပ်သားတွေနဲ့ ဘာမှမတော်စပ်ပေမဲ့လည်း တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးတဲ့ တပ်မတော်သားတွေအတွက် မဆူးပွင့်နဲ့အတူ ထပ်တူထပ်မျှ ခံစားရင်း မျှဝေလိုက်ပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။


(25/04/10, 8:24 PM က တင်ခဲ့တဲ့ မဆူးပွင့်ရဲ့ ကဗျာကို ကမ္ဘာကဗျာနေ့ အမှတ်တရအဖြစ် ပြန်တင်လိုက်ပါတယ်။


14 Comments

Close this window Jump to comment form

Anonymous မဗေဒါ said...
သူငယ်ဂျိုး အားပေးသွားတယ်.. ဖြစ်နေဆဲ ရှိနေဆဲ.. နောက်မလေးလုံခေါ် မဆူးပွင့်ကို စာတွေ ပြန်ရေးစေချင်တာပါပဲ.. မဗေဒါ
April 25, 2010 8:42 PM
Delete
Blogger ချစ်ကြည်အေး said...
ကဗျာလေးလာဖတ်သွားတယ် မငယ် ၊ မအားမှန်းသိပေမဲ့ စာလုံးပေါင်းလေးတွေ ပြင်ပေးစေချင်တယ် ကဗျာလေး ပိုလှသွားစေချင်လို့ပါနော်.... မင်းဟာကြေားစား ပြုစစုထုဆစ်
April 25, 2010 8:58 PM
Delete
Blogger SLIP said...
ကောင်း၏....း)
April 25, 2010 9:16 PM
Delete
Anonymous ဒဏ္ဍာရီ said...
ကဗျာလေးက လွန်ခဲ့တဲ့ အနှစ် ၂၀ ကဆိုပေမယ့် ယနေ့ခေတ်ကိုများ ကြိုမြင်ပြီး စပ်ထားလား မသိဘူးနော် မမ.... တကယ်ကောင်းတယ်။ ခင်မင်လေးစားလျှက် ဒဏ္ဍာရီ
April 25, 2010 9:50 PM
Delete
Blogger Nge Naing said...
မချစ်ကြည်အေးရေ ကျေးဇူးတင်ပါတယ်။ ပြင်လိုက်ပါပြီ- မအားတာလည်းပါတယ် အိမ်မှာ ကျေးဇူးရှင်လေးတယောက်ကလည်း ကျောင်းပိတ်ရက်မို့ အင်တာနက် လာလုသုံးနေတာနဲ့ တလှည့်စီ သုံးနေရလို့ပါ။ သူငယ်ချင်း မဗေဒါရေ ကဗျာစပ်မတတ်လို့ ဘလော့ဂ်မှာ ရှိသမျှကဗျာတွေ အားလုံး သူများရေးတာတွေချည်းပဲ၊ မသက်ကဗျာလည်း တပုဒ်တင်ထားတာ ရှိတယ်။ ကဗျာကို စိတ်မ၀င်စားတတ်လို့ တောထဲမှာ အတူနေတုန်းက အဲဒီကဗျာတွေကို ခါမှကို မဖတ်တတ်ဘူး။ မဆူးပွင့်ပွင့်ရဲ့ နာမည်အကြီးဆုံးကဗျာ ခေတ်သစ် ကောင်းကင်ပျံမည့်ငှက်များကိုတောင် ဖတ်ဖူးတာ မကြာသေးဘူး။ မဆူးပွင့်ကဗျာတွေကို အခုမှ ဖတ်ကြည့်တော့ အခုမှ ကောင်းမှန်းသိတယ်။ ဒဏ္ဍရီရေ ဒီလိုအဖြစ်မျိုးတွေက အခုမှမဟုတ်ဘူး ကြာပါပြီ။ မဆူးပွင့်တို့ အစ်မတို့လို ကြုံတွေ့ရတဲ့ မောင်နှမတွေ၊ သားအမိသားအဖတွေ၊ သူငယ်ချင်း အရင်းခေါက်ခေါက်တွေ စိတ်ဝမ်းမကွဲဖြစ်ပြီး တစိမ်းတပြင်လို ရင်နာနာနဲ့ လမ်းခွဲကြရတာတွေ နိုင်ငံတ၀ှမ်းလုံးမှာ ရှိခဲ့ပါတယ်၊ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီခေတ်ဆိုး စနစ်ဆိုး အာဏာရှင်စနစ်ဆိုး အဆုံးမသတ်ရွေ့ အချင်းချင်းကြား ဒီလိုပြဿနာတွေ မျိုးဆက်တိုင်း မျိုးဆက်တိုင်း ကြုံတွေ့နေရဦးမှာပဲ ဖြစ်တယ်။
April 25, 2010 10:12 PM
Delete
Blogger kiki said...
ဦးနှောက်ဖေါက်စား ခံထားရတဲ့ ရုပ်သေးရုပ် ပြည်ချစ်သား များ အားလုံး..... COOL .....
April 25, 2010 11:13 PM
Delete
Blogger ကိုလူထွေး said...
တချို့က သူတို့ကိုယ်သူတို့ မုဆိုးထင်နေကြတာလေ... တကယ်က သူတို့ကမှ သားကောင်အစစ်...
April 26, 2010 4:15 AM
Delete
Blogger ★Craton said...
ကဗျာက ထိလိုက်တာ။
April 26, 2010 5:15 AM
Delete
Blogger An Asian Tour Operator said...
အစ်မရဲ့ ကိုယ်တိုင်ရေး ကဗျာကိုလဲဖတ်ချင်သေးတယ်။
April 27, 2010 1:09 PM
Delete
Blogger Nge Naing said...
ကဗျာလာဖတ်ပြီး အားပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘလော့ဂ်မှာ ဖေါ်ပြထားတဲ့ ကဗျာတွေ အားလုံးလုံးက သူများရေးတာကို ပြန်ဖေါ်ပြတာတွေချည်းပါပဲ။ AATO ရေ ဒီတသက် ဖတ်ရမယ် မထင်ဘူး။ အစ်မက ကဗျာစပ်ဖို့ နေနေသာသာ ဘာရသစာကိုမှ ရေးလို့မတတ်ဘူး။ ဘလော့ဂ်မှာ ရေးထားတာတွေဟာ Fact တွေနဲ့ အတွေးတွေကို ဒီအတိုင်း ချရေးထားတာတွေချည်းပဲ။ တခုမှ Creative လုပ်လို့မတတ်ဘူး။
April 28, 2010 8:28 AM
Delete
Blogger ချမ်းလင်းနေ said...
ကဗျာလေးက ဟောင်းနေပေမယ့် အရောင်တွေ တလက်လက်နဲ့ ဘယ်သောအခါမှ မမှေးမှိန်တဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပဲဗျာ။ မျိုးချစ်သူရဲကောင်း တပ်မတော်သားကြီးများကို တရေးရေးနဲ့ ပြန်မြင်ယောင်လာမိပါတယ်။
April 30, 2010 12:28 AM
Delete
Anonymous Anonymous said...
အချိန်တွေကြာသွားပြီ ဆိုပေမယ့် ဘယ်တော့မှ မအိုသွားတဲ့ ကျတော့်ခေါင်းဆောင်ရဲ့ လူငယ့်စိတ် ဓာတ်၊ လူငယ့် အငွေ့ အသက်က ခုချိန်ထိ ပျိုမျှစ်နေဆဲမို့၊ ယနေ့လူငယ်တွေ အတွက် လူငယ့် ကဗျာပါပဲ၊ လူငယ်တွေရဲ့ ၀ိဥာဉ်တွေကို လှုပ်ခါနိုးဆော်နေဆဲပါပဲ၊
September 17, 2010 12:01 AM
Delete
Blogger Pann said...
အမတို့ ရဲ့ တချိန်က လူငယ့်စိတ်ဓာတ်ကို ကျတော်လေးစားတယ်၊ အမတို့ လုပ်ခဲ့တာတွေကိုလည်း ဂုဏ်ယူတယ်၊ သမိုင်းပေးတာဝန်ကို အမတို့ခောတ်မှ အမတို့ ကျေခဲ့ပါတယ်၊ အမတို့ရဲ့ အားမာန်နဲ့ ကျတော်တို့ကို စွမ်းအင်တွေပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျတော့်တို့ က အမတို့လို တာဝန်မကျေပဲ လူငယ်ဆိုတဲ့ ဘ၀ကို ထားခဲ့ရတော့ မယ် သမိုင်းပေးတာဝန် ကျေချင်လည်း အခြေအနေကမပေးတော့ဘူးထင်ပါရဲ့
September 17, 2010 1:02 AM
Delete
Blogger ငြိမ်းဝေ said...
မနိုင် မဆူးပွင့်ကို ပြန်လည်မွေးဖွါးလာအောင် လုပ်တဲ့သဘောမို့  ကျေးဇူး တကယ်တင်မိတယ် သူ ကျဆုံးမလိုဖြစ်နေတာ ကြာပြီဗျ ကျနော်က သူ့ ကို ကဗျာ စာဘက်မှာ မကျဆုံးစေချင်ဘူး နောက်တန်းကနေ ရှေ့ တန်းကိုပဲ တက်လာစေချင်တာ အခုတော့ ကျနော်တို့ ရဲဘော်မကြီး ရှေ့ တန်းပြန်တက်လာကောင်းပါရဲ့ ကျေးဇူး တကယ်တင်ပါ့ဗျာ ငြိမ်းဝေ
September 18, 2010 3:54 PM





စစ်ခွေးတွေ စစ်ခွေးတွေ စစ်ခွေးတွေ

လူတယောက်ရဲ့ မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ပြီး စစ်ခွေးတွေ.. စစ်ခွေးတွေ..စစ်ခွေးတွေ..လို့ ဒေါနဲ့ မောနဲ့ ကျွန်မလို ဘယ်သူပြောဖူးလဲ။ ကျွန်မ လူတယောက်မျက်နှာကို စူးစူးစိုက်စိုက်ကို ကြည့်ပြီး စစ်ခွေးတွေ၊ စစ်ခွေးတွေလို့ အသံကုန် ဟစ်အော်ပြီး ပြောခဲ့ဖူးလို့ ကျွန်မ မျက်လုံးမှာ မီးပွင့်လုမတတ် နာကျင်အောင် တုံ့ပြန်ခံခဲ့ရဖူးတယ်။ ဒီလို ခံရမှုအတွက် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုက ခဏတာ ဖြစ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာ မကျေနပ်နိုင်၊ အခဲမကျေနိုင်တဲ့ ရင်ထဲက နာကျင်မှုက ကျွန်မကို နှစ်ချီပြီး ခံစားရစေခဲ့ပါတယ်။ ဖြစ်ပြီးရင် ပျက်ရစမြဲဆိုတဲ့ ဘုရားဟော ဓမ္မသဘောအရ အချိန်တန်တော့လည်း အဲဒီ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ အားလုံးက အလွမ်းတွေအဖြစ် ပြောင်းလဲသွားပြီး အလွမ်းအဖြစ် ဆက်လက်ရှင်သန်နေတာ အခုချိန်ထိပါပဲ။

၈၈ ရဲ့ သြဂုတ်လ ၈ ရက်နေ့ နေ့နောက်ပိုင်းမှာ တနိုင်ငံလုံးရှိ ကျောင်းသားတွေ စာသင်ခန်းနဲ့ ဝေးကွာခဲ့တဲ့ သမိုင်းကို လူတိုင်းသိပြီး ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်က ကျွန်မတို့ရွာကနေပြီး သုံးလေးမိုင် ဝေးတဲ့ မြို့က အထက်တန်းကျောင်းမှာ သွားတက်နေတဲ့ အတန်းကြီး ကျောင်းသူကျောင်းသားတွေ အားလုံးက ညီညွတ်ပြီး ကျွန်မတို့ကျောင်းရှိရာ မြို့မှာ ဆန္ဒပြသွားရဖို့အရေးအတွက် မသွားရင် မဖြစ်ဘူး အားလုံးနဲ့ လုပ်ရတဲ့အလုပ်မို့ မသွားရင် ကျောင်းထုတ်ခံရမယ်လို့ မိဘတွေကို လိမ်ပြီး သွားခဲ့ရပါတယ်။ မိဘတွေကလည်း ကျောင်းထုတ်ခံရမယ်ဆိုတာ ကျွန်မတို့ ပြောတာကို လုံးဝ ယုံကြလို့တော့ မဟုတ်နိုင်ဘူး သားသမီးတွေ ပြဿနာ မဖြစ်ရင် ပြီးတာပဲဆိုပြီး ခွင့်ပြုခဲ့တာ ဖြစ်နိုင်ပါတယ်။

၈၈ မတိုင်ခင် တနှစ်၊ နှစ်နှစ် ကာလအတွင်း လယ်သမားတွေဆီက ၀မ်းစာစပါး တယောက် ၁၅ တင်းနှုန်းကလွဲပြီး ကျန်တဲ့စပါး အကုန်လုံးကို အစိုးရဆီ အကုန်သွင်းခိုင်းလို့ လယ်သမားတွေအတွက် အကြီးအကျယ် ဒုက္ခရောက်ခဲ့ပါတယ်။ အိမ်တွေမှာ စပါးဘယ်နှစ်တင်း သိမ်းထားတယ်ဆိုတာကို သိအောင် စပါးကျီတွေမှာ ပေကြိုးတွေနဲ့ လိုက်တိုင်းပြီး ပိုနေရင်ပိုက်ဆံ ငါးပြားမှ မပေးဘဲလည်း အကုန်ယူမယ် အာဏာဖီဆန်မှုနဲ့ အရေးလည်း ယူမယ်ဆိုလို့ ဘယ်သူမှ တယောက် ၁၅ တင်းနှုန်းထက် ပိုမသိမ်းရဲခဲ့ဘူး။ အဲဒီအချိန်က စပါးတတင်းပေါက်ဈေးက ၄၅ ကျပ် ငါးဆယ်ကျပ် ရှိပြီး အစိုးရကို သွင်းရင် တတင်းကို ကိုးကျပ်နဲ့ သွင်းရပါတယ်။ တယောက် ၁၅ တင်းနှုန်းက ပိုတာကို အကုန် ကိုးကျပ်နဲ့ အစိုးရကို အဆပေါင်း ဆယ်ဆမျှ အနာခံပြီး သွင်းရတော့ လယ်သမားတွေ အားလုံးက အစိုးရကို မကျေမနပ် ဖြစ်နေတဲ့ အချိန်နဲ့ တိုက်နေတဲ့အချိန်လည်း ဖြစ်တယ်။ ဒါကြောင့်လည်းပဲ သားသမီးတွေက အစိုးရကို ဆန့်ကျင်တာကို ရွာကမိဘတွေက လွယ်လွယ်နဲ့ ခွင့်ပြုခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ရွာသားတွေက အစိုးရကို မုန်းတော့ ဘာပြဿနာမှ မရှိသလို ကျွန်မတို့ မြို့ကကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားကျောင်းသူတွေက နေ့စဉ် ပုံမှန် မနက် ဆန္ဒပြသွားပြီး ညနေပြန်တာ ဘယ်သူမှ ပြဿနာ မရှိပေမဲ့ အဲဒီအချိန်မှာ ကျွန်မအကိုကြီးက စစ်တပ်ကခွင့်ယူပြီး အိမ်ကို ပြန်ရောက်နေတဲ့အချိန်နဲ့ တိုက်နေလို့ ကျွန်မအတွက် ပြဿနာ ပေါ်စရာကို ဖြစ်လာစေတယ်။ တရွာလုံးက ဘာမှမပြောတော့ ကျွန်မကိုကြီးလည်း အများနဲ့လုပ်နေတဲ့ ကိစ္စမို့ ပြီးတော့ ကျွန်မတို့ ဆန္ဒပြရင် အော်တဲ့ စလိုဂမ်မှာ ပြည်သူ့တပ်မတော် --- ဒို့တပ်မတော် ဆိုတာလည်း ပါနေတော့ ဘာမှတော့ မပြောပေမဲ့ မကြည်တာကတော့ သိသိသာသာကို တွေ့ရတယ်။ ကျွန်မက သစ်ပင်ကြီးကြီးတွေမှာ ပြည်သူလူထုကို နိုးဆော်တဲ့ စာရွက်တွေ လိုက်ကပ်ရင် သူကနောက်ကနေ လိုက်ခွာတယ်။ ညည်းတို့အော်တဲ့အထဲမှာ ပြည်သူ့တပ်မတော် ဒို့တပ်မတော် ဆိုတာလည်း ပါတာပဲလား၊ ပြည်သူ့ချီးထုပ် ဒို့ချီးထုပ် ဆိုတာကော မပါဘူးလားနဲ့ လိုက်သရော်တာတွေ လုပ်တယ်။

 ဒေါ်အောင်ဆန်းစုကြည်က အရေးအခင်းမှာ ပါလာတယ်ဆိုတာ ဘီဘီစီက ကြေညာလို့ ကျွန်မတို့ရဲ့ အရေးတော်ပုံကြီးမှာ ဒေါ်အောင်ဆန်းစုကြည် ပါလာလို့ ကျွန်မတို့က ၀မ်းသာအားရ ဖြစ်နေချိန်မှာ ကိုကြီးက ဒေါ်အောင်ဆန်းစုကြည် ဘီဘီစီနဲ့ အင်တာဗျူးဖြေနေတာကို နားထောင်ပြီး ဒီကောင်မ နှုတ်သီးကောင်း ရှာပါးဖြစ်ဖို့များတယ် အင်တာဗျူးဖြေတဲ့ လေသံက ရန်ဖြစ်နေသလို ကက်ကက်ကိုလန်နေတာပဲလို့ ကျွန်မတို့ကို အရွဲ့တိုက်ပြီး လိုက်ပြောတတ်ပါတယ်။ ကျွန်မတို့ရွာသားတွေက ဘယ်အစိုးရပဲတက်တက် သူတို့မှာ ရွေးပိုင်ခွင့်မရှိဘူး တက်တဲ့အစိုးရက ကောင်းကောင်းဆိုးဆိုး ဘာမှ တတ်မနိုင်ဘူး ကံပဲ ဆိုတဲ့ သဘောထားရှိသူတွေ ဖြစ်တယ်။ တရွာလုံးက ဘာမှမပြောဘဲ ပြဿနာ မရှာကြတော့ ကိုကြီးလည်း ကျွန်မတို့ အရေးအခင်းမှာ ပါနေတာကို သဘောမတူပေမဲ့ သရော်တာကလွဲပြီး ပြင်းပြင်းထန်ထန် တားတာမျိုးတော့ မလုပ်ခဲ့ဘူး။

ဒီလိုနဲ့ပဲ တနေ့ညနေတော့ ကျွန်မက ၈ ရက်နေ့က ကျွန်မတို့ဆီမှာသာ ဘာမှမဖြစ်ခဲ့ပေမဲ့ ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ စစ်တပ်က အဖြူအစိမ်းဝတ်တဲ့ ကျောင်းသားတွေကို သေနတ်နဲ့ပစ်လို့ သေခဲ့တာ အများကြီး ရှိကြောင်း၊ ၆၂ ခုနှစ်ကနေ အခုထိ ဒီလိုပဲ အပြစ်မရှိတဲ့ ကျောင်းသားတွေကို ပစ်သတ်နေတာ အခုတော့ ဒီအစိုးရကို ဘယ်လိုမှ သီးခံနေလို့ မဖြစ်တော့ဘူးလို့ အိမ်က အိမ်သားတွေကို ပြောပြနေတာကို ကိုကြီးကကြားပြီးတော့ ဗကပ UG တွေကို ပစ်တာ နည်းတောင်နည်းသေးတယ်လို့ အရယ်တ၀က်နဲ့ သရော်ပြီး ၀င်ပြောလိုက်တယ်။ ကျွန်မဒေါသကို ဘယ်လိုမှ ထိန်းမနိုင် ဖြစ်ပြီး "ကိုကြီး အဲဒါရီစရာ မဟုတ်ဘူး ကျွန်မ ဗကပဆိုတာ ကြားပဲကြားဖူးတယ် တခါမှကို မတွေ့ဖူးဘူး ဒါဆိုရင် အခုကျွန်မတို့က ဆန္ဒပြနောတကိုကော ဗကပယူဂျီတွေလို့ ပြောချင်သေးလား ကျွန်မတို့အခုဆန္ဒပြနေတာကို စစ်တပ်က ပစ်ရင် ဗကပယူဂျီမို့ ပစ်တယ်လို့ ပြောဦးမလား" လို့ မေးတော့ သေချာတာပေါ့ ညည်းတို့က ဗကပ အကြိုက် လုပ်နေတော့ ဗကပယူဂျီနဲ့ ဘာကွာလို့လဲ၊ စစ်တပ်က အမိန့်ပေးရင် ပစ်မှာပဲ ငါ့ကိုအမိန့်ပေးရင်လည်း ငါပစ်မှာပဲ စစ်တပ်က ပစ်တာ ပစ်တဲ့သူမှာ အပြစ်မရှိဘူး နင်တို့မှာပဲ အပြစ်ရှိတယ်" တဲ့။

ဒေါသထွက်နေအချိန်မှာ အခုလို ထပ်ကြားလိုက်ရပြန်တော့ "ဒါဆို ကိုယ့်ညီမကိုလည်း ကိုယ်သတ်မယ်ပေါ့လေ ဘာပြည်သူ့တပ်မတော်သားလဲ ပြည်သူ့တပ်တော်သား မဟုတ်တော့ဘူး အပေါ်က သခင်ရှူးတိုက်တိုင်း လိုက်ကိုက်တတ်တဲ့ စစ်ခွေးတွေ ဖြစ်သွားပြီ" လို့ ကျွန်မ ပြောလိုက်တယ်။ ကျွန်မဆီက စစ်ခွေးဆိုတာကြီးကို ကြားလိုက်တာနဲ့ ကျွန်မကိုကြီးဟာ မျက်နှာပြင်တခုလုံး နီရဲလျက် "ညည်းဘာပြောတယ် ဘာပြောတယ်" လို့ ပြောပြီး ဒေါနဲ့မောနဲ့ ကျွန်မဆီကို ပြေးဝင်လာပြီး လက်သီးနဲ့ မျက်နှာကို တချက် ဆွဲထိုးလိုက်တယ်။ နောက်ထပ် ထပ်ထိုးဖို့ လုပ်နေတဲ့အချိန်မှာ အမေလာဆွဲလိုက်လို့ တန့်သွားပြီး ညည်းပြန်ပြောစမ်း ပြန်ပြောစမ်းနဲ့ ပြောပြီး ကျွန်မကို လာထိုးဖို့ အမေ့လက်ထဲက ရုန်းထွက်နေတယ်။

ကျွန်မလည်း ခုနက သူပြောလို့ ဒေါသထွက်နေချိန် အသားနာတော့ ပိုဒေါသထွက်ပြီး "ပြောတယ် စစ်ခွေးတွေ၊ စစ်ခွေးတွေ၊ စစ်ခွေးတွေ စစ်ခွေးတောင်မှ ရိုးရိုးစစ်ခွေးမဟုတ်ဘူး ခွေးရူးတွေ စိန်လွင်ခွေးရူး နေ၀င်းခွေးရူး" ဆိုပြီး သူ့မျက်နှာကို စူးစူးရဲရဲ စိုက်ကြည့်ပြီး ဒေါသကို မထိန်းနိုင်ဘဲ ဆက်တိုက်အော်ပြောလိုက်တယ်။ သူကလည်း အမေဆွဲထားရာက ရုန်းထွက်လာပြီး ကျွန်မကို လက်သီးနဲ့ နောက်ထပ် သုံးချက်ဆက်တိုက် ထိုးလိုက်တာ ကျွန်မဦးလေးတွေ လာဆွဲတဲ့အထိပဲ။ ကျွန်မလည်း အသားနာလေ ဒေါသထွက်လေ ဖြစ်ပြီး ကြောက်စိတ်ဆိုတာ လုံးဝမရှိတော့ဘဲ သူတချက်ထိုးရင် စိန်လွင်ခွေး၊ နောက်တချက်ထိုး ရင်နေ၀င်းခွေး ခွေးရူးဆိုပြီး ဆက်တိုက်အော်နေခဲ့တယ်။

ဆွေမျိုးတွေက သူ့ကို ကျွန်မတို့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ အဖွားတို့အိမ်ကို ဆွဲခေါ်သွားပြီး ဖြောင်းဖြနေတဲ့အချိန်မှာ ကျွန်မလည်း မထူးတော့ဘူး ဆိုပြီး တယောက်တည်း ကျောင်းသားသမဂ္ဂက သပိတ်စခန်းဆောက်ထားတဲ့ ကျောင်းရှိရာ မြို့ကို သွားဖို့ အိမ်ပေါ်က ဆင်းလာခဲ့တယ်။ အမေနဲ့ ဦးလေးက ဆိုင်ကယ်နဲ့ လိုက်လာခေါ်လို့ လမ်းတ၀က်မှာ မီသွားတယ်။ ကျွန်မလည်း "မလိုက်ဘူး လာမခေါ်နဲ့ သပိတ်စခန်းကို ရောက်အောင်သွားမယ် အဲဒီမှာပဲ နေပြီး တိုက်ပွဲဝင်မယ် ဒီမိုကရေစီမရမချင်း အိမ်ကို လုံးဝမပြန်ဘူး သေရင်လည်း သေသွားပါစေ။ ဒီမျက်ခွက်ကြီးကိုလည်း ဘယ်တော့မှ မကြည့်ချင်ဘူး" လို့ ပြောရင်းငိုချလိုက်တယ်။

 ပြီးတော့ ငါ့အသားနာသလို သူ့အသား နာစေရမယ်လို့လည်း ကိုယ့်ဖါသာကိုယ် ပြောပြီး အမေနဲ့ ဦးလေးကိုလည်း ပြန်မလိုက်ဖို့ ငြင်းနေတော့ အမေက "နင့်ကိုကြီးကို အဖိုးအဖွားအိမ်မှာပဲ နေဖို့ ပြောထားလိုက်ပြီ သူ့အ၀တ်အိတ်တွေပါ ယူသွားပြီ ပြန်လိုက်ပါ" ဆိုပြီး အတင်းပဲ ခေါ်နေတယ်။ ပြန်မလိုက်ရင်လည်း ဦးလေးနဲ့ တခြားတယောက်က ကျွန်မကို အတင်းဆွဲပြီးခေါ်မယ်ဆိုတာ သိနေတော့ ကျွန်မလည်း လေသံနည်းနည်းလျှော့ပြီး "အဲဒီစစ်ခွေးမျက်နှာကို သမီးလုံးမမြင်ချင်ဘူး ပြဿနာထပ် လုပ်ရင်တော့ သမဂ္ဂက လူတွေကို ကျွန်မကို လာခေါ်ဖို့ လူကြုံနဲ့ မှာလိုက်ပြီး သူ့ကို ဂလဲ့စားချေပြီးမှ သပိတ်စခန်းကို သွားမယ်" လို့ ပြောပြီး ပြန်လိုက်လာတယ်။ အဲဒီနောက်ပိုင်းမှာတော့ အဖေဆီရောက်ပြီး ကျွန်မကို အဖေကိုယ်တိုင် သမဂ္ဂကို သွားအပ်ပေးခဲ့လို့ ပြဿနာက ပြီးသွားတယ်။ (ဒီအကြောင်း တခါက ကျွန်မရဲ့ ဇာတ်လိုက်မှာ ဖတ်နိုင်ပါတယ်။)

ပြဿနာ အေးသွားတယ် ဆိုပေမဲ့ အဲဒီအချိန်ကစပြီး အကိုကြီးဆိုတဲ့ သံယောဇဉ်က ကျွန်မမှာ လုံးဝမရှိတော့ဘဲ မျက်နှာကို လက်သီးနဲ့ လေးချက်ထိုးလိုက်တာကို တွေးတိုင်း ဘယ်လိုမှ အခဲမကျေနိုင်ဘူး။ သူအမြဲတမ်းဆိုလေ့ရှိတဲ့ ကျွန်မလည်း တော်တော်လေးကိုကြိုက်လှတဲ့ စိုင်းထီးဆိုင်ရဲ့ လေညာအရပ်ကအချစ်ဆိုတဲ့ သီချင်းကိုတောင် လုံးဝကြားလို့ မရတော့လောက်အောင် သူ့ကိုမုန်းခဲ့ပါတယ်။ အဲဒီသီချင်းကို ကြားတိုင်း သူ့ပုံကိုပဲ မြင်ယောင်နေလို့ ဒေါသအမြဲထွက်ခဲ့ရတယ်။ ဒီလောက်တောင်ပဲ အသိဥာဏ် နည်းရတာ ဘကြောင့်ပါလိမ့်လို့ ကျွန်မစဉ်းစားရင်း ရင်နာလို့ကို မဆုံးဖြစ်ခဲ့ရတယ်။ မသိတဲ့သူမို့ ဗကပ ယူဂျီလို့ သံသယရှိနေလို့ဆိုရင်တော့ ထားလိုက်တော့ လုံးဝမဟုတ်ဘူး ဆိုတာ သူသိနေတဲ့ သူ့ညီမဆန္ဒပြတာကိုတောင် စစ်တပ်က ပစ်ရင် ဗကပအားပေးမို့ ပစ်တဲ့ စစ်တပ်မှာ အပြစ်မရှိဘူးလို့ ထင်ရလောက်အောင် အသိတရားနည်းတဲ့ အဖြစ်ကို ဘယ်လိုမှ သီးခံခွင့်လွတ်နိုင်စွမ်း မရှိဘူး။

စစ်တပ်ထဲကို ၀င်ကတည်းက အခြေခံကောင်းကောင်းနဲ့ ၀င်ခဲ့တာမှ မဟုတ်ဘဲ ဒီလိုပဲ ဖြစ်မှာပေါ့လို့ သူတပ်ထဲဝင်ရတဲ့ အကြောင်းရင်းကို တွေးနေခဲ့တယ်။ သူစစ်တပ်ထဲ ၀င်ရတာကလည်း အဖေတို့တုန်းကလို သေပါစေကွယ် ဒို့အသက်ကို ဖက်ရွက်မှတ်ပါတယ်ဆိုတဲ့ သီချင်းထဲကအတိုင်း တိုင်းပြည်ကို ချစ်လွန်းလို့တော့ မဟုတ်ဘူး။ သူ့ကို အဖေရိုက်လို့ အဖေကို စိတ်နာပြီး အိမ်က ထွက်ပြေးသွားလိုက်တာ ၆ လလောက်ကြာတော့ စစ်တပ်ထဲ ၀င်ချင်လို့ မိဘထောက်ခံစာ လိုလို့ အိမ်ပြန်ရောက်လာတယ်။ အဖေကိုယ်တိုင် လက်မှတ်လိုက်ထိုးပေးပြီး စစ်တပ်ထဲကို ထည့်ပေးလိုက်လို့ စစ်သားဖြစ်သွားတာ တိုင်းပြည်ကို ချစ်လို့မှမဟုတ်တာ ဘာဂုဏ်ယူစရာ ရှိလို့လဲဆိုတဲ့ အတွေးပဲ ၀င်ပြီး အရင်က ဂုဏ်ယူနေတာတွေ အကုန်လုံးပျောက်သွားတယ်။ ဘာပြည်သူ့တပ်မတော်သားလဲ ဒီလောက်အသိတရားနည်းရတာ ဆိုပြီး ဘယ်လိုမှ ဖြေလို့မရဘူး။ အဲဒီပြဿနာ ဖြစ်ပြီးနောက်ပိုင်း ကျွန်မအကိုကြီးကို တချိန်က ကျွန်မ သိပ်အထင်ကြီးခဲ့တာတွေ ကျွန်မမှာ ဘာမှတခုမှမကျန် ဖြစ်သွားခဲ့တယ်။

တကယ်တတော့ ကျွန်မအကိုကြီး သူစစ်တပ်ထဲမှာ ရှိနေစဉ် အိမ်မှာ သူ့ကို စာရေးအဆက်အသွယ် လုပ်သူဆိုလို့ ကျွန်မတယောက်ပဲ ရှိခဲ့ပါတယ်။ အဖေလည်း လေးငါးခြောက်လကြာမှ တခါလောက် စာရေးတတ်ပြီး ကျွန်မပဲ တလတခါလောက် စာရေးတယ်။ အဲဒီအရေးအခင်းကြီး မဖြစ်ခင် သူရောက်ခါစမှာတော့ သူပြောပြတဲ့ စိတ်ဝင်စားဖွယ် တိုက်ပွဲအတွေ့အကြုံတွေ၊ ရှေ့တန်းမှာ သက်စွန့်ဆံဖျား ရင်ဆိုင်ခဲ့ရတာတွေဖြစ်တဲ့ သူ့တပ်ထဲက အတွေ့အကြုံတွေ ရင်သပ်ရှုမော နားထောင်ရတာဟာ တထောင့်တညပုံပြင်တွေကို နားထောင်ရတာနဲ့တောင် လဲနိုင်မယ် မထင်ဘူး။ ဒီလိုနားထောင်ပြီး တိုင်းပြည်အတွက် ကျွန်မအကိုဟာ ဒီလိုသက်စွန့်ဆံဖျားလုပ်ခဲ့ပါလားဆိုပြီး ဂုဏ်ယူလိုက်ရတာလည်း ကျွန်မကို ကြက်သီးတဖြန်းဖြန်း ထစေတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ကျွန်မ စာဖတ်ဝါသနာပါမှန်း သိတော့ သူဗိုလ်လောင်းဖြေဖို့ ဗဟုသုတအဖြစ် ဖတ်ခဲ့တဲ့စာအုပ်တွေ၊ တပ်မတော်စာစဉ်တွေကို ကျွန်မ ဖတ်ဖို့ဆိုပြီး ကျွန်းသေတ္တာကြီးနဲ့ သယ်လာပေးတာကို ကျွန်မမှာ စိတ်ဝင်တစား ဖတ်ရတာလည်း အမော၊ တပ်မတော်စာစဉ် တခုထဲမှာတော့ အလင်းဝင်လာတဲ့ ကချင်တော်လှန်ရေးသမားလေး တိမ်ကော့နော်ဂျာအကြောင်းနဲ့ တက္ကသိုလ်နေ၀င်းရဲ့ မြန်မာနိုင်ငံသမိုင်းသစ်နဲ့ ဒေါက်တာမောင်မောင်ရေးတဲ့ သားမောင်စစ်သည်သို့ ဆိုတဲ့ စာအုပ်နှစ်အုပ်ထဲက အကြောင်းအရာတွေဆို ကျွန်မ အခုထိမှတ်မိနေတုန်းပဲ။ မြန်မာပြည်မှာ ကချင်တော်လှန်ရေး ရှိတယ်ဆိုတာ သူယူလာတဲ့ စာအုပ်တွေကို ဖတ်ပြီးမှ ကျွန်မသိခဲ့တယ်။

 တက္ကသိုလ်နေ၀င်းစာအုပ်ကို ဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သမိုင်းတွေကို ကျွန်မက ကျောင်းက သူငယ်ချင်းတွေထက် ပိုသိလို့ သူငယ်ချင်းတွေကို ပြန်ပြောပြရင် ဒါငါ့အကို ဗိုလ်လောင်းအဖြေခင် ဖတ်ရတဲ့ ဗဟုသုတွေပေါ့လို့ ဂုဏ်ယူပြီး ပြောပြကာ တိုင်းပြည်တာဝန်ကို လက်တဘက်ပေးပြီး ထမ်းဆောင်ခဲ့တဲ့ အကိုတယောက်အတွက် ဂုဏ်ယူပြီး ကြွားခဲ့တာလည်း အကြိမ်ကြိမ်ပဲ။ ဒါပေမဲ့ ဒါတွေက သူကကျောင်းသားတွေကို ဗကပယူဂျီလို့ ပြောပြီးနောက်ပိုင်း ကျွန်မကို ထိုးပြီးနောက်ပိုင်းတော့ အမှတ်ရစရာ ဂုဏ်ယူစရာအဖြစ် ရင်ထဲမှာ လုံးဝမကျန်ခဲ့ပါဘူး။ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျွန်မတို့ တောထဲရောက်တော့ ကိုကြီးက လက်မှာ ဒါဏ်ရာရလို့ လက်တဘက် သေထားတာကို အကြောင်းပြပြီး ပင်စင်လျှောက်ထားတာ ကျလာလို့ အိမ်မှာပြန်နေခဲ့ပါတယ်။

ကျွန်မ တောထဲရောက်ပြီး ကျွန်မတို့ တပ်ရင်းက ABSDF တပ်တွေ ရှေ့တန်းပြန်ဆင်းတော့ အမေက  ကျွန်မတို့ စစ်ကြောင်း ရောက်နေတယ်လို့ ကြားရတိုင်း ကျွန်မကို မကြာခဏ လာတွေ့တတ်တာကို ပျော်၍မရသော အမေနေ့အတွေး ပို့စ်မှာ ဖေါ်ပြဖူးပါတယ်။ တခါတော့ ဒီလိုပဲ ကျွန်မတို့ စစ်ကြောင်းက ရွာတရွာမှာ တည်းနေစဉ် အမေရောက်လာတယ်။ ခါတိုင်းလိုပဲ ရွာသားတွေကို ဆေးကုပေးနေတာကို တခြားဆေးမှူးတွေနဲ့ လွှဲပေးလိုက်ပြီး အမေနဲ့တွေ့ဖို့ ၀မ်းသာအားရနဲ့ တည်းနေတဲ့ အိမ်အောက်ကို ပြေးဆင်းပြီး အမေကို တွေ့ပါတယ်။ သာလားမာလား နှုတ်ဆက်စကားတွေ ပြောပြီးတာနဲ့ အမေက "မီးငယ် နင့်အစ်ကိုကြီးလည်း ပါလာတယ် ဟိုဘက်အိမ်မှာ စောင့်နေတယ် ဟိုဘက်အိမ်ကို သွားရအောင်" လို့ ကျွန်မတို့ စစ်ကြောင်းက ရုံးအဖွဲ့တပ်မှူးတွေ ရှိတဲ့အိမ်ကို လက်ညိုးထိုးပြပြီး ပြောတော့ ကျွန်မဖြင့် သူကျွန်မကို လာတွေ့လို့ရဲတာကို အံ့သြလို့မဆုံး ဖြစ်ရတယ်။

တချိန်တည်းမှာပဲ ကျွန်မကို လက်သီးနဲ့ လေးချက်ထိုးထားတာကိုလည်း သုံးနှစ်ကြာပြီဖြစ်ပေမဲ့ မျက်စိထဲမှာ မနေ့ကလိုပဲ ချက်ချင်း ပြန်မြင်လာပြီး ဒေါသပြန်ဖြစ်လာတယ်။ ဒါကြောင့် "အမေက အဲဒီမဆလကို ဘာလို့ခေါ်လာရတာလဲ သူကကော ဘာလို့လိုက်လာရတာလဲ ဆိုတာ နားလည်လို့ကို မရဘူး။ အမေသူ့ကို သမီးလုံးဝတွေ့မှာ မဟုတ်ဘူး၊ တွေ့စရာ အကြောင်းလည်း မရှိဘူး၊ စကားလည်း ပြောမှာ မဟုတ်ဘူး၊ လိုက်လာရဲတာ အံ့ပါရဲ့ သူ့အကြောင်း သမီးပြောပြထားလို့ ဒီစစ်ကြောင်းက ရဲဘော်တွေလည်း အကုန်လုံးသိထားတယ်၊ ရဲဘော်တွေနဲ့ ပြဿနာတက်ရင် သမီးတာဝန်မယူဘူးနော့် အခုပြန်ခေါ်သွား" လို့ပဲ ကျွန်မ အမေ့ကို ဆက်တိုက် ပြောနေခဲ့တယ်။

ပို့စ်ရှည်သွားလို့ ဒီမှာပဲ ရပ်လိုက်မယ်၊ ဆက်လက်ဖေါ်ပြပါမယ်



ဒုတိယပိုင်းကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

Nge Naing ဘလော့ဂ်အတုအတွက် ရှင်းလင်းချက်


ဒီနေ့ အွန်လိုင်းပေါ်ကို စရောက်တော့ အီးမေးလ်နဲ့ face book မှာ မိတ်ဆွေတချို့က ကျွန်မဘလော့ဂ်ကို ပြန်ကြည့်ဖို့ အသိပေးထားတဲ့ Messge တချို့ကို လက်ခံရရှိပါတယ်။ ကျွန်မ ဘလော့ဂ်ကို ပြန်ကြည့်တော့လည်း ဘာမှမှားတာ မတွေ့ဘူး။ နောက်မှ ဘလော့ဂ်မှ C-Box မှာ Link တခုကို ဖွင့်ကြည့်လိုက်တော့ ရုတ်တရက်ကြည့်ရင် ကျွန်မဘလော့ဂ်နဲ့ ပုံစံတူ Nge Naing နာမည်နဲ့ ဘလော့ဂ် အတုတခုကိုတွေ့လိုက်မှ သဘောပေါက်သွားပါတယ်။ အဲဒီဘလော့ဂ် ပေါ်လာတာနဲ့ ပတ်သက်ပြီး Face book နဲ့ G-mail တို့ကတဆင့် ကျွန်မကို စိုးရိမ်ပြီး အသိပေးလာသူ မိတ်ဆွေ မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါတယ်။



ကျွန်မကို စတနာနဲ့ အသိပေးလာသူတွေအထဲမှာ သူတို့ဖါသာသူတို့ ဘလော့ဂ် အတုတခုလုပ်ပြီး ကျွန်မကို တိုက်ခိုက်ထားတယ် ဆိုတာ အမှန်အတိုင်း သိတဲ့သူတွေ ရှိသလို ကျွန်မဘလော့ဂ်ထဲမှာ မသမာသူတွေက ပေါက်ကရ ၀င်လုပ်လို့ ရနေတယ်ထင်လို့ အသိပေးလာသူတွေလည်း ပါပါတယ်။ ဒါကြောင့်မို့ ဒါဟာ အတုဖြစ်တယ်၊ ကျွန်မဘလော့၈်ထဲကို သူတို့ဝင်လို့ ရသွားတာ မဟုတ်ဘူးဆိုတာ အဲလိုထင်ပြီး အသိပေးလာတဲ့ မိတ်ဆွေများကို ပထမဦးဆုံး အသိပေးပါရစေ။ ကျွန်မဘလော့ဂ်က nge နဲ့ naing အကြားမှာ (-) ပါပြီး အတုလုပ်ထားတဲ့ ဘလော့ဂ်မှာ ngenaing ဆိုပြီး တဆက်တည်း ဖြစ်ပါတယ်။

ကျွန်မ ဘလော့ဂ် Template ကိုယူ၊ ကျွန်မပို့စ်တွေက အပေါ်ဆုံးပိုဒ်တွေကိုယူ၊ ဗွီဒီဒယိုတွေ ဓါတ်ပုံတွေနေရာမှာ သူတို့ကြိုက်တဲ့ ယုတ်ယုတ်ရိုင်းရိုင်းပုံတွေ လိုက်ထည့်ထားပါတယ်။ ရိုင်းမရိုင်းဆိုတာ မဖွင့်ကြည့်ခင် ပေါ်နေတဲ့ ပုံတွေကိုကြည့်ပြီး ပြောတာ ဖြစ်တယ်။ ကျွန်မလည်း အဲဒီ စစ်ခွေးတွေ ဘယ်လောက်ရိုင်းတယ်ဆိုတာ သိလို့ သူတို့ တင်ထားတဲ့ ဗွီဒီယိုတွေကို ၀င်မကြည့်ခဲ့ပါဘူး။ ဒါဟာ ရုရှားရောက် စစ်ခွေးနောက်လိုက်တစုက အလုပ်မရှိ ကြောင်ရေချိုးပြီး ဒါမှမဟုတ် အလုပ်ရှိလျက်နဲ့ တိုင်းပြည်အတွက် အကျိုးရှိတဲ့ ပညာတွေကို သင်ရမည့်အစား သူများကို စိတ်အနှောင့်အယှက် မပေးရရင် မနေနိုင်တဲ့ ရှေးဘ၀က ၀ဋ်ကြွေးကြောင့် ဖြစ်လာတဲ့ အကျိုးအဆက် ဖြစ်နိုင်ပါတယ်။

အဲဒီဘလော့ဂ် မပေါ်မီ ငယ်နိုင် အော်စီမရောက်ခင်က ယောက်ျားတွေနဲ့ အရှုပ်တော်ပုံ အကြောင်းကို ရေးမယ်လို့ ကျွန်မကို ကျွန်မဘလော့ဂ်က C-Box ထဲမှာ လာခြိမ်းချောက်ခဲ့ပါတယ်။ ကျွန်မကလည်း ကိုယ်တိုင် ဘာရှုပ်ခဲ့သလဲဆိုတာကို မသိတော့ အိမ်ထောင်မကျခင်က တခြားယောက်ျားတွေနဲ့ ကိုယ်ဘယ်လို ရှုပ်ခဲ့ပြီး အခုရထားတဲ့ ယောက်ျားနဲ့ ဘယ်လောက်ရှုပ်ပြီးမှ အိမ်ထောင်ကျတယ်ဆိုတဲ့ သူတို့ရေးမယ်ဆိုတာကို သိချင်လွန်းလို့ စောင့်နေခဲ့ပါတယ်။ သူတို့ရေးရင်တော့ ABSDFက ရဲဘော်ရဲဘက် လုပ်ဖေါ်ကိုင်ဖက်ဟောင်း မောင်နှမတွေကိုလည်း ကျွန်မရဲ့ အရှုပ်တော်ပုံဆိုတဲ့ တခါမှ မကြားဖူး အထူးအဆန်းဖြစ်စေမည့် ကျားသွားမိုးကြိုး တခု ပြခွင့်ကြုံမှာ ဖြစ်ပြီး ဟာသတခုတော့ ဖတ်ရတော့မယ်လို့ မျှော်လင့်နေချိန်မှာ မျှော်နေတာ ပေါ်မလာဘဲနဲ့ ဘာမှ မထူးဆန်းတဲ့ Facebook က ဓါတ်ပုံတချို့ကို ခိုးပြီးတင်ထားတဲ့ ပို့စ်တခုပေါ်လာတယ်။ ဒီအတွက်လည်း ကျွန်မကို နစ်နာအောင် ရည်ရွယ်ပြီး လုပ်ထားပေမဲ့ ကျွန်မမှာ မနစ်နာတဲ့အပြင် စာရေးစာဖတ် ၀ါသနာပါလို့ မိမိဘ၀ ဖြတ်သန်းမှုလေးတွေကို ရေးထားပြီး လူသိပ်မသိတဲ့ ကျွန်မရဲ့ ပုဂ္ဂိုလ်ရေးဘလော့ဂ်လေးကို နိုင်ငံရေးဘလော့ဂ်လို့ ကြော်ငြာပေးထားတော့ ကျွန်မဘလော့ဂ်က သူတို့လုပ်လိုက်မှပဲ အဆင့်အတန်း ပိုရှိသွားပြီး လူသိများသွားတဲ့ အကျိုးအမြတ်တောင် ရလိုက်သေးတယ်။

အခုတခါ ဘလော့ဂ်အတုတခု ပေါ်လာပြန်တော့ ဒါလည်းပဲ ကျွန်မကို နစ်နာစေဖို့ သူတို့ ရည်ရွယ်ခဲ့ပေမဲ့ ကျွန်မမှာ ဘာမှ နစ်နာသွားတာ မရှိဘဲ လူသူအသိနည်းသေးတဲ့ သူတို့အဆင့်အတန်းကို သူတို့က ငါတို့ သိပ်ယုတ်ညံ့တယ် အောက်တန်းကျတယ်ဆိုတာကို လူသိရှင်ကြား ဖေါ်ပြလိုက်တာသာ ဖြစ်တယ်။ ကောင်းနိုးရာရာ လုပ်စရာကိုင်စရာမရှိလို့ အကုသိုလ်အလုပ်တွေနဲ့ အချိန်ကုန်မှ ဘ၀မှာ ပျော်ရွှင်မှု ရတဲ့ ရှေးဘ၀၀ဋ်ကြွေး ပါလာသူများ အဖြစ်ပဲ ကျွန်မ သဘောထားပါတယ်။ သူတို့မို့ အားအားလျားလျား သူများဘလော့ဂ်ကို လူအထင်သေးစေချင်တဲ့ စေတနာ အပြည့်နဲ့ ဒီလောက် ပင်ပမ်းခံပြီး အတုလိုက်လုပ်ကြတယ်။ ဒီလိုလုပ်ပြီးတော့လည်း ကျွန်မကို နစ်နာစေချင်လို့ လုပ်လိုက်တဲ့အရာတိုင်း ကျွန်မမှာ ဘာမှမနစ်နာသွားဘဲ အကျိုးအမြတ်ပဲ ရနေတော့ သူတို့အချိန်တွေအတွက် နှမျောဖို့ကောင်းပါတယ်။

အချုပ်အားဖြင့်တော့ ကျွန်မကို နစ်နာစေချင်လို့ စော်ကားလာသူတွေကို ပြောလိုတာက ရတောင့်ရခဲလှတဲ့ လူ့ဘ၀တိုတိုလေးမှာ သူတပါးကို အနှောင့်အယှက် ပေးတဲ့နေရာမှာပဲ အချိန်အကုန်မခံပါနဲ့ သူတပါးကို မကောင်းကြံရင် မိမိမှာ ဘေးပြန်ခံရတတ်တယ်လို့ အသိပေးချင်တယ်။ ကျွန်မကို စိုးရိမ်ပေးသူ မိတ်ဆွေများကိုတော့ ကျွန်မဘလော့ဂ်ထဲကို မသမာလူတွေ ၀င်နေတာ မဟုတ်ပါဘူး။ ကျွန်မဘလော့ဂ် ဒီအတိုင်းပဲ ရှိနေကြောင်း အကြောင်းကြားရင်း ကျွန်မဘလော့ဂ်အတွက် စိုးရိမ်ပြီး အသိပေးလာသူ မောင်နှမများ အားလုံးကို ထပ်ဆင့်ကျေးဇူးကြောင်း အကြောင်းပြန်လိုက်ပါတယ်။

ဖြည့်စွက်ချက် (17/3/11 at 7:20 PM)
ဒီပို့စ်မှာ သုံးထားတဲ့ ရုရှားရောက် စစ်ခွေးတစု ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်ပြီး ရည်ညွန်းလိုတဲ့သူထဲမှာ မပါတဲ့သူတွေလည်း ထိခိုက်ခံစားရတယ်ဆိုတာ သိရလို့ များစွာ စိတ်မကောင်း ဖြစ်မိပြီး ဒီအပိုဒ်ကို ဖြည့်စွက်လိုက်ပါတယ်။ ကျွန်မဆိုလိုတဲ့ စစ်ခွေးဆိုတဲ့ ဝေါဟာရက ပြည်သူလူထုနဲ့ တိုင်းပြည်ကို တကယ်ချစ်ပြီး ဆင်ခြင်တုံတရားနဲ့ အမှန်ကိုအမှန်အတိုင်း သိရှိတဲ့သူတွေနဲ့ တိုင်းပြည်ကိုတော့ ချစ်တယ် ဒါပေမဲ့ ဆင်ခြင်တုံတရားရှိရှိ အမှန်ကို အမှန်အတိုင်း မမြင်နိုင်အောင် လိမ်လည်လှည့်ဖြား ဖုံးကွယ်ထားခြင်း ခံထားရသူတွေကို မဆိုလိုဘူး။ စစ်ခွေးဆိုတာ တိုင်းပြည်နဲ့ လူမျိုးကိုထက် ကိုယ်ကျိုးရှာ စစ်ခေါင်းဆောင်တွေကို ပိုချစ်ပြီး စစ်ခေါင်းဆောင်တွေ ဘာပဲလုပ်လုပ် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ မျက်စိအသေမှိတ်ပြီး ယုံကြည်ကာ (ဥပမာ ဘုန်းကြီး သတ်တာအပါအ၀င်) အကုန်မှန်တယ်လို့ သတ်မှတ်နေသူတွေနဲ့ အပေါင်းအပါတွေကိုသာ ရည်ညွန်းပါတယ်။ ကျွန်မ ပြောလိုက်တဲ့ စစ်ခွေးဆိုတဲ့ ဝေါဟာရက ခွေးသရမ်းကြီးနဲ့ နောက်လိုက်ခွေးတွေကို လိုက်ပစ်နေတဲ့ ခဲလုံးတွေ ဖြစ်ခဲ့မယ်ဆိုရင် ခွေးကိုပစ်နေမှန်း မသိလိုက်ဘဲ ပစ်နေတဲ့ လမ်းကြောင်းအပေါ် ရုတ်တရက် ရောက်လာပြီး မတော်တဆ ထိခိုက်သွားသူတွေအတွက် ကျွန်မ အနူးအညွတ် တောင်းပန်ပါတယ်။ အခုတော့ နောက်ထပ် ဒီလိုမတော်တဆ ထိခိုက်မှုမျိုး မဖြစ်ရအောင် ဒီစာပိုဒ်က ခွေးပစ်နေကြောင်း သတိပေးချက် တခုဖြစ်ပါတယ်။ အခုဒီပို့စ်မှာ ရည်ရွယ်တဲ့ စစ်ခွေးက ကျွန်မဘလော့ဂ်ကို အပြာကားတွေနဲ့ ပုံမှားရိုက်ထားတဲ့ ခွေးတွေနဲ့ အားပေးသူများကိုသာ ဆိုလိုပါတယ်။ ခွေးကို ပစ်နေမှန်းသိလျက်နဲ့ ခွေးမဟုတ်တဲ့သူတွေက ကြားကနေ လာခံနေရင်တော့ တကယ်စစ်ခွေးကတော့ အမြှီးတနှပ်နှပ်နဲ့ ပြုံးကြည့်နေမှာ သေချာတယ်။ တကယ်လုပ်ခဲ့တဲ့ ခွေးက သူ့ကိုယ်သူ သိပါတယ်။ အဲဒီခွေးကိုပစ်နေတဲ့ ခဲလုံး ခွေးဆီမရောက်အောင် ကြားကနေ ၀င်ခံပြီး အကာအကွယ် မပေးကြဖို့ လူစင်စစ်တွေကို ကျွန်မ မေတ္တာရပ်ခံပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
စော်ကားလိုသော ရည်ရွယ်ချက်နဲ့ အယုတ်တမာ လာလုပ်သူများ နှလုံးစိတ်ဝမ်း ငြိမ်းချမ်း နောင်တတရားများ ရကြပါစေ။

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ


၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ကျွန်မက ကိုးတန်းပဲ ရှိသေးတယ်။ ရန်ကုန်မှာ တက္ကသိုလ် ကျောင်းသားတွေက ဆန္ဒပြကြလို့ ကျွန်မတို့ အထက်တန်းကျောင်းတွေ အပါအ၀င် တနိုင်ငံလုံးက ကျောင်းတွေ ပိတ်လိုက်ရလို့သာ ငွေစက္ကူအရေးအခင်း ဆိုတာကို သိရပြီး မတ်လနဲ့ ဇွန်လမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကိုတော့ အဲဒီတုန်းက ကျွန်မ လုံးဝ မသိလိုက်တာ အမှန်ပဲ။ သို့သော်လည်း အာဏာရှင် အဆက်ဆက်က သမိုင်းကို ဘယ်လိုပဲ ဖုံးကွယ်လာခဲ့ပေမဲ့ လက်ဆက်ကမ်းတဲ့ ကျောင်းသားတွေက တာဝန်ကျေခဲ့လို့ ၈၈ ရဲ့ သြဂုတ်လမှာတော့ ၈၈ ရဲ့ မတ်လ၊ ဇွန်လ အရေးအခင်းတွေသာမက ၆၂ ကစပြီး ဘာအရေးအခင်းတွေ ဘာကြောင့်ဖြစ်လာရတယ်ဆိုတာကို ကျောင်းစာကလွဲပြီး တခြား ဘာကိုမှ စိတ်မ၀င်စားခဲ့တဲ့ ကျွန်မရဲ့ နှလုံသားထဲ အခုထိ လုံးဝမေ့ပျောက်လို့မရလောက်အောင် ကိန်းအောင်းနေနိုင်တဲ့ အသိတရားကို ရရှိခဲ့ပါတယ်။ ဒီနေ့ ကျရောက်တဲ့ ကိုဖုန်းမော်နေ့ (သို့) မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့မှာ ကျွန်မ မကြုံတွေ့ဖူးတဲ့ မတ်လနဲ့ တံတားနီအရေးအခင်းအကြောင်းနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့သူတွေ ရေးဖွဲ့ခံစားထားတဲ့ ကဗျာနှစ်ပုဒ်နှင့်အတူ သမိုင်းအကျဉ်းလေးကို မျှဝေခံစားရင်း ဒီအကြောင်းတွေကို မသိလိုက်သူတွေနဲ့ ကျွန်မထက်နောက်ကျတဲ့ မျိုးဆက်သစ်တွေအတွက်ပါ မျှဝေပေးလိုက်ပါတယ်။




ရန်ကုန် စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT) နှင့် မတ်လ တမ်းချင်း

၁၉၈၈ ခုနှစ်တုန်းက ရန်ကုန် စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT)၊ ယခုတော့ အမည်အသစ် ပြောင်းထားတဲ့ (Yangon Technological University – YTU) ဟာ ရှစ်လေးလုံး လူထုအရေးတောာ်ပုံကြီး စတင်ပေါ်ပေါက်စေခဲ့တဲ့ သမိုင်းဝင် စက်မှုတက္ကသိုလ် ကျောင်းသားအပေါင်းတို့ရဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။

အာဏာရှင်တွေက သမိုင်းကြောင်းကို ဖုံးကွယ်ဖျေက်ဖျက်ပစ်ဖို့ အမည်ပြောင်းပြီး ကြိုးစားပေမဲ့ ရန်ကုန် စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT) ဆိုတာ ကျောင်းသား ပြည်သူတွေ ရင်ထဲမှာ ထ၀ရ ကိန်းအောင်နေမှာပါ။

အာဏာရှင်တွေရဲ့ ကျောင်းသားတွေအပေါ် မတရားအုပ်ချုပ်မှုတွေ၊ ကျောင်းသားတွေကို ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ကျောင်းသားတွေရဲ့ အေးချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတွေမပေါ် လက်နက်နဲ့ တုံ့ပြန်ပစ်ခတ် သတ်ဖြတ်မှုတွေအတွက် ကျောင်းသားတိုင်းက ခေတ်အဆက်ဆက် တော်လှန်ဆန့်ကျင် တိုက်ပွဲဝင်လျက် ရှိပါတယ်။

မတရားမှုကို ခေါင်းငုံ့မခံတဲ့ ကျောင်းသားစိတ်ဓါတ်ကြောင့် ၁၉၈၈ ခုနှစ် မတ်လအတွင်း ဖြစ်ပွားမှုများမှာ သွေးမြေကျကာ အသက်ဆုံးရှုံးခဲ့ကြရတဲ့ ကျောင်းတော်ကြီးနဲ့ စာသင်ခန်းကို ထ၀ရ စွန့်လွတ်ခဲ့ကြရတဲ့ အာဏာရှင်ဆန့်ကျင်ရေးကို ယခုထိတိုင် ဆက်လက်တိုက်ပွဲ ၀င်နေကြဆဲဖြစ်တဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားကြီးများအား အထူးဦးညွတ်ဂုဏ်ပြုအပ်ပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအပေါင်းနဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းသားအပေါင်းအား “မတ်လတမ်းချင်း” ဆိုတဲ့ ကဗျာလေးတပုဒ်ဖြင့်လည်း ဂုဏ်ပြုလိုက်ပါတယ်။

မတ်လ တမ်းချင်း

ခေါင်းလောင်းသံတိတ်
ကျောင်းပိတ်ရက်ရှည်
ဝေးကြလေပြီ သူငယ်ချင်း။

ဟိုယခင်က
တက်ကြွအားမာန်
လှုပ်ရှားဟန်နှင့်
မင့်သဏ္ဍန်သည်
ငါ၏ရှေ့မှောက်
မြင်ရင်းပျောက်ခဲ့
ဘယ်ရောက်နေလဲ သူငယ်ချင်း။

မင်းသတင်းများ
နားနှင့်မမျှ ကြားရချိန်တွင်
သစ်ပုပ်ပင်အို မျက်ရည်စိုရွှဲ
ဝမ်းနည်းပက်လက်
ချွေကာချလျှက် စိမ်းမြရွှက်။

အဖေါ်ကွဲလျက်
ဥသြငှက်သည်
အော်မြည်ဟစ်ကြွေး ငိုသံပေး။

လမ်းမထက်တွင် ရှုမြင်မလှ
မွမွကြဲကြေ
စိန်ပန်းတွေလည်း ရဲရဲနီ။

တက္ကသီလာ မြကျွန်းသာသည်
မရီ (ရယ်)မပြုံး
နှလုံးပဲ့ကြေ ဝေဒနာ။

သဘင်ဘွဲ့နှင်း
ရင်တွင်းမျှ ခံစားရ၍
အသည်းကြေကွဲ မျက်နှာလွှဲ။

ကံ့ကော်တောတန်း
လွမ်းချင်းတေးဆို မငိုနိုင်ဘဲ
ရင်ထဲထိတ်ထိတ် အံကိုကြိတ်။

အင်းလျားရေပြင် မရှုမြင်ရက်
တက် (တောက်) ခေါက်ရင်းငြ့်
ရင်နင့်လှိုင်းထ တသသ။

ဟိုယခင်က တက်ကြွအားမာန်
လှုပ်ရှားဟန်နှင့် မင်း၏သဏ္ဍန်
ပြန်မြင်ယောင်ဆဲ။

ဘယ်မှာလဲမင်း..
သူငယ်ချင်း…..။

အမည်မသိ ကဗျာရှင် တဦးမှ ၁၉၈၈ ခုနှစ် ဇူလိုင်လအတွင်းက ရေးစပ်ခဲ့သော ကဗျာလေးတပုဒ် ဖြစ်ပါတယ်။
“အို - ကျောင်းသား သူရဲကောင်းအပေါင်းတို့ ငါတို့ကျောင်းသားတွေကို သွေးမြေကျအောင် မိုက်ရိုင်းခဲ့ကြတဲ့ အာဏာရှင်တွေကို ငါတို့ကျောင်းသားစိတ်ဓာတ်နဲ့ သမိုင်းကြွေးဆပ်ကြစို့)

ရန်ကုန် စက်မှုတက္ကသိုလ် (Rangoon Institute of Technology – RIT) ရဲ့ ပုံရိပ်လွှာကို ပြန်လည်မြင်တွေ့စေရန်အတွက် ဓါတ်ပုံများအား ဖေါ်ပြထားပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဘုန်းမော် ကျဆုံးခဲ့ရပြီး “ဘုန်းမော်နေ့- မတ်လ (၁၃) ရက်- မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့” ပေါ်ပေါက်စေသော ကျောင်းသားတွေ သွေးမြေကျခဲ့တဲ့ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (ကြို့ကုန်း) လမ်းနေရာကိုလည်း ယခုဖေါ်ပြထားတဲ့ ဓါတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။
(စာသားနှင့် ကဗျာကို ဤနေရာ မှ ကူးယူဖေါ်ပြပါတယ်။ ဓါတ်ပုံကို Upload လုပ်လို့မရလို့ မူရင်းနေရာမှာ သွားကြည့်နိုင်ပါတယ် - Nge Naing)



ခင်ဗျားတို့ ကို စိန်ခေါ်တယ်

(၁)
ကျွန်မအပျိုမ.. လှပါသည်
ကျွန်မ.. တက္ကသိုလ်ကျောင်းသူ
ဖြူသည်.. နုသည်
အခုအခံမပါ.. ကျွန်မခန္ဒာကိုယ်
ရှိုက်ကြီးဖိုငယ်.. အသွယ်သွယ်။

ကျွန်မအသက်
သပြေခက်ကျော်.. ရေတက်သော်
တစ်ကိုးရှစ်ရှစ်.. တော်လှန်ခေတ်မှာ
တစ်တစ်ရစ်ရစ်.. တစ်ဆယ့်ရှစ်။

ကျွန်မတို့ တက္ကသိုလ်
အို ဘာကိုထောက်.. ကြောက်ရမှာလဲ
တိုက်ပွဲ.. တိုက်ပွဲ ရဲရဲတောက်ပ..
ရဲတောက်မဟာ ကျွန်မ.. ကျွန်မ..
လက်နက်မချ ကျောင်းသားသမဂ္ဂဖွဲ့ ကြ။

(၂)

၁၉၈၈ မတ်လ
ဖက်ဆစ်အစိုးရ..ထောင်ထဲညမှာ
ကျွန်မ..အပျိုမ..ကျဆုံးရသည်
ကျွန်မ..ခုခံ မတွန်းလှန်နိုင်
မတန်အားယုတ်.. ကြိုးနှင့်တုတ်ပြီး
လှုပ်မရ.. ရုံးမရ
မရ.. မရ.. အို.. မရတော့
ကျွန်မ..ရေတိမ်နစ်ခဲ့ရပြီ။

ကျွန်မနှုတ်ခမ်း..ဖက်ဆစ်နမ်းကြ
ကျွန်မရင်အုံ..ဖက်ဆစ် ငုံကြ
ကျွန်မ …တွင်း.. ဖက်ဆစ် ….ကြ
ဖက်ဆစ်မုဒိန်း.. လုံထိန်း လုံထိန်း
နတ်စိမ်းပူးဝင်.. အရှင်လတ်လတ်
ခေတ်သေနတ်နဲ့  အငတ်မပြေ
ကျွန်မအပျိုရည်..ကိုသောက်
တစ်ယောက် နှစ်ယောက် သုံးလေးယောက်မက
ကျွန်မသေလောက်ပါပြီရှင်ရဲ့ ။

(၃)

ဒါပေမယ့်လေ
ကျွန်မ မသေ..မျက်ရည်မကျ
ကျွန်မမရေတိမ် ..သားအိမ်ညစ်လည်း
ကျွန်မချစ်သည့် တော်လှန်ရေး
ကျွန်မ မြတ်နိုးသည့် ဒီမိုကရေစီ။

ဟယ်… ဖက်ဆစ်အစိုးရ
ငါ့သွေးသားကို ..နင်ဝါးမြိုသည်
နင့်ကို ငါ ဘယ်တော့မကျေ

ဟယ်… အစိုးရ
ငါ့အပျိုရည်..နင်ဖျက်ချွေသည်
ရာဇ၀င် မကျေ.. မကျေ.. မကျေ။

ဟေ့… အစိုးရအမွေ နောက်လိုက်ခွေးတပ်..
လုံထိန်းတပ်တို့  သတ္တိရှိရင် လာစမ်းပါစေ…

သေနတ်တစ်ကမ်း.. သွေးခင်းလမ်းမှာ
ငြိမ်းချမ်းရေး အပျိုမ
မြန်မာပန်းပွင့်.. မုဒိန်းကျင့်ခံရ

နင် အစိုးရ. အပြုတ်ချမယ်
လုံးဝ.. ငါတို့ ဒူးမထောက်
လုံးဝ.. ငါတို့ ဒူးမထောက်။

(၁၉၈၈ခုနှစ် မတ်လအရေးအခင်းတွင် မဆလ လုံထိန်းတပ်တို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ထောင်တွင်းတွင် အဓမ္မမုဒိန်းကျင့်ခံခဲ့ရသော ရန်ုကုန်စက်မှုတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ရင်တွင်းခံစားချက်။) ..

(ခင်ဗျားတို့ကို စိန်ခေါ်သည် ကဗျာကို ဤနေရာမှ ကူးယူဖေါ်ပြပါတယ် - Nge Naing)


ရက်စွဲမှတ်တမ်း


(ဖုံးမော်မှသည် ...)

၁။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန် စက်မှုတက္ကသိုလ် (RIT) ပဉ္စမနှစ်ကျောင်းသား ကိုဖုန်းမော် သေနတ်ဒဏ်ရာဖြင့် သေဆုံး။

၂။ အာဏာရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရက ယင်းသေဆုံးမှုမှာ RIT အနီးဝန်းကျင်နေ ပြည်သူများနှင့် စက်မှုကျောင်းသားများ ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးရခြင်းဖြစ်ဟု နိုင်ငံပိုင်သတင်းစာများမှ သတင်းထုတ်ပြန်။

၃။ မတ်လ ၁၄ ရက်နေ့တွင် ကြိမ်ဒိုင်းနှင့် နံပါတ်ဒုတ်ကိုင် လုံထိန်းအမြောက်အမြားက RIT ကျောင်းဝန်းကျင်သို့ ရောက်ရှိစောင့်ကြပ်။ ကျောင်းသားများက ကိုဖုန်းမော် သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်ရပ်မှန်ကို အခြား တက္ကသိုလ်ကျောင်းများသို့ လိုက်လံအသိပေး ရှင်းလင်းပြ။

၎။ မတ်လ ၁၅ ရက်နေ့တွင် RIT ကျောင်းဝင်းအတွင်း လုံထိန်းနှင့် စစ်သား ၆၀၀ ခန့် ၀င်ရောက်စီးနင်းကာ ကျောင်းသားများကို နံပါတ်ဒုတ်များဖြင့် ရိုက်နှက်၊ ကျောင်းသား ၃-၄၀၀ ခန့်အား စစ်ကားများပေါ် တင်၍ ဖမ်းဆီးခေါ်ဆောင်သွား။

အစိုးရဘက်ကမူ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက်ပြု ဆူပူသူ ကျောင်းသားများအား ထိရောက်စွာ အရေးယူမည်ဟု ကြေညာ။

၅။ မတ်လ ၁၆ ရက်နေ့တွင် အင်းလျားကန်ဘောင်ဘက်ရှိ ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ကျောင်းဝင်းအတွင်း၌ ကျောင်းသား ထောင်ပေါင်းများစွာက ဖက်ဆစ်အစိုးရ ဖြုတ်ချရေး၊ ဒီမိုကရေစီ ရရှိရေးနှင့် တပါတီစနစ် ကျဆုံးပါစေ ဟူသော ကြွေးကြော်သံများ အော်ဟစ်ကာ ဟောပြောပွဲများ ကျင်းပကြ။

ကျောင်းသားများစွာသည် တက္ကသိုလ်ဝင်းအတွင်းမှ လမ်းပေါ်တက် ဆန္ဒပြချီတက်လာရာ အင်းလျားကန်ဘောင်နှင့် ပြည်လမ်းမကြားရှိ တံတားဖြူဟု လူသိများသော မြောင်းကူးတံတားအလွန်တွင် လုံထိန်းတပ်က နံပါတ်ဒုတ်များဖြင့် ရိုက်နှက်ရာ ရာနှင့်ချီ၍ သေဆုံးဒဏ်ရာရ၊ ဖမ်းဆီးခံရ။ နောက်ပိုင်းတွင် တံတားနီအရေးအခင်းဟု ကျော်ကြား။

၆။ မတ်လ ၁၇ ရက်နေ့တွင် အစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ ကိုဖုန်းမော် သေဆုံးမှုသည် ဓားဒဏ်ရာနှင့် မဟုတ်ဘဲ၊ သေနတ်ဒဏ်ရာနှင့်ဟူ၍ ၀န်ခံပြောဆို၊ သို့သော် တံတားနီ အရေးအခင်းနှင့် ပတ်သက်၍မူ တခွန်းတပါဒမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိ။

၇။ မတ်လ ၁၄-၁၅-၁၆-၁၇ ရက်နေ့များအတွင်း တက္ကသိုလ်ကျောင်းသားများ၏ ဆွေးနွေးပွဲများမှ ကိုဖုန်းမော်သေဆုံးမှုနှင့် ပတ်သက်၍ သတင်းအမှန် ထုတ်ပြန်ရန်နှင့် သင့်တင့်လျောက်ပတ်သော ဈာပန ပြုလုပ်ပေးရန်

၈။ မတ်လ ၁၇ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားအားလုံးကို အစိုးရက စရိတ်ထုတ်ပေးပြီး အိမ်ပြန်စေခဲ့ကာ ကျောင်းများ ပိတ်ပစ်။

၉။ အိမ်ပြန်ရောက်လာသည့် ကျောင်းသားများကြောင့် နိုင်ငံတ၀ှမ်းရှိ ပြည်သူများ ကိုဖုန်းမော် အသတ်ခံရမှုအပြင် စစ်တပ်မှ ကျောင်းအတွင်း ၀င်ရောက်ကာ ကျောင်းသားများကို အင်အားသုံး ဖမ်းဆီးခဲ့သည့် သတင်းအမှန် သိရှိခဲ့ရပြီး၊ နိုင်ငံတ၀ှမ်း မကျေနပ်မှုများ ဖြစ်လာ။

၁၀။ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံ ကျောင်းသားများ ပြန်လွတ်လာပြီး BBC နှင့် VOA က ယင်းကျောင်းသားများနှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ကာ သတင်းထုတ်လွှင့်သဖြင့် ထောင်ထဲတွင် အာဏာပိုင်များ၏ နှိပ်စက်ပုံများနှင့် နေထိုင်ခဲ့ရပုံများကို အများပြည်သူ သိရှိခဲ့ရ။

၁၁။ သြဂုတ်လ ၈ ရက်နေ့တွင် - ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော ၂၅၊ ၃၅ နှင့် ၇၅ ကျပ်တန်များအား အစိုးရက ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည့်အပေါ် မကျေမနပ်ဖြစ်နေသော ပြည်သူများက ကိုဖုန်းမော် ပစ်ခတ်သေဆုံးမှုကို အကြောင်းရင်းခံကာ မဆလ အစိုးရကို ညီညွတ်စွာ တော်လှန်အုံကြွရာမှ ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာ။

၁၂။ သြဂုတ်လ ၂၆ ရက်နေ့တွင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်က ရွှေတိဂုံအနောက်မုဒ်တွင် လူထု ၅ သိန်းခန့် တက်ရောက်သော လူထုတရားဟောပွဲတွင် ဟောပြော။

၁၃။ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ယင်းအဖွဲ့က ၀န်ကြီးချုပ်ဟောင်းဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဗိုလ်ရန်နိုင်၊ ဦးအောင်ကြီးတို့နှင့် တွေ့ဆုံပြီး ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းရန် ဆွေးနွေး။

၁၄။ ကြားဖြတ်အစိုးရ မဖြစ်ပေါ်ခဲ့ဘဲ၊ ယနေ့အထိ စစ်တပ်က နိုင်ငံတော် အာဏာကို ချုပ်ကိုင်ထားဆဲ။

(ရက်စွဲမှတ်တမ်းကို ဤနေရာ မှ ကူးယူဖေါ်ပြသည်- Nge Naing)


မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့နဲ့ ကိုဖုန်းမော်နေ့ အမှတ်တရပို့စ် ဖြစ်ပါတယ်။ သူရဲကောင်းတို့ရဲ့ ပေးဆပ်မှုနဲ့ တန်တဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်နိုင်ပါစေ။ ဒီပို့စ်နဲ့အတူ ရှစ်လေးလုံးကို သန္ဓေစတည်ပေးခဲ့တဲ့ ငွေစက္ကူ၊ မတ်လနဲ့ တံတားနီအရေးခင်းများမှာ ပါဝင်တိုက်ပွဲဝင်သူအားလုံးကို ဦးညွှတ်ဂုဏ်ပြုလိုက်ပြီး ကိုဖုန်းမော်နဲ့တကွ အသက်ပေးသွားသူအားလုံး ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

(မှတ်ချက် ရွှေဝါပြည် နဲ့ Tin Min Htet ဘလော့ဂ်တွေကို ရေးတဲ့ ကိုတင်မင်းထက်က မတ်လတမ်းချင်းကို ရေးသူဟာ ကိုငြိမ်းနိုင်လို့ ဖြည့်စွက်ပေးသလို အနာဂတ်လမ်း ကိုရေးတဲ့ ကိုကျော်ထင်ကလည်း ကိုဖုန်းမော် အပစ်ခံရတာ အင်းစိန်လမ်းမပေါ်မှာ မဟုတ် RIT စက်မှုတက္ကသိုလ် ၀င်းထဲမှာဖြစ်ကြောင်း ဖြည့်စွက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်မှာ ပါဝင်တဲ့ စာသားတွေကို တခြားဘလော့ဂ်တွေက တိုက်ရိုက်ကူးယူ ဖေါ်ပြထားတာ ဖြစ်လို့ ကျွန်မအနေနဲ့ စာသားထဲမှာ ထည့်သွင်းပြင်ဆင်ဖို့ မဖြစ်နိုင်တဲ့အတွက် သီးသန့် ဖြည့်စွက်ခြင်း ဖြစ်ပါတယ်။)

RIT ရဲ့ ပုံရိပ်တချို့ကို ဒီနှစ် မတ်လ ၁၃ ရက်နေ့ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အမှတ်တရအဖြစ် ပြန်လည် ဖြည့်စွက်လိုက်ပါတယ်။

တခါက Rangoon Institute of Technology,
RIT




ကိုတင်မင်းထက် Tin Min Htet ဆီမှ


ယခင် Rangoon Institute of Technology(RIT) ဟုထင်ပေါ် ကျော်ကြား ခဲ့သော ဆိုဗီယက်ယူနီယံရဲ့လက်ဆောင်၊ သမ္မတကြီးမန်းဝင်းမောင် အုတ်မြစ်ချခဲ့တဲ့ ယခု YTU (Yangon Technological University) သည်ခန့်ထည်သော မျက်နှာစာ တိုင်လုံးကြီးများဖြင့် တိတ်ဆိတ်စွာ တည်ရှိနေပါသည်။(
Education for Myanmar Youth မှ)

ယခုမြင်တွေ့ရသောRangoon Institute of Technology, RIT


RIT ကို ယခုတွေ့မြင်ရပုံ (ဒီနေရာမှ)

( Education for Myanmar Youth မှ)
မိုးမခမှ

Burma Strange News မှ RIT today



ပြီးခဲ့တဲ့နှစ် 13/3/10 3:33 PM မှာ တင်တဲ့ပို့စ်ကို ဒီနှစ် လူ့အခွင့်အရေးနေ့ အမှတ်တရအတွက် ဓါတ်ပုံတွေ နဲ့ ဗွီဒီယိုကို ဖြည့်စွက် ထားပါတယ်။

သမိုင်းကို လက်နက်နဲ့ ခြိမ်းချောက်ပြီး ဖုံးကွယ်၍ မရနိုင်ပါ။ ၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့မှာ ကျဆုံးခဲ့သော စက်မှုတက္ကသိုလ် RIT ကျောင်းသား အာဇာနည် ကိုဖုန်းမော်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လူ့အခွင့်အရေး အတွက် ခေတ်အဆက်ဆက်မှ ယနေ့အထိ အသက်စွန့်သွားသူအားလုံးအား ဂုဏ်ပြုအလေးပြုကာ မြန်မာနိုင်ငံ လူ့အအခွင့်အရေးသို့ ရှေ့ရှုလျက်

ရွှင်လန်းချမ်းမြေ့ကြပါစေ။